Tuesday, July 31, 2018

ရေပြန်လည်ကျဆင်းနေပြီဖြစ်၍ သထုံ-ဘီးလင်း လမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့်ပြု

Image may contain: beach, sky, outdoor, nature and water
ဘီးလင်း ဇူလိုင် ၃ဝ
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မြို့နယ်အချို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး ဘီးလင်းမြို့နယ်နှင့် ကျိုက်ထို မြို့နယ်များအတွင်းရှိ အချို့နေရာများတွင် လမ်း ရေကျော်မှုများ ဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းမှ စတင်၍ အဝေးပြေးလမ်းမကြီးပေါ်၌ ရေပြန်လည် ကျဆင်းနေပြီဖြစ်သောကြောင့် သထုံ - ဘီးလင်း လမ်းပိုင်းရှိ ယာဉ်များအား ယနေ့ညနေပိုင်းက ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီဖြစ်သည်။
ရန်ကုန်-မော်လမြိုင် လမ်းပိုင်းပေါ်ရှိ ယာဉ်များ ဖြတ်သန်းသွားလာသည့် လမ်းပိုင်းတစ်လျှောက်တွင် လမ်းပိုင်းကြီးကြပ်ကွပ်ကဲရေးများ၊ ကယ်ဆယ်ရေး အဖွဲ့များ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ က စောင့်ကြည့်ပေးလျက်ရှိကြောင်း သိရသည်။
''ကျွန်မက မော်လမြိုင်မြို့မှာ စားသုံးဆီဖြန့်ဖြူး နေတာပါ၊ ဘီးလင်းဘက်ခြမ်းမှာ ဆီကားပိတ် နေလို့ လာလို့မရတာ ကြာပါပြီ၊ ဒီညနေတော့ ဘီးလင်းဘက်ခြမ်းမှာ ရေကျနေပြီဖြစ်လို့ တာဝန် ရှိသူတွေက ယာဉ်တန်းကို လွှတ်ပေးလိုက်ပါပြီ၊ မနက်ဖြန်ကစပြီး မော်လမြိုင်မြို့မှာ စားသုံးဆီ ပြန်ဖြန့်ဖြူးလို့ရပြီဆိုတော့ အလွန်ဝမ်းသာရပါတယ်၊ ဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိသူတွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်''ဟု မော်လမြိုင်မြို့ ဖက်တန်းရပ်တွင် ဆီရောင်း ချနေသော ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လမ်းဦးစီးဌာနကလည်း ရန်ကုန်- မော်လမြိုင် ဘီးလင်းလမ်းပိုင်းအခြေအနေကို အချိန်နှင့်တစ်ပြေးညီစစ်ဆေး ဆောင်ရွက်ခဲ့ပြီး လမ်းတံတားကြံ့ခိုင်မှုစစ်ဆေးခြင်းများ၊ ဖယ်ရှားရှင်းလင်းခြင်း များကို ယနေ့နံနက်ပိုင်းမှစတင်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်မှစတင်၍ ဘုရားကြီး-မော်လမြိုင်-ထားဝယ်-ကော့သောင်းအဝေးပြေးလမ်းမကြီးကို ယာယီပိတ်ထားခဲ့ရပြီး လမ်းပန်း ဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့ရသောကြောင့် မွန်ပြည်နယ်အတွင်း စားနပ် ရိက္ခာနှင့် စက်သုံးဆီများ လုံလောက်မှုရှိစေရေးကို စီစဉ်ဆောင်ရွက်ထားရှိခဲ့ ကြောင်း၊ လက်ရှိအခြေအနေတွင် အဝေးပြေးလမ်းမကြီးပေါ်၌ ရေပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် ထားဝယ်-မော်လမြိုင်-ရန်ကုန်အဝေးပြေး လမ်းမကြီး ရေကျော်မှုဖြစ်ပွားသည့် နေရာများကို လမ်းတံတားပညာရှင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ စုဖွဲ့ပြီး လမ်းကြံ့ခိုင်မှုအခြေအနေ၊ တံတားကြံ့ခိုင်မှု အခြေအနေများနှင့် ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာ နိုင်မှုအခြေအနေများကို အန္တရာယ် ရှိ၊ မရှိစစ်ဆေးခဲ့ကာ ဘေးအန္တရာယ် ကင်းရှင်းနေပြီဖြစ်၍ တာဝန်ရှိသူများက ယာဉ်များကို ဖြတ်သန်းသွားလာခွင့်ပြု ခဲ့ကြောင်း သိရသည်။
ပွင့်သစ္စာ

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် ဆွေးနွေး

No automatic alt text available.
နေပြည်တော် ဇူလိုင် ၃ဝ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်း အဝေး တတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်း နှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် ကျေးရွာများဖြစ်သည့် ဆန်းသစ်ပြင်ကျေးရွာ၊ သင်္ဘောကွေ့ကျေးရွာ၊ သုံးခွ (ခ) ကွင်းကြီး (ရခိုင်) ကျေးရွာ များကို ပြည်ထဲရေးဝန်ကြီးဌာန၏ ကျေးရွာအမည်စာရင်း တွင် ထည့်သွင်းပေးနိုင်ရေးနှင့် လက်ရှိကျေးရွာများ၏မြေများအား ရွာမြေအဖြစ် သတ်မှတ်ပေးရေး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ကျောက်တော်မြို့နယ် ဆန်းသစ်ပြင်ကျေးရွာနှင့် ကွင်းကြီး (ရခိုင်)ကျေးရွာတို့သည် ပြည်ထဲရေးအမည်ပေါက် ကျေးရွာများဖြစ်ပါကြောင်း၊ သင်္ဘောကွေ့ကျေးရွာသည် မြို့သစ်ရပ်ကွက် ဧရိယာအတွင်း ပါဝင်ပြီးဖြစ်သဖြင့် ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ်သတ်မှတ်ပေးရန် မလိုအပ်ပါကြောင်း၊ ယင်းကျေးရွာသည် စားကျက်မြေဧရိယာအတွင်း တည်ရှိနေသဖြင့် စားကျက်မြေ ပယ်ဖျက်ခွင့်ရရှိရေးအတွက် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းနှင့် ကွင်းကြီး(ရခိုင်)ကျေးရွာသည် မြေလွတ်မြေရိုင်း ဖြစ်သည့်အတွက် အခြားနည်းအသုံးပြုခွင့်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းနှင့် ရွာသစ်ကြီးနယ်မြေ ရဲစခန်းများအတွက် လိုအပ်လျက်ရှိသည့် ရုံး၊ လူနေအဆောက်အအုံနှင့် ရဲအချုပ် ခန်းများ အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မင်းကွန်းနယ်မြေရဲစခန်းတွင် စခန်းရုံး (အချုပ်ပါ)၁ ထပ် သံကူကွန်ကရစ် ၁ လုံးနှင့် ၆ ခန်းတွဲ ၄ ထပ် သံကူကွန်ကရစ် ၁ လုံးတို့အားလည်းကောင်း၊ ရွာသစ်ကြီးနယ်မြေရဲစခန်းတွင် စခန်းရုံး(အချုပ်ပါ) ၁ ထပ် သံကူကွန်ကရစ် ၁ လုံးနှင့် ၆ ခန်းတွဲ ၄ ထပ် သံကူကွန်ကရစ် ၁ လုံး တို့အား ဆောက်လုပ်ပေးနိုင်ရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)အသုံးစရိတ်တွင် တင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးကျော်သန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်က ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် ဆိုသည့်ခေါင်းစဉ်မှ တက္ကသိုလ်ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့၏ အရည်အချင်းသတ်မှတ်ချက်များတွင် မူလအဆိုပြု ပြဋ္ဌာန်းချက်တွင် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရမည်ဟူ၍သာ ပါရှိပါကြောင်း၊ ပြင်ဆင်ဖြည့်စွက်လိုသည်မှာ ပါဠိဘာသာနှင့် အင်္ဂလိပ်ဘာသာ အပြန်အလှန်ကျွမ်းကျင်ရမည်ဟူ၍ ဖြစ်ပါကြောင်း။
တက္ကသိုလ်ဒုတိယပါမောက္ခချုပ်(စီမံ)၏ အရည်အချင်းသတ်မှတ်ချက် များကို ဆက်လက်ဆွေးနွေးလိုပါကြောင်း၊ စီမံနှင့်ပတ်သက်၍ သတ်မှတ်ချက်မှာ နည်းပါးနေပါကြောင်း၊ မိမိလိုချင်သည့်သူကို ထည့်သွင်းရန်အတွက် အရည် အချင်းများ လျှော့ပေါ့ထည့်ထားသည်ဟု မြင်မိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များသည် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့ကို ဥပဒေ ဖြင့်သာ ထိန်းကျောင်းရမည် ဖြစ်ပါကြောင်း၊ မိမိလိုရာမိမိဆွဲသည့် ဂုဏ်သတ္တိ နည်းနည်းဖြင့် စီမံခန့်ခွဲသည့် ဒုတိယပါမောက္ခချုပ်အဆင့်ကို ထားမည်ဆိုပါက တက္ကသိုလ်၏ဂုဏ်သည် ကျဆင်းနိုင်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ် များသည် ယခုကဲ့သို့ အားနည်းနေသည့် ဥပဒေများကို ပြတ်ပြတ်သားသားပြင်ဆင် ရမည့် တာဝန်ရှိသည့်အတွက် ယင်းအချက်ကို တင်ပြရခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်က မူလ အဆိုပြု ပြဋ္ဌာန်းချက်ဖြစ်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကောင်စီဝင်သည် ကောင်စီက သတ်မှတ်သည့်ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပြည်သူ့လွှတ်တော်အနေဖြင့် မူလအဆိုပြုပြဋ္ဌာန်းချက်အတိုင်း အတည်ပြုထား သည်ကို တွေ့ရှိရပါကြောင်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်တွင် ရဟန်းတော်များနှင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သောကောင်စီ သည် ကောင်စီကသတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်ဟု မူလအဆိုပြု ပြဋ္ဌာန်းချက်၏ရှေ့ဆုံးတွင် ရဟန်းတော်များဟု ထည့်သွင်းပြင်ဆင်ထားသည်ကို တွေ့ရှိရပါကြောင်း။
မိမိအနေဖြင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ရဟန်းတော် များဟု သုံးနှုန်းပြင်ဆင်ထားသည့်အပေါ်တွင် ရဟန်းတော်ဆိုသည်မှာ တစ်ပါး သို့မဟုတ် အနည်းကိုသာ ကိုယ်စားပြု ရည်ညွှန်းအသုံးပြုပြီး အစုအဖွဲ့ အဖွဲ့ အစည်းကို ကိုယ်စားပြုသုံးနှုန်းသည်ကို မတွေ့ရှိရသည့်အတွက် ရဟန်းတော်ဆို သည့်နေရာတွင် သံဃာတော်ဆိုသည်ကသာ အစုအဖွဲ့အများကို ကိုယ်စားပြု ရည်ညွှန်းအသုံးပြုသည့်အတွက် လည်းကောင်း၊ ယခုဖွဲ့စည်းသည့် ကောင်စီတွင် ပါဝင်သည့် နာယကများဖြစ်ကြသည့် ပါမောက္ခချုပ်ဆရာတော်၊ ဒုတိယပါမောက္ခ ချုပ်ဆရာတော်(သင်ကြား)၊ အတွင်းရေးမှူးဖြစ်သည့် ဒုတိယပါမောက္ခချုပ် ဆရာတော်(စီမံ)နှင့် အဖွဲ့ဝင်ဆရာတော်များ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည့် အတွက် အဆိုပါအဖွဲ့သည် အဖွဲ့အစည်းတစ်ရပ်၊ အစုအဖွဲ့တစ်ရပ် ဖြစ်သွား သည့်အတွက် ရဟန်းတော်များဟု သုံးနှုန်းထားသည်ထက် သံဃာတော်များဟု သုံးနှုန်းသည်က ပိုမိုသင့်လျော်သည်ဟု ယူဆမိသည့်အတွက် သံဃာတော်များဟု သုံးနှုန်းပြင်ဆင်လိုပါကြောင်း ဆွေးနွေးသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို သြဂုတ် ၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်(သတင်းစဉ်)

ကန့်ဘလူမြို့နယ်ရှိ မဟာဂါဆည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

Image may contain: outdoor and nature
ကန့်ဘလူ ဇူလိုင် ၃ဝ
ကန့်ဘလူမြို့နယ်ရှိ မဟာဂါဆည်ကိုပြန်လည် ပြုပြင် ခြင်းလုပ်ငန်းများအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး၏ ခွင့်ပြုရန်ပုံငွေကျပ် ၈၆ သန်းဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဟာဂါဆည်သည် အလျား ပေ ၈ဝဝ၊ တာ အောက်ခြေ ပေ ၆ဝ၊ အမြင့် ၁၅ ပေရှိ၍ သပ်ကျင်း တူးဖော်ခြင်းလုပ်ငန်း၊ တမံမြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အလျား ၈၅ ပေ၊ အနံ ၂၄ ပေရှိ ရေပိုလွှဲတစ်ခု ထည့်သွင်းတည်ဆောက် ပေးသွားမည်ဖြစ်ပြီး ရေထုတ်ပြွန်အဟောင်းအား ပြန်လည်ပြုပြင်၍ ဂီယာအုံ၊ ရေတံခါးရွက်များ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးမှူး ဦးမြတ်သူလွင်က ပြောသည်။
ဆည်ပြုပြင်ခြင်းလုပ်ငန်းများကို တင်ဒါ အောင်မြင်သော ထက်ရှိုင်းလင်းတည်ဆောက်ရေး ကုမ္ပဏီက ဇူလိုင် ၂ ရက်တွင် စတင်တာဝန်ယူ တည်ဆောက်လျက်ရှိသည်။
အဆိုပါ မဟာဂါဆည်သည် ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ အနောက်မြောက်ဘက် မိုင်ဝက် ခန့်တွင်တည်ရှိပြီး ၁၉၈၆ ခုနှစ်က ပြည်သူများ၏ လုပ်အားဖြင့် စတင်တည်ဆောက်ခဲ့ပြီး ရေလွှဲ ရှပ်တာပေါက်ကို ယခင် ဆည်မြောင်းဦးစီးဌာနက တည်ဆောက်ပေးခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပေ ၂ဝဝ ခန့် ကျိုးပေါက် ပျက်စီးခဲ့ရာ ဆည်မြောင်းဦးစီးဌာနက စက်ယန္တရားကြီးများဖြင့် တမံမြေသား ပေါင်ဖို့ခြင်း လုပ်ငန်းများကို ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ၂ဝ၁၆ ခုနှစ် သြဂုတ် ၂ဝ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ သြဂုတ် ၂၁ ရက်တွင် ပေ ၃ဝ ခန့် ကျိုးပေါက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများက အကြီးစားပြုပြင်ပေးရန် မျှော်လင့်ခဲ့ ကြသည်။
မဟာဂါဆည်သည် တောင်ကျရေကို တားဆီး တည်ဆောက်ထားသည့် တစ်ဖက်ပိတ်မြေသားတမံ ဖြစ်၍ တောင်ကျရေများချိန်တွင် မြေသားတမံ ကျိုးပေါက်နိုင်သဖြင့် ဆည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)

အစာအဆိပ်သင့်မှု ကုသမှုခံယူနေသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှု

Image may contain: 10 people, people smiling
ပဲခူး ဇူလိုင် ၃ဝ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့်အတူ ဇူလိုင် ၂၉ ရက် ညပိုင်းက ကလျာဏီရေဘေး ကယ်ဆယ်ရေးစခန်းတွင် အစာအဆိပ်သင့်မှု ကြောင့် ပဲခူးဆေးရုံကြီး၌ တက်ရောက်ကုသနေသော လူကြီး ခြောက်ဦးနှင့် ကလေး ၁၅ ဦးတို့အား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်း ထောက်ပံ့ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ညနေ ၄ နာရီခွဲခန့်က ကလျာဏီရပ်ကွက်တွင် ဖွင့်လှစ်ထားသော ကလျာဏီ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ၄၃ ဦးတို့သည် နံနက်ပိုင်းတွင် အလှူရှင်များက ကျွေးမွေးသော ကြက်ဥ၊ ငုံးဥဟင်းများကိုစားပြီး နေ့လယ်ပိုင်းတွင် ရေခဲချောင်း(နို့စတော်ဘယ်ရီ)များ စားခဲ့ခြင်းကြောင့် အော့အန်ခြင်း သာမန်ဖြစ်ပွားသူများကို ရေဘေး ကယ်ဆယ်ရေးစခန်းနှင့် အနီးဆုံးဖြစ်သည့် အာနန္ဒာ ဘုရားဝင်းအတွင်း ဖွင့်လှစ်ထားသော ကျန်းမာရေး စောင့်ရှောက်မှုဆေးခန်း၌ ကုသမှုခံယူရာ သက်သာ လာခဲ့သည်။ အဆိုပါကျောင်းတိုက်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း လာရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။
တင်စိုး(ပဲခူး)

ယင်းမာပင်၌ ကွင်းဆင်းဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်

Image may contain: 1 person, sitting and table
ယင်းမာပင် ဇူလိုင် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်အတွင်းရှိ ကွင်းဆင်းဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်း ကို ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းက အလောင်းတော်ကဿပအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးဝင်းရှိ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ အလောင်းတော်ကဿပအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်နှင့် ဦးစီးအရာရှိ ဒေါ်သန်းသန်းအောင်တို့ တက်ရောက်ကြပြီး ကွင်းဆင်းထိန်းသိမ်းရေးဆောင်ရွက်နေသော ဝန်ထမ်း ၁၉ ဦးအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအသစ်ဘာသာရပ်ကို စာတွေ့လက်တွေ့ အသေးစိတ်သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလကို ဇူလိုင် ၃ဝ ရက်မှ ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)

ရဲနွယ်ဆည် စိုးရိမ်စရာအခြေအနေမရှိ

Image may contain: sky, outdoor, nature and water
ကျောက်တံခါး ဇူလိုင် ၃ဝ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ရဲနွယ်ဆည်သည် ကန်ရေသတ်မှတ်ချက်ပြည့်မီရန်ပင် လိုနေသေးကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရဲနွယ်ဆည်၊ စိမ့်ကြီး တာတမံ၊ မဒေါက်တာ၊ သောက်ရေခပ်ဆည်များ ကျိုးမည်၊ ရေများ လွှတ်ချမည် ဟူသော ကောလာဟလသတင်းများအရ ဒေသတွင်းပြည်သူများအကြား စိုးရိမ် ပူပန်မှုများရှိခဲ့ပြီး စစ်တောင်းမြစ်ရေ အဆမတန်မြင့်တက်လာမှုကြောင့် ဖြူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများရှိ လူနေအိမ်များ ရေနစ်မြုပ်ခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရခြင်း၊ လယ်ယာဧကသိန်းနှင့်ချီ၍ ရေလွှမ်းနစ်မြုပ်ခြင်းများခံနေရ၍ သက်ဆိုင်ရာ ဆည်၊ တမံ၊ ရေကာတာများအား သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တာဝန်ရှိသူများက နေ့ညမပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးကာ အနီးတွင်နေထိုင်ကြသော ပြည်သူများအား သတိမပြတ်နေထိုင်ရန် သတိပေးကြော်ငြာထားကြောင်း သိရသည်။
ကောလာဟလသတင်းများနှင့်ပတ်သက်၍ မြို့နယ်ဆည်မြောင်း လက်ထောက်အင်ဂျင်နီယာ ဦးတင့်လွင်က ''ရဲနွယ်တာတမံရဲ့ အခုလက်ရှိ ရေအမှတ်က ၃၂၈ ဒသမ ၆၅ မှာ ရောက်နေပါတယ်။ ကန်ရေပြည့်အမှတ် ၃၃ဝ ပါ။ ၁ ဒသမ ၃၅လောက် လိုသေးတယ်။ ကန်ရေပြည့်လည်း ရေပိုလွှဲကနေ ကျော်ကျတဲ့စနစ် ထည့်သွင်းတည်ဆောက်ထားတာပါ။ ၂ဝဝ၆၊ ၂ဝဝ၇ ခုနှစ် လောက်ကဆို ရေပိုလွှဲကနေ ၃ ဒသမ ၉ ပေလောက်အထိ ကျော်ကျခဲ့ဖူးတယ်။ သံကူကွန်ကရစ် နည်းပညာနဲ့ စနစ်တကျတည်ဆောက်ထားတာပါ။ ကောလာဟလတွေကို ပြည်သူတွေ မယုံကြပါနဲ့''ဟု ဇူလိုင် ၃ဝ ရက်က ပြောကြားခဲ့သည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားမုခ်ဦးအနီး မြေထိန်းနံရံပြိုကျ

Image may contain: one or more people and outdoor

ဗဟန်း ဇူလိုင် ၃ဝ
ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်လမ်း ခြောက်ထပ်ကြီးဘုရားဝင်းမုခ်ဦးအနီး ဇူလိုင် ၂၉ ရက် ည ၁ဝ
နာရီ ၄၅ မိနစ်ခန့်က မြေထိန်းနံရံ အမြင့် ခုနစ်ပေ၊ အရှည်ပေ ၁ဝဝ ခန့် ပြိုကျပျက်စီးသွားကြောင်း သိရသည်။
အဆိုပါပြိုကျပျက်စီးသွားသည့် မြေထိန်းနံရံအပျက်အစီးများကို ယာဉ်အသွားအလာ ပိတ်ဆို့မှုမရှိစေရေးအတွက် ဇူလိုင် ၃ဝ ရက် နံနက် ၅ နာရီ ၃ဝ မိနစ်ခန့်မှစတင်ကာ ဗဟန်း
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ယာဉ်ထိန်းရဲတပ်
ဖွဲ့ဝင်များကြီးကြပ်လျက် စက်အင်အား၊ လူအင်အားများဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေး
ခဲ့ကြသည်။ ထို့အပြင် အနောက်ပိုင်းခရိုင် ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန ခရိုင်မှူး
ဦးစိန်ဝင်းမောင်ဦးဆောင်ကာ ဝန်ထမ်းများဖြင့် မြေထိန်းနံရံတစ်လျှောက် ပေါက်ရောက်
နေသည့် သစ်ပင်ကြီးများကို ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။
၅၉၇

ပဲခူးITCတွင် ဦးစီးမှူး(မြို့ပြ) လုပ်ငန်းဝင်သင်တန်းဖွင့်

Image may contain: one or more people and indoor
ပဲခူး ဇူလိုင် ၃ဝ
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရှိ အင်ဂျင်နီယာဝန်ထမ်း
များအတွက် ဦးစီးမှူး (မြို့ပြ) လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ
ကို ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းက ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေး
ဌာနခွဲ ပဲခူးမြို့တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပြီး ဆည်
မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်
က သင်တန်းတွင်ပို့ချပေးမည့် ဆည်မြောင်းအင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်
များ၊ စီမံရေးရာဘာသာရပ်များ၊ ငွေစာရင်းပိုင်းဆိုင်ရာဘာသာရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇူလိုင် ၃ဝ ရက်မှ စက်တင်ဘာ ၇ ရက်ထိ ဖွင့်လှစ်ပို့ချ
သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၉ ဦး သင်တန်းတက်
ရောက်သင်ကြားကြကြောင်း သိရသည်။
သူရိန်ထွန်း(ပဲခူး)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြိတ်-ထားဝယ်ကားလမ်းတချို့၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိ

Image may contain: one or more people, sky, outdoor and nature
သရက်ချောင်း ဇူလိုင် ၃ဝ
တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြိတ်-ထားဝယ် ကားလမ်းမကြီး၏ တချို့နေရာများ၌ ယနေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက် ရှိသည်။
ရေလွှမ်းမိုးသည့် နေရာများ ဖြစ်သော သရက်နှစ်ခွကျေးရွာ မြိတ်-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် (၁၁/၆) နှင့် (၁၁/၇) မိုင်အကြားတွင် လည်းကောင်း၊ မော်ရှည်ကုန်းရပ်ကွက် မြိတ်-ထားဝယ်ကားလမ်း မိုင်တိုင် အမှတ် (၁၄/၇)နှင့် ၁၅မိုင်အကြား တွင်လည်းကောင်း၊ ဆင်ကူး ကျေးရွာနှင့် ဘုတ်ကိုင်းကျေးရွာ ကားလမ်းမိုင်တိုင်အမှတ်(၂ဝ)နှင့် (၂၁)မိုင်အကြားတို့တွင် ရေအနက် တစ်ပေခန့်အထိ လည်းကောင်း၊ စုံစင်ဖျားကျေးရွာ ဒူးရင်းပင်တံတား အနီး ကားလမ်းမိုင်တိုင်အမှတ် (၃၄) နှင့်(၃၅)မိုင်အကြားတွင် ရေ အနက် သုံးပေခန့် လမ်းမပေါ် ရေကျော်တက်လျက်ရှိရာ ယာဉ်များ ပိတ်ဆို့မှု မရှိစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များမှ လူငယ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)

နေပြည်တော်တွင် အာရှကလပ် ဘော်လီဘောပြိုင်ပွဲ စတင်ကျင်းပ

Image may contain: 2 people, people smiling, people playing sports and basketball court
နေပြည်တော် ဇူလိုင် ၃ဝ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၈ အာရှကလပ် ဘော်လီဘောပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ စတင်ကျင်းပသည်။ မြန်မာကလပ် Asia World အသင်းက တာ့ခ်မင်နစ္စတန်ကလပ်ကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရပြီး ပွဲဦးထွက် နိုင်ပွဲစတင်ရရှိခဲ့သည်။
မြန်မာကလပ် Asia Worldအသင်းသည် တာ့ခ်မင်နစ္စတန်ကလပ် အသင်းနှင့် ၂၅-၁၆ မှတ်၊ ၂၅-၂၃ မှတ်၊၂၁-၂၅ မှတ်၊ ၂၅-၂၁ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ပြိုင်ပွဲပထမနေ့တွင် စုစုပေါင်း ငါးပွဲ ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာကလပ် Asia World အသင်းက တာ့ခ်မင်နစ္စတန်ကလပ်ကို သုံးပွဲ-တစ်ပွဲ၊ ထိုင်းကလပ်အသင်းက ဟောင်ကောင်ကလပ်အသင်းကို သုံးပွဲပြတ်၊ သီရိလင်္ကာကလပ်အသင်းက သြစတြေးလျကလပ်အသင်းကို သုံးပွဲပြတ်၊ တရုတ်(တိုင်ပေ) ကလပ်က တရုတ်ကလပ်ကို သုံးပွဲ-နှစ်ပွဲ၊ အီရန်ကလပ်က ကာဇက်စတန်ကလပ်ကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် အီရန်၊ ဂျပန်၊ ကာဇက်စတန်၊ အုပ်စု(ခ)တွင် တရုတ်၊ တရုတ်(တိုင်ပေ)၊ ဗီယက်နမ်၊ အုပ်စု(ဂ)တွင် ထိုင်း၊ သြစတြေးလျ၊ သီရိလင်္ကာ၊ ဟောင်ကောင်၊ အုပ်စု (ဃ) တွင် မြန်မာ၊ ပါကစ္စတန်၊ တာ့ခ်မင်နစ္စတန်ကလပ်အသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်း သည် အုပ်စုဒုတိယပွဲအဖြစ် ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီတွင် ပါကစ္စတန် ကလပ်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အုပ်စုပွဲများကို ဇူလိုင် ၃ဝ ရက်မှ သြဂုတ် ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သြဂုတ် ၂ ရက်တွင် ပြိုင်ပွဲရပ်နားမည်ဖြစ်ကာ သြဂုတ် ၃ ရက်တွင် အဆင့် သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ်၊ ဆီမီး ဖိုင်နယ်၊ ဗိုလ်လုပွဲ၊ တတိယလုပွဲနှင့် အခြားအဆင့်ရပ်တည်မှုများအတွက် ပွဲများကို သြဂုတ် ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်း သည် ပရော်ဖက်ရှင်နယ်ကလပ်အသင်းများ ဖွဲ့စည်းနိုင်ခြင်းမရှိသေးသော ကြောင့် လက်ရွေးစင်အသင်းကို Asia Worldအသင်းအမည်ဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ- ဖိုးသော်ဇင်

