Tuesday, July 31, 2018

ရဲနွယ်ဆည် စိုးရိမ်စရာအခြေအနေမရှိ

Image may contain: sky, outdoor, nature and water
ကျောက်တံခါး ဇူလိုင် ၃ဝ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ရဲနွယ်ဆည်သည် ကန်ရေသတ်မှတ်ချက်ပြည့်မီရန်ပင် လိုနေသေးကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရဲနွယ်ဆည်၊ စိမ့်ကြီး တာတမံ၊ မဒေါက်တာ၊ သောက်ရေခပ်ဆည်များ ကျိုးမည်၊ ရေများ လွှတ်ချမည် ဟူသော ကောလာဟလသတင်းများအရ ဒေသတွင်းပြည်သူများအကြား စိုးရိမ် ပူပန်မှုများရှိခဲ့ပြီး စစ်တောင်းမြစ်ရေ အဆမတန်မြင့်တက်လာမှုကြောင့် ဖြူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများရှိ လူနေအိမ်များ ရေနစ်မြုပ်ခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရခြင်း၊ လယ်ယာဧကသိန်းနှင့်ချီ၍ ရေလွှမ်းနစ်မြုပ်ခြင်းများခံနေရ၍ သက်ဆိုင်ရာ ဆည်၊ တမံ၊ ရေကာတာများအား သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တာဝန်ရှိသူများက နေ့ညမပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးကာ အနီးတွင်နေထိုင်ကြသော ပြည်သူများအား သတိမပြတ်နေထိုင်ရန် သတိပေးကြော်ငြာထားကြောင်း သိရသည်။
ကောလာဟလသတင်းများနှင့်ပတ်သက်၍ မြို့နယ်ဆည်မြောင်း လက်ထောက်အင်ဂျင်နီယာ ဦးတင့်လွင်က ''ရဲနွယ်တာတမံရဲ့ အခုလက်ရှိ ရေအမှတ်က ၃၂၈ ဒသမ ၆၅ မှာ ရောက်နေပါတယ်။ ကန်ရေပြည့်အမှတ် ၃၃ဝ ပါ။ ၁ ဒသမ ၃၅လောက် လိုသေးတယ်။ ကန်ရေပြည့်လည်း ရေပိုလွှဲကနေ ကျော်ကျတဲ့စနစ် ထည့်သွင်းတည်ဆောက်ထားတာပါ။ ၂ဝဝ၆၊ ၂ဝဝ၇ ခုနှစ် လောက်ကဆို ရေပိုလွှဲကနေ ၃ ဒသမ ၉ ပေလောက်အထိ ကျော်ကျခဲ့ဖူးတယ်။ သံကူကွန်ကရစ် နည်းပညာနဲ့ စနစ်တကျတည်ဆောက်ထားတာပါ။ ကောလာဟလတွေကို ပြည်သူတွေ မယုံကြပါနဲ့''ဟု ဇူလိုင် ၃ဝ ရက်က ပြောကြားခဲ့သည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment