Tuesday, September 29, 2015

နာမ်မည်ကြီး ဗီယက်နမ်အသင်း ပွဲဦးထွက် သုံးမှတ်အပြည့်ရယူ





သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် စက်တင်ဘာ ၂၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (G) ပထမနေ့ ပွဲစဉ်များကို ယနေ့ ညနေပိုင်းက သုဝဏ္ဏ ကွင်း၌ကျင်းပရာ ဗီယက်နမ်အသင်းက ဟောင်ကောင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
နာမည်ကြီး ဗီယက်နမ်အသင်း၏ ပွဲဦးထွက်ပွဲစဉ်မှာ အမှားအယွင်း မရှိဘဲ သုံးမှတ်အပြည့် ရယူနိုင်ခဲ့သည်။ ဟောင်ကောင်အသင်းမှာ ဗီယက်နမ်အသင်းကို ယှဉ်ပြိုင်ကစားနိုင်ခြင်း မရှိသောကြောင့် ဗီယက်နမ် အသင်းက ပွဲချိန်ပြည့်ခြေအသာဖြင့် ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းမှာ မြန်မာအသင်းပြီးလျှင် အဓိကပြိုင်ဘက်ဖြစ်သည့် ဟောင်ကောင်အသင်းကို အနိုင်ကစားနိုင်ခဲ့သောကြောင့် ခြေစစ်ပွဲအောင် မြင်ရေး မျှော်လင့်ချက်ကို စတင်အသက်သွင်းနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းများ ကို စတင်ဖိအားပေးနိုင်ခဲ့သည်။
စပိန်နည်းပြ ကိုင်တွယ်လာသည့် ဟောင်ကောင်အသင်းမှာ ရာသီဥတုနှင့် အသားမကျသေး၍ ပုံစံကောင်းပြသနိုင်ခြင်း မရှိခဲ့ပေ။
အုပ်စု (G)) တွင် ခြေစစ်ပွဲအောင်ရန် အိမ်ရှင်မြန်မာအသင်းနှင့်အတူ ရေပန်းစားနေသည့် ဗီယက်နမ်အသင်းမှာ ပွဲစကတည်းက ခြေအသာဖြင့် ဖိကစားခဲ့သည်။ ပွဲအစ ခုနစ်မိနစ်မှာပင် ဗီယက်နမ်အသင်း ဦးဆောင်ဂိုးရခဲ့ရာ ပွဲကို စိတ်ကြိုက်ကစားနိုင်ခဲ့သည်။
ယင်းဂိုးကို ဟာဒူချင်က သွင်းယူခဲ့သည်။ ဗီယက်နမ်အသင်းက ယင်းနောက်ပိုင်းတွင် ပွဲကိုဆက်လက်ဖိကစားနိုင်ခဲ့ သော်လည်း ပထမပိုင်းပြီးခါနီး၌ မထင်မှတ်ဘဲ ဂိုးပြန်ပေးခဲ့ရသည်။ ဟောင်ကောင်အတွက် ချေပဂိုးကို ၄၂ မိနစ်တွင် ဟိုချင်းယန်က သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် ဗီယက်နမ်အသင်းက ဆက်လက်ဖိကစားခဲ့ပြီး ၄၇ မိနစ် တွင် ငုယင်သီလင်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း ဗီယက် နမ်အသင်းကသာ ပွဲကိုထိန်းချုပ်သွားခဲ့ပြီး ၅၉ မိနစ်တွင် ဟာဒူချင်က တတိယ ဂိုးသွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင် ဗီယက်နမ်နောက်ခံလူတစ်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး ဟောင်ကောင်အသင်း ပယ်နယ်တီကန်ခွင့်ရခဲ့သော်လည်း ဂိုးဝင်အောင်မသွင်းနိုင်ခဲ့ပေ။
ဒုတိယပွဲစဉ်တွင် တီမောအသင်းက ဘရူနိုင်းအသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယနေ့ ပွဲစဉ်များကို စက်တင်ဘာ ၃ဝ ရက်တွင် ကျင်းပ မည်ဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် ဟောင်ကောင်နှင့် တီမော၊ ညနေ ၆ နာရီခွဲတွင် မြန်မာနှင့် ဘရူနိုင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

No comments:

Post a Comment