နိုင်ငံတကာလူငယ်များနေ့အထိမ်းအမှတ် လူငယ့်စေတမန်အစီအစဉ် ရန်ကုန်တွင် ကျင်းပမည်

Image may contain: 1 person, sitting
ရန်ကုန် ဇူလိုင် ၃ဝ
နိုင်ငံတိုင်း၏အနာဂတ်သည် ယနေ့လူငယ်များ၏ အလားအလာကောင်းများပေါ်တွင် မူတည်နေခြင်းကြောင့် လူငယ်များ အဘက်ဘက်မှ ဘေးကင်းလုံခြုံမှုရှိရေး ကြိုးပမ်းလုပ်ဆောင်ပေးရန်မှာ လူတိုင်း၏တာဝန်ဖြစ်သည် နှင့်အညီ ထိုလိုအပ်ချက်ကို နိုင်ငံတော် အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ မိဘများ၊ ပြည်သူလူထုနှင့် လူငယ်ထုကိုယ်တိုင် သတိပြုမိပြီး ဘေးကင်းလုံခြုံမှုရှိသည့် ပတ်ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်ရာတွင် ဝိုင်းဝန်း ကြိုးပမ်းပါဝင်နိုင်စေရန် ရည်ရွယ်၍ ၂ဝ၁၈ ခုနှစ် နိုင်ငံ တကာ လူငယ်များနေ့ အခမ်းအနားကို သြဂုတ် ၁၂ ရက်တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်း အမျိုးသား ဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီပွဲလုပ်တဲ့အတွက် အကျိုးသက်ရောက်မှုအနေနဲ့ ကတော့ ပွဲကိုရောက်လို့ ကိုယ်တိုင်သိခြင်းက တစ်ပိုင်း၊ ကိုယ်တိုင်မရောက်သော်လည်း ရောက်တဲ့လူတွေကနေ တစ်ဆင့် သိမှာလား။ နောက်တစ်ခုက မီဒီယာကနေ တစ်ဆင့် သိမှာလား။ ဘယ်လိုနည်းနဲ့ပဲသိသိ သိသွားတယ် ဆိုတဲ့ လူတွေအားလုံး လူငယ်တွေလည်းပါမယ်၊ မိဘတွေ လည်းပါမယ်၊ ပြည်သူတွေပါမယ်၊ နိုင်ငံတော်တာဝန်ရှိတဲ့ သူတွေပါမယ်။ သိသွားတယ်ဆိုတာကိုက ပထမဦးဆုံး အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။
''သိသွားတဲ့အတွက်ကြောင့် လူငယ်တွေမှာ လိုအပ်ချက် တွေရှိတယ်။ ကိစ္စရပ်တွေ ရင်ဆိုင်နေရတယ်။ သူတို့ရဲ့ အလားအလာ ဖြစ်လာနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး စီမံချက်တွေ၊ စီမံကိန်းတွေ၊ ဆောင်ရွက်ရမယ့်ကိစ္စတွေ၊ ဘယ်ဟာတွေက အလေးပေးရမယ်ဆိုတာတွေ သိသွားပြီး ရင်တော့ လူငယ်တွေအတွက် သင့်တင့်လျောက်ပတ်တဲ့ စီမံချက်လုပ်ငန်းတွေမှာ လိုက်လျောညီထွေ ဆောင်ရွက်နိုင် ဖို့ပါ။ ပထမ အကျိုးသက်ရောက်မှုကတော့ သိခြင်း၊ နောက်ဆင့်ပွားအကျိုးသက်ရောက်မှုက သိမှုပေါ်မှာ မူတည်ပြီး လူငယ်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို လုပ်မလဲ ဆိုတာ သိရှိသွားကြမှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ လူငယ်စီမံချက်နည်းပညာအကြံပေး ဒေါက်တာနီဝင်းက ပြောသည်။
အဆိုပါအခမ်းအနားတွင် လူငယ်ဘဝလုံခြုံမှ စိတ်ချ သာယာ အနာဂတ်ကမ္ဘာ(Safe spaces for youth)ဟူသော ၂ဝ၁၈ ခုနှစ် နိုင်ငံတကာလူငယ်များနေ့ဆောင် ပုဒ်နှင့် ပတ်သက်သော အကြောင်းအရာများကို လူငယ် များနှင့်တကွ ပြည်သူလူထုမှ ပိုမိုသိရှိနိုင်စေရန်အတွက် ပြခန်းများ၊ ဥာဏ်အစီအစဉ်နှင့် လက်ဆောင်ဆုရယူခြင်းများ၊ ကစားနည်းများနှင့် ပျော်ရွှင်ဖွယ်အစီအစဉ်များ၊ ဆွေးနွေး ပွဲများ၊ အဖွဲ့အစည်းများ လူငယ်အချင်းချင်းတွေ့ဆုံသည့် အစီအစဉ်များ၊ အသိပညာပေးအစီအစဉ်များ၊ လူငယ့် စေတမန် ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
''ပွဲသဘောသဘာဝအရ နှစ်ပိုင်းရှိနေပါတယ်။ ညနေ ၃ နာရီနဲ့ ၆ နာရီကြားက ပြခန်းအစီအစဉ်တွေ ဖြစ်တဲ့ အတွက်ကြောင့် လက်မှတ်မလိုပါဘူး။ ဘယ်သူမဆို လာလို့ ရပါတယ်။ ညနေ ၆ နာရီကနေ ည ၉ နာရီကတော့ ဇာတ်ရုံထဲမှာ ထိုင်ခုံနဲ့ဖြစ်တဲ့အတွက်ကြောင့် လူဦးရေ ကန့်သတ်ချက်ရှိနေပါတယ်။ စီမံချက်နဲ့ မိတ်ဖက်အဖွဲ့ အစည်းတွေကနေ ချိတ်ဆက်ထားတဲ့ လူငယ်ကွန်ရက်တွေ ကနေ တက်ရောက်လာမယ့် လူငယ်တွေအတွက် ချန်ပြီးရင် တော့ တက်ရောက်ချင်တဲ့ ပြင်ပလူငယ်တွေအတွက် အခွင့် အလမ်းဖြစ်တဲ့အတွက် ၁ဝဝဝ ပတ်လည်ခုံရှိနေပါ တယ်။
''ဒီလူတွေက စိတ်ဝင်စားတယ်၊ တက်ရောက်ချင်တယ် ဆိုရင် သြဂုတ် ၅ ရက်ကနေ ၈ ရက်အထိ နံနက် ၁ဝ နာရီ ကနေ ညနေ ၄ နာရီကြား မြန်မာနိုင်ငံဆရာဝန်အသင်းရုံး လူငယ်စီမံချက်ရှိရာမှာ လက်မှတ်လာရောက်ထုတ်ယူလို့ ရပါတယ်။ တစ်ခုမေတ္တာရပ်ခံချင်တာကတော့ တကယ် တက်ရောက်မှသာ လက်မှတ်ကို လာရောက်ထုတ်ယူစေ ချင်ပါတယ်။ လက်မှတ်ထုတ်ပြီး မတက်ရောက်ဖြစ်ရင် တကယ်တက်ရောက်ချင်တဲ့သူတွေအတွက် နစ်နာမှုတွေ ရှိနိုင်ပါတယ်။ သေချာမယ်ဆိုရင်တော့ လက်မှတ်ထုတ်ပါ။ တစ်ယောက်ချင်းစီလည်း ထုတ်လို့ရပါတယ်။ ငါးယောက် ကနေ ၁ဝ ယောက် ကိုယ်စားပြုပြီး တစ်ယောက် လာထုတ် လို့လည်း ရပါတယ်။ လာထုတ်မယ့်သူ လိုအပ်တဲ့အချက် အလက်ကတော့ အမည်၊ မြို့နယ်၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လိုပါတယ်'' ဟု ဒေါက်တာနီဝင်းက ပြောသည်။
သတင်းနှင့်ဓာတ်ပုံ-ဟိန်းထက်လင်း၊ အေးမင်းသူ

ကျိုက်ထိုမြို့နယ်တွင် ရေကျသွားပြီဖြစ်၍ ရေဘေးရှောင်စခန်းများ ပိတ်သိမ်း

Image may contain: 9 people, people smiling, people standing and wedding
ကျိုက်ထို ဇူလိုင် ၃ဝ
ကျိုက်ထိုမြို့နယ်တွင် လွန်ခဲ့သည့်ရက်များက မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်ကျေးရွာများ၌ ရေမြင့်တက်မှုများဖြစ်ပေါ်ခဲ့၍ မြို့နယ်သဘာဝဘေးစီမံ ခန့်ခွဲမှုကော်မတီက ရေဘေးရှောင်စခန်းများဖွင့်လှစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့်ပူးပေါင်းကာ စားဝတ်နေရေး၊ ကျန်းမာရေးကိစ္စရပ်များကို ရေကျချိန် အထိ ရေဘေးသင့်ပြည်သူများအား ကူညီစောင့်ရှောက် ပေးခဲ့သည်။
ယင်းသို့ကူညီစောင့်ရှောက်ပေးသည့် စခန်းများသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက လာရောက် ၍ ထောက်ပံ့ငွေများပေးအပ်ပြီး အားပေးစကား ပြောကြားသည်။
ယနေ့နံနက်ပိုင်းမှ စတင်၍ ရေပြန်လည်ကျဆင်းခဲ့၍ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုအလိုက် တစ်ပတ်စာ စားသုံးနိုင်ရန် ဆန်နှင့်ကြက်ဥများ အပါအဝင် ခေါက်ဆွဲခြောက်များ၊ ရေသန့်ဘူးများနှင့် တခြား စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ပြီး ယာယီ ဖွင့်လှစ်ခဲ့သည့် ရေဘေးရှောင်စခန်းများကို မွန်းလွဲ ၁ နာရီတွင် ပိတ်သိမ်းခဲ့သည်။
ဝင်းမောင်(ကျိုက်ထို)

ပါ့ခ်ဘိုဂန်းနဲ့ ဆောင်းဟေကိုတို့ရဲ့ ရုပ်ရှင်သစ် လာမည့် နိုဝင်ဘာလအတွင်း ပြသသွားမည်

Image may contain: 2 people, people smiling
တောင်ကိုရီးယားရဲ့ ထွက်ပေါ်လာမယ့် ဇာတ်လမ်းတွဲရုပ်ရှင်တွေအနက် ပရိသတ်စိတ်အဝင်စားဆုံးသော ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ မင်းသား ပါ့ခ်ဘိုဂန်းနဲ့ မင်းသမီး ဆောင်းဟေကိုတို့ရဲ့ ရုပ်ရှင်သစ် ''Boyfriend''နဲ့ ပတ်သက်ပြီး အကြောင်းအရာတွေကို လတ်တလောမှာတော့ တရားဝင်ထုတ်ဖော် ပြောကြားလာတာကို တွေ့ရပါတယ်။ ယခင်ကလည်း သတင်းတွေပေါ်ထွက် ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ရုပ်ရှင်ထုတ်လုပ်သူတွေဘက်က တရားဝင် ထုတ်ဖော်ပြောကြားလာခြင်းလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် နိုဝင်ဘာလအတွင်း tvNရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသပေးသွား မှာဖြစ်ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ဝ ရက်မှာတော့ တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပါ့ခ်ဘိုဂန်းနဲ့ ဆောင်းဟေကိုတို့ ခေါင်းဆောင် ပါဝင်ထားတဲ့ ရုပ်ရှင် ''Boyfriend''ကို လာမယ့် နိုဝင်ဘာလအတွင်း စတင် ထုတ်လွှင့်မှာဖြစ်ကြောင်း ပရိသတ်တွေကို တရားဝင်အသိပေးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
''Boyfriend''ဟာ ဘဝမှာ အရာရာပြည့်စုံတဲ့ အမျိုးသမီးတစ်ဦးနဲ့ ပိုင်ဆိုင်မှုမရှိတဲ့ သာမန်အမျိုးသားတစ်ဦးအကြားက ဇာတ်လမ်းကို ပုံဖော် သွားမှာပါ။ အဓိကဇာတ်ကောင်တွေဟာ သူတို့ရဲ့ဘဝတွေကို ဆက်လက် ထိန်းသိမ်းထားရမှာလား၊ သာမန်လူတစ်ဦးကဲ့သို့ နေထိုင်သွားရမှာလားဆိုတာ ဆုံးဖြတ်ရဖို့ရှိနေပြီး သူတို့နှစ်ဦးစလုံးရဲ့ တူညီတဲ့ဆန္ဒကတော့ သူတို့ရဲ့ဘဝ တွေကို တစ်ရက်လေးဖြစ်ဖြစ် ပြောင်းလဲနေထိုင်လိုတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဇာတ်လမ်းတွဲမှာ ဆောင်းဟေကို ပါဝင်သွားမယ့် ဇာတ်ကောင်ကတော့ ချာဆိုးဟွန်ဖြစ်ပြီး သူဟာ ခင်ပွန်းနဲ့ကွာရှင်းထားတဲ့ ကလေးတစ်ယောက်မိခင် ဖြစ်ကာ ချမ်းသာတဲ့မိသားစုမှ မွေးဖွားလာသူပါ။ မိခင်ရဲ့ စီစဉ်မှုကြောင့် ချမ်းသာတဲ့သူတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပြီး ဘဝရဲ့ ပျော်ရွှင်မှုတွေကို ခင်ပွန်းသည်ရဲ့ အလုပ်ကိစ္စတွေကြား မြှုပ်နှံထားခဲ့ရသူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာ ခင်ပွန်းသည်က သူနဲ့ ကလေးကို ထားခဲ့တာဖြစ်ပါတယ်။
ပါ့ခ်ဘိုဂန်းရဲ့ ဇာတ်ကောင် ကမ်ဂျီဟွတ်ကတော့ အချိန်ပိုင်းအလုပ်တွေ များစွာလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အလုပ်တွေကိုလည်း ရှာဖွေနေသူ သာမန်လူတစ်ဦးဖြစ်ပါတယ်။ သူဟာ အလုပ်လျှောက်ထားခဲ့တဲ့ ကုမ္ပဏီတွေရဲ့ ငြင်းဆိုမှုကို ခံခဲ့ရပြီးနောက် နိုင်ငံခြားခရီးသွားခဲ့စဉ် အမျိုးသမီးတစ်ဦးနဲ့ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေရဲ့အာရုံကို အတော်လေးဆွဲဆောင် ထားနိုင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဆောင်းဟေကိုနဲ့ ပါ့ခ်ဘိုဂန်းတို့ရဲ့ အလွန်ကို အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေဖြစ်ကြတဲ့ ''Descendants of the Sun (DOTS)''နဲ့ ''Love in the Moonlight'' အပြီး ပြန်လည်ပါဝင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်တာကြောင့်ပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မင်္ဂလာပွဲ ဆင်နွှဲပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ရိုက်ကူးမယ့် ဆောင်းဟေကိုရဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပြီး ဆောင်းဟေကိုရဲ့ခင်ပွန်း ဆောင်းဂျွန်ကီနဲ့ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်မင်းသား ပါ့ခ်ဘိုဂန်းတို့ဟာလည်း အလွန်ကို ရင်းနှီးခဲ့ကြသူတွေဖြစ်ပါတယ်။
အေးပြည့်

နွေရာသီအတွက် ရည်ရွယ်ထုတ်လုပ်တဲ့တေးအယ်လ်ဘမ်သစ်နဲ့အတူ ပရိသတ်ရှေ့အရောက်ပြန်လာမယ့်Red Velvet

Image may contain: 5 people, people standing and shoes
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ''Red Velvet''ဟာ မကြာမီမှာ မီနီတေးအယ်လ်ဘမ်သစ်ကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ ယင်းတေးအယ်လ်ဘမ်ဟာ လာမယ့် နွေရာသီအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ တေးအယ်လ်ဘမ်ဖြစ်ပြီး လတ်တလောမှာတော့ ယင်းတေးအယ်လ်ဘမ်သစ်အတွက် ရည်ရွယ်ရိုက်ကူး ထားတဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ဝ ရက်မှာတော့ မီနီတေးအယ်လ်ဘမ်သစ် ထုတ်လွှင့် သွားမှာဖြစ်ကြောင်း သတင်းနဲ့အတူ ယင်းတေးအယ်လ်ဘမ်အတွက် ဓာတ်ပုံနှစ်ပုံကိုပါ ထုတ်ဖော်ပြသလာတာ တွေ့ရပါတယ်။ တေးအယ်လ်ဘမ်ရဲ့ အမည်ကိုတော့ ''Power Up'' လို့ ပေးထားပြီး လာမယ့် သြဂုတ် ၆ ရက် မှာ စတင်ထုတ်လွှင့်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အဖွဲ့ဝင်တွေဟာ တေးအယ်လ်ဘမ်သစ်နဲ့အတူ ပရိသတ်ရှေ့ ပြန်လည်ပေါ်ထွက်လာခြင်းအမှတ်တရအဖြစ် အထူးအစီအစဉ်တစ်ရပ် ကိုလည်း ပြုလုပ်သွားဖို့ရာ စီစဉ်ထားပါတယ်။ ဒီအစီအစဉ်ကတော့ မိုဘိုင်းဖုန်းကနေတစ်ဆင့် အဖွဲ့ရဲ့ တရားဝင်နွေရာသီဝက်ဘ်ဆိုက် စာမျက်နှာပေါ်ကနေတစ်ဆင့် ဝင်ရောက်ကာ ပါဝင်ဆင်နွှဲနိုင်မှာဖြစ်တယ် လို့လည်း သိရပါတယ်။
အေးပြည့်

ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ထွက်လာတဲ့ ပါ့ခ်မင်ယောင်းနဲ့ ပါ့ခ်စိုးဂျင်

Image may contain: 2 people, people smiling, dog
ဒီသတင်းတွေ ထွက်ပေါ်လာချိန်မှာတော့ ''What’s Wrong with Secretary Kim''ဇာတ်လမ်းတွဲဟာ ''Descendants of the Sun''ဇာတ်လမ်းတွဲရဲ့ ခြေရာကိုနင်းတော့မှာဖြစ်တယ်လို့ အထင်ရောက်စေပါတယ်။ အကြောင်း ကတော့ ''What’s Wrong with Secretary Kim''မှာ ပါဝင်နေတဲ့ ဇာတ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားနဲ့ မင်းသမီးဟာ မျိုးရိုးနာမည်တွေ တူကြသလို ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့လို့ ဖြစ်ပါ တယ်။ ''Descendants of the Sun''ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေကိုတို့ဟာလည်း မျိုးရိုးနာမည်တွေတူကြပြီး ဆောင်း-ဆောင်းစုံတွဲရယ်လို့ နာမည်ကျော်ကြသူတွေ ဖြစ်ကြလို့ပါ။ ''What’s Wrong with Secretary Kim''ဇာတ်လမ်းတွဲမှာ ပါဝင်ထားကြတဲ့ မင်းသမီး ပါ့ခ်မင်ယောင်းနဲ့ မင်းသား ပါ့ခ်စိုးဂျင်တို့ဟာလည်း ပါ့ခ်-ပါ့ခ်စုံတွဲအဖြစ် ကောလာဟလတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
ဒီသတင်းတွေဟာ ကောလာဟလတွေအဖြစ်သာ ပေါ်ထွက်လာခဲ့တာပါ။ အမှန်တကယ်စုံတွဲအဖြစ် မရောက်ခဲ့ဘဲ သူတို့ရဲ့အေဂျင်စီတွေ ဘက်က ကောလာဟလတွေကို ပြန်လည်ကာ ငြင်းချက်ထုတ်ခဲ့ကြောင်း သိရပါတယ်။
''What’s Wrong with Secretary Kim''ဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကြည့်ရှုသူ ပရိသတ်များပြားနေဆဲမှာပင် ဇာတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဇာတ်လမ်းအဆုံးသတ်ထုတ်လွှင့်မှုနဲ့အတူ အဓိက သရုပ်ဆောင်တွေ ချစ်သူတွေဖြစ်နေကြကြောင်း သတင်းတွေဟာလည်း တစ်ဆက်တည်း ပေါ်ထွက်လာခဲ့တာပါ။ ယင်းဇာတ်လမ်းတွဲမှာ ပါ့ခ်မင်ယောင်းက အဓိကအမျိုးသမီးဇာတ်ဆောင်နေရာမှာ ပါဝင်ခဲ့တာဖြစ်ပြီး ရင်းနှီးတဲ့သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ ပါ့ခ်မင်ယောင်းကို အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်စေဖို့ ရွေးချယ်ခဲ့သူကလည်း မင်းသား ပါ့ခ်စိုးဂျင် ဖြစ်တယ်လို့လည်း သိရပါတယ်။
တစ်ဆက်တည်းပေါ်ထွက်လာတဲ့ သတင်းတွေအရ သူတို့နှစ်ဦး ချစ်သူ တွေဖြစ်ခဲ့ကြတာ သုံးနှစ်ခန့်ရှိကြောင်းလည်း သိရပါတယ်။ ဒီလိုလက်တွဲ လာခဲ့ပြီး မကြာမီ လက်ထပ်ဖို့ရာ စီစဉ်ထားကာ ဇာတ်လမ်းတွဲမှာလည်း အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေပေါ်ထွက်လာချိန်မှာတော့ အေဂျင်စီတွေက ငြင်းဆိုခဲ့ကြပါတယ်။ ကာယကံရှင်တွေဘက်ကတော့ တစ်စုံတစ်ရာ ရှင်းလင်းပြောကြားတာမရှိခဲ့ပါဘူး။ ဆောင်း-ဆောင်း စုံတွဲ တုန်းကလည်း ဇာတ်လမ်းထုတ်လွှင့်မှုအပြီးမှာ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် အေဂျင်စီတွေက ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ကာယကံရှင်တွေဘက်က ဝန်ခံခဲ့ကြပြီး တစ်ချိန်တည်းမှာပင် မင်္ဂလာသတင်းကိုပါ အသိပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အေးပြည့်

တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲသို့ သွားရောက်အားပေးခဲ့တဲ့ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ်လိုက်ဗလီ

Image may contain: 1 person, on stage, standing, concert and crowd
ဟောလိဝုဒ်ရဲ့ နာမည်ကျော်ကြယ်ပွင့်မောင်နှံနှစ်ဦးဖြစ်တဲ့ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ်လိုက်ဗလီတို့ဟာ လတ်တလောမှာ ကျင်းပခဲ့တဲ့ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကို သွားရောက်အားပေးခဲ့တာကို တွေ့ရပါ တယ်။ ဒီဖျော်ဖြေပွဲကို မောင်နှံနှစ်ဦးတည်း တက်ရောက်ခဲ့တာဖြစ်ပြီး ရင်သွေး လေးတွေကို အိမ်မှာ ထားခဲ့တာဖြစ်ပေမယ့် ယင်းဖျော်ဖြေပွဲမှာ သမီးဖြစ်သူရဲ့ အသံကို ကြားနေရဆဲ ဖြစ်ပါတယ်။ အကြောင်းကတော့ တေလာဆွစ်ရဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ''Gorgeous''မှာ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ် လိုက်ဗလီတို့ရဲ့ သမီးဖြစ်သူ ဂျိမ်းစ်ရဲ့ အသံပါဝင်နေတာကြောင့်ဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
တေလာဆွစ်ဟာ လက်ရှိမှာ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တေးအယ်လ်ဘမ် ''Reputation''အတွက် နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မက်ဆာချူးဆက်ပြည်နယ် ဘောက်ဇ်ဗိုရိုမှာရှိတဲ့ ဂျီလတ်ဘောလုံးကွင်းမှာ နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တေးဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့ရာ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ်လိုက်ဗလီတို့ သွားရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲမှာ တေလာဆွစ်က တေးအယ်လ်ဘမ်သစ်မှာပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ''Gorgeous''ကို သီဆိုခဲ့ပါတယ်။ ဒီတေးသီချင်းမှာ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ်လိုက်ဗလီတို့ရဲ့ သမီးဖြစ်သူ အသက် သုံးနှစ် အရွယ် ဂျိမ်းစ်ရဲ့ အသံလည်းပါဝင်နေတာဖြစ်ပါတယ်။ သမီးဖြစ်သူရဲ့အသံ စပီကာတွေကနေတစ်ဆင့် ထွက်ပေါ်လာချိန်မှာ ဖြစ်ပေါ်လာတဲ့ မိဘတွေရဲ့ ပုံရိပ်ကိုလည်း ကင်မရာတွေက အမိအရ မှတ်တမ်းတင်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီပုံရိပ်တွေကို ဖျော်ဖြေရေးစင်မြင့်ထက်မှာ တိုက်ရိုက်ထုတ်လွှင့်ပြသမှုလည်း ပြုခဲ့ပါတယ်။
တေလာဆွစ်နဲ့ ကြယ်ပွင့်မောင်နှံဟာ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က စတင်ရင်းနှီး ခဲ့ကြတာဖြစ်ပါတယ်။ တေလာဆွစ်ကျင်းပတဲ့ ပါတီပွဲတွေမှာ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ်လိုက်ဗလီတို့ တက်ရောက်ခဲ့ကြပြီး ကြယ်ပွင့်စုံတွဲရဲ့ ဒုတိယမြောက် ရင်သွေးလေးမွေးဖွားချိန်မှာလည်း ဆေးရုံသို့ လာရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရပါတယ်။
အေးပြည့်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် စံပြစိုက်ခင်းနှင့် စမ်းသပ်ကွက် ကြည့်ရှု

Image may contain: one or more people, people standing, outdoor and nature
ဝါးခယ်မ ဇူလိုင် ၃ဝ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မ
မြို့နယ် သဲကုန်းကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်း
ပညာသုံး စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်
ခင်းနှင့် ကံကွင်းကျေးရွာရှိ စပါးဖျက်ရွှေခရုကာကွယ်
ရေး သုတေသနစမ်းသပ်ကွက်တို့ကို ဇူလိုင် ၂၉ ရက်
နံနက် ၁၁ နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး
ချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှု
စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသ
ကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊
မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တာဝန်ရှိသူ
များက တောင်သူဦးရွှေပွား၏ စံပြစိုက်ခင်း၌ ကောက်
စိုက်စက်ဖြင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့များ စိုက်ပျိုး
ထားရှိမှု၊ ပေါင်းလိုက်သမန်းနှိုးခြင်းလုပ်ငန်းများ
ဆောင်ရွက်နေမှု၊ စပါးဖျက် ရွှေခရုကာကွယ်ရေး
သုတေသနစမ်းသပ်ကွက်၌ ဆောင်ရွက်ထားရှိမှု
များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စီးပွားဖြစ် မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်မှုဖြင့်
ဒေသခံတောင်သူလယ်သမားများ၏ လူမှုစီးပွား
ဘဝဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်
ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ လက်ရှိ
ဆောင်ရွက်နေသော စံပြစိုက်ကွက်၊ ရွှေခရုကာကွယ်
ရေး သုတေသနစမ်းသပ်ကွက်များကို အခြေခံကာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သင့်ကြောင်း လမ်းညွှန်မှာ
ကြားခဲ့သည်။
မြို့နယ် (ပြန်/ဆက်)

အိုလံပစ်နေ့အထိမ်းအမှတ် ရွှေမန်းမောင်မယ်နှင့် အမျိုးသား၊ အမျိုးသမီး ကြံ့ခိုင်မှုပြိုင်ပွဲကျင်းပ

