Wednesday, September 30, 2015

အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ ကန်ဒုဇ်မြို့ကို အစိုးရတပ်ဖွဲ့ ပြန်လည်သိမ်းယူနိုင်ရန် ကြိုးပမ်း




ကဘူး စက်တင်ဘာ ၂၉
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း၏ အဓိကကျသော မြို့ကြီးတစ်မြို့ကို ပြန်လည်သိမ်းယူနိုင်ရန် အာဖဂန် တပ်ဖွဲ့များက အမေရိကန်၏ လေကြောင်းပစ်ကူပေးမှုဖြင့် တာလီဘန်စစ်သွေးကြွများကို တိုက်ခိုက်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၂၉ ရက် တွင် သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် ၁၄ နှစ်က တာလီဘန်အစိုးရအဖွဲ့ ဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်နယ်မြို့တော်ဖြစ်သော ကန်ဒုဇ်မြို့သည် တာလီဘန် သောင်းကျန်းသူများ၏ လက်အောက်သို့ ကျရောက်ခဲ့ရ သည်။ ပြည်နယ်မြို့ကြီးတစ်မြို့ တာလီဘန်လက်အောက်သို့ ကျရောက်ခဲ့ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ကန်ဒုဇ်မြို့ကို တာလီဘန်အဖွဲ့က သိမ်းပိုက်နိုင်ခြင်း သည် သမ္မတ အာရှတ်ဂါနီ၏ အစိုးရအဖွဲ့အတွက် ဆုတ်ယုတ်မှုတစ်ရပ်ဖြစ်သည်။ ဂါနီ၏ အစိုးရအဖွဲ့ အာဏာရရှိမှုမှာ စက်တင်ဘာ ၂၉ ရက်တွင် တစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ကန်ဒုဇ်မြို့ကို ပြန်လည်သိမ်းယူနိုင်ရန် အစိုးရတပ်ဖွဲ့က ကြိုးပမ်းလျက်ရှိကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားသည်။
ကန်ဒုဇ်မြို့၌ အစိုးရတပ်ဖွဲ့က စစ်ဆင်ရေးစတင်လျက် ရှိကြောင်း အာဖဂန်စစ်ဘက်ဆိုင်ရာ ကြေညာချက်တစ်ရပ် တွင် ဖော်ပြသည်။
ကန်ဒုဇ်မြို့၏ ဆင်ခြေဖုံးဒေသရှိ တာလီဘန်စခန်း များကို အမေရိကန် စစ်လေယာဉ်များက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေတိုးတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment