Wednesday, September 30, 2015

မြန်မာ-ရုရှား ယဉ်ကျေးမှုနှင့်အနုပညာနယ်ပယ်ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုး




Myanmaalinn's photo.

နေပြည်တော် စက်တင်ဘာ ၂၉

ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနတို့အကြား ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကို ယဉ်ကျေးမှုဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ရုရှားယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စား ဒုတိယဝန်ကြီး Madam. A Yu Manilova တို့က စက်တင်ဘာ ၂၂ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ လက်မှတ်ရေးထိုးကြသည်။
အဆိုပါ သဘောတူစာချုပ်တွင် မြန်မာနှင့် ရုရှား နှစ်နိုင်ငံတို့အကြား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အတွေ့အကြုံနှင့် သတင်းအချက်အလက်အပြန်အလှန် ပူးပေါင်းဖလှယ်ဆောင်ရွက်ရန်၊ ဆပ်ကပ်ပွဲ၊ ဂီတ၊ သဘင် အပါအဝင် တစ်ကိုယ်တော်ဖျော်ဖြေပွဲများနှင့် အဖွဲ့လိုက် ဖျော်ဖြေပွဲများ အပြန်အလှန်တင်ဆက်ခြင်းကို အားပေး ရန်၊ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာနှင့် ရိုးရာအနုပညာ ဆိုင်ရာ နိုင်ငံတကာအနုပညာပွဲတော်များတွင် နှစ်နိုင်ငံ အနုပညာရှင်များပါဝင်ရေးကို တိုးမြှင့်ဆောင်ရွက်ရန်၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာအဆောက်အအုံများ ပြင်ဆင်မွမ်းမံထိန်းသိမ်းရေး အဖွဲ့အစည်းများအကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ ပေးရန်၊ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်၊ သဘင်ဆိုင်ရာ အနုသုခုမ နယ်ပယ်၊ သမိုင်းဝင်အဆောက်အအုံများ ပြင်ဆင်မွမ်းမံ ထိန်းသိမ်းခြင်းဆိုင်ရာနယ်ပယ်၊ ပြတိုက်နှင့် စာကြည့် တိုက်ဆိုင်ရာနယ်ပယ်များမှ ပညာရှင်အဖွဲ့များ အပြန် အလှန် စေလွတ်ရန်၊ ယဉ်ကျေးမှုနယ်ပယ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန်နှင့် ကိုယ်စားလှယ်အဖွဲ့များ အပြန် အလှန်စေလွှတ်ရန် စသည့်အချက်များ ပါဝင်သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံရှိ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်များသို့ ခေါ်ယူဖိတ်ကြားပြီး ရုပ်ရှင်၊ ဂီတ နှင့် ဘဲလေးအကဘာသာရပ်များ သင်တန်းပေးရန်၊ မြန်မာ တို့၏ ထင်ရှားကျော်ကြားလှသည့် ရုပ်သေးသဘင် ဖျော်ဖြေတင်ဆက်မှုကို ပူးပေါင်းဖြန့်ဝေပေးရန်၊ မြန်မာ့ ရိုးရာ ဆိုင်းဝိုင်းကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Symphony Orchestra တို့ ပူးပေါင်းတီထွင်ဖျော်ဖြေတင်ဆက်ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ပိုမို ဆွဲဆောင်မှုရှိအောင် ဆောင်ရွက်ရန်၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအနေဖြင့် သွားလာမြင်တွေ့နေကျ နေရာ ဒေသနှင့် ကွဲလွဲသည့် မိမိတို့နှစ်နိုင်ငံ၏ မတူကွဲပြားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာဒေသများသို့ ကူးပြောင်း လည်ပတ် လေ့လာနိုင်အောင်ဆောင်ရွက်ရန်တို့ကို အမြင် ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရုရှားနိုင်ငံ စိန့်ပီတာ စပတ်မြို့၌ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် ပထမအကြိမ် Eurasian Women’s Forum သို့ တက်ရောက်သည်။ ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် နေရာဒေသ ၂၅ ခုရှိရာ မော်စကိုမြို့ ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာဒေသများ၊ စိန့်ပီတာစပတ်မြို့ရှိ သမိုင်းဝင်နေရာဒေသများနှင့် ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာဒေသများကို Living Monuments အဖြစ် ထိန်းသိမ်းထားရှိမှုနှင့် စီမံခန့်ခွဲမှုကိုလည်းကောင်း၊ ပြတိုက်များ၏ စီမံခန့်ခွဲမှုကို လည်းကောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွဲဆောင်မှုရှိအောင် ခေတ်မီ အိုင်တီနည်းပညာ ဖြင့် စနစ်တကျဖန်တီးပြသမှုကိုလည်းကောင်း လေ့လာခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment