Tuesday, July 31, 2018

နေပြည်တော်တွင် အာရှကလပ် ဘော်လီဘောပြိုင်ပွဲ စတင်ကျင်းပ

Image may contain: 2 people, people smiling, people playing sports and basketball court
နေပြည်တော် ဇူလိုင် ၃ဝ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၈ အာရှကလပ် ဘော်လီဘောပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ စတင်ကျင်းပသည်။ မြန်မာကလပ် Asia World အသင်းက တာ့ခ်မင်နစ္စတန်ကလပ်ကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရပြီး ပွဲဦးထွက် နိုင်ပွဲစတင်ရရှိခဲ့သည်။
မြန်မာကလပ် Asia Worldအသင်းသည် တာ့ခ်မင်နစ္စတန်ကလပ် အသင်းနှင့် ၂၅-၁၆ မှတ်၊ ၂၅-၂၃ မှတ်၊၂၁-၂၅ မှတ်၊ ၂၅-၂၁ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ပြိုင်ပွဲပထမနေ့တွင် စုစုပေါင်း ငါးပွဲ ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာကလပ် Asia World အသင်းက တာ့ခ်မင်နစ္စတန်ကလပ်ကို သုံးပွဲ-တစ်ပွဲ၊ ထိုင်းကလပ်အသင်းက ဟောင်ကောင်ကလပ်အသင်းကို သုံးပွဲပြတ်၊ သီရိလင်္ကာကလပ်အသင်းက သြစတြေးလျကလပ်အသင်းကို သုံးပွဲပြတ်၊ တရုတ်(တိုင်ပေ) ကလပ်က တရုတ်ကလပ်ကို သုံးပွဲ-နှစ်ပွဲ၊ အီရန်ကလပ်က ကာဇက်စတန်ကလပ်ကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် အီရန်၊ ဂျပန်၊ ကာဇက်စတန်၊ အုပ်စု(ခ)တွင် တရုတ်၊ တရုတ်(တိုင်ပေ)၊ ဗီယက်နမ်၊ အုပ်စု(ဂ)တွင် ထိုင်း၊ သြစတြေးလျ၊ သီရိလင်္ကာ၊ ဟောင်ကောင်၊ အုပ်စု (ဃ) တွင် မြန်မာ၊ ပါကစ္စတန်၊ တာ့ခ်မင်နစ္စတန်ကလပ်အသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်း သည် အုပ်စုဒုတိယပွဲအဖြစ် ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီတွင် ပါကစ္စတန် ကလပ်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အုပ်စုပွဲများကို ဇူလိုင် ၃ဝ ရက်မှ သြဂုတ် ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သြဂုတ် ၂ ရက်တွင် ပြိုင်ပွဲရပ်နားမည်ဖြစ်ကာ သြဂုတ် ၃ ရက်တွင် အဆင့် သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ်၊ ဆီမီး ဖိုင်နယ်၊ ဗိုလ်လုပွဲ၊ တတိယလုပွဲနှင့် အခြားအဆင့်ရပ်တည်မှုများအတွက် ပွဲများကို သြဂုတ် ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်း သည် ပရော်ဖက်ရှင်နယ်ကလပ်အသင်းများ ဖွဲ့စည်းနိုင်ခြင်းမရှိသေးသော ကြောင့် လက်ရွေးစင်အသင်းကို Asia Worldအသင်းအမည်ဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ- ဖိုးသော်ဇင်

No comments:

Post a Comment