Wednesday, September 30, 2015

စာသုံးရန်မသင့်သော အေးခဲအသားများကို မီးရှို့မြေမြုပ်၍ ဖျက်ဆီး




တာချီလိတ် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်Mobile Team က ဖမ်းဆီးရမိထားသော အများပြည်သူစားသုံးရန်မသင့်သည့် အေးခဲအသားများကို တာချီလိတ်မြို့ ဝမ်ကောင်းမွန်ကျေးရွာအနီး၌ စက်တင်ဘာ ၂၇ ရက်က စနစ်တကျမီးရှို့ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်Mobile Team က ဖမ်းဆီးရမိထားသော ထိုင်းနိုင်ငံမှ တံဆိပ်မပါ အေးခဲ ကြက်သားများ၊ အသားတုနှင့် အေးခဲအသားများစုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ်သိန်း ၄ဝ ခန့်ရှိသည့်FDA ထောက်ခံချက်မပါရှိသော အသား ၉၃၂ကီလိုဂရမ်ကို ကြီးကြပ်မှုအဖွဲ့ခေါင်းဆောင်ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း ဦးဆောင် သောအဖွဲ့၊ တာချီလိတ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာစံထွန်းဝေနှင့် Mobile Team အဖွဲ့စုံဖြင့် စနစ်တကျ မီးရှို့မြေမြှုပ် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ နောင်ထွဏ်း(ပဲခူး)

ဖက်ဒရယ်ပြည်ထောင်စုစနစ် အလုပ်ရုံဆွေးနွေး





ရေး စက်တင်ဘာ ၂၉

မွန်ပြည်နယ် ရေးမြို့ မွန်ဓမ္မာရုံ၌ ဖက်ဒရယ်ပြည်ထောင်စုစနစ်အကြောင်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကနေဒါအခြေစိုက်Myanmar Forum of Federation (FOF) နှင့် မြန်မာနိုင်ငံအခြေစိုက်EBO Myanmar အဖွဲ့များ ပူးပေါင်းကာ ဦးဆောင်ဆွေးနွေးသူများအနေဖြင့် ဦးခိုင်ကျော်မိုး၊ ဦးစိုင်းမော(န်)၊ မိဂျေးဂျေးညီတို့က ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချ ခြင်းစနစ်၊ အာဏာခွဲဝေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု စနစ် ချိတ်ဆက်မှု၊ မတူကွဲပြားခြင်းနှင့် ညီညွတ်မှုကိုတည်ဆောက်ခြင်း၊ ဒေသန္တရအစိုးအရများအကြောင်း စသည့်ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုင်ရာ ခေါင်းစဉ်များကို ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ မွန်ပြည်နယ်အမျိုးသမီးများအဖွဲ့၊ ရေးမြို့နယ်အတွင်းရှိ မွန်လူမှုအဖွဲ့အစည်းများ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ဆရာ ဆရာမများ ရပ်ကွက်ကျေးရွာများမှ စိတ်ပါဝင်စားသည့် ဖိတ်ကြားထားသူ များ တက်ရောက်ကြကာ ဆွေးနွေးပွဲမှရရှိလာသော ဆွေးနွေးမှုရလဒ်များကိုလည်း အုပ်စုများဖွဲ့၍ ဝိုင်းဝန်းအဖြေရှာကြကြောင်း သိရသည်။
ဖက်ဒရယ်ပြည်ထောင်စုစနစ်အကြောင်း အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ် အပြင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ကျင်းပနိုင်ခဲ့ပြီးဖြစ်ကာ ကျန်ပြည်နယ်များ၌လည်း ဆက်လက်ကျင်းပသွားရန်ရှိကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။ နေမျိုးထွဋ်(ရေး)

ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်



ဖားကန့် စက်တင်ဘာ ၂၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်နေမှုများကို စက်တင်ဘာ ၂၆ ရက်က မြို့မရပ်ကွက်ရှိ မြို့မရုံး၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ၊ မီးသတ်တပ်ဖွဲ့ ဒုတိယမီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်(သန္တေ)၊ အရန်မီးသတ်ဦးစီးမှူး ဦးကျော်ဝင်းဆွေ၊ ဦးအေးသိန်း(ဆိပ်မူ)တို့က ဟောပြောပို့ချခဲ့သည်။

ဆက်လက်၍ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံလာခဲ့လျှင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရန် ဥရုချောင်း အတွငှ်းစနနိ သြအေ (စပိဘုတ်) စက်လှေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြလေ့ကျင့်မှုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စိုးနိုင်ဦး(ဖားကန့်)

ဟံသာဝတီအသင်း တတိယမြောက် နိုင်ပွဲရရှိ


 



သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန်   စက်တင်ဘာ   ၂၉

၂ဝ၁၅ ရာသီMNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆)ပထမနေ့ ပွဲစဉ်များကို ယနေ့ ညနေပိုင်းက ကျင်းပရာ ဟံသာဝတီအသင်းက မနောမြေအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

တန်းဆင်းဇုန်ထဲ ကျရောက်နေ သည့် အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှုတွင် ဟံသာဝတီအသင်းက နိုင်ပွဲများရယူပြီး  တန်းဆင်းဇုန်မှ လွတ်ရန် မျှော်လင့်ချက် ပိုကောင်း သွားခဲ့သည်။ ဟံသာဝတီအသင်းမှာ တတိယမြောက်နိုင်ပွဲနှင့်အတူ ၁၈ မှတ် ရရှိလာပြီး ရှုံးပွဲကြုံတွေ့ခဲ့သည့် မနောမြေအသင်းမှာ လက်ကျန်ပွဲ များတွင် ရုန်းကန်ရတော့မည် ဖြစ် သည်။ ဆီဗာဂျီလက်ထက်တွင် နိုင်ပွဲ များ စတင်ရရှိခဲ့သည့် ဟံသာဝတီ အသင်းမှာ တန်းဆင်းဇုန်ထဲမှအသင်း ကို အနိုင်ရခဲ့သောကြောင့် အနိုင် သုံးမှတ်မှာ ပိုမိုတန်ဖိုးရှိသွားခြင်းဖြစ် သည်။
နှစ်သင်းစလုံး အမှတ်လိုနေသော ကြောင့်   အားကုန်ထုတ်ကစားခဲ့ပြီး ပွဲမှာ  အပြန်အလှန်ရှိခဲ့သည်။   ပွဲ အစပိုင်းတွင်  ဟံသာဝတီအသင်းက

ခြေ အသာရခဲ့ပြီး ၁ဝ မိနစ်တွင် တိုက်စစ်မှူး အူပမန်နော့ဗ်က အဖွင့်ဂိုး စတင် သွင်းယူပေးခဲ့သည်။ ၂၅ မိနစ်တွင် အောင်မြင့်ထွန်းက ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာ သူတင်ကိုယ်တင်ရှိခဲ့ပြီး ခြေစွမ်းပြနေသည့် တောင်ပံ ကစားသမား အောင်မျိုးသူရက ၄၄  မိနစ်တွင် ဟံသာဝတီအတွက် ဒုတိယ ဂိုးသွင်းယူပေးခဲ့သည်။

မနောမြေအသင်းမှာ ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော် လည်း ဟံသာဝတီ ခံစစ်ပိုင်းက အမှားအယွင်းမရှိ  ဖျက်ထုတ်နိုင်ခဲ့သည်။  ယခုပွဲ  အပြီးတွင်  ဟံသာဝတီက ၁၈ မှတ်၊ မနောမြေအသင်းက ၁၅ မှတ်တို့ ရရှိထားသည်။
ယနေ့ကစားမည့်ပွဲများမှာYUSC  ကွင်း၌ ရန်ကုန်-ကမ္ဘောဇ၊ မုံရွာကွင်း ၌ ဇေယျာရွှေမြေ-မကွေး၊ အောင်ဆန်းကွင်း၌ ချင်း-ရခိုင်၊ ပေါင်းလောင်း ကွင်း၌ နေပြည်တော်-ဇွဲကပင်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောက်တိုဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ မြန်မာအသင်း ယှဉ်ပြိုင်ကစားမည်



သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မင်းထက်

ရန်ကုန်   စက်တင်ဘာ   ၂၉

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို လာမည့်အောက်တိုဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ 
                               
မြန်မာ့လက်ရွေးစင် အသင်းကြီးအနေ ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ စူပါချလာ စိုင်းကွင်းကြီး၌  အောက်တိုဘာ  ၈  ရက် ညနေပိုင်းတွင်   လက်ဘနွန်အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် လာအိုအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

 အဆိုပါ ကမ္ဘာ့ဖလား ခြေစစ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစား သမားများကို အပြီးသတ်ရွေးချယ်ခဲ့သည်။ နောက်ဆုံးရွေးချယ်ခဲ့သည့် မြန်မာ့လက်ရွေး စင် အပြီးသတ်လူစာရင်းမှာ ဂိုး-ကျော်ဇင် ဖြိုး(မကွေး)၊ မျိုးမင်းလတ်(KBZ)၊ ရန်အောင် လင်း(ဟံသာဝတီ)၊ နောက်တန်း-ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊   ခင်မောင်လွင်  (ရန်ကုန် ယူနိုက်တက်)၊  နန္ဒကျော်၊  ကျော်ဇင်လွင် (မကွေး)၊  ဇော်ရဲထွန်း၊  စည်သူအောင် (ရတနာပုံ)၊ဇော်လင်း(KBZ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ အလယ်တန်း-အောင်သူ၊ ရဲကိုဦး၊ လှိုင်းဘိုဘို၊ ရှိုင်းသူရ (ရတနာပုံ)၊ ရန်အောင် ကျော်၊ ကြည်လင်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး၊သီဟဇော်(ဧရာဝတီ)၊ ရှေ့တန်း- မောင်မောင်လွင်  (ဟံသာဝတီ)၊ သန်းပိုင်၊ ကျော်ကိုကို   (ရန်ကုန်ယူနိုက်တက်)နှင့် ဆမ်လမ်မန်(ချင်းယူနိုက်တက်)ကို ရွေးချယ် ဖွဲ့စည်းခဲ့သည်။

ယခုရွေးချယ်ထုတ်ပြန်ခဲ့သည့် မြန်မာ့ လက်ရွေးစင်အသင်းကြီးတွင်   ယခင် လက်ရွေးစင်ကစားသမားဟောင်း ခင်မောင် လွင်  ပြန်လည်ပါဝင်လာပြီး  လူငယ်ကစား သမားများဖြစ်သည့် ယူ-၂၃ တွင် ခြေစွမ်း ပြခဲ့သည့် ရှိုင်းသူရနှင့် မောင်မောင်လွင်တို့ လည်း ပါဝင်လာကာ အဆိုပါအသင်းကြီးကို အောက်တိုဘာ ၂ ရက်တွင် စတင်လေ့ကျင့်မှု များ ပြုလုပ်သွားမည်ဖြစ်ကာ အောက်တိုဘာ ၄ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာမည်ဖြစ် ကြောင်း သိရသည်။
(မြန်မာ့အလင်း)

မနောမြေကို ဟံသာဝတီအနိုင်ကစား




သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်
၂ဝ၁၅ရာသီMNLအမှတ်ပေး ပြိုင်ပွဲရွှေ့ဆိုင်းထားသည့် ပွဲစဉ် (၁၆)ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ဟံသာဝတီအသင်း နိုင်ပွဲ ရရှိခဲ့သည်။
ဟံသာဝတီ - နှစ်ဂိုး
မနောမြေ - တစ်ဂိုး

ပိုမိုပြင်းထန်လာသည့် တန်းဆင်း ဇုန်တိုက်ပွဲတွင် ဟံသာဝတီအသင်းမှာ နိုင်ပွဲထပ်မံ ရယူနိုင်ခဲ့ပြီး တန်းဆင်း ဇုန်မှ ရုန်းထွက်နိုင်ရန် အခြေအနေ ကောင်းသွားခဲ့သည်။ ယခုရာသီတွင် ခြေစွမ်းပိုင်းကျဆင်းပြီး တန်းဆင်းဇုန် ထဲ ကျရောက်နေသည့် မနောမြေ အသင်းမှာ တန်းဆင်းဇုန်အတွက် အပြိုင်ဖြစ်နေသည့် ဟံသာဝတီကို ရှုံးနိမ့်ခဲ့သောကြောင့် အရှုံးတန်ဖိုး ပိုကြီးသွားခဲ့ရသည်။ ယခုရာသီတွင် MNLပြိုင်ပွဲ၌ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုထက် တန်းဆင်းဇုန်အတွက် ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာဖွယ် ရှိနေသည်။
နှစ်သင်းစလုံးအမှတ်လိုနေသော ကြောင့် အားကုန်ထုတ်ကစားခဲ့ပြီးပွဲမှာ အပြန်အလှန်ရှိခဲ့သည်။ ပွဲအစပိုင်း တွင် ဟံသာဝတီအသင်းက ခြေအသာ ရခဲ့ပြီး ၁ဝ မိနစ်တွင် တိုက်စစ်မှူး အူစမန်နော့ဗ်က အဖွင့်ဂိုးစတင်သွင်း ယူပေးခဲ့သည်။ ဂိုးပေးလိုက်ရ၍ မနော မြေအသင်း အားပြန်ထည့်လာပြီး ၂၅ မိနစ်တွင် အောင်မြင့်ထွန်းက ချေပဂိုး ပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာ သူတင်ကိုယ်တင်ရှိခဲ့ပြီး တောင်ပံ ကစားသမား အောင်မျိုးသူရက ၄၄ မိနစ်တွင် ဟံသာဝတီအတွက် ဒုတိယ ဂိုး သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် မနောမြေအသင်း က ချေပဂိုးရရှိရန် အားပိုထည့် ကစားလာပြီး ဂိုးရနိုင်သည့်အခွင့် အရေးကိုမူ ဟံသာဝတီအသင်းပိုရခဲ့ သည်။တိုက်စစ်မှူး အူစမန်နော့ဗ်၏ အပိုင်ကန်ချက် တိုင်ထိထွက်ခဲ့၍ ဟံသာဝတီအသင်း ဂိုးထပ်မရခြင်း ဖြစ်သည်။ မနောမြေအသင်းမှာ ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဟံသာဝတီခံစစ်ပိုင်းက အမှားအယွင်း မရှိ ဖျက်ထုတ်နိုင်ခဲ့သည်။ ယခုပွဲအပြီး တွင် ဟံသာဝတီက ၁၈ မှတ်၊မနောမြေ အသင်းက ၁၅မှတ်တို့ ရရှိထားသည်။
ယနေ့ပွဲ
(YUSC ကွင်း) 
ရန်ကုန် - ကမ္ဘောဇ
(မုံရွာကွင်း)
ဇေယျာရွှေမြေ - မကွေး
(အောင်ဆန်းကွင်း)
ချင်း - ရခိုင်
(ပေါင်းလောင်းကွင်း)
နေပြည်တော်-ဇွဲကပင်

အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ ကန်ဒုဇ်မြို့ကို အစိုးရတပ်ဖွဲ့ ပြန်လည်သိမ်းယူနိုင်ရန် ကြိုးပမ်း




ကဘူး စက်တင်ဘာ ၂၉
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း၏ အဓိကကျသော မြို့ကြီးတစ်မြို့ကို ပြန်လည်သိမ်းယူနိုင်ရန် အာဖဂန် တပ်ဖွဲ့များက အမေရိကန်၏ လေကြောင်းပစ်ကူပေးမှုဖြင့် တာလီဘန်စစ်သွေးကြွများကို တိုက်ခိုက်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၂၉ ရက် တွင် သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် ၁၄ နှစ်က တာလီဘန်အစိုးရအဖွဲ့ ဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်နယ်မြို့တော်ဖြစ်သော ကန်ဒုဇ်မြို့သည် တာလီဘန် သောင်းကျန်းသူများ၏ လက်အောက်သို့ ကျရောက်ခဲ့ရ သည်။ ပြည်နယ်မြို့ကြီးတစ်မြို့ တာလီဘန်လက်အောက်သို့ ကျရောက်ခဲ့ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ကန်ဒုဇ်မြို့ကို တာလီဘန်အဖွဲ့က သိမ်းပိုက်နိုင်ခြင်း သည် သမ္မတ အာရှတ်ဂါနီ၏ အစိုးရအဖွဲ့အတွက် ဆုတ်ယုတ်မှုတစ်ရပ်ဖြစ်သည်။ ဂါနီ၏ အစိုးရအဖွဲ့ အာဏာရရှိမှုမှာ စက်တင်ဘာ ၂၉ ရက်တွင် တစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ကန်ဒုဇ်မြို့ကို ပြန်လည်သိမ်းယူနိုင်ရန် အစိုးရတပ်ဖွဲ့က ကြိုးပမ်းလျက်ရှိကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားသည်။
ကန်ဒုဇ်မြို့၌ အစိုးရတပ်ဖွဲ့က စစ်ဆင်ရေးစတင်လျက် ရှိကြောင်း အာဖဂန်စစ်ဘက်ဆိုင်ရာ ကြေညာချက်တစ်ရပ် တွင် ဖော်ပြသည်။
ကန်ဒုဇ်မြို့၏ ဆင်ခြေဖုံးဒေသရှိ တာလီဘန်စခန်း များကို အမေရိကန် စစ်လေယာဉ်များက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေတိုးတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။
ရိုက်တာ။

ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ အတွက် တပ်ဖွဲ့ဝင် ၈၀၀ တရုတ်ပါဝင်မည်





ကုလသမဂ္ဂ စက်တင်ဘာ ၂၉
တရုတ်နိုင်ငံသည် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းအတွက် တပ်ဖွဲ့ဝင် ၈ဝဝဝ အထိ ပါဝင်ပေးမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် စက်တင်ဘာ ၂၈ ရက်က ပြောကြားသည်။
အာရှ-ပစိဖိတ်ဒေသ၌ ပင်လယ်ရေကြောင်းပိုင်နက် နယ်မြေဆိုင်ရာ အငြင်းပွားမှုများ တိုးမြင့်ဖြစ်ပေါ်လာပြီး တရုတ်နိုင်ငံ စစ်အင်အားကြီးထွားလာမှုအတွက် ဒေသ တွင်းရှိ နိုင်ငံအချို့က စိုးရိမ်ပူပန်မှုများ မြင့်မားလာချိန် အတွင်း ယင်းနိုင်ငံက ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအတွက် တပ်ဖွဲ့ဝင်များ ပံ့ပိုးပေးရန် ကတိပြုခြင်း ဖြစ်သည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းအတွက် အမေရိကန်ကရော တရုတ်နိုင်ငံကပါ ပိုမိုကြိုးပမ်းဆောင် ရွက်သွားရန် သမ္မတ အိုဘားမားနှင့် သမ္မတ ရှီကျင့်ဖျင်တို့ စက်တင်ဘာ ၂၅ ရက်က ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြရာတွင် သဘောတူညီခဲ့ကြသည်။
သမ္မတ အိုဘားမားသည် စက်တင်ဘာ ၂၈ ရက်က ကုလသမဂ္ဂထိပ်သီးဆွေးနွေးပွဲတစ်ရပ်တွင် သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းဆွေးနွေးပွဲ၌ ကမ္ဘာ့နိုင်ငံ ပေါင်း ၅ဝ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအတွက် စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင် ၄ဝဝဝဝ ခန့်၊ ကုလသမဂ္ဂ တပ်ဖွဲ့အတွက် လက်နက်ကိရိယာများနှင့် သင်တန်းများ ပါဝင်ကူညီပေးရန် ကတိကဝတ်ပြုခဲ့ကြသည်။
ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်း၏ စွမ်းဆောင်မှုအရအသင့်ရှိရေး အစီအစဉ်သစ်တွင် တရုတ် နိုင်ငံပါဝင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းဆိုင်ရာ အမြဲတမ်းရဲတပ်ဖွဲ့ကို ထူထောင်ရန် လည်းကောင်း၊ တပ်ဖွဲ့ဝင် ၈ဝဝဝ ပါဝင်မည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းဆိုင်ရာ အရန်တပ်ဖွဲ့ကို ထူထောင်ရန် လည်းကောင်း တရုတ်နိုင်ငံက ဆုံးဖြတ်ကြောင်း သမ္မတ ရှီက ပြောကြားသည်။
ရိုက်တာ။

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ





နေပြည်တော် စက်တင်ဘာ ၂၉
တာမခန်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၅ ရက်က ဖားကန့်မြို့နယ် ခိုမကျေးရွာ ညောင်ပင်ကုန်းရပ်ရှိ အောင်ကျော်စိုး ၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၄ဝဝ ကိုလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်က ကော့ သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် မြရည်ပုလဲလမ်း ရွှေနှင်းဆီ စားသောက်ဆိုင်တွင် ရောက်ရှိနေသူ တင်နွယ်အား ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၆ ပြား သိမ်းဆည်းရမိခဲ့ သည်။
စစ်ဆေးချက်အရ အမှတ်(၁ဝ၉/ ၄)ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၅၉၂ ပြား၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေကျပ် ၁၅ သိန်းတို့ကို လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၈)ရပ်ကွက် ဇာဒက်ကြီး ကျွန်းလမ်း (မ/၂၁) နေ မဥမ္မာမြင့်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၇၃ ပြား၊ ငွေကျပ် ၄ဝဝဝဝ နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားသည်။
(ကြေးမုံ)

အမြန်လမ်းတွင် မိသားစုဘုရားဖူးယာဉ်ငယ်တိမ်းမှောက် လူငါးဦးဒဏ်ရာရရှိ



မိတ္ထီလာ စက်တင်ဘာ ၂၉
မိတ္ထီလာမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၃ဝ၈/၄) အနီးတွင် စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီခွဲခန့်က မန္တလေးမှကျောက်ပန်း တောင်းမြို့နယ် ပုပ္ပားဒေသသို့ဘုရား ဖူးထွက်ခွာလာသည့် မိသားစုဘုရားဖူး ယာဉ်ငယ်တိမ်းမှောက်၍ လူငါးဦး ဒဏ်ရာရရှိကြောင်း သိရသည်။
မန္တလေးမှရန်ကုန်သို့ အမြန် လမ်းပေါ်တွင် ဦးဇော်မင်း (၄၃)နှစ် အမရပူရမြို့နယ်နေသူ မောင်းနှင် လာသည့် YGN 5I--- မိသားစု ဘုရားဖူးယာဉ်ငယ်သည် မိုင်တိုင် အမှတ် (၃ဝ၈/၄) အနီးအရောက် တွင် ဝဲဘက်နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာမှ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ကိုးဦးအနက် ယာဉ်မောင်းဦးဇော်မင်း နှင့် အမျိုးသမီးသုံးဦး၊ အမျိုးသား တစ်ဦး စုစုပေါင်း ငါးဦး(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ရာ သက်ဆိုင်ရာ အမြန်လမ်းရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)

30-9-2015...ကြေးမုံ ကာတွန်း

ယာယာတိုရေးမှာ ပရီမီယာလိဂ်၏ အကောင်းဆုံးကွင်းလယ်ကစားသမားဟုဆို




မန်စီးတီးကွင်းလယ်ကစားသမား ယာယာတိုရေးသည် ပရီမီယာလိဂ်တွင် အကောင်းဆုံးကွင်းလယ်ကစား သမားတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဂယ်ရီနဗီးလ်က ချီးကျူးပြောကြားခဲ့သည်။
ကွင်းလယ်ကစားသမား ယာယာတိုရေးသည် ပြီးခဲ့သည့်တစ်ပတ်က ယှဉ်ပြိုင်ကစားခဲ့သည့် မန်စီးတီးအသင်း က ဆန်းဒါးလန်း အသင်းအား အနိုင်ရရှိခဲ့သည့် လိဂ်ပွဲစဉ်အပါအဝင် ယခုနှစ်ဘောလုံးရာသီတွင် မန်စီးတီးအသင်း၏ ပွဲစဉ်ရှစ်ခုစလုံးတွင် ပါဝင်ပွဲထွက်ကစားခဲ့သူဖြစ်ပြီး စက်တင်ဘာ ၃ဝ ရက်တွင် ဂျာမနီမြေ၌ မိုချန်ဂလာဘတ်နှင့် ယှဉ်ပြိုင်ကစား မည့် ချန်ပီယံလိဂ် အုပ်စုအဆင့်ဒုတိယပွဲစဉ်တွင်လည်း မန်စီးတီးအသင်းနှင့်အတူ ယာယာတိုရေးပါလာမည်ဖြစ်ကြောင်းလည်းသိရသည်။
ထို့ကြောင့် ဂယ်ရီနဗီးလ်က မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီအနေဖြင့် ပရီမီယာလိဂ်တွင် အကောင်းဆုံးရလဒ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နိုင်ရေးအတွက်ဆိုပါက အသက်(၃၂)နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ယာယာတိုရေးကို ပြောင်းလဲအသုံးပြုသင့်ကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် ''ယာယာတိုရေးဟာ ရက်သတ္တပတ်မှာ သုံးပွဲပဲကစားနိုင်ပါတယ်။ ယာယာတိုရေးဟာ ပရီမီယာလိဂ်မှာ အကောင်းဆုံးကွင်းလယ် ကစားသမားဆိုပေမယ့် ဆက်တိုက်ပွဲထွက်ကစားခွင့်ပြုနေမယ်ဆိုရင်တော့ ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပါတယ်''ဟု ဂယ်ရီနဗီးလ်က ဆိုသည်။
ငွေကြယ် ရေးသားသည်

