Tuesday, July 31, 2018

ကန့်ဘလူမြို့နယ်ရှိ မဟာဂါဆည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

Image may contain: outdoor and nature
ကန့်ဘလူ ဇူလိုင် ၃ဝ
ကန့်ဘလူမြို့နယ်ရှိ မဟာဂါဆည်ကိုပြန်လည် ပြုပြင် ခြင်းလုပ်ငန်းများအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး၏ ခွင့်ပြုရန်ပုံငွေကျပ် ၈၆ သန်းဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဟာဂါဆည်သည် အလျား ပေ ၈ဝဝ၊ တာ အောက်ခြေ ပေ ၆ဝ၊ အမြင့် ၁၅ ပေရှိ၍ သပ်ကျင်း တူးဖော်ခြင်းလုပ်ငန်း၊ တမံမြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အလျား ၈၅ ပေ၊ အနံ ၂၄ ပေရှိ ရေပိုလွှဲတစ်ခု ထည့်သွင်းတည်ဆောက် ပေးသွားမည်ဖြစ်ပြီး ရေထုတ်ပြွန်အဟောင်းအား ပြန်လည်ပြုပြင်၍ ဂီယာအုံ၊ ရေတံခါးရွက်များ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးမှူး ဦးမြတ်သူလွင်က ပြောသည်။
ဆည်ပြုပြင်ခြင်းလုပ်ငန်းများကို တင်ဒါ အောင်မြင်သော ထက်ရှိုင်းလင်းတည်ဆောက်ရေး ကုမ္ပဏီက ဇူလိုင် ၂ ရက်တွင် စတင်တာဝန်ယူ တည်ဆောက်လျက်ရှိသည်။
အဆိုပါ မဟာဂါဆည်သည် ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ အနောက်မြောက်ဘက် မိုင်ဝက် ခန့်တွင်တည်ရှိပြီး ၁၉၈၆ ခုနှစ်က ပြည်သူများ၏ လုပ်အားဖြင့် စတင်တည်ဆောက်ခဲ့ပြီး ရေလွှဲ ရှပ်တာပေါက်ကို ယခင် ဆည်မြောင်းဦးစီးဌာနက တည်ဆောက်ပေးခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပေ ၂ဝဝ ခန့် ကျိုးပေါက် ပျက်စီးခဲ့ရာ ဆည်မြောင်းဦးစီးဌာနက စက်ယန္တရားကြီးများဖြင့် တမံမြေသား ပေါင်ဖို့ခြင်း လုပ်ငန်းများကို ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ၂ဝ၁၆ ခုနှစ် သြဂုတ် ၂ဝ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ သြဂုတ် ၂၁ ရက်တွင် ပေ ၃ဝ ခန့် ကျိုးပေါက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများက အကြီးစားပြုပြင်ပေးရန် မျှော်လင့်ခဲ့ ကြသည်။
မဟာဂါဆည်သည် တောင်ကျရေကို တားဆီး တည်ဆောက်ထားသည့် တစ်ဖက်ပိတ်မြေသားတမံ ဖြစ်၍ တောင်ကျရေများချိန်တွင် မြေသားတမံ ကျိုးပေါက်နိုင်သဖြင့် ဆည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)

No comments:

Post a Comment