Image may contain: 7 people, people smiling, people standing
မန္တလေး ဇူလိုင် ၃ဝ
မန္တလေးတိုင်းဒေသကြီး ကာယဗလနှင့် ကာယ
ကြံ့ခိုင်မှု ဆပ်ကော်မတီက ကြီးမှူး၍၂ဝ၁၈ ခုနှစ်
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်း
အမှတ် ရွှေမန်းမောင်၊ ရွှေမန်းမယ်နှင့် အမျိုး
သား၊ အမျိုးသမီး ကြံ့ခိုင်မှုပြိုင်ပွဲများကို ဇူလိုင်
၂၉ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့တော် ခန်းမ၌ ကျင်းပသည်။
အဆိုပါ ရွှေမန်းမောင် အငယ်တန်းပြိုင်ပွဲ တွင် ၁၆ ဦး၊ အကြီးတန်းပြိုင်ပွဲတွင် ခြောက်ဦး၊
ရွှေမန်း ကာယကြံ့ခိုင်မှုမယ် ၁၆ဝ စင်တီမီတာ
အောက် ပြိုင်ပွဲတွင် ရှစ်ဦး၊ ၁၆ဝ စင်တီမီတာ
အထက် ပြိုင်ပွဲတွင် ခုနစ်ဦး၊ ၁၇ဝ စင်တီမီတာ
အထက် ပြိုင်ပွဲတွင် ကိုးဦးတို့ ဝင်ရောက်
ယှဉ်ပြိုင်ခဲ့ကြသည်။
ရွှေမန်းမောင် အငယ်တန်း ကာယဗလ
မောင်ပြိုင်ပွဲတွင် ပထမ အောင်ကိုသက်၊ ဒုတိယ
ထက်အာကာလင်း၊ တတိယလွင်ကို၊ အကြီး
တန်းပြိုင်ပွဲတွင် ပထမ လမင်းတရာ၊ ဒုတိယ
စိုင်းချစ်ငွေ၊ တတိယ အောင်ကိုသက်၊Sport Physique 170 cm အောက် ပြိုင်ပွဲ၌ ပထမ
အောင်အောင်၊ ဒုတိယ လွင်ကို၊ တတိယ ကျော်
စွာယု၊ Model Physique 160 cm အောက်
ပြိုင်ပွဲတွင် ပထမ ယဉ်ယဉ်၊ ဒုတိယ တိုးတိုး
လွင်၊ တတိယ ဖြူဖြူဝင်းတို့က ရရှိကြပြီး 160 cmအထက်ပြိုင်ပွဲတွင်ပထမ မေသူစိုး၊
ဒုတိယ ဝါဝါသိန်း၊ တတိယ ရွှေရည်မင်းအိမ်၊
စတုတ္ထ လွင်မီမိုး၊ ပဉ္စမ နန်းမိုးခေးတို့က ရရှိကြ
သည်။
တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ
ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ ဥက္ကဋ္ဌ၊
ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တိုင်းကာယ
ဗလ နှင့် ကာယကြံ့ခိုင်မှုကော်မတီဝင်များဖြစ်
ကြသည့် ဒေါ်သန္တာဘုန်းဝင်း၊ ဒေါ်ကြည်ကြည် ဆွေ၊ တွဲဖက်ပါမောက္ခ(ငြိမ်း)ဒေါ်သက်နုလင်း တို့က ဆုအသီးသီးချီးမြှင့်ကြသည်။
တိုင်းဒေသကြီး အားကစားနှင့် ကာယ
ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန­္တလေးတိုင်း
ဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှု ဆပ်
ကော်မတီဥက္ကဋ္ဌ ဦးဟန်မြိုင်နှင့် ဆပ်ကော်မတီ
ဝင်များ၊ အကဲဖြတ် အမှတ်ပေးဒိုင်အဖွဲ့ဝင်များ၊ ပူးပေါင်းပါဝင်ကူညီကြသည့် အလှူရှင် ကုမ္ပဏီ
များမှ တာဝန်ရှိသူများ၊ ကိုယ်ကာယကြံ့ခိုင်မှု
သင်တန်းကလပ်များမှ နည်းပြများနှင့် အား
ကစားသမားများ၊ ပြိုင်ပွဲဝင်များ၊ အခြား
ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ
တက်ရောက်အားပေးခဲ့ကြသည်။
တင်မောင် (မန်းကိုယ်ပွား)

ခေတ်လေးခေတ်ဟန်ကို ရေးဆွဲထားသည့် တန်ဖိုးမြင့် ပုလင်းပန်းချီမှာ တစ်မူထူးခြားနေ

Image may contain: 2 people
မန္တလေး ဇူလိုင် ၃ဝ
ရှားပါးပြီး စိတ်ဝင်စားဖွယ်ဖြစ်သည့် ပုလင်း
ပန်းချီရေးဆွဲမှုတွင် ပုလင်းအမြင့် ၁၆ လက်မ လုံးပတ်၂၈ လက်မ အရွယ်အစားရှိ ပုလင်းကြီး
အတွင်း ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ဆို
သော ခေတ်လေးခေတ် ဝတ်စားဆင်ယင်မှုများ
ဟန်ကို သီးသန့်မှာယူသည့်အတွက် ရေးဆွဲ ပေးလျက်ရှိသည်။
ခေတ်လေးခေတ် ဝတ်စားဆင်ယင်မှုရေးဆွဲ
နိုင်ရန်အတွက် ဦးအေးမြင့် (မြန်မာမှုဒီဇိုင်း
သုတေသီ)၏ စာအုပ်မျက်နှာဖုံးပန်းချီစာအုပ်
ကို လေ့လာကာရေးဆွဲခဲ့ရသည်။ ပုလင်းအရွယ်
အစားကြီးမားကာ ပုလင်းအဝတွင် အထစ် သဖွယ်ဖြစ်နေသည့်အတွက် သာမန်ပုလင်း ပန်းချီရေးဆွဲသည့် စုတ်တံဖြင့် ရေးဆွဲမရဖြစ်
ကာ အခက်အခဲဖြစ်သည့်အတွက် သီးခြား
စုတ်ကို ကိုယ်တိုင်ထိုးကာ ရေးဆွဲခဲ့ရကြောင်း
သိရသည်။
ခေတ်လေးခေတ်တန်ဖိုးမြင့် ပုလင်းပန်းချီ
တစ်လုံးကို ငွေကျပ်သိန်း ၂ဝ ဖြင့် ရောင်းချခဲ့ပြီး ဆက်လက်ရေးဆွဲလျက်ရှိကြောင်း မန္တလေး
မြို့အနီး အမရပူရမြို့ မြေပဲတန်းရပ်ရှိ ပုလင်း
ပန်းချီရေးဆွဲသူ ဦးချစ်မြက ဇူလိုင် ၂၉ ရက်က
ပြောပြသည်။
ရှားပါးပြီး အနုပညာလက်ရာမြောက်သည့်
မှန်ပန်းချီ၊ ပုလင်းပန်းချီ၊ အုန်းခွက်ပန်းချီ၊
ဘူးပန်းချီများကို ရေးဆွဲမှုလုပ်ငန်းမှာ ကင်း
ဘတ်ပေါ်တွင်ရေးဆွဲသည့် ပန်းချီကို အခြေခံ
ကာ မှန်ပန်းချီရေးဆွဲခြင်းလုပ်ငန်းမှ စတင်ခဲ့ပြီး
ပုလင်းပန်းချီမှာ ပုလင်းအတွင်းမှ ရေးဆွဲရ
သည့်အတွက် ခက်ခဲလှသည်။
၂ဝဝ၇ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ပညာ
ရှင်များက မြန်မာနိုင်ငံမှ ပုလင်းပန်းချီရေးဆွဲသူ
ဦးချစ်မြကို ရှာဖွေပြီး ပုလင်း ပန်းချီ၊ မှန်ပန်းချီ
များကို သုတေသနပြုလုပ်ခဲ့ပြီး လက်ရှိကာလ
အထိ အမေရိကန်တက္ကသိုလ်ပညာရှင်များ မြန်မာနိုင်ငံတက္ကသိုလ် ပညာရှင်များ
ပူးပေါင်းကာ ရှားပါးလက်ရာဖြစ်သည့်
မှန်ပန်းချီနှင့်ပုလင်းပန်းချီ သုတေသနပြုမှု
အတွက် ရေးဆွဲပေးနေရသည်။
နိုင်ငံတကာမှ ပန်းချီ၊ ပန်းပုပညာရှင်များ၊
အဆက်မပြတ် လာရောက်လေ့လာမှုများ ပညာနှီးနှောဖလှယ်မှု ပြုလုပ်သည့်အခါများ
တွင် အခါအားလျော်စွာ ပြပွဲများနှင့် နှီးနှော
ဖလှယ်ပွဲများကို ပြုလုပ်ပေးလျက်ရှိသည်။
လက်ရှိကာလတွင် ပုလင်း၊ မှန်၊ အုန်းခွက်၊ ဘူးခါး
သီးပန်းချီများကို တွင်ကျယ်စွာ ရေးဆွဲလျက်ရှိ ကြောင်း သိရသည်။
နွေနဒီ(မြစ်ငယ်)

ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁ဝ ခု ရာနှုန်းပြည့်နီးပါးပြီးစီး

Image may contain: ocean, sky, beach, outdoor, water and nature
မကွေး ဇူလိုင် ၃ဝ
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် ဧပြီလမှ
စက်တင်ဘာလထိ ခြောက်လအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁ဝ ခု အား
တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ်
သန်း ၁၅၅၂ ဒသမ ၉၁ သန်းဖြင့် ဆောင်
ရွက်လျက်ရှိရာ လုပ်ငန်း ရှစ်ခုမှာ ရာနှုန်း
ပြည့်ပြီးစီးသွားပြီဖြစ်ပြီး ကျန်နှစ်ခုမှာ
ဆောင်ရွက်ဆဲဖြစ်ကြောင်း မကွေးတိုင်း
ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း
များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြား
ရေးမှူးထံမှ သိရသည်။
ရေစကြိုမြို့နယ် ဇရပ်နီကျေးရွာ ချင်းတွင်းမြစ်ရေတိုက်စားမှု၊ ပေါက်မြို့
နယ် သမားတော်ကျေးရွာ ရေပြာချောင်း
တိုက်စားမှု၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ
အုပ်စု ထူးပေါက်-အင်းကုန်းကျေးရွာ
ကမ်းပြိုမှု၊ ငဖဲမြို့နယ် နယ်ဇောကျေးရွာ မန်းချောင်းရေတိုက်စားမှု၊ ပေါက်မြို့နယ်
ချောင်းကူးကျေးရွာကမ်းပြိုမှု၊ ရေနံချောင်း
မြို့နယ် ပင်းဝကျေးရွာ ပင်းချောင်း
ရေတိုက်စားမှု၊ စလင်းမြို့နယ် ဆင်မကွန်း
ကျေးရွာကမ်းပြိုမှု၊ အောင်လံမြို့နယ်
ရွာထောင်ကျေးရွာ အခြေခံပညာမူလတန်း
ကျောင်း ချောင်းရေတိုက်စားမှုစသည့်
ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ရှစ်ခုမှာ
ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
''ကျန်နေသေးတဲ့ ဆင်ပေါင်ဝဲမြို့နယ်
စည်တိုင်းကျေးရွာ ကမ်းပြိုကာကွယ်ရေး
လုပ်ငန်းက ၉ဝ ရာခိုင်နှုန်းပြီးနေပါပြီ၊ ကံမမြို့နယ်ထဲက ရေနံသာကျေးရွာ မန်း
ချောင်းရေ တိုက်စားမှုလုပ်ငန်းကတော့ ရေတက်နေလို့ ဆောင်ရွက်မှုအပိုင်းက ၇ဝ ရာနှုန်းလောက်ပဲ ပြီးပါသေးတယ်၊ ဆောင်ရွက်နေရတဲ့ လုပ်ငန်း ၁ဝ ခုထဲ
မှာ ကိုးခုက ချောင်းရေတိုက်စားတာ
ကြောင့်ဖြစ်ပြီး တစ်ခုက မြစ်ရေတိုက်စား
မှုကြောင့် ဖြစ်တာကိုတွေ့ရပါတယ်'' ဟု မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်
နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်
ကပြောသည်။
ယခု ခြောက်လတာလုပ်ငန်းများပြီးစီး
လျှင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်
တိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး
လုပ်ငန်း ၁၆ ခု ဆောင်ရွက်နိုင်ရန် တိုင်း
ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားမှု
အား တိုင်းဒေသကြီးလွှတ်တော်မှ
အတည်ပြုထားပြီဖြစ်သည့်အတွက် တိုင်း
ဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်
သုံးဘီလီယံခန့် သုံးစွဲဆောင်ရွက်ရန်ရှိ နေကြောင်း ဦးဇော်လွင်က ဆိုသည်။
ယခုနှစ်မိုးရာသီကာလ မိုးများသော်
လည်း ဆောင်ရွက်ထားပြီး လုပ်ငန်းများမှာ ပျက်စီးမှုမရှိဘဲ ကျေးရွာများကို အကာ
အကွယ်ပေးနိုင်ခဲ့ကြောင်း၊ ကမ်းပြိုကာ
ကွယ်ရေးလုပ်ငန်းများကို မကွေးတိုင်း
ဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေ
ခြင်းဖြစ်ပြီး ရေလမ်းကြောင်းထိန်းသိမ်း
ရေးလုပ်ငန်းများအတွက် ပြည်ထောင်စု
ဘတ်ဂျက်မှ နှစ်စဉ်ချထားပေးနေကြောင်း သိရသည်။
ဇေယျတု (မကွေး)

ရေကြီးနစ်မြုပ်သည့် ဒေါ်လန်းကျေးရွာရှိ ပြည်သူများအား သွားရောက်ထောက်ပံ့

Image may contain: 1 person, sitting, outdoor and water
ဘားအံ ဇူလိုင် ၃ဝ
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ ဒေါ်လန်း
ကျေးရွာ၌ မိုးရွာသွန်းမှုများပြားပြီး ချောင်းရေ
မြင့်တက်လာကာ လွန်ခဲ့သည့်တစ်ပတ်ခန့်က
ရေကြီးနစ်မြုပ်ခဲ့ရာ ရေဘေးစခန်းများရှိ ရေဘေး
ကျရောက်နေသည့် ပြည်သူများအား ဇူလိုင် ၂၉
ရက် နံနက် ၁၁ နာရီက ကရင်ပြည်နယ်အစိုးရ
အဖွဲ့နှင့် စေတနာရှင်များက ထောက်ပံ့ လှူဒါန်း
သည့် ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြ သည်။
ဒေါ်လန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အထက ကျောင်းနှင့် ကွမ်ဖော်ဘုန်းတော်ကြီး
ကျောင်းတို့တွင် ယာယီရေဘေးစခန်း သုံးခု
ဖွင့်လှစ်ထားခဲ့ရာ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် မွန်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်
ဝင်း၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး
ဦးခွန်မျိုးတင့်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်
ကျန်းမာရေးဦးစီးဌာန ဆရာဝန်၊ ဘားအံခရိုင်
အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များသည် ကရင်
ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ကျန်းမာရေး
ဦးစီးဌာန၊ ဘားအံမြို့ တော်ဝင်သုခအထူးကု
ဆေးရုံနှင့်အလှူရှင်များက ထောက်ပံ့လှူဒါန်း
သော ဆန် ၂၅ အိတ်၊ ကြက်ဥအလုံး ၅ဝဝ၊ ဆီပိဿာချိန် ၈ဝ ၊ အသင့်စား ခေါက်ဆွဲထုပ် ဖာ ၃ဝ၊ အဝတ်အထည်စုံပါဝင်သည့် အထည်
ထုပ် ၁၅ဝ နှင့် ရေသန့်ဆေးနှင့် အရေးပေါ်
အသုံးပြုနိုင်သည့် ဆေးဝါးများကို ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)

ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦးအား ရုံးထုတ်စစ်ဆေး

Image may contain: 5 people, people standing, child, shoes and outdoor
ရန်ကုန် ဇူလိုင် ၃ဝ
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ဖမ်းဆီးခြင်းခံထားရ သော ရန်ကုန်အခြေစိုက် ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်(ခ)ဝလုံးနှင့် ကိုကျော်စိုးဦး(ခ)မိုးအောင်တို့ကို ယနေ့နံနက် ၁ဝ နာရီက မြောက်ပိုင်းခရိုင် တရားရုံးတွင် ခရိုင်တရားသူကြီး ဦးရဲလွင်က စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရန်ကုန်မြောက်ပိုင်းခရိုင် သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒုတိယခရိုင် တရားသူကြီး ဒေါ်စုစန္ဒာဝင်းက ''ကျွန်မတို့ မြောက်ပိုင်းခရိုင်တရားရုံး ၂ဝ၁၈ ခုနှစ် ရာဇဝတ်ကြီးအမှုအမှတ် ၄ တရားလို ဒုတိယရဲမှူးကြီးယုနိုင်၊ ပြစ်မှု ကျူးလွန်သူ သက်ဦးမောင်(ခ)ဝလုံး ပါ-၂ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)အရစွဲဆိုမှုကနေ ဒီကနေ့ နှစ်တရားခံဖြစ်တဲ့ ကျော်စိုးဦး (ခ)မိုးအောင်ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန်စစ်မေးခဲ့ပါတယ်။ အမှုမှ တင်ပြထားတဲ့ တရားခံပြသက်သေ လေးဦးထဲက ရန်ကုန်အခြေစိုက်ရိုက်တာ သတင်းဌာနက တရားခံပြသက်သေတစ်ဦးဖြစ်တဲ့ ယာဉ်မောင်း ကိုမျိုးသန့်ထွန်း ကို စစ်ဆေးခဲ့ပါတယ်။ ဒီနေ့စစ်ဆေးရာမှာ ရုံးချိန်ကုန်ဆုံးတဲ့အထိ စစ်ဆေးမှု တွေ ပြုလုပ်ခဲ့ပြီး ထပ်မံစစ်ဆေးမှုပြုလုပ်ရန် သြဂုတ် ၆ ရက် တနင်္လာနေ့ကို ချိန်းဆိုထားပါတယ်။ အဲဒီရုံးချိန်းမှာ ကျန်ရှိနေသေးတဲ့ တရားခံပြသက်သေ သုံးဦးထဲက နှစ်ဦးကို ရုံးရှေ့တင်ပို့ပေးနိုင်ဖို့ အမှုလိုက်ဥပဒေအရာရှိကို လမ်းညွှန်မှာကြားခဲ့တာရှိပါတယ်'' ဟု ပြောသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)