ရာမို့စ်၊ ဘေးလ်နှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ် မယ်လ်မိုအသင်းနှင့် ပွဲစဉ်လွဲချော်မည်





ရီးယဲလ်မက်ဒရစ်အသင်းမှ နောက်တန်းကစားသမား ဆာဂျီယို ရာမို့စ်၊ တိုက်စစ်မှူးများဖြစ်ကြသည့် ဂါရတ်ဘေးလ်နှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ် တို့သည် ဆွီဒင်ကလပ် မယ်လ်မို အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယပွဲစဉ်တွင် ဒဏ်ရာပြဿနာများကြောင့် လွဲချော်လိမ့်မည်ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ် အသင်းနည်းပြ ရာဖေးလ် ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။
တိုက်စစ်မှူး ဂါရတ် ဘေးလ်နှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ် တို့သည် ကြွက်သားဒဏ်ရာ ပြဿနာများဖြင့် ကြုံတွေ့ နေရပြီး ရီးယဲလ်မက်ဒရစ် အသင်း၏ အမာခံနောက်ခံ ကစားသမားဖြစ်သည့် ဆာဂျီယိုရာမို့စ်မှာမူ ပခုံးဒဏ်ရာကြောင့် ဆွီဒင်မြေသို့ သွားရောက်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်လာရန် မသေချာခဲ့ခြင်းဖြစ် သည်။ တိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် မာလာဂါ အသင်းတို့ ဂိုးမရှိသရေဖြစ်ခဲ့သည့် ပွဲစဉ်တွင် ဒဏ်ရာပြဿနာ ကြုံခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းတွင် နောက်တန်းကစားသမား ငါးဦး အထိ ဒဏ်ရာပြဿနာ ကြုံတွေ့ နေရသည်။ ရီးယဲလ်မက်ဒရစ် အသင်းသည် ချန်ပီယံလိဂ် အုပ်စု (ဗ)အဖွင့်ပွဲစဉ်တွင် ရှက်ခ်တာ ဒိုးနက်စ်ခ် အသင်းအား လေးဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
မယ်လ်မိုအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံ လိဂ်အုပ်စုအဆင့် ဒုတိယ ပွဲစဉ်တွင်လည်း အနိုင်ရရှိရန် စွမ်းဆောင် သွားမည် ဖြစ်ကြောင်း ဘင်နီတက်ဇ်က ဆိုသည်။
ငွေကြယ် - ရေးသားသည်

မိတ္ထီလာတွင် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ





မိတ္ထီလာ စက်တင်ဘာ ၂၉
မိတ္ထီလာတွင် (၁၃၂) ကြိမ်မြောက် ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦး စေတီဗုဒ္ဓပူဇနိယပွဲတော်၌ ထည့်သွင်း ကျင်းပသည့် မြန်မာ့ရိုးရာလောင်းလှေ ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲက ၄င်းစေတီတော်အနီး ကန်ရေပြင်နှင့် ပွဲကြည့်စင်တွင် ကျင်းပသည်။
မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ ဗိုလ်လုပွဲတွင် လူးခင်းကြီးကျေးရွာမှ ရွှေလူးကိုကိုအသင်းအား အုတ်နှဲဘုတ် ကျေးရွာမှ ဇာတိသွေးပြန်လာပြီ အသင်းကသုံးပွဲ (သုံးလား)လှော်နှစ်ပွဲ (နှစ်လား)ဖြင့် အနိုင်ရဗိုလ်စွဲသွား သည်။ မြန်မာ့ရိုးရာလောင်းလှေ ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် ဇာတိသွေးပြန်လာပြီအသင်း (အုတ်နှဲ ဘုတ်ကျေးရွာ)အား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့်ဆုဖလားတို့ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်တို့က ပေးအပ်ချီးမြှင့်သည်။
၎င်းနောက် ဒုတိယဆု ရွှေလူးကိုကို အသင်းအား လှေပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ရွှေ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လင်းတို့က ဆုများ ပေးအပ်ချီးမြှင့်ပြီး တတိယဆုရ ရွှေညီအစ်ကိုအသင်းနှင့် နှစ်သိမ့်ဆုရ ရွှေလက်ရာအသင်းတို့အား သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(ဂေါပက)ဥက္ကဋ္ဌ ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။
၂ဝ၁၃နှင့် ၂ဝ၁၄ခုနှစ်တို့တွင် နှစ် နှစ်တိုင် မကျင်းပနိုင်ခဲ့သည့်အတွက် ယခုနှစ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ အား လာရောက်ကြည့်ရှု အားပေးသူ များဖြင့် နေ့စဉ်စည်ကားခဲ့ပြီး ပြိုင်ပွဲ လှေအသင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင် လှော်ခတ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)

သက်ကြီးရွယ်အိုစောင့်ရှောက်




အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနေ့သို့ ရောက်ရှိတော့မည်ဖြစ်သည်။ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံအသီးသီးက အောက်တိုဘာလ ၁ ရက်နေ့ကို နိုင်ငံတကာနေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ အထိမ်းအမှတ် နေ့တစ်နေ့အဖြစ် သတ်မှတ်ပေးထားခြင်းသည် ကောင်းမွန်ပါသည်။ သို့သော် မြန်မာတို့အနေဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းမှာ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာဖြစ်၍ နေ့စဉ်နေ့တိုင်း စောင့်ရှောက်လေ့ရှိကြသည်။
မြန်မာတို့၏ အစဉ်အလာတွင် ''အသွားသာရှိ၍ အပြန်မရှိ'' ဟု ဆိုတတ်ကြသည်။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ သားသမီးများအား ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လူလားမြောက်သည်အထိ ''ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ''ဟူသော မင်္ဂလာတရားတော် နှင့်အညီ စောင့်ရှောက်ခဲ့ကြသည်။ ထိုသို့စောင့်ရှောက်ခဲ့ကြသော်လည်း သားသမီးများထံမှ မည်သည့်အရာမျှ မျှော်လင့်ထားခြင်း မရှိကြချေ။ ထို့ကြောင့် အသွားသာရှိ၍ အပြန်မရှိဟုဆိုကာ သားသမီးများအား ဆိုတတ်ကြခြင်းဖြစ်သည်။
သို့သော် သက်ကြီးရွယ်အိုဘဝရောက်လာချိန်တွင် ''မြင်းမိုရ်တောင်ဦး မကကျူးသား ကျေးဇူးအရှင် မွေးမိခင်နှင့် ဖခင်တို့အား ပြန်လည်ကျွေးမွေး စောင့်ရှောက်ရန်မှာ သားသမီးတို့၏ တာဝန်ဖြစ်သည်။ ယင်းသို့ မြန်မာမှု နယ်ပယ်တွင် သတ်မှတ်ထားသည့်အတိုင်း တစ်ဖန်ပြန်လည် စောင့်ရှောက်ကြ ရမည်သာဖြစ်သည်။ မိဘကျေးဇူးဆပ်ဖူးမှသာ သားကောင်းသမီးမွန်ဖြစ်လာ မည်မှာ ဧကန်အမှန်ဖြစ်သည်။
ထိုအစဉ်အလာကောင်းများမှာ ခေတ်ကာလရွေ့လျောလာသည်နှင့်အမျှ တစ်စတစ်စပါးလျားလာသည်။ အသွားသာရှိ၍ အပြန်မရှိဖြစ်လာခဲ့သည်။ ကျေးဇူးဆပ်ရန် မေ့လျော့လာကြသည်။ ကျေးဇူးမဆပ်လျှင်သော်မှ ကျေးဇူးမကန်းမိဖို့ အထူးအရေးကြီးလာသည်။ သားသမီးဝတ္တရားများ ပျက်ယွင်းလာကြသည်။ အိုစာ၊ နာစာမရရှိခဲ့လျှင် မတွေးဝံ့စရာဖြစ်လာသည်။ ထိုသက်ကြီးရွယ်အို မိဘများဘဝမှာ ''ရေနည်းငါးပမာ'' အားကိုးရာမရှိ၊ ရပ်တည်ရာမဲ့ ဖြစ်လာသည်။ ထို့ကြောင့် အားကိုးရာမဲ့ သက်ကြီးရွယ်အိုဘဝများကို ဝိုင်းဝန်းစောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်လာကြခြင်းဖြစ်သည်။
သက်ကြီးရွယ်အိုဟူသည်မှာ တစ်ချိန်သောကာလ ၄င်း၏ဘဝ စွမ်းဆောင် နိုင်သောအချိန်က မိသားစုတာဝန်၊ ရပ်ရွာတာဝန်၊ အလုပ်တာဝန်၊ နိုင်ငံ့တာဝန် များကို အနည်းနှင့်အများ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။ အချို့မှာ မိမိကိုယ်ကျိုးကိုပင် မငဲ့ကွက်ဘဲ အများအကျိုးအတွက် ပင်ပန်းဆင်းရဲခံကာ ပေးဆပ်ခဲ့ကြသူများဖြစ်သည်။ အသက်အရွယ်ကြီးရင့်၍ လုပ်ကိုင်နိုင်စွမ်း မရှိသောအချိန်တွင် ၄င်းတို့၏စွမ်းဆောင်ခဲ့ကြသည်များကို ပြန်လည်အမှတ် ရကြရမည်ဖြစ်သည်။ ၄င်းတို့၏ ပေးဆပ်မှုအတွက် ထိုက်တန်စွာပြန်လည် ပေးဆပ်တုံ့ပြန်ကြရမည်ဖြစ်သည်။
ယခု အိုသောအခါ အပယ်ခံဘဝသို့ ရောက်ကြရသည်။ အသုံး မဝင်လူပိုအဖြစ် ပစ်ပယ်ခံကြရသည်။ ကမ္ဘာလုံးဆိုင်ရာ အသက်အရွယ် ကြီးရင့်မှုအဖွဲ့အစည်းမှ ထုတ်ပြန်လိုက်သောစစ်တမ်းအရ အာရှနိုင်ငံများတွင် သက်ကြီးရွယ်အိုများအား မိသားစုထောက်ပံ့မှုလျော့နည်းလာကြောင်း မကြာသေးမီက သိရှိလိုက်ရသည်။ အမှန်တွင် အာရှနိုင်ငံများမှာ ယဉ်ကျေးမှု အစဉ်အလာကြီးမားသော နိုင်ငံများဖြစ်ပြီး မြန်မာတို့၏မင်္ဂလာတရားတော် ကဲ့သို့ ပြုမူနေထိုင်ကြသော နိုင်ငံများဖြစ်သည်။ အာရှနိုင်ငံများ၏ သက်ကြီး ရွယ်အိုများကို မိသားစုထောက်ပံ့သည့် ရိုးရာအစဉ်အလာ ပျက်ယွင်းလာ သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသည် အာရှနိုင်ငံများတွင်အပါအဝင်ဖြစ်သော်လည်း အဆိုပါနိုင်ငံများလောက် အခြေအနေ ဆိုးခြင်းမရှိချေ။ ယဉ်ကျေးမှုအစဉ် အလာအခြေခံများ ခိုင်မာခဲ့ခြင်း၏ အကျိုးရလဒ်ကြောင့်ဟု ဆိုရမည်ဖြစ် သည်။ ပေးကမ်းထောက်ပံ့ခြင်းသည် စီးပွားရေးအခြေခံအင်အား ခိုင်မာ တောင့်တင်းခြင်းနှင့် သက်ဆိုင်ပါသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံဖြစ်ပြီး လူတစ်ဦးချင်းဝင်ငွေမှာလည်း ယခင်ကထက်မြင့်မားလာသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် အားနည်းဖွယ်မရှိချေ။
သို့ဖြစ်ရာ ကျေးဇူးတရားကြီးမားသော သက်ကြီးရွယ်အိုများအား မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများနှင့်အညီ လက်ကမ်း ကူညီထောက်ပံ့စောင့်ရှောက်သွားကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ။

ဂျက်ကီချန်းရဲ့ရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်မယ့် EXO အဖွဲ့ဝင် ''လေး''





တောင်ကိုရီးယားအမျိုးသားပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သညEXO မှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ''လေး''သည် ကွန်ဖူးမင်းသားကြီးဂျက်ကီချန်းနှင့်အတူ ရုပ်ရှင်သစ် ''Kung Fu Yoga''တွင် ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်သည်။
အဆိုပါရုပ်ရှင်သည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ရုပ်ရှင်သရုပ်ဆောင်များ ပူးပေါင်းပါဝင်ရိုက်ကူးသည့် ဟာသဇာတ်ကြမ်းရုပ်ရှင်ကားတစ်ကားဖြစ်သည်။ ''လေး''သည် တောင်ကိုရီးယားပေါ့ပ်တေးဂီတအဖွဲ့ EXOတွင် ပါဝင်သည့် တစ်ဦးတည်းသော တရုတ်လူမျိုး အနုပညာရှင်ဖြစ်ရာ ယခုကဲ့သို့ အိန္ဒိယ-တရုတ် ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အဆိုပါရုပ်ရှင်တွင် တရုတ်ကွန်ဖူးမင်းသားကြီး ဂျက်ကီချန်း၊ အိန္ဒိယမင်းသား ဂျက်ကီရှရော့ဖ်အပါအဝင် တရုတ်နှင့် အိန္ဒိယ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ပြီး ကွန်ဖူးပညာနှင့် ယောဂပညာတို့အကြား ဆက်စပ်မှုများကို ဇာတ်အိမ်တည်ကာ ရိုက်ကူးသွားမည်ဖြစ်သည်။
ယင်းရုပ်ရှင်နှင့်ပတ်သက်၍ International Business Times သတင်းစာက ''ကွန်ဖူး ယောဂရုပ်ရှင်ကို ၂ဝ၁၆ခုနှစ်အတွင်းမှာ ထုတ်လုပ်ဖြန့်ချိသွားမှာပါ။ ဒီရုပ်ရှင်ကို ဒါရိုက်တာစတန် လေတွန်းက တာဝန်ယူရိုက်ကူးပေးမှာဖြစ်ပါတယ်။ ယခုရိုက်ကူးမယ့်ရုပ်ရှင်ဟာ မနှစ်က အိန္ဒိယ ကို တရုတ်သမ္မတရှီကျင့်ဖျင်လာရောက်လည်ပတ်စဉ်က အိန္ဒိယနဲ့ တရုတ် ပူးပေါင်းရိုက်ကူးဖို့ သဘောတူထားခဲ့တဲ့ ရုပ်ရှင်ကားသုံးကားရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ''ဟု ဖော်ပြခဲ့သည်။
အဆိုပါရုပ်ရှင်တွင် ''လေး''ပါဝင်ရိုက်ကူးရမည့် အခန်းကဏ္ဍကိုမူ တိတိကျကျမသိရှိရသေး ကြောင်း ကေပေါ့ပ်စတားဒေါ့ကွန်းက ဖော်ပြခဲ့သည်။
အေးပြည့်

ပရိသတ်ကြီးရဲ့အသံကို ပြန်နားစွင့်နေတယ်ဆိုတဲ့ အနုပညာစွမ်းအားသစ်များနဲ့ သူရိယ





အနုပညာကြယ်ပွင့်သစ်တစ်ပွင့်ဖြစ်သည့်သည့် မျိုးဆက်သစ်အနုပညာရှင် သရုပ်ဆောင်သူရိယ၏ အနုပညာ လောကသို့ စတင်ဝင်ရောက်ဖြစ်ပုံနှင့် လက်ရှိလှုပ်ရှားမှုများကို တင်ဆက်လိုက်ရပါသည်-
ကျွန်တော့အနေနဲ့ အနုပညာလောကထဲကို ၂ဝဝ၉ ခုနှစ်လောက်မှာ အစီအစဉ်တင်ဆက်သူအဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။ ပရိုဂရမ်အသေးလေးတွေမှာ ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာ အရန်သရုပ်ဆောင် အနေနဲ့ ပါဝင်သရုပ်ဆောင်ပြီးတော့မှ မဟော်ဂနီ ရုပ်ရှင်ထုတ်လုပ်ရေးက စင်တင်မင်းသားအဖြစ် တင်ပေးလိုက်တာပါ။
အခုလတ်တလောမှာ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ''အော်ဂလီဆန် ဘော်ဒီ အမှန်နဲ့ ကောင်မလေး'' ဇာတ်ကားကို မင်းသမီးယုသန္တာတင်၊ ၅ှအမေ အဖွဲ့နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အပြင်မှာ မမြင်ဖူးကြတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ဟာ အွန်လိုင်းပေါ်မှာ တွေ့ကြပြီး ကောင်လေးက ကောင်မလေးကို စိတ်ဝင်စားခဲ့တယ်။ အပြင်မှာ တွေ့ခွင့်တောင်းတဲ့အခါ ကောင်မလေးက သူဖန်တီးတဲ့ ဂိမ်းလေးတွေအောင်မြင်ရင် တွေ့ခွင့်ပေး မယ်ပြောတာကြောင့် ကောင်လေးက ကြိုးစားလုပ်ဆောင်တယ်။ ပျော်ရွှင်စရာ အဆုံးသတ်လေးနဲ့ အဆုံးသတ်ထားပါတယ်။ အဲဒီမှာတော့ ကျွန်တော့်ဇာတ်ရုပ်က လူငယ် စတိုင်လ် ပေါ့ပေါ့ပါးပါး လေးပါပဲ။
ငယ်ငယ်တုန်းကတော့ စိန်ဘယက်ဆေးကြော်ငြာမှာ ပါဝင်ရိုက်ကူးခဲ့ဖူးတယ်။ နောက်ပြီး ရာဇဝင်ကားလေးတွေမှာလည်း ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ကျွန်တော်က တိုင်းရင်းဆေးနဲ့ ဘွဲ့ရခဲ့တာမို့ တိုင်းရင်းဆေးကြော်ငြာကို ရိုက်ရင်း အနုပညာ လုပ်ငန်းကို စတင်ဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှ အနုပညာလုပ်ငန်းတွေကို စတင်ဇောက်ချ လုပ်ဖြစ်ခဲ့တာပါ။ အခုထိ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကား စုစုပေါင်း ၂၁ ကားလောက် ရိုက်ကူး ပြီးပါပြီ။
ဂီတဘက်ကို အားသန်တယ်၊ ဝါသနာလည်းပါတယ်။ ဒါပေမယ့် အခုထိတော့ အကောင် အထည်မဖော်ဖြစ်သေးပါဘူး။
ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ပါဝင်ဖြစ်ပါတယ်။ စေတနာ ကမ်းလက်များအဖွဲ့နဲ့ ညောင်တုန်းဘက်မှာ ကူညီမှုတွေ ပြုလုပ်ဖြစ်ခဲ့တယ်။ နောက်ပြီး င်္မငနညိ ဖောင်ဒေးရှင်းကလုပ်တဲ့ ရန်ပုံငွေဈေးရောင်းပွဲတော်တွေမှာလည်း ပါဝင်ကူညီ ပေးခဲ့ပါတယ်။
ခုလောလောဆယ်မှာတော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးနဲ့ပဲ ဇာတ်ကား တွေ ဆက်ရိုက်ဖြစ် နေအုံးမှာပါ။ ပရိသတ်ကြီးအတွက် အနုပညာစွမ်းအားသစ် တွေနဲ့ ချပြပေးသွားမှာပါ။ ကြည့်ရှုခံစားပေးပါ။ ဝေဖန်ပေးပါ။ ပရိသတ်ကြီးရဲ့အသံ ကိုလည်း ကျွန်တော်ပြန်နားစွင့်နေပါတယ်။
ဖြိုးစန္ဒာမြင့်

မြန်မာ-ရုရှား ယဉ်ကျေးမှုနှင့်အနုပညာနယ်ပယ်ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုး




Myanmaalinn's photo.

နေပြည်တော် စက်တင်ဘာ ၂၉

ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနတို့အကြား ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကို ယဉ်ကျေးမှုဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ရုရှားယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စား ဒုတိယဝန်ကြီး Madam. A Yu Manilova တို့က စက်တင်ဘာ ၂၂ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ လက်မှတ်ရေးထိုးကြသည်။
အဆိုပါ သဘောတူစာချုပ်တွင် မြန်မာနှင့် ရုရှား နှစ်နိုင်ငံတို့အကြား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အတွေ့အကြုံနှင့် သတင်းအချက်အလက်အပြန်အလှန် ပူးပေါင်းဖလှယ်ဆောင်ရွက်ရန်၊ ဆပ်ကပ်ပွဲ၊ ဂီတ၊ သဘင် အပါအဝင် တစ်ကိုယ်တော်ဖျော်ဖြေပွဲများနှင့် အဖွဲ့လိုက် ဖျော်ဖြေပွဲများ အပြန်အလှန်တင်ဆက်ခြင်းကို အားပေး ရန်၊ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာနှင့် ရိုးရာအနုပညာ ဆိုင်ရာ နိုင်ငံတကာအနုပညာပွဲတော်များတွင် နှစ်နိုင်ငံ အနုပညာရှင်များပါဝင်ရေးကို တိုးမြှင့်ဆောင်ရွက်ရန်၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာအဆောက်အအုံများ ပြင်ဆင်မွမ်းမံထိန်းသိမ်းရေး အဖွဲ့အစည်းများအကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ ပေးရန်၊ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်၊ သဘင်ဆိုင်ရာ အနုသုခုမ နယ်ပယ်၊ သမိုင်းဝင်အဆောက်အအုံများ ပြင်ဆင်မွမ်းမံ ထိန်းသိမ်းခြင်းဆိုင်ရာနယ်ပယ်၊ ပြတိုက်နှင့် စာကြည့် တိုက်ဆိုင်ရာနယ်ပယ်များမှ ပညာရှင်အဖွဲ့များ အပြန် အလှန် စေလွတ်ရန်၊ ယဉ်ကျေးမှုနယ်ပယ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန်နှင့် ကိုယ်စားလှယ်အဖွဲ့များ အပြန် အလှန်စေလွှတ်ရန် စသည့်အချက်များ ပါဝင်သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံရှိ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်များသို့ ခေါ်ယူဖိတ်ကြားပြီး ရုပ်ရှင်၊ ဂီတ နှင့် ဘဲလေးအကဘာသာရပ်များ သင်တန်းပေးရန်၊ မြန်မာ တို့၏ ထင်ရှားကျော်ကြားလှသည့် ရုပ်သေးသဘင် ဖျော်ဖြေတင်ဆက်မှုကို ပူးပေါင်းဖြန့်ဝေပေးရန်၊ မြန်မာ့ ရိုးရာ ဆိုင်းဝိုင်းကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Symphony Orchestra တို့ ပူးပေါင်းတီထွင်ဖျော်ဖြေတင်ဆက်ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ပိုမို ဆွဲဆောင်မှုရှိအောင် ဆောင်ရွက်ရန်၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအနေဖြင့် သွားလာမြင်တွေ့နေကျ နေရာ ဒေသနှင့် ကွဲလွဲသည့် မိမိတို့နှစ်နိုင်ငံ၏ မတူကွဲပြားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာဒေသများသို့ ကူးပြောင်း လည်ပတ် လေ့လာနိုင်အောင်ဆောင်ရွက်ရန်တို့ကို အမြင် ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရုရှားနိုင်ငံ စိန့်ပီတာ စပတ်မြို့၌ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် ပထမအကြိမ် Eurasian Women’s Forum သို့ တက်ရောက်သည်။ ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် နေရာဒေသ ၂၅ ခုရှိရာ မော်စကိုမြို့ ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာဒေသများ၊ စိန့်ပီတာစပတ်မြို့ရှိ သမိုင်းဝင်နေရာဒေသများနှင့် ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာဒေသများကို Living Monuments အဖြစ် ထိန်းသိမ်းထားရှိမှုနှင့် စီမံခန့်ခွဲမှုကိုလည်းကောင်း၊ ပြတိုက်များ၏ စီမံခန့်ခွဲမှုကို လည်းကောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွဲဆောင်မှုရှိအောင် ခေတ်မီ အိုင်တီနည်းပညာ ဖြင့် စနစ်တကျဖန်တီးပြသမှုကိုလည်းကောင်း လေ့လာခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံအဆောက်အအုံသစ်တွင် ခေတ်မီကုသရေးပစ္စည်းကိရိယာများ တပ်ဆင်ထား




Myanmaalinn's photo.

နေပြည်တော် စက်တင်ဘာ ၂၉

ကျန်းမာရေးဝန်ကြီးဌာန ကုသ ရေးဦးစီးဌာန နေပြည်တော် ခုတင် ၁ဝဝဝ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၏ Modular Theatre အဆောက်အအုံသစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ အဆောက်အအုံသစ်ရှေ့ မျက်နှာစာ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ နေပြည်တော် ကောင်စီဝင် ကျန်းမာရေးတာဝန်ခံ ဒေါက်တာပိုင်စိုး၊ ကျန်းမာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
Modular Theatre အဆောက် အအုံသစ်တွင် နိုင်ငံတကာအဆင့်မီ ခွဲစိတ်ခန်းငါးခန်းနှင့် အထူးကြပ်မတ် ကုသဆောင်တို့ ပါဝင်ဖွဲ့စည်းထားပြီး ခေတ်မီကုသရေး ပစ္စည်းကိရိယာများ ပြည့်စုံစွာတပ်ဆင်ထားရှိသည်။ ခွဲစိတ် ခန်းသုံးသန့်စင်သော လေအေး ပေးစက်စနစ်၊ Central Gas Line System ၊ CCTV လုံခြုံရေးစနစ်၊ Fire Safety System များ ပါဝင် တည်ဆောက်ထားသော နိုင်ငံတကာ အဆင့်မီ Modular Theatre အဆောက်အအုံတစ်ခုဖြစ်သည်။
အကျယ် ပေ ၁၅ဝ၊ အနံ ၁၂၄ ပေ၊ အမြင့် ၁၄ ပေရှိ သံကူကွန်ကရစ် အဆောက်အအုံဖြစ်ပြီး အဆိုပါ အဆောက်အအုံသစ်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ် ခဲ့ရာ ၂ဝ၁၅ ခုနှစ် မတ်လတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ယခုနှစ် သြဂုတ် ၁၄ ရက်က Modular Theatre ၌ Endoscopy ကြည့်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ ခွဲစိတ်ကုသမှုလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိသည်။ Modular Theatre အဆောက်အအုံသစ်ကို နိုင်ငံတော်မှငွေကျပ် သိန်းပေါင်း ၂၂၆၁ဝ ဒသမ ၆၃ သိန်း အကုန် အကျခံကာ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

ကလေးသူငယ်များ၏ အခွင့်အလမ်းဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ပါဝင်လက်မှတ်ထိုး




Myanmaalinn's photo.

နေပြည်တော် စက်တင်ဘာ ၂၉

မြန်မာ ကလေးသူငယ်များ၏ အခွင့်အရေးကို ပိုမိုမြှင့်တင်ကာ ကွယ်ရန်အတွက် မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ အခွင့်အရေး များဆိုင်ရာ နောက်ဆက်တွဲ အခြေ ပြစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို နယူးယောက်မြို့ ကုလ သမဂ္ဂဌာနချုပ်၌ စက်တင်ဘာ ၂၈ ရက်က ကျင်းပသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုတွင်ကလေးသူငယ်များ၏ အခွင့် အရေးများဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင် လွင်က ပါဝင်လက်မှတ်ရေးထိုးသည်။ အခမ်းအနားသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေး သူငယ်များနှင့် လက်နက်ကိုင်ပဋိ ပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စလိုင်လာ ဇာရိုဂီ၊ ကုလသမဂ္ဂ ဥပဒေရေးရာရုံး၊ စာချုပ်များဌာန အကြီးအကဲ မစ္စတာ ဆန်တီရေဂို ဗီလာပန်ဒိုတို့ တက်ရောက်သည်။
မြန်မာ တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေး သူငယ်များ လုံးဝစုဆောင်းခြင်းမပြု ရန်ဆိုသည့် တပ်မတော်၏ မူဝါဒ နှင့်အညီ နောက်ဆက်တွဲ အခြေပြ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စုဆောင်း ခြင်းမှကာကွယ်ရန် တပ်မတော်၏လက်ရှိ ကြိုးပမ်းဆောင်ရွက်ချက် များကို အထောက်အကူပြုစေ မည်ဖြစ်သည်။
ဖော်ပြပါ အခြေပြစာချုပ်ကို ယနေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၁ နိုင်ငံက စာချုပ်ဝင်နိုင်ငံများအဖြစ် ပါဝင်ထားပြီးဖြစ်သည်။

(သတင်းစဉ်)

အင်္ဂါဂြိုဟ်တွင် ရေစီးဆင်းနေသည့် အထောက်အထားတွေ့ရှိ




Myanmaalinn's photo.

နာဆာ စက်တင်ဘာ ၂၉


အမေရိကန်အာကာသ အေဂျင်စီ မှ သုတေသနပညာရှင်များက အင်္ဂါဂြိုဟ်သည် ပူနွေးသည့်ရာသီများ တွင် ရေများစီးဆင်းနေသည်ဟု ယူဆရကြောင်း ပြောခဲ့သည်။
နာဆာမှ သိပံ္ပပညာရှင်များသည် အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို ခွဲခြမ်း စိတ်ဖြာလေ့လာပြီး တွေ့ရှိချက်များကို သဘာဝဘူမိသိပံ္ပဂျာနယ်တွင် ရေး သား ဖော်ပြခဲ့ကြသည်။
အဆိုပါ အင်္ဂါဂြိုဟ်၏မျက်နှာပြင် ပေါ်ရှိ သတင်းအချက်အလက်များကို အင်္ဂါဂြိုဟ် ထောက်လှမ်းရေး အေဂျင်စီမှရရှိခဲ့ခြင်းဖြစ်သည်။
သုတေသနပညာရှင်များသည် အပူချိန် ပူနွေးမြင့်တက်လာသော အခါတွင် အင်္ဂါဂြိုဟ်ဟုခေါ်သော ဂြိုဟ်နီကြီး၏အစိတ်အပိုင်းအချို့တွင် တွေ့ရှိရသော အနက်ရောင် အစက် အပြောက်များကို အသေအချာ လေ့လာမှုများ ပြုလုပ်နေသည်။
၎င်းအနက်ရောင် အစင်း အပြောက်များသည် ဂြိုဟ်ကြီး၏အေးနေသော အချိန်များတွင် ပျောက်ကွယ်နေကြောင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။
အနီအောက်ရောင်ခြည် အသုံးပြု ၍ အင်္ဂါဂြိုဟ်ကို လေ့လာမှုပြုရာ အနက်ရောင် အစင်းအပြောက်များ ရှိသော ဆားပျော်ရည်များသည် တောင်အောက်သို့ စီးဆင်းနေပုံရှိ သည်ကို တွေ့ရှိရသည်။
နာဆာ သိပံ္ပပညာရှင်များက အနက်ရောင် အစက်အပြောက်များ တွင် ဆားဒြပ်ပေါင်းများ ပါဝင်နိုင် သည်ဟု ယုံကြည်ထားသည်။
အမေရိကန် လေ့လာမှုများက အင်္ဂါဂြိုဟ်တွင် တစ်ချိန်တုန်းက ရေထုပမာဏ အများအပြားရှိကြောင်း၊ ထိုရေထုထည်ပမာဏထဲတွင် မြစ် ချောင်း၊ အင်းအိုင်များပါ ပါဝင်နိုင် ကြောင်း ဖော်ပြခဲ့သည်။ ရှာဖွေ တွေ့ရှိမှုအသစ်များသည် ရင်ခုန်လှုပ် ရှားစရာကောင်းကြောင်း နာဆာဂြိုဟ် တု သိပံ္ပဌာနအကြီးအကဲ ဂျင်ဂရင်း က ပြောခဲ့သည်။

(အင်န်အိတ်ခ်ျကေ)

ဆီးရီးယားပြည်တွင်းစစ် သံတမန်နည်းလမ်းအရ အဆုံးသတ်ရေး အမေရိကန်သမ္မတနှင့်ရုရှားသမ္မတတို့ သဘောတူညီမှုရရှိ




ကုလသမဂ္ဂ စက်တင်ဘာ ၂၉
ရုရှားနှင့် အမေရိကန်တို့သည် ဆီးရီးယားသမ္မတ ဘရှာအယ်လ် အာဆတ်ကို အာဏာဆက်ပေးရေး အပြန်အလှန် မေးခွန်းထုတ်ခဲ့ကြ သော်လည်း ဆီးရီးယားပြည်တွင်း စစ်ကိုသံတမန်နည်းလမ်းဖြင့်အဆုံးသတ်ရန် တနင်္လာနေ့က သဘော တူညီမှု ရရှိသွားပြီဖြစ်သည်။
လွန်ခဲ့သော သီတင်းပတ်များက ရုရှားကဆီးရီးယားတွင်စစ်ရေးအရ ပါဝင်ရန် ကြိုးပမ်းခဲ့ပြီးနောက် ဆီးရီး ယားပြည်တွင်းစစ်တွင် ယင်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာ ခြင်းကို ရှောင်ရှားသင့်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မိနစ် ၉ဝ ကြာ တွေ့ဆုံဆွေးနွေးစဉ်အတွင်း သဘော တူညီခဲ့ကြသည်။
အမေရိကန်၊ ပြင်သစ်နှင့်မဟာမိတ်နိုင်ငံများသည် အစ္စလာမ် တိုင်းပြည်တစ်ခု တည်ထောင်ရန် ရည်မှန်းချက် အစိတ်အပိုင်းတစ်ခု အဖြစ် အိမ်နီးချင်း အီရတ်နှင့် ဆီးရီးယားရှိ ဒေသအတော်များများ ကို သိမ်းပိုက်ပြီး အင်အားချဲ့ထွင်မှု ပြုလုပ်နေသော အိုင်အက်စ်အကြမ်း ဖက်စစ်သွေးကြွများကို ဗုံးကြဲတိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ဆီးရီးယားနိုင်ငံအတွင်း ရုရှား၏တင့်ကားနှင့် စစ်လေယာဉ်များရှိ နေခြင်းသည် ပြဿနာဖြစ်လာနိုင် ကြောင်း အမေရိကန်က မော်စကို အားအဓိက မေးခွန်းထုတ်ခဲ့သည်။
ရုရှားအနေဖြင့် အိုင်အက်စ်တို့ အား ဆန့်ကျင်တိုက်ခိုက်နေသည့် ဆီးရီးယားအစိုးရနှင့်ကာ့ဒ် တပ်ဖွဲ့ များကိုသာ အကူအညီပိုမိုပေးသင့် သည်ဟု အိုဘားမားနှင့် တွေ့ဆုံ အပြီး သမ္မတပူတင်က သတင်း ထောက်များအား ပြောသည်။
ရုရှားနှင့် အမေရိကန် ဆက်ဆံ ရေးသည် ၂ဝ၁၄ ခုနှစ်မတ်လတွင် ယူကရိန်းမှ ကရိုင်းမီးယားကို မော်စကိုက လက်နက်နိုင်ငံပြုခဲ့ ပြီးနောက် တင်းမာမှုများ ဖြစ်ခဲ့ရ သည်။


(ရိုက်တာ)

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
ကုဋေကုဋာဧည့်များလာ အခွင့်အလမ်းတူညီစွာ


ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များနှင့် ပွင့်လင်းမြင်သာရှိမှုတို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားစွာ လာရောက်လည်ပတ် လျက်ရှိပါသည်။ ဤသို့   ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ    လာရောက်  လည်ပတ်မှုတိုးပွားလာသည့်အတွက်  နိုင်ငံခြား ဝင်ငွေများတိုးပွားလာလျက်ရှိပါသည်။  နိုင်ငံတော်အစိုးရသာမက ပုဂ္ဂလိက ခရီးသွားလုပ်ငန်းများအတွက်ပါ အခွင့်အလမ်းကောင်း များ ပေါ်ထွက်လာလျက်ရှိပါသည်။
ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်မှုတိုးတက် လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများသည်လည်း တိုးတက်လာရမည်ဖြစ်ပါသည်။ ခရီးသွားဧည့်သည်များ သွားလာ နေထိုင် စားသောက်မှုအပိုင်း၊ အပန်းဖြေအနားယူရေး အပိုင်း၊ သုတေသနနှင့် လေ့လာရေးဆိုင်ရာ အပိုင်းစသည်ဖြင့် တိုးတက် လာရမည်ဖြစ်ပါသည်။ ကမ္ဘာလှည့်ခရီးသွားများအား ကဏ္ဍအလိုက်ဝန်ဆောင်မှုအကောင်းဆုံး  ဆောင်ရွက်ပေးနိုင်မှသာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ပိုမိုတိုးတက်လာမည်ဖြစ် ပါသည်။
ထို့ကြောင့်လည်း စက်တင်ဘာလ ၃ဝ ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့  (World Tourism Day)  အဖြစ် သတ်မှတ်ထားပါသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဆောင်ရွက်နေသောအဖွဲ့အစည်းများ၊ ကုမ္ပဏီများအား ဂုဏ်ပြုသည့်နေ့တစ်နေ့ဖြစ်ပါသည်။ ထို့နေ့ရောက်တိုင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရှင်များအား ဂုဏ်ပြုသောအသိပေးသော အားဖြင့် ဆောင်ပုဒ်တစ်ခုစီကို ထုတ်ပြန်အသိပေးလေ့ ရှိပါသည်။ ယခုနှစ်  ဆောင်ပုဒ်သည်ကား ''ကုဋေကုဋာဧည့်များလာ အခွင့်အလမ်းလည်းတူညီစွာ'' (1 Billion Tourists, 1 Billion Opportunities)  ဟူ၍ဖြစ်ပါသည်။ ဤဆောင်ပုဒ်အရ ခရီးသွားများပိုမိုလာရောက်အောင် ဆောင်ရွက်ကြခြင်းဖြင့် ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်များ၊ ခရီးသွားအဖွဲ့အစည်းများ လည်း တန်းတူအကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းသည် ရေရှည်ပြုစုပျိုးထောင်ရသော လုပ်ငန်းဖြစ်ပါသည်။ အိမ်သာမှဧည့်လာပါမည်။ အကောင်းဆုံး သော ဝန်ဆောင်မှုများပေးနိုင်မှ  ခရီးသွားလုပ်ငန်းသည် တိုးတက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ခရီးသွား  လုပ်ငန်းတိုးတက်ရေးတွင်  ဝန်ဆောင်မှုကိုပေးရသော ခရီးသွား လုပ်ငန်းများ၏အခန်းကဏ္ဍသည် အဓိကအကျဆုံးဖြစ်ပါသည်။ ခရီးသွားဧည့်သည်များ တစ်နှစ်ထက်တစ်နှစ် လာရောက်အောင်  အကောင်းဆုံးဝန်ဆောင်မှုများနှင့် ဆွဲဆောင်ရန်မှာ ခရီးသွား လုပ်ငန်းလုပ်ကိုင်သူများတွင် အဓိကတာဝန်ရှိမည်ဖြစ်ပါသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံသို့ကမ္ဘာလှည့်ခရီးသွားဧည့် သည် ငါးသန်းလာရောက်လည်ပတ်ရန် ခန့်မှန်းတွက်ချက်ထား ပါသည်။ ပြီးခဲ့သော သြဂုတ်လကုန်အထိ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်သုံးသန်း လာရောက်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ သို့ဖြစ်၍ ကမ္ဘာလှည့်ခရီးသွားများ တစ်နှစ်ထက်တစ်နှစ် လာရောက်မှုတိုးလာအောင် ဝိုင်းဝန်းကြိုးပမ်းကြရပါမည်။ ကမ္ဘာ လှည့်ခရီးသွားဧည့်သည်များလာရောက်မှု တိုးလာသည်နှင့်အမျှ ရရှိလာသော အကျိုးအမြတ်များ၊ တန်းတူအခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ပါကြောင်း။   ။

ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတမှုနှင့်ပွင့်လင်းမြင်သာမှုကို မှတ်ကျောက်တင်နိုင်ရန် ပြည်တွင်း/ပြည်ပရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များဖိတ်ခေါ်ထား




Myanmaalinn's photo.

ကျိုင်းတုံ စက်တင်ဘာ ၂၉

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတသည့် ရွေး ကောက်ပွဲဖြစ်ရန် ဥပဒေနှင့်အညီ ကျင်းပပေးမည်ဖြစ်ကြောင်း၊ လွတ် လပ်တရားမျှတသည့် ရွေးကောက် ပွဲကို ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ အရပ်ဘက်လူမှု အဖွဲ့ အစည်းများ၊ ရွေးကောက်ပွဲ စောင့် ကြည့်လေ့လာသူများ၊ မီဒီယာများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယနေ့ ညနေ ၃ နာရီတွင် ရှမ်းပြည် နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် နိုင်ငံ ရေးပါတီများ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ကျိုင်းတုံခရိုင်နှင့် ခရိုင် အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူ များနှင့် တွေဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြား သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အတူ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဇော်အေး၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျိုင်း တုံခရိုင်နှင့် မက်မန်းခရိုင်အတွင်း ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များ၊ ခရိုင်အတွင်း ပါတီရုံးခွဲဖွင့်လှစ် ထားသော နိုင်ငံရေးပါတီများမှ တာဝန် ရှိသူများ၊ လွှတ်တော်မှကိုယ်စားလှယ် လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူ လူထု၏ အချုပ်အခြာအာဏာကို နိုင်ငံအဝန်းပျံ့နှံ့စေရန်အတွက် လူထု ဆန္ဒနှင့်အညီ လူထုကိုယ်စားလှယ် ရွေးချယ်တင်မြှောက်သည့် လုပ်ငန်း စဉ်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထမ်းဆောင်ရ မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် အရည်အချင်းရှိ သူများ ဖြစ်ရန်လိုသဖြင့် နှလုံးသား နှင့်ဦးနှောက် ပေါင်းစပ်ပြီး လူတော် လူကောင်းများကို ရွေးချယ်တင် မြှောက်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့ သို့ ရွေးချယ်နိုင်ရန် မီဒီယာများ သည် ပါတီများ၏ မူဝါဒများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ ဟောပြောကတိပြုချက်များ ကို ထုတ်လွှင့်ဖော်ပြရာတွင် ဘက် လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန် မျှမျှ တတ ဖော်ပြရန်လိုကြောင်း။
ရွေးကောက်ပွဲတွင် အများစုနိုင် သောပါတီသည် အာဏာရပါတီဖြစ် လာမည်ဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ် ရေးအာဏာကို မှန်မှန်ကန်ကန်ကျင့် သုံးကာ နိုင်ငံတော်တည်ဆောက်ရေး အတွက် မူဝါဒများချမှတ်ပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်လို ကြောင်း၊ အတိုက်အခံပါတီအနေဖြင့် အာဏာရပါတီ၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်ပြီး လိုအပ်ချက်ကို ထောက်ပြတည့်မတ် ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ အာဏာရ ပါတီ၏ လုပ်ဆောင်ချက်ကို အဆိုး မြင်ဆန့်ကျင်ပြီး ပူးပေါင်းဆောင် ရွက်မှုမရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ရရှိမည်မဟုတ်ကြောင်း။
လွတ်လပ်ရေးရပြီး ၆၇ နှစ် အတွင်း၌ ရွေးကောက်ပွဲအတွေ့ အကြုံ ငါးကြိမ်သာရှိခဲ့သဖြင့် ရွေး ကောက်ပွဲအရေးကြီးပုံနှင့် အနှစ် သာရကို တိတိကျကျသိရှိနားလည် ခြင်း မရှိသေးပါကြောင်း၊ ယခင် ရွေး ကောက်ပွဲ အတွေ့အကြုံများကို သုံးသပ်၍ မဲစာရင်းပြည့်စုံ မှန်ကန် စေရေးအတွက် စီမံချက်ချမှတ် ဆောင်ရွက်ခဲ့ရာ မဲစာရင်း အမှား အယွင်းများ ပြင်ဆင်နိုင်ရန် အချိန် ကန့်သတ်ချက်ရှိနိုင်သဖြင့် အခြေခံ မဲစာရင်းကို ကြိုတင်ပြုစုဆောင်ရွက် ခဲ့ကြောင်း၊ မဲစာရင်းများကြေညာ ချိန် လာရောက်ကြည့်ရှုပြီး ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်မှုများပြုလုပ်က မှန်ကန်သောမဲစာရင်း ဖြစ်လာမည် ဖြစ်၍ အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများကို ဖိတ်ခေါ် ဆောင်ရွက်ခဲ့ပါကြောင်း၊ မဲစာရင်းမှားယွင်းသဖြင့် မဲပေးခွင့် မဆုံးရှုံးနိုင်ပါကြောင်း၊ မဲပေးပိုင်ခွင့် ရှိသူ အမှန်ဖြစ်ကြောင်း၊ တာဝန်ခံ ပြောကြားသူရှိလျှင် ပြင်ဆင်ရေးမှတ် ၍ မဲပေးခွင့်ပြုရမည်ဟု ပြဋ္ဌာန်းထား ပြီးဖြစ်ကြောင်း၊ သို့သော် မဲစာရင်း တွင်ပါဝင်မှသာ မဲပေးခွင့်၊ ရွေး ကောက်ခံပိုင်ခွင့်ရှိပါကြောင်း။
ကြိုတင်မဲပေးခြင်းတွင် မဲဆန္ဒ နယ်အတွင်းရှိ မဲဆန္ဒရှင်များ ကြိုတင် မဲပေးခြင်းနှင့် မဲဆန္ဒနယ်ပြင်ပ ရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေး ခြင်းတို့ရှိပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများကိုသိရှိပြီး လိုက်နာ အကာအကွယ်ယူပါက ကြိုတင်မဲပေး ခြင်းအပေါ် သံသယဖြစ်ဖွယ် မရှိပါ ကြောင်း၊ မဲပေးပိုင်ခွင့် မဆုံးရှုံးစေ ရေးအတွက် မဲဆန္ဒရှင်သက်သေခံ လက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲစာရင်းတွင် ပါရှိသူအားလုံးကို ထုတ်ပေးသွား မည်ဖြစ်ကြောင်း။
မိမိမဲပေးရမည့်မဲရုံ အလွယ် တကူရှာဖွေသိရှိနိုင်ရန် မဲပေးရာ တွင် လွယ်ကူလျင်မြန်စေရန်၊ သက်သေခံလက်မှတ်များ ပျောက်ဆုံး ပါက မဲပေးနိုင်ရန်နှင့် နောင် ရွေး ကောက်ပွဲများအတွက် မှန်ကန်သော မဲစာရင်းပြုစုနိုင်ရန် ရည်ရွယ်ချက် (၄)ချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ မဲဆန္ဒရှင် သက်သေခံလက်မှတ် ပျောက်ဆုံးသော်လည်း မဲစာရင်းတွင် ပါရှိသကဲ့သို့ မဲဆန္ဒရှင်မှန်ကန် ကြောင်း ပြောကြားနိုင်လျှင် မဲပေးနိုင် ကြောင်း။
မဲဆန္ဒရှင်ပညာပေးခြင်းလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ရာ ပါဝင်ပူးပေါင်းကြရန် ဖိတ် ခေါ်ပါကြောင်း၊ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတမှုနှင့် ပွင့်လင်း မြင်သာမှုကို မှတ်ကျောက်တင်နိုင်ရန် အတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် အာဆီယံနိုင်ငံများမှ ရွေး ကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ပြည်တွင်း/ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် ရေးအဖွဲ့များကို ဖိတ်ခေါ်ထား ကြောင်း။
မဲဆွယ်စည်းရုံးရေး ကာလတွင် လိုက်နာရန် ညွှန်ကြားချက်(၁/ ၂ဝ၁၄)ကို ထုတ်ပြန်ထားပြီးဖြစ် ကြောင်း၊ ပါတီများ ကိုယ်တိုင်ရေးဆွဲ ထားပြီး လက်မှတ်ရေးထိုးထား သည့် နိုင်ငံရေးပါတီများ လိုက်နာ ရမည့် ကျင့်ဝတ် Code of Conduct များလည်း ရှိကြောင်း၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေအခန်း(၁၃)ပါ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း (၁၄)ပါ တရားမဲ့ပြုကျင့်မှုများကို လိုက်နာကျင့်သုံးပြီး ဥပဒေ၏ အကာ ကွယ်ကို ရယူရန်နှင့် ဥပဒေ၊ စည်း မျဉ်း၊ ကျင့်ဝတ်များကို အသိတရား နှင့်ယှဉ်ပြီး လေးစားလိုက်နာကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာ သည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိ သူများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများက ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ သည်။

(သတင်းစဉ်)

မြန်-ရုရှား တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုတိုးမြှင့်ရေး၊ စစ်ဘက်ဆိုင်ရာ နည်းပညာရပ်များ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး



Myanmaalinn's photo.

နေပြည်တော် စက်တင်ဘာ ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်ဥက္ကဋ္ဌ Mr. Alexander Vasillievich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုတိုးမြှင့်ရေး၊ စစ်ဘက်ဆိုင်ရာနည်းပညာ ရပ်များ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ချစ်ကြည်ရေးနှင့် လေ့လာရေးအဖွဲ့များ စေလွှတ်ရေး၊ ပညာတော်သင် များ စေလွှတ်ရေးနှင့် ရေဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် ပစ္စည်းများ ထောက်ပံ့ကူညီရေးဆိုင်ရာများအား ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Mr. Alexander Vasillievich Fomin နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E. Mr. Pospclov Vasily ၊ စစ်သံမှူးColonel Eduard Ogorodchikop နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(မြဝတီ)

(၈)မိုင်လမ်းဆုံ ခုံးကျော်တံတားသစ်စီမံကိန်း စတင်အကောင်အထည်ဖော်




Myanmaalinn's photo.

ရန်ကုန် စက်တင်ဘာ ၂၉

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကိုဖြေလျှော့စေရေးအတွက် ငွေကျပ် ၁၅ ဒသမ ၈ ဘီလီယံ ကုန်ကျခံတည် ဆောက်မည့် မရမ်းကုန်းမြို့နယ်ရှိ (၈)မိုင်လမ်းဆုံ ခုံးကျော်တံတားသစ်စီမံကိန်း (8 Miles Junction Flyover Bridge) ကို စတင်အကောင်အထည်ဖော်တည်ဆောက်နေပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Crown Advance Construction ကုမ္ပဏီလီမိတက် က တည်ဆောက်မည့် ကမ္ဘာအေးဘုရားလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းဆုံ ပြည်လမ်းမကြီးပေါ်၌ တည်ရှိ သည့် ခုံးကျော်တံတားသစ်စီမံကိန်းတွင် ပင်မတံတားအရှည်မှာ ၄၆၅ မီတာနှင့် ချဉ်းကပ်တံတားအရှည်မှာ တစ်ဖက်တစ်ချက်စီ၌ မီတာ ၃ဝ စီပါဝင်ကာ ပင်မနှင့် ချဉ်းကပ်တံတားအရှည် စုစုပေါင်း ၅၂၅ မီတာရှိကြောင်း သိရသည်။
တံတားသစ်၏ အမျိုးအစားမှာ သံမဏိသံပေါင် အမျိုးအစားဖြစ် ပြီး ယာဉ်တစ်စီးချင်း တံတား ခံနိုင် ဝန် အလေးချိန်မှာ ၇၅ တန်ခံနိုင် ရည်ရှိကာ တံတားကင်းလွတ်အမြင့် မှာ ၈ မိုင်လမ်းဆုံနေရာ၌ ၆ ဒသမ ၅ မီတာရှိကြောင်း သိရသည်။ ပင်မ တံတားအရှည်တွင် ကွန်ကရစ် RC တိုင် ၁၄ တိုင်ရှိပြီး ကမ်းကပ်ခုံ နှစ်ခု ပါဝင်ကာ ချဉ်းကပ်တံတားတိုင်များ၏ တစ်ဖက်တစ်ချက်စီ၌ ကွန်ကရစ် RC တိုင် လေးတိုင်စီနှင့် ကမ်းကပ်ခုံ တစ်ခုစီပါဝင်ကြောင်း သိရသည်။
လက်ရှိအနေအထားအရ ပင်မ တံတားအရှည်၏ ကွန်ကရစ် RC တိုင် ၁၄ တိုင်အနက် တိုင်ကိုးတိုင် အတွက်ကို အုတ်မြစ်ဘိုးပိုင်လုပ်ငန်း အားလုံး ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပြီး အလုံးရေအတွက်အရ ၃၆ လုံး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။
Crown Advance Constru- ction ကုမ္မဏီလီမိတက်မှ စီမံကိန်း ဒါရိုက်တာ ဦးသန်းဆွေက ''တံတား စီမံကိန်းလုပ်ငန်းခွင် ဧရိယာအတွက် လမ်းအလယ်ကို ပေ ၃ဝ ယူထားပြီး လက်ရှိ စီမံကိန်းဧရိယာရဲ့ ဘေး တစ်ဖက်တစ်ချက်စီမှာ ယာဉ်များ နှစ်လမ်းစီသွားလို့ရအောင် တစ်ဖက် တစ်ချက်စီ ဝဲ၊ ယာကို အကျယ် ၂၁ ပေစီလမ်းချဲ့ပြီး ဆောင်ရွက်ပေးထား ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုမရှိ အောင် တစ်ဖက်တစ်ချက်စီမှာ ယာဉ်နှစ်စီးစီသွားဖို့ ဆောင်ရွက်ပေး ထားတာပါ။ ဒါလည်း နဂိုရှိနေတဲ့ ပလက်ဖောင်းအဟောင်းကို ဖျက်ပြီး ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက် ပေးလိုက်တာပါ။ တကယ်လို့တံတား သစ် စီမံကိန်းပြီးစီးသွားရင်လည်း ဒီလို ဘေးတစ်ဖက်တစ်ချက်စီမှာဘဲ ယာဉ်များ နှစ်လမ်းစီသွားလို့ရအောင် အတတ်နိုင် ဆုံးဆောင်ရွက်ပေးသွား မှာပါ၊ တံတားသစ်ကြီးအချိန်မီပြီးစီးရေးနှင့် အရေအသွေးကောင်းမွန် အောင်ဆောင်ရွက်သွားမှာပါ၊ အဓိက ယာဉ်ကြောကျပ်တာကို ဖြေရှင်းတဲ့ အနေနဲ့ တည်ဆောက်တာဆိုတော့ တံတားသစ်တည်ဆောက်ပြီးစီးသွား ရင် လမ်းဆုံမီးပွိုင့်မှာ ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရ ခြင်း မရှိတော့ဘဲ တောက်လျှောက် မောင်းနှင်နိုင်ကြတော့မှာပါ'' ဟု ပြောကြားသည်။
တံတားသစ် တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်ပြီးစီးပါက တံတားပေါ်၌ ယာဉ်လေးလမ်းသွား ဖြစ်သွားမည်ဖြစ်ပြီး တံတားသစ်၏ အောက်တစ်ဖက်တစ်ချက်စီ လမ်း ဝဲ၊ ယာ၌ ယာဉ်များဖြတ်သန်းသွားလာ နိုင်ရန်အတွက် နှစ်လမ်းသွားစီပါဝင် မည်ဖြစ်ကြောင်း၊ ထို့အပြင် မရမ်း ကုန်းမြို့နယ်ရှိ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားသစ် စီမံကိန်း(8 Miles Junction Flyover Bridge) အား ၂ဝ၁၆ ခုနှစ် မတ်လ ကုန် အပြီးသတ်တည်ဆောက်သွား မည်ဖြစ်ပြီး တံတားသစ်စီမံကိန်း အတွက် ပြီးခဲ့သည့်စက်တင်ဘာ ၆ ရက်က ပန္နက်တင်စတင်ခဲ့ကြောင်း ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားသစ် စီမံကိန်းမှ သိရသည်။


သတင်း-စိုးဝင်း-SP
ဓာတ်ပုံ-တင်မောင်လှ

Tuesday, September 29, 2015

နာမ်မည်ကြီး ဗီယက်နမ်အသင်း ပွဲဦးထွက် သုံးမှတ်အပြည့်ရယူ





သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် စက်တင်ဘာ ၂၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (G) ပထမနေ့ ပွဲစဉ်များကို ယနေ့ ညနေပိုင်းက သုဝဏ္ဏ ကွင်း၌ကျင်းပရာ ဗီယက်နမ်အသင်းက ဟောင်ကောင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
နာမည်ကြီး ဗီယက်နမ်အသင်း၏ ပွဲဦးထွက်ပွဲစဉ်မှာ အမှားအယွင်း မရှိဘဲ သုံးမှတ်အပြည့် ရယူနိုင်ခဲ့သည်။ ဟောင်ကောင်အသင်းမှာ ဗီယက်နမ်အသင်းကို ယှဉ်ပြိုင်ကစားနိုင်ခြင်း မရှိသောကြောင့် ဗီယက်နမ် အသင်းက ပွဲချိန်ပြည့်ခြေအသာဖြင့် ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းမှာ မြန်မာအသင်းပြီးလျှင် အဓိကပြိုင်ဘက်ဖြစ်သည့် ဟောင်ကောင်အသင်းကို အနိုင်ကစားနိုင်ခဲ့သောကြောင့် ခြေစစ်ပွဲအောင် မြင်ရေး မျှော်လင့်ချက်ကို စတင်အသက်သွင်းနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းများ ကို စတင်ဖိအားပေးနိုင်ခဲ့သည်။
စပိန်နည်းပြ ကိုင်တွယ်လာသည့် ဟောင်ကောင်အသင်းမှာ ရာသီဥတုနှင့် အသားမကျသေး၍ ပုံစံကောင်းပြသနိုင်ခြင်း မရှိခဲ့ပေ။
အုပ်စု (G)) တွင် ခြေစစ်ပွဲအောင်ရန် အိမ်ရှင်မြန်မာအသင်းနှင့်အတူ ရေပန်းစားနေသည့် ဗီယက်နမ်အသင်းမှာ ပွဲစကတည်းက ခြေအသာဖြင့် ဖိကစားခဲ့သည်။ ပွဲအစ ခုနစ်မိနစ်မှာပင် ဗီယက်နမ်အသင်း ဦးဆောင်ဂိုးရခဲ့ရာ ပွဲကို စိတ်ကြိုက်ကစားနိုင်ခဲ့သည်။
ယင်းဂိုးကို ဟာဒူချင်က သွင်းယူခဲ့သည်။ ဗီယက်နမ်အသင်းက ယင်းနောက်ပိုင်းတွင် ပွဲကိုဆက်လက်ဖိကစားနိုင်ခဲ့ သော်လည်း ပထမပိုင်းပြီးခါနီး၌ မထင်မှတ်ဘဲ ဂိုးပြန်ပေးခဲ့ရသည်။ ဟောင်ကောင်အတွက် ချေပဂိုးကို ၄၂ မိနစ်တွင် ဟိုချင်းယန်က သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် ဗီယက်နမ်အသင်းက ဆက်လက်ဖိကစားခဲ့ပြီး ၄၇ မိနစ် တွင် ငုယင်သီလင်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း ဗီယက် နမ်အသင်းကသာ ပွဲကိုထိန်းချုပ်သွားခဲ့ပြီး ၅၉ မိနစ်တွင် ဟာဒူချင်က တတိယ ဂိုးသွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင် ဗီယက်နမ်နောက်ခံလူတစ်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး ဟောင်ကောင်အသင်း ပယ်နယ်တီကန်ခွင့်ရခဲ့သော်လည်း ဂိုးဝင်အောင်မသွင်းနိုင်ခဲ့ပေ။
ဒုတိယပွဲစဉ်တွင် တီမောအသင်းက ဘရူနိုင်းအသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယနေ့ ပွဲစဉ်များကို စက်တင်ဘာ ၃ဝ ရက်တွင် ကျင်းပ မည်ဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် ဟောင်ကောင်နှင့် တီမော၊ ညနေ ၆ နာရီခွဲတွင် မြန်မာနှင့် ဘရူနိုင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ကြည့်မြင်တိုင်ညဈေး 'ဈ' ရုံကြီး တည်ဆောက်ပြီးစီး


 

သတင်း-တင်ဝင်းလေး(ကြည့်မြင်တိုင်)

ရန်ကုန်   စက်တင်ဘာ   ၂၈

၁၉၆၉ ခုနှစ် မေလ ၁ ရက်က တည်ဆောက်ဖွင့်လှစ်ခဲ့သော ကြည့်မြင်တိုင် ဗဟိုလဟာပြင်ညဈေးကြီးမှာ ယခုအခါ နှစ်ပေါင်း ၄၆ နှစ်ကျော် ကာလ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုအတောအတွင်း မီးလောင်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ခေတ်ကာလနှင့် မလျော်ညီတော့သည့် ဈေးဟောင်းကြီးတစ်ခု ဖြစ်သည်။
ယင်းဈေးကြီးကို ဈေးသူဈေးသားများ၏ဆန္ဒနှင့်အညီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(ဈေးများဌာန)က နှစ်အလိုက် ဘတ်ဂျက်အရ အပိုင်းအလိုက် ဖျက်သိမ်း၍ အသစ်ပြန်လည်တည်ဆောက်လျက်ရှိသည်။

ပထမပိုင်းအဖြစ် ၂ဝ၁၅ ခုနှစ် ဇူလိုင်လမှစတင်ကာ ဈေးရုံ ''ဈ''ကိုဖျက်သိမ်း၍ အသစ်ပြန်လည်တည်ဆောက်ခဲ့သည်။ ဈေးရုံကြီးကိုSteel Structure  ဖြင့်အပေါ်ပိုင်း တည်ဆောက်ခဲ့ပြီး အောက်ခြေကွန်ကရစ်ကြမ်းခင်းဖြစ်သည်။ ဈေးဆိုင်ခန်းတိုင်း၏ နောက်ကျော၌ ကိုးပေအမြင့်ရှိသော မီးခံကျောက်ပြားများ ဖြင့်  ကာရံပေးထားကြောင်း  သိရသည်။        
                                                            
ပလတ်စတစ်ပစ္စည်းများ ရောင်း သည့်  ကိုသာအေးက ဈေးရုံကြီးကို ဇူလိုင်လအတွင်းက    ဖျက်ဆောက် တယ်။ အခုစက်တင်ဘာလ ၂ဝ ရက် မှာ     ကိုယ်စီဆိုင်ပြန်တက်နိုင်ပြီး ရောင်းနိုင်ခဲ့ကြတယ်။  အချိန်အား  ဖြင့်  နှစ်လကျော်ကျော်ပဲကြာတယ်။ အခြားဈေးကြီးတွေလို    နှစ်ချီပြီး မကြာခဲ့ဘူး။ ဈေးရုံကြီးပဲ သက်သက် ဆောက်တာဖြစ်ပြီး  အထပ်မြင့်တွေ မပါတဲ့အတွက်   မြန်ခဲ့တာပါ'' ဟု ပြောပြသည်။

ဈေးရုံများကိုယ်စားလှယ် ဘဏ္ဍာ ရေးမှူး ဦးအောင်ဝင်းက '' ဈေးရုံ ဖျက်သိမ်းချိန်မှာလည်း   အရောင်း အဝယ်   မပျက်ရအောင်  ဈေးကြီး ရှေ့မှာ ယာယီဆိုင်ခန်းတွေ ဆောက် လုပ်ပေးခဲ့တယ်။  အရောင်းအဝယ် မပျက်ခဲ့ကြဘူး၊   အခုကိုယ့်ဆိုင် ကိုယ့်နေရာ၊  ကိုယ့်အကျယ်အဝန်း အတိုင်း ပြန်ရကြတော့ အားလုံးအဆင် ပြေသွားကြပြီ'' ဟု  ပြောပြသည်။
''ဈ'' ရုံအတွင်း တည်ဆောက်မှု မှာ   ဆိုင်ခန်းပေါင်း  ၁၈ဝ  ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင်  ရှေ့မျက်နှာစာ အကျယ် ခုနစ်ပေခွဲ၊ အတွင်း ခုနစ်ပေ စီရှိပြီး  ဈေးရုံသစ်ကြီး  ပြန်လည် တည်ဆောက်မှုအတွက်   ဈေးသူ ဈေးသားများအနေဖြင့်    ငွေကြေး ပေးသွင်းရမှုမရှိဘဲ မိမိဆိုင်ခန်းအလှ ဆင်ပြင်ဆင်မှုအတွက်သာ ကုန်ကျမှု ရှိခဲ့သည်ဟု  ဈေးသူဈေးသားများက ဆိုကြသည်။
အလှကုန်ပစ္စည်းများ ရောင်းချသူ ဦးသာအေးက ''ဈေးကြီးက အဆင့်မြင့် သွားတာတော့  အမှန်ပဲ။ လေဝင် လေထွက်ကအစ၊  အလင်းရောင်၊ ဈေးလမ်းတွေအားလုံး    ကောင်း သွားတယ်။ အလယ်ဗဟိုလမ်းမကြီး ဆို   ၁၈  ပေကျယ်တယ်။  မီးသတ် ကားတစ်စီးကောင်းကောင်း ဝင်ထွက် နိုင်တယ်။  အရင်ဈေးဟောင်းတုန်း ကဆို မီးဘေးအလွန်စိုးရိမ်ရတယ်။ အခုတော့ စိတ်အေးသွားရပါပြီ'' ဟု ဆိုသည်။

ပါတိတ်အထည်များ    ရောင်း သော ဒေါ်မြနိုင်က ''ဈေးကြီး  မိုးလုံ၊ လေလုံနဲ့ ပိုကောင်းသွားပြီ။ အရင်က ဆို ဈေးရုံတန်းတစ်ခုနဲ့တစ်ခုအကြား မိုးရေထဲမှာ သွားကြရတာ။  အားလုံး စည်းကမ်းရှိရှိနဲ့ ထိန်းသိမ်းသွားဖို့လို တယ်။ အခုဆို မီးသတ်ကား ဈေးရုံထဲ အထိ  ဝင်နိုင်တဲ့ဈေး၊  ဘယ်မှာမှ မရှိသေးဘူး။ ဒါ ပထမဦးဆုံးလို့  ထင် တယ်၊ ဈေးလူကြီးတွေရော၊ စည်ပင် ကိုရော  အားလုံးကို  ကျေးဇူးတင်ပါ တယ်'' ဟု ဆိုသည်။
ယခုအခါ ''ဈ'' ဈေးရုံကြီး အသစ် ပြန်လည်   တည်ဆောက်ပြီးဖြစ်၍ ဒုတိယအဆင့်အနေဖြင့်  ''က''  ရုံ၊  ''ခ-ကြီး'' ရုံ၊   ''ခ-သေး'' ရုံ၊ ''ဂ''ရုံ နှင့်   ''ဈ''ရုံတို့မှ  လက်ကျန်ရုံအချို့  တည်ဆောက်ရန်   ဈေးဟောင်းကို ဖျက်သိမ်းနေပြီဖြစ်သည်။ ထိုဈေးရုံ မှ ဆိုင်ခန်းများကို  ဈေးကြီးရှေ့ရှိ ယာယီဆိုင်ခန်းများတွင် ခေတ္တနေရာ ချထားပေးပြီးဖြစ်သည်ကို     တွေ့ရ သည်။

ဈေးမှ   တာဝန်ရှိသူတစ်ဦးက  ''အခုက ၂ဝ၁၅-၂ဝ၁၆  ဘဏ္ဍာနှစ် က   ရရှိတဲ့ငွေနဲ့   တည်ဆောက် နေတာပါ၊    ဒုတိယအဆင့်   ပြီးရင် တတိယအဆင့်အနေနဲ့  တည်ဆောက် သွားမှာပါ'' ဟု ဆိုသည်။
ယခုတည်ဆောက်ပြီးသွားသော ''ဈ'' ဈေးရုံကြီးမှာ ပေါင်းမိုးသဏ္ဌာန် တစ်ထပ်ဈေးကြီးဖြစ်ပြီး    လက်ဝဲ၊ လက်ယာ၌  နှစ်ထပ်ဈေးရုံ  နှစ်ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုက်စစ်မှူး ဇက်ကို တစ်လကြာအနားယူရမည်




The Mirror Daily's photo.


အီတလီစီးရီးအေကလပ် ရိုးမားအသင်းမှ တိုက်စစ်မှူး ဇက်ကိုသည် ‘ဒူးဒဏ်ရာကြောင့် ရက်သတ္တသုံးပတ်မှ လေးပတ်အထိ အနားယူရမည်ဖြစ်ကြောင်းသိရသည်။

ဘော့စနီးယားတိုက်စစ်မှူး ဇက်ကိုသည် ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းမှ အီတလီစီးရီးအေကလပ် ရိုးမားအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရိုးမားအသင်းနှင့် ဘော့စနီးယားအသင်းတို့၏ ပွဲစဉ်များတွင် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

တိုက်စစ်မှူး ဇက်ကိုသည် ရိုးမားအသင်းယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ် ဖြစ်သည့် ဘိတ်ဘိုရီဆော့အသင်းနှင့် စီးရီးအေပွဲစဉ်ဖြစ်သည့် ပါလာမိုအသင်းတို့နှင့် ပွဲစဉ်များတွင် လွဲချော်မည်ဖြစ်သည့်အပြင် ဝေလအသင်း၊ ဆိုက်ပရပ် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ယူရို ၂ဝ၁၆ ဝင်ခွင့်ပွဲစဉ်များတွင်လည်း ဘော့စနီးယားအသင်းနှင့်အတူ ပါဝင်ပွဲထွက် လာနိုင်မည်မဟုတ်ကြောင်းသိရသည်။ သို့ရာတွင် အောက်တိုဘာ ၁၇ ရက်တွင် အမ်ပိုလီအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်တွင် ပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။
ငွေကြယ် ရေးသားသည်

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုသင်တန်းဖွင့်




The Mirror Daily's photo.


မိုင်းဖြတ် စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင်း တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ ပိုင်နိုင်စွာဖြင့် မောင်းနှင်ပြင်ဆင်နိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်၊ နံနက် ၉ နာရီ က၊ နမ့်ကုန်းကျေးရွာအုပ်စု၊ ဟောင်ဟင် ကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စက်မှုလယ် ယာဦးစီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ပြည်နယ်ဦးစီးမှူး ဦးကိုကိုလေးမှ သင်တန်းကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ယင်းနောက် မိုင်းဖြတ်မြို့နယ်စက်မှု လယ်ယာဦးစီးဌာနစက်မှုလယ်ယာစခန်း (ခွဲ) တာဝန်ခံ ဦးပေါလုက စက်ကိရိယာ များဖြင့် စက်မောင်းနှင်ထိန်းသိမ်းမှုလက်တွေ့သရုပ်ပြသခဲ့သည်။

ယင်းအခမ်းအနားသို့ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်တန်းတွင် တက်ရောက်ကြမည့် ကျေးရွာငါးရွာမှ သင်တန်းသား ၃ဝ တို့ တက်ရောက်ကြသည်။သင်တန်းကာလမှာ စက်တင်ဘာ၂၆ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။
သန်းထွန်းအေး(Iprd))

မန်စီးတီးအသင်း ချန်ပီယံလိဂ်တွင် နိုင်ပွဲရရှိလိမ့်မည်ဟု ပယ်လီဂရီနီ ဆို




The Mirror Daily's photo.


ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းသည် ဥရောပပြိုင်ပွဲများတွင် နိုင်ပွဲရရှိရန် အခက်အခဲများရှိခဲ့သော်လည်း ယခုနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်ဒုတိယပွဲစဉ်တွင် နိုင်ပွဲရရှိလိမ့်မည်ဖြစ်ကြောင်း မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ထုတ်ဖော်ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ၂ဝ၁၁-၂ဝ၁၂ ဘောလုံးရာသီနှင့် ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ပြိုင်ပွဲ၌ အုပ်စုအဆင့်ဖြင့်ပင် ချန်ပီယံလိဂ် ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရသည့်အပြင် ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ရာသီကလည်း ချန်ပီယံလိဂ်တွင် ၁၆ သင်းအဆင့်ဖြင့်ပင် ပြိုင်ပွဲမှ ထွက်ခဲ့ရသူဖြစ်သည်။

သို့ရာတွင် ဗီလာရီးယဲလ်အသင်းအား ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ရေးစွမ်းဆောင်ပေးခဲ့သည့်အပြင် မာလာဂါအသင်းကိုလည်း ကွာတား ဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ရေးစွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် မန်စီးတီးအသင်းကိုလည်း ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရှိအောင်စွမ်း ဆောင်နိုင်မည်ဖြစ်ကြောင်း မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဘာစီလိုနာအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်း၊ ဘိုင်ယန်မြူးနစ်အသင်း၊ ဂျူဗင်တပ်အသင်းတို့နှင့်သာ ယှဉ်ပြိုင်ခဲ့ရပြီး အဆိုပါ အသင်းများမှာ လွန်ခဲ့သည့် ၁ဝ နှစ်တာကာလအတွင်းကတည်းက ချန်ပီယံလိဂ် တွင် အောင်မြင်မှုရရှိထားခဲ့သည့်အသင်းများဖြစ်ကြောင်းလည်း မန်စီးတီး အသင်းနည်းပြပယ်လီဂရီနီက ဆိုသည်။

သို့ရာတွင် မန်စီးတီးအသင်းသည် လွန်ခဲ့သည့်နှစ်များအတွင်းကတည်းက နှစ်တိုင်းလိုလိုပင် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည့်အသင်းတစ်သင်း ဖြစ်သည်နှင့်အညီ ယခုနှစ်တွင်လည်း အုပ်စုအဆင့်ပထမပွဲစဉ်၌ ရှုံးပွဲကြုံ တွေ့ခဲ့သော်လည်း ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရှိမည့်အသင်းအဖြစ် ယုံကြည်ထားကြောင်း ပယ်လီဂရီနီက ပြောကြားခဲ့သည်။မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်အုပ်စုအဆင့် ပထမအကျော့ပွဲစဉ်တွင် ဂျူဗင်တပ်အသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ငွေကြယ် ရေးသားသည်