Wednesday, September 30, 2015

သက်ကြီးရွယ်အိုစောင့်ရှောက်




အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနေ့သို့ ရောက်ရှိတော့မည်ဖြစ်သည်။ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံအသီးသီးက အောက်တိုဘာလ ၁ ရက်နေ့ကို နိုင်ငံတကာနေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ အထိမ်းအမှတ် နေ့တစ်နေ့အဖြစ် သတ်မှတ်ပေးထားခြင်းသည် ကောင်းမွန်ပါသည်။ သို့သော် မြန်မာတို့အနေဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းမှာ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာဖြစ်၍ နေ့စဉ်နေ့တိုင်း စောင့်ရှောက်လေ့ရှိကြသည်။
မြန်မာတို့၏ အစဉ်အလာတွင် ''အသွားသာရှိ၍ အပြန်မရှိ'' ဟု ဆိုတတ်ကြသည်။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ သားသမီးများအား ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လူလားမြောက်သည်အထိ ''ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ''ဟူသော မင်္ဂလာတရားတော် နှင့်အညီ စောင့်ရှောက်ခဲ့ကြသည်။ ထိုသို့စောင့်ရှောက်ခဲ့ကြသော်လည်း သားသမီးများထံမှ မည်သည့်အရာမျှ မျှော်လင့်ထားခြင်း မရှိကြချေ။ ထို့ကြောင့် အသွားသာရှိ၍ အပြန်မရှိဟုဆိုကာ သားသမီးများအား ဆိုတတ်ကြခြင်းဖြစ်သည်။
သို့သော် သက်ကြီးရွယ်အိုဘဝရောက်လာချိန်တွင် ''မြင်းမိုရ်တောင်ဦး မကကျူးသား ကျေးဇူးအရှင် မွေးမိခင်နှင့် ဖခင်တို့အား ပြန်လည်ကျွေးမွေး စောင့်ရှောက်ရန်မှာ သားသမီးတို့၏ တာဝန်ဖြစ်သည်။ ယင်းသို့ မြန်မာမှု နယ်ပယ်တွင် သတ်မှတ်ထားသည့်အတိုင်း တစ်ဖန်ပြန်လည် စောင့်ရှောက်ကြ ရမည်သာဖြစ်သည်။ မိဘကျေးဇူးဆပ်ဖူးမှသာ သားကောင်းသမီးမွန်ဖြစ်လာ မည်မှာ ဧကန်အမှန်ဖြစ်သည်။
ထိုအစဉ်အလာကောင်းများမှာ ခေတ်ကာလရွေ့လျောလာသည်နှင့်အမျှ တစ်စတစ်စပါးလျားလာသည်။ အသွားသာရှိ၍ အပြန်မရှိဖြစ်လာခဲ့သည်။ ကျေးဇူးဆပ်ရန် မေ့လျော့လာကြသည်။ ကျေးဇူးမဆပ်လျှင်သော်မှ ကျေးဇူးမကန်းမိဖို့ အထူးအရေးကြီးလာသည်။ သားသမီးဝတ္တရားများ ပျက်ယွင်းလာကြသည်။ အိုစာ၊ နာစာမရရှိခဲ့လျှင် မတွေးဝံ့စရာဖြစ်လာသည်။ ထိုသက်ကြီးရွယ်အို မိဘများဘဝမှာ ''ရေနည်းငါးပမာ'' အားကိုးရာမရှိ၊ ရပ်တည်ရာမဲ့ ဖြစ်လာသည်။ ထို့ကြောင့် အားကိုးရာမဲ့ သက်ကြီးရွယ်အိုဘဝများကို ဝိုင်းဝန်းစောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်လာကြခြင်းဖြစ်သည်။
သက်ကြီးရွယ်အိုဟူသည်မှာ တစ်ချိန်သောကာလ ၄င်း၏ဘဝ စွမ်းဆောင် နိုင်သောအချိန်က မိသားစုတာဝန်၊ ရပ်ရွာတာဝန်၊ အလုပ်တာဝန်၊ နိုင်ငံ့တာဝန် များကို အနည်းနှင့်အများ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။ အချို့မှာ မိမိကိုယ်ကျိုးကိုပင် မငဲ့ကွက်ဘဲ အများအကျိုးအတွက် ပင်ပန်းဆင်းရဲခံကာ ပေးဆပ်ခဲ့ကြသူများဖြစ်သည်။ အသက်အရွယ်ကြီးရင့်၍ လုပ်ကိုင်နိုင်စွမ်း မရှိသောအချိန်တွင် ၄င်းတို့၏စွမ်းဆောင်ခဲ့ကြသည်များကို ပြန်လည်အမှတ် ရကြရမည်ဖြစ်သည်။ ၄င်းတို့၏ ပေးဆပ်မှုအတွက် ထိုက်တန်စွာပြန်လည် ပေးဆပ်တုံ့ပြန်ကြရမည်ဖြစ်သည်။
ယခု အိုသောအခါ အပယ်ခံဘဝသို့ ရောက်ကြရသည်။ အသုံး မဝင်လူပိုအဖြစ် ပစ်ပယ်ခံကြရသည်။ ကမ္ဘာလုံးဆိုင်ရာ အသက်အရွယ် ကြီးရင့်မှုအဖွဲ့အစည်းမှ ထုတ်ပြန်လိုက်သောစစ်တမ်းအရ အာရှနိုင်ငံများတွင် သက်ကြီးရွယ်အိုများအား မိသားစုထောက်ပံ့မှုလျော့နည်းလာကြောင်း မကြာသေးမီက သိရှိလိုက်ရသည်။ အမှန်တွင် အာရှနိုင်ငံများမှာ ယဉ်ကျေးမှု အစဉ်အလာကြီးမားသော နိုင်ငံများဖြစ်ပြီး မြန်မာတို့၏မင်္ဂလာတရားတော် ကဲ့သို့ ပြုမူနေထိုင်ကြသော နိုင်ငံများဖြစ်သည်။ အာရှနိုင်ငံများ၏ သက်ကြီး ရွယ်အိုများကို မိသားစုထောက်ပံ့သည့် ရိုးရာအစဉ်အလာ ပျက်ယွင်းလာ သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသည် အာရှနိုင်ငံများတွင်အပါအဝင်ဖြစ်သော်လည်း အဆိုပါနိုင်ငံများလောက် အခြေအနေ ဆိုးခြင်းမရှိချေ။ ယဉ်ကျေးမှုအစဉ် အလာအခြေခံများ ခိုင်မာခဲ့ခြင်း၏ အကျိုးရလဒ်ကြောင့်ဟု ဆိုရမည်ဖြစ် သည်။ ပေးကမ်းထောက်ပံ့ခြင်းသည် စီးပွားရေးအခြေခံအင်အား ခိုင်မာ တောင့်တင်းခြင်းနှင့် သက်ဆိုင်ပါသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံဖြစ်ပြီး လူတစ်ဦးချင်းဝင်ငွေမှာလည်း ယခင်ကထက်မြင့်မားလာသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် အားနည်းဖွယ်မရှိချေ။
သို့ဖြစ်ရာ ကျေးဇူးတရားကြီးမားသော သက်ကြီးရွယ်အိုများအား မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများနှင့်အညီ လက်ကမ်း ကူညီထောက်ပံ့စောင့်ရှောက်သွားကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment