Wednesday, September 30, 2015

ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ အတွက် တပ်ဖွဲ့ဝင် ၈၀၀ တရုတ်ပါဝင်မည်





ကုလသမဂ္ဂ စက်တင်ဘာ ၂၉
တရုတ်နိုင်ငံသည် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းအတွက် တပ်ဖွဲ့ဝင် ၈ဝဝဝ အထိ ပါဝင်ပေးမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် စက်တင်ဘာ ၂၈ ရက်က ပြောကြားသည်။
အာရှ-ပစိဖိတ်ဒေသ၌ ပင်လယ်ရေကြောင်းပိုင်နက် နယ်မြေဆိုင်ရာ အငြင်းပွားမှုများ တိုးမြင့်ဖြစ်ပေါ်လာပြီး တရုတ်နိုင်ငံ စစ်အင်အားကြီးထွားလာမှုအတွက် ဒေသ တွင်းရှိ နိုင်ငံအချို့က စိုးရိမ်ပူပန်မှုများ မြင့်မားလာချိန် အတွင်း ယင်းနိုင်ငံက ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအတွက် တပ်ဖွဲ့ဝင်များ ပံ့ပိုးပေးရန် ကတိပြုခြင်း ဖြစ်သည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းအတွက် အမေရိကန်ကရော တရုတ်နိုင်ငံကပါ ပိုမိုကြိုးပမ်းဆောင် ရွက်သွားရန် သမ္မတ အိုဘားမားနှင့် သမ္မတ ရှီကျင့်ဖျင်တို့ စက်တင်ဘာ ၂၅ ရက်က ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြရာတွင် သဘောတူညီခဲ့ကြသည်။
သမ္မတ အိုဘားမားသည် စက်တင်ဘာ ၂၈ ရက်က ကုလသမဂ္ဂထိပ်သီးဆွေးနွေးပွဲတစ်ရပ်တွင် သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းဆွေးနွေးပွဲ၌ ကမ္ဘာ့နိုင်ငံ ပေါင်း ၅ဝ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအတွက် စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင် ၄ဝဝဝဝ ခန့်၊ ကုလသမဂ္ဂ တပ်ဖွဲ့အတွက် လက်နက်ကိရိယာများနှင့် သင်တန်းများ ပါဝင်ကူညီပေးရန် ကတိကဝတ်ပြုခဲ့ကြသည်။
ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်း၏ စွမ်းဆောင်မှုအရအသင့်ရှိရေး အစီအစဉ်သစ်တွင် တရုတ် နိုင်ငံပါဝင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းဆိုင်ရာ အမြဲတမ်းရဲတပ်ဖွဲ့ကို ထူထောင်ရန် လည်းကောင်း၊ တပ်ဖွဲ့ဝင် ၈ဝဝဝ ပါဝင်မည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းဆိုင်ရာ အရန်တပ်ဖွဲ့ကို ထူထောင်ရန် လည်းကောင်း တရုတ်နိုင်ငံက ဆုံးဖြတ်ကြောင်း သမ္မတ ရှီက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment