Tuesday, July 31, 2018

ရေပြန်လည်ကျဆင်းနေပြီဖြစ်၍ သထုံ-ဘီးလင်း လမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့်ပြု

Image may contain: beach, sky, outdoor, nature and water
ဘီးလင်း ဇူလိုင် ၃ဝ
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မြို့နယ်အချို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး ဘီးလင်းမြို့နယ်နှင့် ကျိုက်ထို မြို့နယ်များအတွင်းရှိ အချို့နေရာများတွင် လမ်း ရေကျော်မှုများ ဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းမှ စတင်၍ အဝေးပြေးလမ်းမကြီးပေါ်၌ ရေပြန်လည် ကျဆင်းနေပြီဖြစ်သောကြောင့် သထုံ - ဘီးလင်း လမ်းပိုင်းရှိ ယာဉ်များအား ယနေ့ညနေပိုင်းက ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီဖြစ်သည်။
ရန်ကုန်-မော်လမြိုင် လမ်းပိုင်းပေါ်ရှိ ယာဉ်များ ဖြတ်သန်းသွားလာသည့် လမ်းပိုင်းတစ်လျှောက်တွင် လမ်းပိုင်းကြီးကြပ်ကွပ်ကဲရေးများ၊ ကယ်ဆယ်ရေး အဖွဲ့များ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ က စောင့်ကြည့်ပေးလျက်ရှိကြောင်း သိရသည်။
''ကျွန်မက မော်လမြိုင်မြို့မှာ စားသုံးဆီဖြန့်ဖြူး နေတာပါ၊ ဘီးလင်းဘက်ခြမ်းမှာ ဆီကားပိတ် နေလို့ လာလို့မရတာ ကြာပါပြီ၊ ဒီညနေတော့ ဘီးလင်းဘက်ခြမ်းမှာ ရေကျနေပြီဖြစ်လို့ တာဝန် ရှိသူတွေက ယာဉ်တန်းကို လွှတ်ပေးလိုက်ပါပြီ၊ မနက်ဖြန်ကစပြီး မော်လမြိုင်မြို့မှာ စားသုံးဆီ ပြန်ဖြန့်ဖြူးလို့ရပြီဆိုတော့ အလွန်ဝမ်းသာရပါတယ်၊ ဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိသူတွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်''ဟု မော်လမြိုင်မြို့ ဖက်တန်းရပ်တွင် ဆီရောင်း ချနေသော ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လမ်းဦးစီးဌာနကလည်း ရန်ကုန်- မော်လမြိုင် ဘီးလင်းလမ်းပိုင်းအခြေအနေကို အချိန်နှင့်တစ်ပြေးညီစစ်ဆေး ဆောင်ရွက်ခဲ့ပြီး လမ်းတံတားကြံ့ခိုင်မှုစစ်ဆေးခြင်းများ၊ ဖယ်ရှားရှင်းလင်းခြင်း များကို ယနေ့နံနက်ပိုင်းမှစတင်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်မှစတင်၍ ဘုရားကြီး-မော်လမြိုင်-ထားဝယ်-ကော့သောင်းအဝေးပြေးလမ်းမကြီးကို ယာယီပိတ်ထားခဲ့ရပြီး လမ်းပန်း ဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့ရသောကြောင့် မွန်ပြည်နယ်အတွင်း စားနပ် ရိက္ခာနှင့် စက်သုံးဆီများ လုံလောက်မှုရှိစေရေးကို စီစဉ်ဆောင်ရွက်ထားရှိခဲ့ ကြောင်း၊ လက်ရှိအခြေအနေတွင် အဝေးပြေးလမ်းမကြီးပေါ်၌ ရေပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် ထားဝယ်-မော်လမြိုင်-ရန်ကုန်အဝေးပြေး လမ်းမကြီး ရေကျော်မှုဖြစ်ပွားသည့် နေရာများကို လမ်းတံတားပညာရှင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ စုဖွဲ့ပြီး လမ်းကြံ့ခိုင်မှုအခြေအနေ၊ တံတားကြံ့ခိုင်မှု အခြေအနေများနှင့် ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာ နိုင်မှုအခြေအနေများကို အန္တရာယ် ရှိ၊ မရှိစစ်ဆေးခဲ့ကာ ဘေးအန္တရာယ် ကင်းရှင်းနေပြီဖြစ်၍ တာဝန်ရှိသူများက ယာဉ်များကို ဖြတ်သန်းသွားလာခွင့်ပြု ခဲ့ကြောင်း သိရသည်။
ပွင့်သစ္စာ

No comments:

Post a Comment