Wednesday, September 30, 2015

နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံအဆောက်အအုံသစ်တွင် ခေတ်မီကုသရေးပစ္စည်းကိရိယာများ တပ်ဆင်ထား




Myanmaalinn's photo.

နေပြည်တော် စက်တင်ဘာ ၂၉

ကျန်းမာရေးဝန်ကြီးဌာန ကုသ ရေးဦးစီးဌာန နေပြည်တော် ခုတင် ၁ဝဝဝ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၏ Modular Theatre အဆောက်အအုံသစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ အဆောက်အအုံသစ်ရှေ့ မျက်နှာစာ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ နေပြည်တော် ကောင်စီဝင် ကျန်းမာရေးတာဝန်ခံ ဒေါက်တာပိုင်စိုး၊ ကျန်းမာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
Modular Theatre အဆောက် အအုံသစ်တွင် နိုင်ငံတကာအဆင့်မီ ခွဲစိတ်ခန်းငါးခန်းနှင့် အထူးကြပ်မတ် ကုသဆောင်တို့ ပါဝင်ဖွဲ့စည်းထားပြီး ခေတ်မီကုသရေး ပစ္စည်းကိရိယာများ ပြည့်စုံစွာတပ်ဆင်ထားရှိသည်။ ခွဲစိတ် ခန်းသုံးသန့်စင်သော လေအေး ပေးစက်စနစ်၊ Central Gas Line System ၊ CCTV လုံခြုံရေးစနစ်၊ Fire Safety System များ ပါဝင် တည်ဆောက်ထားသော နိုင်ငံတကာ အဆင့်မီ Modular Theatre အဆောက်အအုံတစ်ခုဖြစ်သည်။
အကျယ် ပေ ၁၅ဝ၊ အနံ ၁၂၄ ပေ၊ အမြင့် ၁၄ ပေရှိ သံကူကွန်ကရစ် အဆောက်အအုံဖြစ်ပြီး အဆိုပါ အဆောက်အအုံသစ်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ် ခဲ့ရာ ၂ဝ၁၅ ခုနှစ် မတ်လတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ယခုနှစ် သြဂုတ် ၁၄ ရက်က Modular Theatre ၌ Endoscopy ကြည့်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ ခွဲစိတ်ကုသမှုလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိသည်။ Modular Theatre အဆောက်အအုံသစ်ကို နိုင်ငံတော်မှငွေကျပ် သိန်းပေါင်း ၂၂၆၁ဝ ဒသမ ၆၃ သိန်း အကုန် အကျခံကာ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment