Monday, August 31, 2015

အက်သလက်ကို ပြန်လည်ခြေချလိုသည့်ဒီယေဂိုကော်စတာ ဈေးကွက် ပိတ်သိမ်းချိန်အထိ ပေါ့ဘာကို လက်မလျှော့မည့် ချယ်လ်ဆီး


ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် သူ၏ ရွှေရောင်နေ့ရက်များဖြတ်သန်းရာ အက်သလက်တီကိုအသင်း သို့ပြန်လည်ခြေချလိုသဖြင့် လျှို့ဝှက်ချိတ်ဆက်မှုများပြုလုပ် နေသည်ဟု ဒေးလီးအိပ်စ်ပရက်စ်ကဖော်ပြသည်။ဒီယေဂို ကော်စတာသည် ပရီမီယာလိဂ်သို့ပြောင်းရွှေ့ရောက်ရှိလာ သည်မှာ တစ်နှစ်သာရှိသေးသော်လည်း ချယ်လ်ဆီးတွင် ဒဏ်ရာ ပြဿနာအပြင် အင်္ဂလန်မီဒီယာများ၏ လူမှုရေးကိစ္စရပ်များအထိ ပါ အသားပေးရေးသားဖော်ပြချက်များကြောင့် အင်္ဂလန်မြေတွင် မပျော်ပိုက်တော့ဘဲ အက်သလက်သို့ တစ်ကျော့ပြန်သွားရောက် ကစားလိုခြင်းဖြစ်သည်။
ကော်စတာသည် ပြီးခဲ့သည့် သြဂုတ်၂၈ရက်က အက်သလက် ဥက္ကဋ္ဌမီဂွဲလ်အိန်ဂျယ်ဂေးလ်နှင့်တွေ့ဆုံခဲ့ပြီး ¤င်းအနေဖြင့် အက် သလက်တီကိုသို့ပြန်လည်ပြောင်းရွှေ့ကစားလိုကြောင်းပြောကြား ခဲ့သည်ဟု မာကာသတင်းစာ၌ဖော်ပြသည်။
ထို့ပြင် ပေါ့ဘာအားခေါ်ယူရန် အပြောင်းအရွှေ့ကာလ ပိတ်သိမ်းသည်အထိ လက်လျှော့မည်မဟုတ်ကြောင်းလည်း ချယ်လ်ဆီးတာဝန်ရှိသူများကပြောကြားခဲ့သည်။ ပေါ့ဘာအား ပထမအကြိမ်အဖြစ်ပေါင်သန်း၇ဝအထိပေးကာ ကမ်းလှမ်းခဲ့ သော်လည်း ဂျူဗင်တပ်ဘက်မှပယ်ချခဲ့ကာ အသင်းမှာ ငွေမလို အပ်ကြောင်း၊ ပေါ့ဘာမှာရောင်းချမည့်ကစားသမားမဟုတ်ကြောင်း အကြောင်းကြားခဲ့သည်။
ထို့နောက် ချယ်လ်ဆီးဘက်မှ ဒုတိယအကြိမ်အဖြစ်ပေါင် ၈၃ဒသမ၇သန်းအထိပေးကာ ထပ်မံကမ်းလှမ်းခဲ့ပြီး ဂျူဗီ၏အကြောင်းပြန်ကြားချက်အား စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု ဖော်ပြသည်။ ချယ်လ်ဆီးသည် ဂျွန်စတုန်းနှင့် ပေါ့ဘာနှစ်ဦးထဲမှ တစ်ဦးကို ယခုနှစ်နွေဈေးကွက်တွင် အရောက်ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည်။
ချယ်လ်ဆီးသည် သြဂုတ် ၃ဝရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်၌ ခရစ္စတယ် ပဲလေ့စ်အားနှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ ပရီမီယာလိဂ် ဖလား အား ယခုနှစ်တွင်ရယူရန် အခွင့် အလမ်း နည်းသွားပြီဆိုသော ဝေဖန်မှုများအပေါ် မှားယွင်း ကြောင်း မကြာမီသက်သေပြသွား နိုင်မည်ဖြစ်ကြောင်းဆိုခဲ့သည်။
မေလဲ့သင်း

လာလီဂါပွဲစဉ်(၂)တွင် ရီးယဲလ်ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး ဘာစီလိုနာ နိုင်ပွဲဆက်ခဲ့


သြဂုတ် ၂၉ ရက်ညပိုင်းက လာလီဂါ ပွဲစဉ်(၂)အဖြစ် ပွဲစဉ်ငါးပွဲယှဉ်ပြိုင်ကစားခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာအသင်းမှာ နောက်တန်း ကစားသမား ဗာမေလန်၏ တစ်လုံးတည်းသော သွင်းဂိုး ဖြင့် အနိုင်ရရှိခဲ့ကာ လာလီဂါတွင် နိုင်ပွဲဆက်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပွဲစဉ်(၂)တွင် ရီးယဲလ် ဘတ်တစ်အသင်းအား အိမ်ရှင်အဖြစ် လက်ခံကစားခဲ့ရပြီး တိုက်စစ်မှူး ဂါရတ်ဘေးလ်၏ သွင်းဂိုးနှစ်ဂိုး၊ ဂျိမ်းစ် ရိုဒရီ ဂွက်ဇ်၏ သွင်းဂိုးနှစ်ဂိုးနှင့် ဘင်ဇီမာ၏ သွင်းဂိုးတစ်ဂိုးတို့ ဖြင့် ဘတ်တစ်အသင်းအား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းပွဲစဉ်တွင် အိမ်ရှင်အသင်းရော ဧည့်သည် အသင်းပါ နှစ်သင်းစလုံး ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက် လာခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းသည် ပထမပိုင်းပွဲစပြီး ၂ မိနစ်မှာပင် တိုက်စစ်မှူးဂါရတ်ဘေးလ်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်တွင် ဂါရတ်ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့် ဘင်ဇီမာတို့ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း ရီးယဲလ်မက်ဒရစ်အသင်း၏ ထိပ်တန်း ဂိုးသွင်းရှင် စီရိုနယ်လ်ဒိုမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ရီးယဲလ်ဘတ်တစ်အသင်းမှာမူ ချေပဂိုးပြန်လည် သွင်းယူနိုင်မည့် ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ သော်လည်း ရီးယဲလ်မက်ဒရစ်ဂိုးသမား ကီလာနားဗက်၏ လက်စွမ်းပြကာကွယ်နိုင်ခဲ့ခြင်းကြောင့် ချေပဂိုးရရှိရေး အခွင့်အရေးနှင့် လွဲခဲ့ရပြီး ရီးယဲလ်မက်ဒရစ် အိမ်ကွင်းတွင် ငါးဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။
လာလီဂါပွဲစဉ်(၂)၏ အခြားပွဲစဉ် တစ်ပွဲ ဖြစ်သည့် ဘာစီလိုနာအသင်းနှင့် မာလာဂါ အသင်းတို့၏ ပွဲစဉ်တွင် အာဆင်နယ် နောက်တန်းကစားသမားဟောင်း ဗာမေလန် ၏ ဒုတိယပိုင်းပွဲကစားချိန် ၇၃ မိနစ်တွင် သွင်းယူခဲ့သည့် တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းသွင်းဂိုး သည် ဗာမေလန်အတွက် ဘာစီလိုနာအသင်းသို့ ရောက် ရှိလာခဲ့ပြီးနောက် ပထမဆုံးသွင်းဂိုးလည်းဖြစ်လာခဲ့သည်။
ဘာစီလိုနာအသင်းအတွက်မူ ပွဲစဉ်(၁)တွင် ဘီဘာအို အား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားခဲ့သည့်အပြင် ယခု ပွဲစဉ်(၂)တွင် မာလာဂါကို တစ်ဂိုး-ဂိုးမရှိဖြင့် ဆက်လက် အနိုင်ရရှိခဲ့ခြင်းကြောင့် လာလီဂါတွင် နိုင်ပွဲဆက်သည့် ပွဲစဉ်တစ်ပွဲလည်းဖြစ်လာခဲ့သည်။
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုနှင့် ဘာစီ လိုနာတိုက်စစ်မှူးမက်ဆီတို့သည် ပြီးခဲ့သည့် ဘောလုံးရာသီ များတွင် အသင်းအတွက် ဂိုးသွင်းဘုရင်များဖြစ်ခဲ့သော် လည်း လက်ရှိလာလီဂါ နှစ်ပွဲကစားအပြီးတွင် တစ်ဂိုးမျှသွင်းယူပေးနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပေါက်ပျောက်နေဆဲပင် ဖြစ်သည်။
လာလီဂါပွဲစဉ်(၂)၏ အခြားပွဲစဉ်များ ဖြစ်ကြသည့် ရီးယဲလ်ဆိုစီဒက်အသင်းနှင့် စပို့တင်းဂီဂျွန်အသင်းတို့၏ ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဆယ်လ်တာဗီဂို နှင့် ဗယ်လက်ကာနိုအသင်းတို့၏ ပွဲစဉ်တွင် ဆယ်လ်တာ ဗီဂိုအသင်းက ဗယ်လက်ကာနို အသင်းအား သုံးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။
ငွေကြယ်

လာရာလမ်းသို့ ပြန်ခဲ့သည် သားငယ်ကျန်ခဲ့ပြီ


ပြည့်စုံအောင်
တောလမ်းအတွင်း ဆင်ဦးစီးတစ်ယောက်က ထူးခြား မှုတစ်ခုကြောင့် အားလုံးအား မသွားရန်တားမြစ်လိုက် သည်။ ''ဟေ့လူတွေခဏ ကျုပ်နှာခေါင်းထဲမှာ ဆင်အနံ့ရ သလိုပဲ၊ ပတ်ဝန်းကျင်လေ့လာဦးမယ်။ ဆင်ခြေရာသာ တွေ့ပါစေ ဒီကောင်တွေပြေးမလွတ်ပါဘူး'' ဟု ပုသိမ် ဆင်အုပ်ကြီး ဦးစံသိန်းက ပြောလိုက်သည်။
ဆင်များသည် ဦးတည်ရာသို့ သွားနေပြီး ယမန်နေ့က တူရွင်းတောင်ကြောမှ ကျောက်ပန်းတောင်းဘက်သို့ ဦးတည်လာပြန်သည်။ နယ်ခံသတင်းများအရ ''ဟိုရွာဘက် တွင်တွေ့လိုက်တယ်။ ဒီရွာဘက်က ဖြတ်သွားတယ်'' ဟု ကြားနေရသော်လည်း အတည်ပြုချက် မရပြန်။
ညောင်နီကျင်းရွာထိပ်ရှိ သပြေအိုင့်လမ်းခွဲမှ စတင် ချင်းနင်းဝင်ရောက်ခဲ့ပြီး ဖြစ်နိုင်ခြေ သတင်းထွက်ပေါ်သော အင်တိုင်ဆည်အတွင်းမှ မိုင် ၂ဝ နီးပါး တောဝင်ပြီး လျှိုများ၊ ချောက်ကမ်းပါးများတွင် လိုက်လံရှာဖွေရလေတော့သည်။ ''အင်းဗျာ သတင်းအရသာ လိုက်နေရတယ်။ ဆင်ပြောင်ကြီးအမြီးတစ်နေသလို ဖြစ်နေပြီ။ နေကလည်း အတော်ပူလာပြီ။ လမ်းကြောင်းတော့ပြောင်းမှဖြစ်မယ်'' ဟု အတွေ့အကြုံရင့်သူ ဆင်ထိန်းတစ်ဦးက ဆိုလေသည်။ ကံကြီးသဲတိုက်နယ် မြေညောင်ပင်ခါးရွာရောက်တော့ ကျွန်တော်တို့အတွက် သတင်းအစစ်မှန်ရလေပြီ။
''ရွာနားကနေ မနက် ၈ နာရီလောက်က အနောက် ဘက်ကို ဖြတ်သွားတာ ကျုပ်မျက်စိနဲ့ မြင်လိုက်ရတယ်''ဟု ရွာသားတစ်ယောက်ဆီက ကြားလိုက်ရသည်။ ကျွန်တော်တို့ အဖွဲ့ နံနက် ၉ နာရီကတည်းကရှာဖွေနေသော ဆင်အုပ်သည် နေမွန်းလွဲချိန်မှာ သတင်းအနံ့ရလေပြီ။ ပါလာသော ရေဘူးများကုန်ပြီဖြစ်သလို ဝမ်းဗိုက်အတွင်းမှ ဆာလောင်မှုသည်လည်း အချက်ပေးသံ တညံညံပင်။
''မနက်က ကမ်းနှစ်ရွာမြောက်ဘက်က ကမ်းဖြူမှာ ဆင်ငါးကောင် ရေသောက်နေတယ်။ ရေတောင်ကူးသွား သေးတယ်'' ဟု ထပ်မံအတည်ပြုချက်ရပြန်သည်။ ဆင် ငါးကောင် မျက်မြင်သက်သေတွေ့ရှိသော သတင်းကြောင့် ကျန်ဆင်တစ်ကောင်မှာ နတ်ပလင်ရွာအနီးက ဗူးကင်း တောင်ကမ်းပါးယံတွင် ကျန်ရစ်ခဲ့သည်ဟု ဝင်လာသော သတင်းသည်အတည်ပြု၍ ရပြန်သည်။
ကျွန်တော်တို့အဖွဲ့သည် ဆင်ခြေရာ ကောက်ရန် ဒေသခံအကူအညီဖြင့် လမ်းပြခိုင်းရပြန်၏။
''အစ်ကိုတို့ ဒီမှာခဏနားရအောင်ဗျာ။ ကျွန်တော် ကျောက်ပန်းတောင်းကို ထမင်းကြော်နဲ့ရေ လာပို့ဖို့မှာလိုက် ပြီ။ ရှေ့ဘယ်အချိန်ထိ လိုက်ရမှန်းမသိ'' ဟု ဒေသခံ ကိုသက်ဝင်းဆီမှ စကားသံကြားလိုက်သည်။ ဆင်ဦးစီး သုံးယောက်ကတော့ ဆင်ခြေရာများအား လိုက်ကြည့်ရင်း သူတို့၏ မျက်နှာတွင် အဖြေထုတ်တွက်ဆနေလေရာ ''ဟေ့လူတွေ ဒီမှာလာကြည့်၊ တွေ့လား..ဒီကောင်တွေ ဒီယာခင်းမှာ ဖြန့်ပြီးသွားတယ်။ ဒီခြေရာအတိုင်းအတာ ကြည့်ရပုံထောက်တော့ အမြင့်ခုနစ်ပေနီးပါး အကောင် ဖြစ်မယ်။''
အားလုံးလည်း ပင်ပန်းနွမ်းနယ်နေပြီလေ။ ဆင်များ ၏ ခြေရာသည် မည်သည့်ဘက်ဦးတည်နေသည်၊ အသွား ခြေရာလား အပြန်ခြေရာလား တွက်ချက်ရာတွင် ''တွေ့ လား၊ ခြေရာအဝိုင်း အားစိုက်ထားတဲ့ဘက်မှာ မြေသားပိုပြီး အိနေတယ်။ သေချာကြည့် လူတွေလိုပဲသူတို့မှာ ခြေသည်း တွေပါတော့ အရာထင်ကျန်နေတယ်''ဟု ပြသည်။
''နားမယ်ဆိုလည်း ခဏနားဗျာ။ ဒီကောင်တွေ ကျုပ်တို့နဲ့ မဝေးတော့ဘူး။ နေကလည်း မွန်းတည့်နေပြီ ဆိုတော့ သူတို့အုပ်စု လျှိုကောင်းကောင်းတစ်ခုမှာ သေချာ ပေါက် နားနေတော့မယ်။ ဒီကောင်တွေက နေပူရင် အပြင် မထွက်တော့ဘူး'' ဟု ပြည်မြို့မှလာသော ဆင်ထိန်းက မှတ်ချက်ပြုလေသည်။
အဖွဲ့သည် ရွာထိပ်တွင် အချိန် တစ်နာရီကျော်နီးပါး စားသောက်နားခဲ့ပြီး ဆင်များနောက်သို့ ခရီးဆက်ရပြန် လေသည်။
''ဒီမှာတွေ့လား၊ ဒီကောင်တွေ ဒီနေရာရောက်တော့ ရှေ့ကဦးဆောင်တဲ့ ဆင်နောက် လိုက်ကုန်ပြီ။ သေချာပေါက် လျှိုတွေထဲက သွားတာဖြစ်မယ်။''
ကျွန်တော်တို့အဖွဲ့သည် ခြေရာများနောက်လိုက်ရင်း တချို့နေရာများတွင် လျှိုအတွင်း သဲချောင်းများမှလည်းကောင်း၊ လျှိုအထက် ကုန်းမြင့်များမှလည်းကောင်း ဆင်များသွားရာ လမ်းကြောင်းအတိုင်း လိုက်ရပြန်သည်။
တောတိုးသွားရသဖြင့် ဆူးခက်များ ဆူးထိုးခံရခြင်း သည် အတော်ပင်ဂရုစိုက်ရ၏။ ''ဆင်ရိုင်းသဘောက ရှေ့ကနေတည့်တည့်တိုးမှသာ ရန်ပြုတယ်။ အနောက်ကို လှည့်ပြီး အန္တရာယ်မပေးဘူး။ ဒီကောင်တွေ အနံ့ခံကောင်း တယ်။ လူနံ့ရရင် ထွက်ပြေးမှာ ကြည့်နေ''ဟု လမ်းသွားရင်း ဆင်ဦးစီးက သဘောသဘာဝကို ပြောပြသည်။
တချို့နေရာများတွင် မြေကြီးမာကျောမှုကြောင့် ကျွန်တော်တို့သာမန်လူများအတွက် ခြေရာပျောက်သွား သော်ငြား ''လာလာ ဒီဘက်ကို၊ ဒီကောင်တွေ ဒီကနေ ဆင်းသွားပြီ'' ဟု။ ကျွန်တော်တို့မှာ ဟုတ်ပါလေစဆိုသော အတွေးဖြင့် မေးလိုက်မိပြန်သည်။ ''အစ်ကိုကြီး ခြေရာမှ မရှိတာ ဘယ်လို တွက်ချက်လည်းဗျ''။
မေ့ဆေးသေနတ်ကို ကိုင်ထားသော ပုသိမ်မြို့မှ ကရင်အမျိုးသားဆင်ထိန်းကြီးက ''နောက်ကသာ လိုက်ခဲ့ပါဗျာ။ သေချာပါတယ်။ နောက်တစ်နာရီကျော် လောက်ဆိုရင် ဒီကောင်တွေမိပါပြီ။ ဘာလို့ကျုပ်တို့က ပြောနိုင်သလဲ၊ ဆင်ရဲ့သဘောသဘာဝကို သိနေပြီလေ။''
''ဒီမှာတွေ့လား တောတိုးသွားပြီ။ ကြည့်လိုက်လေ''ဟု ပြသရာ လျှိုများအတွင်း ပေါက်ရောက်နေသော အမြင့် ခုနစ်ပေနီးပါးရှိ သစ်ပင်အကိုင်းအခက်များ ကျိုးနေခြင်း၊ မြေသားကမ်းပါးယံများ တိုက်သွားခြင်းများသည် ဆင်တို့ ဦးတည်ရာ လမ်းကြောင်းကို ပြလေသည်။ ''ခင်ဗျားတို့ ခြောက်ယောက် ကျုပ်တို့နောက် ခပ်လှမ်းလှမ်းကလိုက် တော့။ မကြာတော့ဘူး တွေ့တော့မယ်။ ကျုပ်တို့  သူတို့ ရှေ့က ကျွံလို့မဖြစ်ဘူး။ အန္တရာယ်တော ရောက်ပြီ''ဟု ပြောကာ ဆင်ဦးစီးသုံးဦးမှာ တောတွင်းချဉ်းကပ်လေပြီ။ကျွန်တော်တို့အဖွဲ့သည် ခပ်လှမ်းလှမ်းမှလိုက်ရင်း ဆင်ဦးစီး သုံးဦး၏ ဆင်ရှာဖွေပုံကို လေ့လာနေရတော့သည်။
ဆင်ဦးစီးများသည် တစ်ယောက်တစ်နေရာခွဲ၍ မြေပြင်အနေထားလေ့လာခြင်း၊ တစ်ဦးက လျှိုအပေါ်မှ သွားပြီး တစ်ဦးက သဲချောင်းခြေရာများအတိုင်းလိုက်လံကာ၊ တစ်ဦးသည်ကား ကျွန်တော်တို့ အဖွဲ့အား စောင့် ခေါ်လေသည်။ တချို့လျှိုနေရာများသို့ ပြသည်။
''တွေ့လား ဒီကောင်တွေ ဒီကနေဖင်ထိုင်ပြီး ဆင်း သွားတာ။ ဒီကောင်တွေက အမြင့်ကိုတက်ဖို့သာ လမ်း ကြောင်း သေချာရွေးပေမယ့် အောက်ကိုလျှောထိုးဆင်းချဖို့ ဝန်မလေးဘူး''ဟု ပြောပြသည်။ ရှေ့ဆုံးမှ ဦးဆောင်နေသူ က လက်ပြလေပြီ။
အသံမထွက်ရန်၊ ဖြည်းဖြည်းလာရန် လက်ဟန် ခြေဟန်ဖြင့် ''ရှူးတိုးတိုး တွေ့လား ဟိုမှာ'' ဟု လျှိုအောက် ဘက်သို့ ပြလေရာ''တွေ့ပါပြီ။ ကျွန်တော်တို့ ရှာဖွေနေသော ဆင်အုပ်ကို၊ ဟေ့ ငါ့ဆရာတို့ တွေ့တာကို သတင်းပို့တော့ ပို့ပေါ့ဗျာ။ လူတွေကို သိပ်မသိစေချင်သေးဘူး။
ရွာတွေနဲ့ နီးတော့ လာပြီးစပ်စုနေရင် ကျုပ်တို့ လုပ်ရကိုင်ရခက်တယ်။ ပြီးတော့ ကြည့်တော့သာ နီးနေတာ တကယ်လာရင် ဘယ်လောက်ခက်တယ်ဆိုတာ ခင်ဗျားတို့  ကိုယ်တွေ့ပဲလေ။ ကျုပ်မှန်းတာ မမှားဘူးဆိုရင် ကျုပ်တို့ လမ်းလျှောက်လာတာ ၂၅ မိုင် ကျော်သွားပြီ'' ဟု ဆင်ထိန်း တစ်ဦးက ပြောလေသည်။ ''ဒီကောင်တွေ ဒီမှာ လာအိပ်နေ တာဗျ။ ဒီလျှိုက အပင်ထူထပ်တော့ သူတို့ကိုယ်သူတို့လုံခြုံ တယ်ဆိုပြီး။ ဒါပေမယ့် မကြာဘူးကြည့် ဒီကောင်တွေ ကျုပ်တို့အနံ့ရရင်နေရာပြောင်းလိမ့်မယ်''ဟု ဆင်ဦးစီးက အတွေ့ကြုံအရ ဆိုလေသည်။ ''အစ်ကိုကြီး ပစ်ဖမ်းမှာလား''ဟု စပ်စုကြည့်ရာ။
(ဆက်လက်ဖော်ပြပါမည်)

အနုပညာလုပ်ငန်းတွေကို ပြန်လည်စတင်ခဲ့တဲ့ စလင်းဒီယွန်


ကမ္ဘာကျော် ''Titanic'' ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်တေးကို သီဆိုခဲ့ သော နာမည်ကျော်အဆိုတော် စလင်းဒီယွန်သည် သူ၏အမျိုးသား နာမကျန်း ဖြစ်သည့်အတွက် အနုပညာလုပ်ငန်းများကို ရပ်နားထားခဲ့ရာမှ ကြာသပတေးနေ့ ညပိုင်းတွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲတွင် စင်မြင့်ပေါ် ပြန်လည်တက်လှမ်းလာ ခဲ့သည်။
အသက် (၄၇)နှစ်အရွယ် အဆိုတော်သည် အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်ရှိ ဆီဆာပဲလေ့စ် ကော်လိုဆီယမ်၌ ကြာသပတေးနေ့ညက ပြုလုပ်ခဲ့သော တေးဂီတဖျော်ဖြေပွဲတွင် သူ၏နာမည်ကျော်သီချင်း ''My Heart Will Go On ''ဖြင့် ပါဝင်သီဆိုဖျော်ဖြေခဲ့သည်။
အဆိုပါဖျော်ဖြေပွဲသည် တစ်နှစ်အတွင်းပထမဦးဆုံးသော သူ၏ဖျော်ဖြေပွဲ လည်းဖြစ်သည်။ သူသည် ပြီးခဲ့သည့်နှစ်တွင် အသက်(၇၃)နှစ်ရှိပြီဖြစ်သော သူ၏အမျိုးသား လည်ချောင်းကင်ဆာရောဂါသည် ရန်နေးအန်ဂျလီကို ပြုစုခြင်း ဖြင့်သာ သူ၏အချိန်များကို ကုန်လွန်စေခဲ့ခြင်းဖြစ်သည်။
ဖျော်ဖြေပွဲအပြီးတွင်သူက ''ဒီည အားပေးမှုအတွက် ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီညဟာကျွန်မအတွက် သစ်လွင်တဲ့ညတစ်ညပါ။ ကျွန်မ အတွက် အနုပညာလမ်းကြောင်းပေါ် ပထမဦးဆုံးခြေချခဲ့တဲ့ ညမဟုတ်ပေမယ့် အနုပညာလမ်းကြောင်းပေါ် နောက်တစ်ကြိမ်အစပျိုးလျှောက်လှမ်းခဲ့တဲ့ညပါ''ဟု သူ၏လူမှုကွန်ရက်မီဒီယာတွင်ရေးသားဖော်ပြခဲ့သည်။
သူ့ကို ယခုကဲ့သို့အနုပညာလမ်းကြောင်းပေါ်သို့ ပြန်လည်တက်လှမ်းရန် တွန်းအားပေးခဲ့သူမှာ သူ၏ခင်ပွန်းဖြစ်ကာ သူ့ခင်ပွန်း၏ဆန္ဒမှာ သူမကွယ်လွန်မီ စလင်းဒီယွန်အနုပညာလုပ်ငန်းများ ပြန်လည်စတင်ကာ စင်မြင့်ထက်တွင် ဖျော် ဖြေနေသည်ကို တွေ့မြင်လိုခြင်းဖြစ်ကြောင်းလည်း သူက အီးတီအွန်လိုင်း ဒေါ့ကွန်းသို့ ပြောခဲ့သည်။
စလင်းဒီယွန်နှင့် ရန်နေးတို့နှစ်ဦးသည် ၁၉၉၄ခုနှစ် ဒီဇင်ဘာလတွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ကာ သူတို့နှစ်ဦးတွင် ရင်သွေးလေးများဖြစ်ကြသော (၁၄)နှစ်အရွယ်သား ရန်နေးချာလီစ်နှင့် (၄)နှစ်အရွယ် အမြွှာလေးများဖြစ်သည့် အက်ဒီနှင့် နယ်လ်ဆန်တို့ကို ရရှိခဲ့ကြပြီဖြစ်သည်။
(အေးပြည့်)

ရေဘေးသင့် ကွမ်းစိုက်တောင်သူဘဝ



ရေပြန်လည်ကျဆင်းသွားပြီဖြစ်သော်လည်း ရေမြုပ် ဆုံးရှုံးသွားသည့်ကွမ်းခြံကို ပြန်လည်စိုက်ပျိုးရန် ဦးမာကြင် တစ်ယောက် အရင်းအနှီးရဖို့ရန်အတွက် ဘယ်လိုဘယ်ပုံ ရှာကြံရကောင်းလေမလဲဟု တွေးတောနေရပြီ။
ဧရာဝတီမြစ်ရေ တိုးလာမှုကြောင့် ဦးမာကြင် ပိုင်ဆိုင်သည့် ကွမ်းခြံနှစ်ခြံနှင့် သီးနှံခင်း အတော်များများ ပျက်စီးခဲ့ရပြီ။ ယခုဆိုလျှင်ဖြင့် ကွမ်းစိုက်ခဲ့သော သောင်ပြင်ပေါ်တွင် နုန်းမြေများက နေရာယူနေပြီ ဖြစ်သည့်အတွက် အဆိုပါနုန်းများကို အထက်အောက် မြေပြန်လှန်ရမည်ဖြစ်သည့်အပြင် ခြောက်သွေ့အောင် အချိန်ယူစောင့်ဆိုင်းရတော့မည်ဟု ဦးမာကြင်က ဆိုသည်။
''အစက ဒီသောင်ပြင်ပေါ်မှာကွမ်းစိုက်တာ ခုတော့ မရတော့ဘူး။ ဆုံးရှုံးသွားပြီ။ တစ်ပေကျော်ကျော်လောက်ကို ကွမ်းခြံထဲရေဝင်သွားပြီ။ ကွမ်းစိုက်ဖို့ကျ နုန်းမြေက အဆင်မပြေဘူး။ ကွမ်းပြန်စိုက်ဖို့နဲ့ရေကျသွားရင် ဆောင်း သီးနှံလုပ်ဖို့။ ဒါကိုတော့ ခေါင်းထဲထည့်ထားတယ်။ အရင်း အနှီးကတော့မရှိသေးဘူး''ဟု ကွမ်းစိုက်တောင်သူ ဦးမာကြင်က ခပ်ညည်းညည်းလေးဆိုသည်။
၂ဝ၁၅ ခုနှစ် ဇူလိုင်လနှောင်းပိုင်းနှင့် သြဂုတ်လ ပထမပတ်အတွင်း တရိပ်ရိပ်တက်လာသည့် ဧရာဝတီ မြစ်ရေကြောင့် ညောင်တုန်းမြို့နယ်အတွင်း ကျေးရွာများရှိ လယ်ယာစိုက်ပျိုးရေးနှင့် သီးနှံစိုက်ပျိုးလုပ်ကိုင်သည့် ဒေသခံများ၏ ကွမ်းခြံများနှင့် လယ်ယာကိုင်းကျွန်း ခြံမြေများ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ထိုသို့ ကိုင်းကျွန်းခြံမြေ ပျက်စီးခဲ့သူများထဲတွင် သောင်တန်းကျေးရွာတွင် နေထိုင် သူ တောင်သူဦးကြီး ဦးမာကြင်တစ်ယောက်လည်း အပါ အဝင်ဖြစ်ခဲ့သည်။
''ကွမ်းညွန့်တစ်ညွန့်ကို အနည်းဆုံးကျပ် ၂၅ဝ နဲ့ ကျပ် ၃ဝဝ လောက်ရှိတယ်။ ကွမ်းခြံဆင်တာပြုတာကလည်း ငှားလုပ်ရတဲ့အခါကျတော့ တိုင် ၅ဝဝဝ ခြံတစ်ခြံကို အလုပ်သမားခ နှစ်သောင်းလောက်ပေးရတယ်။ ပုတ်ပြတ် ပေါ့။ တစ်တိုင်ကို ၁၂ ကျပ်နှုန်းနဲ့လက်ခယူပြီး ဆင်ကြတာ ကိုး။ ဝါးလုံး တစ်လုံးကလည်း ၄ဝ ကျပ်လောက်ရှိတယ်။ ကွမ်းခြံကို အမိုးတင်ပြီးတဲ့အထိ ရင်းနှီးငွေက အနည်း ဆုံးတိုင် ၅ဝဝဝ ကွမ်းခြံတစ်ခြံကို ၈ သိန်း ၉ သိန်း ပြန်ရင်းနှီးရမှာလေ''ဟု မိသားစုငါးယောက်၏ စားရေး သောက်ရေးကိုပင် ဒီရက်ပိုင်းအတွင်း ကြုံသလိုဖြေရှင်း နေရသည့် ဦးမာကြင်ကဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်း မှာရှိသည့် သောင်တန်းကျေးရွာသည် မြမ္မာပြာသာ ကျေးရွာအုပ်စုထဲတွင်ပါဝင်ပြီး ထိပ်ဝ၊အောက်စု၊မောင်းစု၊ သောင်တန်း၊ ရွာသာအေး၊ ရွာသာကြီး၊ ရွာသာညွန့် စသည့် ကျေးရွာပေါင်း ခုနစ်ရွာထဲတွင်မှ အဆိုပါ သောင်တန်းကျေးရွာတွင် အိမ်ခြေ ၂၂ဝ နှင့် လူဦးရေအား ဖြင့် ၁၁ဝဝ ကျော် ဝန်းကျင်နေထိုင်ကြသည်။ အဆိုပါ ကျေးရွာများရှိ ရွာသူရွာသားများသည် အဓိကအားဖြင့် စပါး၊ ပဲ၊ ပြောင်း၊ ကွမ်းနှင့် သီးနှံစိုက်ပျိုးခြင်းစသည့် တောင်ယာကိုင်းကျွန်း လုပ်ကိုင်ကြသူများဖြစ်ကြသည်။
ဗိုလ်မြတ်ထွန်းတံတားအောက်ဘက် ဧရာဝတီမြစ် ကမ်းနံဘေးနေထိုင်သည့် ဦးမာကြင်က အခုသူ အသက် (၆၈)နှစ်အတွင်း ၂ဝဝ၄ ခုနှစ်က ဧရာဝတီမြစ်ရေ လျှံတက် ခဲ့သော်လည်း ဤမျှလောက်ရေကြီးတာကို ယခုမှ မြင်ဖူး သည်ဟုဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၏ ဧရာဝတီမြစ်ရေမှာ သြဂုတ် ၄ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်ဖြစ်သော ပေ ၂၅ ဒသမ ၅ဝ သို့ ရောက်ရှိခဲ့ပြီး ရေဘေးကာကွယ်ရေးတာ၏ အထက်သို့ ကျော်လွန်ကာ မြို့မြေမျက်နှာပြင်ထက် ပျမ်းမျှ ၅ ပေကျော်သို့ ရောက်ရှိလာခဲ့သည့်အတွက် ညောင်တုန်း မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်ရန် စိုးရိမ်ရ သော လိမ္မော်ရောင်အဆင့် သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ကယ် ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ရကြောင်း အမှတ်(၄) ရပ်ကွက် မီးသတ်တပ်ဖွဲ့မှ ဦးသန့်ဇင်ဝင်း၏ ပြောပြချက် အရ သိရသည်။
''ဟင်္သာတ စိုးရိမ်ရေမှတ်ရောက်နေပြီဆိုတာ ရေဒီယို နားထောင်လို့သိရတယ်။ဟင်္သာတရေကြီးရင် ညောင်တုန်း လည်း ရေကြီးမှာပဲ။ ဒီနှစ်မုန်တိုင်းရဲ့ အရှိန်နဲ့ အထက်ပိုင်း တွေကလည်း မိုးများတော့လေ၊ သောင်တန်းရွာကတော့ အိမ်ခြေ ၄ဝ လောက်ရေမြုပ်တယ်။ ရေက လေးပေ၊ ငါးပေ လောက်ထိတက်လာတာ။ တအိအိနဲ့ပေါ့။ ကိုယ့်အိမ်တွေက ခြေတံရှည်အိမ်ဆိုတော့ မမြုပ်လောက်ဘူးဆိုပြီး သူများ တွေကိုပဲ ကူညီနေခဲ့တာ။နောက်တော့ကိုယ့်အိမ်ပါ မြုပ်လာ ရော''ဟု ခေါင်းမှာဆံစတွေဖွေးဖွေးလှုပ်နေတဲ့ ဦးမာကြင်က ပြုံးစစနှင့် ရှင်းပြခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတမြို့၏ စိုးရိမ်ရေ မှတ်မှာ ၄၄ ဒသမ ဝ၂၉ ပေဖြစ်ပြီး ဇူလိုင် ၃၁ ရက်မှ စ၍ စိုးရိမ်ရေမှတ်ကို နေ့စဉ်ကျော်လွန်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နန်ကသူ၊ ကညင်၊ မမြနှင့် ကွန်ချောင်းရေလှောင်တမံများတွင်လည်း သတ်မှတ် ရေလှောင်ပမာဏထက် ပြည့်မီကျော်လွန်သဖြင့် ရေပိုလွှဲ များမှ ရေထုတ်လွှတ်မှုနှင့် ရေကျော်ကျမှုများ ဖြစ်ပေါ်လျက် ရှိကြောင်းကို ကောင်းကင်ဓာတ်ပုံနှိုင်းယှဉ်ချက်များ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့၏ ထိုစဉ်က ဓာတ်ပုံမှတ်တမ်းများ အရသိရသည်။
သြဂုတ်လလဆန်းပိုင်းမှ တိုးမြင့်လာသည့် အဆိုပါ ဧရာဝတီမြစ်ရေသည် ညောင်တုန်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ် သော၂၂ ဒသမ ၅ ပေအထက် မှ၂၆ဒသမ ၇ပေအထက်၊ (လေးပေအထက်) ကျော်လွန်ရောက်ရှိနေရာမှ သြဂုတ် ၉ ရက် မွန်းတည့် ၁၂ နာရီမှ စတင်၍ ပြန်လည်ကျဆင်းလျက် ရှိရာ အချို့နေရာများတွင် နုန်းမြေများတင်ကျန်နေခဲ့ပြီဖြစ် သည်။
''ရေမကျသေးတဲ့နေရာတွေလည်း ကျန်သေးတယ်။ နုန်းတင်နေတာတွေလည်းရှိတယ်။ ကွမ်းခြံစိုက်ဖို့ တိုင် ၅ဝဝဝ ခြံဆိုတာ ကွမ်းပင်တစ်ပင်ကို ဝါးလုံးတိုင် တစ်တိုင် နဲ့ အပင် ၅ဝဝဝ ကို ဆိုလိုတာ။ တစ်တိုင်ကိုတစ်ပင် စိုက်တာပေါ့။ ရာသီဥတုကောင်းရင် တစ်ပတ်ကို တစ်ခါခူး ရင် တစ်ထုပ်ခွဲလောက်ထွက်တယ်။ တစ်ထုပ်ခွဲဆိုတာ အချိန် ၁၅ ပိဿာကိုပြောတာ။ ကွမ်းဈေးက တစ်ပိဿာကို ၉ဝဝဝ ကနေ ၁၂ဝဝဝထိ ရတာဆိုတော့ ရေမမြုပ်ဘဲ ကျန်ခဲ့တဲ့ခြံသမားတွေကတော့ ထောပြီ'' ဟု ရွာသား ကိုတင်အောင်မိုးက ဆိုသည်။
သောင်တန်းရွာတွင် နေထိုင်သည့် ကွမ်းစိုက်သူများ အပါအဝင် အခြားသီးနှံမျိုးစုံစိုက်ပျိုးကြသည့် လယ်ယာ တောင်သူဦးကြီးများအနေဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလကျော်သည်အထိ မိုးအခြေအနေနှင့် မြစ်ရေအခြေအနေကို စောင့်ကြည့်ပြီးမှ လုပ်ငန်းစတင်ကြ မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
''ရေကျသွားပေမယ့် လုပ်ငန်းရှင်တွေအလုပ်ပြန်လုပ်မှ ကိုယ်တွေက အဆင်ပြေမှာ။ အခုတော့ အလုပ်မရှိဘူး။စားရေးသောက်ရေးဒီလိုပဲ အဆင်ပြေသလို နီးစပ်ရာ ချေးငှားစားရတာပေါ့။ နောက်တစ်ကြိမ်ရေတက်မယ်ဆိုလို့ အလုပ်ရှင်တွေတော်တော်များများက မလုပ်ရဲကြသေး ဘူး။ ကိုင်းတွေ ပျက်စီးသွားတဲ့သူတွေကျတော့လည်း ပြန်လုပ်ဖို့ဆိုတာ အရင်းအနှီးကမလွယ်ဘူးလေ''ဟု တစ်နေ့ နှစ်ထောင်ကျပ်ဖြင့် စိုက်ပျိုးရေးခြံများတွင် အလုပ်လုပ်သည့် သောင်တန်းရွာသူ မသီသီစိန်က ဆို သည်။
''မြစ်ဘေးမှာရှိတဲ့ရွာတွေဖြစ်တော့ ရေကြီးလို့ ကယ်ဆယ်ရေးအပိုင်းပြီးရင် ရေပြန်ကျသွားရင် ပြန်လည် ထူထောင်ရေးအတွက် ပြန်လုပ်ရမယ့်အပိုင်းပေါ့။ စပါး ရေမြုပ်တာ၊ ကွမ်းခြံရေမြုပ်တာ စိုက်ပျိုးရေးအပိုင်းတွေမှာ ကျွန်တော်တို့တင်ပြတဲ့အပိုင်းပေါ်မှာမူတည်ပြီး မြို့နယ်က လိုအပ်တဲ့ အစီအမံတွေချပေးမယ်လို့ ပြောထားတာရှိ တယ်။ ဒီနေရာမြေပေါ်ပြီလား။ ပေါ်ရင်ပြော ဒီနေရာက ဧက ဘယ်လောက်လဲ၊ စက်ဘယ်နှစီးနဲ့ ပြန်ထွန်ရမှာ လဲ။ လိုအပ်ချက်တွေအားလုံးပံ့ပိုးပေးမယ်လို့ မြို့နယ်စီမံ ခန့်ခွဲရေးအဖွဲ့က ပြောထားပြီးသား။ စက်မှုလယ်ယာ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လုပ်ပေးမှာမို့လို့ အားလုံးပြန် အဆင်ပြေမှာပါ''ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင် က ပြောသည်။
ဇူလိုင်လနှောင်းပိုင်းနှင့် သြဂုတ်လအတွင်း ဧရာဝတီ မြစ်ရေလျှံတက်လာမှုကြောင့် ကွမ်းခြံများနှင့် သီးနှံအခင်း များ ပျက်စီးခဲ့ရပြီး ငွေအရင်းအနှီးအတွက် စိတ်ပူပန်နေ သည့် ဧရာဝတီမြစ်ကမ်းနံဘေး သောင်တန်းရွာမှ တောင်သူဦးကြီး ဦးမာကြင်က ''ရေကြီးတာ နိုင်ငံတစ်ဝန်း ဖြစ်နေတဲ့ သဘာဝဘေးဒုက္ခပါ။ ဆင်းရဲသားမှ မဟုတ်ဘူး။ အားလုံးခံစားရတာ။ ဒါပေမယ့် ဆင်းရဲသားတွေအတွက် တော့ ပိုပြီးမထောင်းသာဘူးပေါ့။ ကွမ်းစိုက်ဖို့တော့ အချိန် ပြန်ယူရမယ်။ စိတ်ဓာတ်ကတော့ မကျပါဘူး။ ဒါတောင် သူလယ်သမားတွေရဲ့ အလုပ်ပဲ။ မိရိုးဖလာအလုပ်ဆိုတော့ ပျက်စီးသွား လည်း ပြန်လုပ်မှာပဲ။ ဒါကျွန်တော်တို့မိသားစုရဲ့ ထမင်းအိုး လေ''ဟုဆိုသည်။
သတင်းဆောင်းပါးနှင့် ဓာတ်ပုံ - သီသီမင်း

ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပညာရပ်များမပျောက်ပျက်စေရန် ဆက်လက်ထိန်းသိမ်း



The Mirror Daily's photo.

နေပြည်တော် သြဂုတ် ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်(၇၃)လမ်းနှင့် (၇၈)လမ်းကြား မင်္ဂလာ မန္တလေးစီမံကိန်း(တောင်ဘက်)တွင် တည်ဆောက်မည့် မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ မြို့တော်ဝန် ဦးအောင်မောင်း၊ သဘင်အစည်းအရုံး နာယက ဦးရွှေနန်းတင်နှင့် အကယ်ဒမီဒါရိုက်တာ မြို့တော် မောင်ယဉ်အောင်တို့က မင်္ဂလာအချိန် နံနက် ၈ နာရီ ၁ဝ မိနစ်တွင် သတ်မှတ်နေရာအသီးသီးရှိ ပန္နက်တော်ဌာနများ၌ ရတနာပန္နက်တော်များကို စိုက်ထူ၍ ပန္နက်တင်ကြပြီး အမွှေးနံ့သာ၊ ရွှေရည်ငွေရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် တည်ဆောက်ရေးစီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ မြန်မာ့အနုပညာ ဗဟိုဌာန(မန္တလေး) အကောင်အထည်ဖော်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က နိုင်ငံတကာအဆင့်မီ မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး) တည်ဆောက်ရေးစီမံကိန်းအတွက် ဆောင်ရွက်ထားရှိမှု၊ တည်ဆောက်မည့်အဆောက်အအုံ၏ ဗိသုကာပုံစံ၊ အဆောက်အအုံတွင် ပါဝင်မည့်အခန်းဖွဲ့စည်းပုံတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် မန္တလေးမြို့သည် အနုပညာရှင်များစွာ ပေါ်ထွန်းခဲ့သည့် မြို့ကြီးတစ်မြို့ဖြစ်သည့်အပြင် ပန်းချီ၊ ပန်းပု စသည့် အနုပညာများ ထွန်းကားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များ များစွာကျန်ရှိနေသည့်နေရာတစ်ခုဖြစ်ပါကြောင်း၊ ထွန်းကားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကို လက်ရှိ ပညာရှင်များသည် သမိုင်းပေးတာဝန်အရ ဆက်လက်ထိန်းသိမ်းထားနိုင်သကဲ့သို့ မျိုးဆက်သစ်များကလည်း မိမိတို့ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပညာရပ်များ မပျောက် ပျက်စေရန် ဆက်လက်ထိန်းသိမ်းသွားနိုင်ရေးတို့မှာ အရေးကြီးသည့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပါကြောင်း။

ထိုသို့ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ ပညာရပ်များကို လက်တွေ့အသုံးချ နိုင်ရန်၊ အနုပညာအမွေအနှစ်ပညာရပ်များနှင့်ပတ်သက်၍ ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်နှင့် မျိုးဆက်သစ်များကိုလည်း ယင်းအမွေအနှစ်များ ပေးအပ်နိုင်ရန်အတွက် ကောင်းမွန်ခံ့ညားထည်ဝါပြီး ခေတ်မီသည့်အဆောက်အအုံ လိုအပ်သောကြောင့် မိမိတို့အစိုးရလက်ထက်တွင် မန္တလေးနှင့်ရန်ကုန်မြို့တို့၌ ယခုကဲ့သို့သော အဆောက်အအုံကို တည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း။

ယခုအဆောက်အအုံပြီးစီးပါက သမားရိုးကျနည်းဖြင့် ဖျော်ဖြေတင်ဆက် ခြင်းထက် ခေတ်မီသည့်နည်းစနစ်ကို အသုံးပြုကာ တင်ဆက်ဖျော်ဖြေသွားနိုင် မည်ဖြစ်ပါကြောင်း၊မိမိတို့ပြည်တွင်း၌သာမက အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ ယဉ်ကျေးမှုအဖွဲ့များကိုပါဖိတ်ခေါ်၍ ပြသဖျော်ဖြေတင်ဆက် သွားနိုင်မည်ဖြစ်ပါကြောင်း။
ယခုအဆောက်အအုံကို တည်ဆောက်ပြီးစီးသွားသည့်အခါ အနုပညာရှင်များ၏ လက်ဝယ်သို့လွှဲပြောင်းပေးအပ်သွားမည်ဖြစ်၍ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်သွားနိုင်ရန်အတွက် အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ စည်းမျဉ်းစည်း ကမ်းများရေးဆွဲခြင်း စသည်တို့ကို ဆောင်ရွက်ကာ ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆက်လက်ပြီး ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရတာဝန်ယူသည့် ကာလအတွင်း အနုပညာရှင်များအား ယခုကဲ့သို့သော အဆောက်အအုံမျိုးကို တည်ဆောက်ပေးရန် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

ယခုအဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ မိမိတို့၏အနုပညာရှင်များက ပိုမိုကောင်းမွန်ပြည့်စုံသည့် အနုပညာရပ်များတင်ဆက်နိုင်ရန်၊ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေအနှစ်ပေးအပ်သွားနိုင်ရန်၊ ကမ္ဘာ့ယဉ်ကျေးမှု အနုပညာရပ်များနှင့် မိမိတို့ယဉ်ကျေးမှုအနုပညာရပ်များအချင်းချင်း ဖလှယ် အသုံးချနိုင်ရန် စသည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့်မှာကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း(၁ဝ)မျိုး အစည်း အရုံး၏ အနုပညာရှင်များကိုယ်စား သဘင်အစည်းအရုံးနာယက ဦးရွှေနန်းတင် က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတ နှင့် ပန်း(၁ဝ)မျိုးမှ အနုပညာရှင်များနှင့်အတူ မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး) အထိမ်းအမှတ်ဆိုင်းဘုတ်ရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံကို မြေဧက ၈ ဒသမ ၅ဝ ဧကအပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အမြင့်ပေ ၁ဝဝ ခန့်ရှိ မည်ဖြစ်ကာ အထပ်ခုနစ်ထပ်ပါဝင်မည်ဖြစ်ပြီး လူ ၃ဝဝဝ ဝင်ဆံ့နိုင်မည်ဖြစ်သည်။ ယင်းအဆောက်အအုံ၌ စားသောက်ဆိုင်များ၊ တစ်နှစ်ပတ်လုံး ကပြဖျော် ဖြေနိုင်မည့် ပြဇာတ်ရုံများ၊ မြန်မာ့အနုပညာ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် ယာဉ်ရပ်နားရန်နေရာတို့ကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။

ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း(၁ဝ)မျိုး ပညာရှင်များအား အနုပညာ ဗဟိုဌာန တည်ဆောက်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ဝင်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး အနုပညာဆိုင်ရာ ဖျော်ဖြေတင် ဆက်မှုများကို တစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်မည်ဖြစ်ကာ အနုပညာ သင်တန်းများကိုပါ ဖွင့်လှစ်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းနှင့် ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက်ရှိ စိတ္တရမဟီအဆင့်မြင့် အိမ်ရာစီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
(သတင်းစဉ်)

31.8.2015...ကြေးမုံ စာတည်းရှုထောင့်





ရိုင်းတယ်လို့ မှတ်မှာလား

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းစာ မျက်နှာများပေါ်တွင် တောဆင်ရိုင်း ခြောက်ကောင်သတင်းမှာ အထူးပျံ့နှံ့ နေသည်။ ပဲခူးရိုးမတောတွင်းတစ်နေရာမှ လူတို့နေထိုင်ရာ လူ့ရွာဝန်းကျင် ဒေသများသို့ မျက်စိလည်လမ်းမှား ရောက်ရှိလာသည့်အခါ အထူးအဆန်း သဘော၊ အန္တရာယ်ရှိသည့်သဘော မြင်ကြသည်မှာ လူတို့၏ဓလေ့ဖြစ်သည်။

အမှန်တွင် ဆင်ရိုင်းများဟုဆိုကြသော်လည်း ရိုင်းသောဆင်များ မဟုတ်ပါ။ ဆင်ရိုင်းဆိုသည်မှာ မြင်မြင်ရာ၊ မဲမဲမြင်ရာ တိုက်ခိုက်ဖျက်ဆီး တတ်သည့်သဘောရှိပါသည်။ ကျွန်ုပ်တို့နိုင်ငံ၏ အချို့ဒေသများတွင် ဆင်ရိုင်းများနှင့် ကြုံတွေ့ဖူးသည့် အဖြစ်များရှိခဲ့ဖူးပါသည်။ တွေ့ရာလူကို နင်းချေသတ်ဖြတ်ခြင်း၊ နေအိမ်အဆောက်အအုံများအား ဖျက်ဆီးခြင်း၊ သီးနှံစိုက်ခင်းများအား ဝင်ရောက်ဖျက်ဆီးခြင်း ရှိခဲ့ဖူးပါသည်။

ယခုဆင်ရိုင်းဟုဆိုကြသော ဆင်ခြောက်ကောင်မှာ ထိုသို့မဟုတ်ပါ။ သက်ရှိသတ္တဝါတိုင်းသည် မိမိတို့ အသက်ရှင်သန်နေထိုင်နိုင်ရန်အတွက် ကြံဆကြိုးပမ်းကြရပါသည်။ လူသတ္တဝါများပင် တစ်နေရာမကောင်းလျှင် တစ်နေရာသို့ပြောင်းသည့် ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်သော အလေ့အထများရှိပါသည်။ ယခုဆင်များသည်လည်း ၎င်းတို့ရှင်သန် ကျက်စားရာ နယ်မြေဒေသများ ကျဉ်းမြောင်းလာသဖြင့် နယ်မြေဒေသအသစ်များကို စွန့်စား ရှာဖွေကြခြင်းသာဖြစ်သည်။

ထိုသို့ရှာဖွေကြရာ၌ နေရာတစ်ခုသို့ရောက်ရှိသောအခါ ထိုနေရာမှ အခြေ ကျပြီးသား သတ္တဝါများက ဧည့်သတ္တဝါများကို လက်ခံလေ့မရှိဘဲ ရန်ပြုတိုက် ခိုက်တတ်သည့် အစဉ်အလာရှိပါသည်။ ဧည့်သတ္တဝါကလည်း ထိုရေကြည်၊ ထိုမျက်နုရာနေရာ၌ အခြေချနိုင်ရန်အတွက် လက်မခံသောအိမ်ရှင်ကို ပြန်လည် ရန်ပြုတိုက်ခိုက်လေ့ရှိသည်ကို Discovery ရုပ်သံလိုင်းများတွင် မြင်တွေ့ နိုင်ပါသည်။
ယခုဤဆင်များမှာ ထိုသို့မဟုတ်ပါ။ တောဆင်ရိုင်းများဟုဆိုသော်လည်း ၎င်းတို့အတွက် အကောင်းဆုံးလမ်းကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်းရှာဖွေသွားလာနေကြခြင်းသာဖြစ်သည်။ ဤရေ၊ ဤမြေများမှာ မူလက သတ္တဝါများ ရှင်သန်ကျက်စားရာ တောတောင်များသာဖြစ်ပါသည်။ လူတို့နယ်မြေချဲ့ထွင် လာသောအခါ တောတောင် စားကျက်များကွယ်ပျောက်၍ သတ္တဝါများ ပျက်စီးခြင်း၊ ရွှေ့ပြောင်းထွက်သွားရခြင်း၊ ကျန်ရှိသောသတ္တဝါများမှာလည်း ရန်သူသဖွယ်တိုက်ခိုက်ခံရခြင်းများရှိခဲ့ကြပါသည်။

ရေမြေတို့၏သဘာဝအရ သတ္တဝါတို့က ကျူးကျော်ခဲ့ခြင်းမဟုတ်ဘဲ လူတို့ကသာ ကျူးကျော်ဝင်ရောက် ခဲ့ခြင်းသာဖြစ်ပါသည်။ ရေမြေတောတောင်များတွင် မူလကတည်းက ကျင်လည်ကျက်စားခဲ့သော သတ္တဝါများအား အသိဥာဏ်ရှိသော လူသားများက စာနာထောက်ထားကြရမည်ဖြစ်ပါသည်။ တို့အားသွားလမ်းသာ၍ လာလမ်းဖြောင့်အောင် ကူညီစောင့်ရှောက်ပေးကြရမည်ဖြစ်သည်။

ယခုဖြစ်စဉ်တွင် ထိုသို့မဟုတ်ခဲ့ပါ။ တောဆင်များ ရောက်ရှိရာအရပ် ဒေသများရှိ လူတို့က ဝိုင်းအုံကြည့်ရှုခြင်း၊ ခြောက်လှန့်မောင်းထုတ်ခြင်း၊ ဝိုင်းဝန်းတိုက်ခိုက်ခြင်းများ ရှိခဲ့သည်ဟု သိရပါသည်။ ၎င်းဆင်သတ္တဝါများသည် မိသားစုအသွင်ဖြင့် ရွှေ့ပြောင်းသွားလာနေခြင်းဖြစ်ပြီး လူတို့၏ ရန်မူခြင်းကို မဖြစ်မနေထိပ်တိုက်ကြုံတွေ့ရပါမှ ပြန်လည်တုံ့ပြန်ခြင်းများရှိခဲ့ပါသည်။ ကျန်အချိန်များတွင် ၎င်းတို့လမ်းကို ၎င်းတို့အေးချမ်းစွာကူးပြောင်း သွားလာနေခြင်းဖြစ်ပါသည်။

၎င်းတို့ရွှေ့ပြောင်းသွားလာနေရသည့်အချိန်ကာလမှာ ကြာမြင့်လာပြီ ဖြစ်သည်။ သြဂုတ်လ ၁၈ ရက်နေ့မှ ယနေ့အထိ နှစ်ပတ်ခန့်အချိန်ဖြစ် လာခဲ့သည်။ ဆင်ငယ်တစ်ကောင်မှာ ခရီးပန်းသည့်ဒဏ်နှင့်ကျန်းမာရေးချို့တဲ့ သောကြောင့် မိသားစုနှင့်ကွဲကွာကျန်ရစ်ခဲ့သည်။ တာဝန်ရှိသူအဖွဲ့အစည်းများကလည်း ဆင်များ ဘေးမသီရန်မခဘဲ မူလနေရာသို့ ငြိမ်းငြိမ်းချမ်းချမ်း ရောက်ရှိရေးအတွက် ထိန်းကျောင်းမောင်းနှင်ပို့ဆောင်မှုများ နေ့စဉ်ပြုလုပ် ပေးနေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ အဆိုပါဆင်များမှာ ဆင်ရိုင်းများနှင့်မတူ တစ်မူထူးသည့် ရေကြည်ရာ မြက်နုရာဒေသကို ငြိမ်းချမ်းစွာ ရှာဖွေသွားလာနေသော ဆင်များဖြစ်ရာ ဆင်ရိုင်းများဟုမမှတ်ယူဘဲ သက်ရှိသတ္တဝါအချင်းချင်း စာနာထောက်ထားသောအားဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြရန် တိုက်တွန်း လိုက်ပါသည်။ ။

လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်၌ လုပ်ဆောင်လျက်ရှိသည့် ဟက်တာ ၄ဝဝ အပြင် ၁ဝ ဟက်တာ တိုးချဲ့လုပ်ဆောင်မည်


The Mirror Daily's photo.

သတင်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်

သီလဝါအထူးစီးပွားရေးဇုန်အား လက်ရှိတွင် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသည့် ဟက်တာ ၄ဝဝ အပြင် ၁ဝ ဟက်တာ တိုးချဲ့ လုပ်ဆောင်မည်ဟု သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်ထံမှ သိရသည်။
ယခုလက်ရှိအကောင်အထည်ဖော် လုပ်ဆောင်နေသော သီလဝါအထူး စီးပွားရေးဇုန် ဟက်တာ ၄ဝဝ တွင် ၁ဝ ဟက်တာ ထပ်မံပေါင်းထည့်မည်ဖြစ်၍ ဟက်တာ ၄၁ဝ ရှိလာမည်ဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်တွင် ဆက်လက်လုပ်ဆောင်မည့် ဟက်တာ ၂ဝဝဝ အား မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းများကို မြန်မာနှင့်ဂျပန်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ဆောင်ရွက်နေသည်။

ပထမဆုံး အထူးစီးပွားရေးဇုန်ဖြစ် လာမည့် သီလဝါအထူးစီးပွားရေးဇုန်ကို ဟက်တာ ၂၄ဝဝ ထားရှိရန် သတ်မှတ်ထားသော်လည်း ထပ်မံတိုးလာမည့် ၁ဝ ဟက်တာကြောင့် စုစု ပေါင်း ဟက်တာ၂၄၁ဝ အထိ ရှိလာမည်ဖြစ်သည်။

ဆက်လက်တိုးချဲ့လုပ်ဆောင်မည့် နေရာသည် စီမံကိန်းနှင့် ဆက်စပ်လျက်ရှိပြီး လူနေအိမ်မရှိသည့်နေရာဖြစ်ကြောင်း သီလဝါအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
ယနေ့အချိန်တွင် ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု များလာသည်။ သီလဝါအထူးစီးပွားရေးဇုန် တည်ရှိရာ တောင်ပိုင်းခရိုင်ရှိ သန်လျင်နှင့်ကျောက်တန်းမြို့များရှိ လူဦးရေသည် ရန်ကုန်မြို့ပေါ်ရှိ လူ နေထိုင်မှုအချိုး၏ ၂ ဒသမ ၅ ရာခိုင် နှုန်းသာ ရှိနေသေးသည်။ ထို့ကြောင့် ရန်ကုန်တောင်ပိုင်းခရိုင်တွင် လာရောက်လုပ်ကိုင်နေထိုင်မည့်သူ ပိုမိုများလာနိုင်သည်။ တောင်ပိုင်းခရိုင်ကို လူများနေချင်ဖွယ် ဖြစ်လာစေရန် မြို့ပြပညာရှင်များအနေဖြင့် စနစ်တကျ ကြိုတင်တွက်ချက်ထားသင့်ကြောင်း စီမံခန့်ခွဲမှုကော်မတီတွဲဖက်အတွင်းရေးမှူး ဒေါက်တာ သန်းသန်းသွယ်က ရန်ကုန်တောင်ပိုင်းခရိုင်၏ ရှေ့အလားအလာကို ကြိုတင်ခန့်မှန်းသည်။

သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာနိုင်ငံ၏စီးပွားရေးအရှိန်အဟုန်၊ ဒေသ၏ စီးပွားရေးအရှိန်အဟုန်ကို မြှင့်တင်နိုင်ရန် မြန်မာနိုင်ငံမှ ထုတ်ကုန်များအား နိုင်ငံခြားသို့ တင်ပို့ရသည့် အခြေအနေမျိုး ရောက်အောင် စီးပွားရေးအရှိန် မြှင့်တင်မှုများလုပ်ဆောင်ရန်၊ လုံခြုံ စိတ်ချရသည့် လူမှုဘဝနှင့် သွားလာမှုလွယ်ကူစေရန်၊ မြစ်ချောင်း အင်းအိုင်များ မပျက်မစီးအောင်ထိန်း သိမ်းထားရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် သဘာဝပတ်ဝန်းကျင် ဖြစ်အောင်လုပ်ရန်၊ဒေသခံပြည်သူများနှင့် လာရောက်လုပ်ကိုင် ကြသူများ အဆင်ပြေမှုရှိရန်အတွက် အခြေခံအဆောက်အအုံ ကောင်းမွန်၍ အဆင့်မြင့်မြင့်ရရှိအောင် လုပ်ဆောင်ပေးရန်၊ ဂေဟစနစ်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး စဉ်းစား၍ ထိန်းသိမ်းလုပ်ဆောင်ရန် ဆိုသည့်အချက်များဖြင့် ရည်ရွယ်လုပ် ဆောင်နေကြောင်း သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

31.8.2015...ကြေးမုံ ကာတွန်း


လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ငွေပေးအပ်



The Mirror Daily's photo.

ရွှေတောင် သြဂုတ် ၃ဝ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့ မြို့နယ်လူမှုဖူလုံရေးရုံး တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပြည်ရေနံမြေမှ အလုပ်တွင်ထိခိုက်မှု ကြောင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုအား ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ နှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်ရေနံမြေ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ရေနံမြေမှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသူ အာမခံအလုပ်သမား ဦးရဲထွန်း၏ ကျန်ရစ်သူမိသားစုအတွက် နာရေးစရိတ်နှင့် ငွေကြေးအကျိုး ခံစားခွင့် ငွေကျပ် ၃၁၅၆၁၄ဝ ကို ပေးအပ်သည်။

ဆက်လက်၍ ကျန်ရစ်သူမိသားစုကိုယ်စား ပြည်ရေနံမြေမှ အထွေထွေ မန်နေဂျာ ဦးခွန်မျိုးသန့်က ကျေးဇူးတင်စကားပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
(သတင်းစဉ်)

ဝန်ကြီးချုပ်အာဘေး၏ လုံခြုံရေးဥပဒေမူကြမ်း မြို့တော်တိုကျို၌ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ



The Mirror Daily's photo.

တိုကျို သြဂုတ် ၃ဝ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လုံခြုံရေး ဥပဒေမူကြမ်းကို ဆန့်ကျင် ကန့်ကွက်သူများက သြဂုတ် ၃ဝ ရက် တွင် မြို့တော်တိုကျို၌ စုဝေးဆန္ဒပြခဲ့ ကြကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက သတင်းထုတ်ပြန်သည်။
ဂျပန်တပ်ဖွဲ့များအား ပင်လယ် ရပ်ခြားနိုင်ငံများသို့ တိုက်ခိုက်ရေး တာဝန်ဖြင့် စေလွှတ်ခွင့်ပေးရန် ဖော်ပြသည့် ဥပဒေမူကြမ်းကို ဆန့်ကျင်သူများက ပါလီမန် အဆောက်အအုံအနီးတွင် စုဝေးကာ ဆန္ဒပြခဲ့ကြသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လုံခြုံရေးမူဝါဒအပေါ် ပြည်သူများက ယုံကြည်မှုမရှိသည့် လက္ခဏာတစ်ရပ်အဖြစ် ပြည်သူအများအပြားက စုဝေး ဆန္ဒပြကြခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ဂျပန်နိုင်ငံ၌ နှစ်ပေါင်းအတန်ကြာ ကာလအတွင်း အကြီးကျယ်ဆုံး ဆန္ဒ ပြပွဲတစ်ရပ်ဖြစ်ပြီး လူပေါင်း ၁၂ဝဝဝဝ ခန့် ပါဝင်ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲ စည်းရုံးဆော်သြသူများက ပြောကြားကြသည်။ ''စစ်ပွဲ အလိုမရှိ''၊ ''အာဘေး ရာထူးမှနုတ်ထွက်ပေး'' စသည်ဖြင့် ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ပြီးကာလ၌ စစ်အင်အားတိုးချဲ့မှုအား ထိန်းချုပ်ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စည်းမျဉ်းများကို ဖြေလျှော့နိုင်ရန် ဝန်ကြီးချုပ် အာဘေး၏ ကြိုးပမ်းမှုနှင့်ပတ်သက်၍ ပြည်သူများ က ဆန္ဒပြပွဲများကို ရက်သတ္တပတ် ကုန်တွင် ပြုလုပ်ခဲ့ကြသည်။
ရိုက်တာ။

ကွဲကွာ ကိုရီးယားမိသားစုများ ပြန်လည်ဆုံစည်းရေး ဆွေးနွေးပွဲပြုလုပ်ရန် မြောက်ကိုရီးယားသဘောတူ



The Mirror Daily's photo.

ဆိုးလ် သြဂုတ် ၃ဝ

ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာသွားခဲ့ကြရသော မိသားစုများ ပြန်လည်ဆုံစည်းရေး အစီအစဉ် အကောင်အထည် ဖော်ရေးနှင့် ပတ်သက်၍ စက်တင်ဘာ ၇ ရက်တွင် ဆွေးနွေးပွဲကျင်းပရန် တောင်ကိုရီးယား ကြက်ခြေနီအဖွဲ့၏ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားနိုင်ငံက လက်ခံလိုက်ကြောင်း ယွန်ဟပ်သတင်း အေဂျင်စီက သတင်းထုတ်ပြန်သည်။

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန်အတွင်းရှိ ပန်မွန်ဂျုံ ကျေးရွာ၌ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးကြရန် တောင်ကိုရီးယား ကြက်ခြေနီ အဖွဲ့က အဆိုပြုခဲ့ကြောင်း ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားလျက် ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြသည်။

ကွဲကွာမိသားစုများ ပြန်ပေါင်းထုပ်ရေး အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီကြောင်း မြောက်ကိုရီးယားနိုင်ငံ၏ ပြန်ကြားစာကို ပန်မွန်ဂျုံကျေးရွာရှိ ဆက်သွယ်ရေး အရာရှိမှတစ်ဆင့် လက်ခံရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

၁၉၅ဝ-၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲအတွင်း ကွဲကွာခဲ့ကြရသော မိသားစုဝင်များ ပြန်လည်ဆုံစည်းမှုကို ပုံမှန်ပြုလုပ်သွားရန် တောင်ကိုရီးယားနိုင်ငံက အဆိုပြုခဲ့သည်။
ကွဲကွာလျက်ရှိကြသော မိသားစု ဝင်များမှာ ယခုအခါ အသက်(၇ဝ)ကျော်၊ (၈ဝ)ကျော် အရွယ်တို့တွင် ရှိနေကြပြီး ၎င်းတို့ ကွယ်လွန်အနိစ္စ မရောက်မီ ပြန်လည်ဆုံစည်းရန် ဆန္ဒရှိနေကြကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုအရ မိသားစုဝင်များ ပြန်လည်ပေါင်းစည်းခွင့်ရရှိရန် အစီအစဉ်များကို ပုံမှန်ပြုလုပ်သွားသင့်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျိုဒို။

နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ


The Mirror Daily's photo.

သတင်း - ကိုသက်(ဗိုလ်တထောင်)
ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)

ရန်ကုန် သြဂုတ် ၃ဝ

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး MTT Group မှ စီစဉ်၍ ALL STARS BIG FIGHTS နိုင်ငံတကာမြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ရန်ကုန်မြို့ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (သိမ်ဖြူ) လက်ဝှေ့အားကစားရုံ၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။
အခြားပွဲစဉ် သုံးချီစိန်ခေါ်ပွဲငယ် နှစ်တွဲနှင့် ငါးချီစိန်ခေါ်ပွဲ ခြောက်တွဲ ထိုးပြီးခဲ့ရာ ပရိသတ်များ ရုံပြည့် လာရောက်အားပေးကြသည်။

ပရိသတ် မျှော်လင့်စောင့်စားနေသည့် ပွဲစဉ်တစ်ပွဲဖြစ်သော ပွဲစဉ်(၇) ငါးချီစိန်ခေါ်ပွဲတွင် ဆီးဂိမ်းရွှေတံဆိပ် ဆုနှင့် ဒဂုံအောင်လံဆုရှင် မြန်မာ့လက်ဝှေ့ကျော် တူးတူးနှင့် မက်သရူး (ကနေဒါ)တို့က အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။

တူးတူးနှင့် မက်သရူး(ကနေဒါ)တို့သည် ပထမအချီတွင် သွေးတိုးစမ်း ကန်ချက်တို့ဖြင့် တစ်ယောက်အမှား တစ်ယောက် စောင့်ကြည့်ကာ သွေးအေးစွာ ထိုးသတ်ကြပြီး ဒုတိယ အချီ၊ တတိယအချီတို့တွင် မက်သရူး၏ ချုပ်ဒူးညာ ခြေဖြတ်ကန်လုံးနှင့် လျှပ်တစ်ပြက် လက်သီးများနှင့် တူးတူး၏ နောက်ပြန်ညာခြေကန်လုံး၊ ခေါင်းတိုက်ချက်များနှင့် ဘယ်ဝိုက် ညာဝိုက် လက်သီးတွဲလုံးတို့ဖြင့် ထိုးသတ်ကြရာ စတုတ္ထအချီမြောက်တွင် တူးတူးက မက်သရူး(ကနေဒါ)ကို အားပါသော လက်သီးတွဲလုံးများဖြင့် ဝမ်းဗိုက်သို့ဆင့်ထိုးရာ မက်သရူး (ကနေဒါ)လဲကျပြီး ယင်းအချီ ၁ မိနစ် ၈ စက္ကန့်တွင် အနားတောင်းခဲ့၏။ အနားတောင်းပြီးနောက် ထိုးသတ်စဉ် တူးတူးက မက်သရူး(ကနေဒါ)ကို ညာခြေ၊ ဘယ်ခြေကန်ချက်များနှင့် ဝမ်းဗိုက်သို့ ဆင့်ထိုးလက်သီးများ ဆက်လက်ပစ်သွင်းလိုက်ရာယင်းအချီ ၁ မိနစ် ၃၅ စက္ကန့်တွင် မက်သရူး (ကနေဒါ)လဲကျပြီး အမှတ်စဉ်ရေတွက်ရာတွင် ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သဖြင့် တူးတူးအနိုင်ရရှိခဲ့သည်။

ငါးချီစိန်ခေါ်ပွဲ၏ နောက်ဆုံးပွဲစဉ် ဖြစ်သော ဆီးဂိမ်းရွှေတံဆိပ်ဆုနှင့် ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်းနှင့် ဂျက်ဆင်(ဘရာဇီး)တို့ ထိုးသတ်ခဲ့ရာ ပရိသတ်အထူးအားပေးမှုရရှိခဲ့သည်။
ထွန်းထွန်းမင်းနှင့် ဂျက်ဆင် (ဘရာဇီး)တို့ပွဲစဉ်၌ ပထမအချီအစ၌ ပင် ထွန်းထွန်းမင်းက ပြင်းအားပါသော ညာခြေကန်ချက်ဖြင့် ဂျက်ဆင် (ဘရာဇီး)၏ ဘယ်ခြေထောက်ကို ဆင့်ကန်ပြီး ညာဝိုက်လက်သီးများဖြင့် တရစပ်တိုက်စစ်ဆင်ထိုးသတ်၏။ ထွန်းထွန်းမင်းက ပြိုင်ဘက် ဂျက်ဆင် (ဘရာဇီး)၏ အားနည်းချက်ဖြစ်သည့် အောက်ခြေကြံ့ခိုင်မှု အားနည်းလာသော ဘယ်ခြေကိုသာ အဓိကဖိကန်သဖြင့် ရေရှည်တောင့် မခံနိုင်တော့ဘဲ လဲကျသွားသဖြင့် ပထမချီ ၁ မိနစ် ၂၂ စက္ကန့်တွင် ဂျက်ဆင် (ဘရာဇီး)အနားတောင်းခဲ့ရသည်။ အနားတောင်းပြီး ဆက်လက် ယှဉ်ပြိုင်ထိုးသတ်စဉ် တွဲဆိုင်းထိုးလုံးများနှင့် အောက်ခြေဖြတ်ကန်ချက်များဖြင့် ထွန်းထွန်းမင်းက ထိုးသတ်ခဲ့ရာ ဂျက်ဆင် (ဘရာဇီး)သည် ဘယ်ခြေထောက် မထောက်နိုင်တော့ဘဲ အမှတ်စဉ်သုံးကြိမ် ရေတွက်သောကြောင့် ပထမအချီမှာတွင် အရှုံးပေး လိုက်ရသည်။

ပါဝင်ထိုးသတ်မည့် တွဲဆိုင်းများ ဖြစ်သည့် သုံးချီစိန်ခေါ်ပွဲတွင် အောင်ကျော်စိုး (ဒို့ရိုးရာ)နှင့် ထွန်းမင်းအောင် (မုဒုံ)တို့က ပူးတွဲ သရေ၊ ထွန်းမင်းနိုင်(မုဒုံ)၊ ဖြိုးလင်း ဇော်(အဖြူရောင်သွေးသစ်) တို့က ပူးတွဲသရေ၊ ရဲသွေးနီ (တောင်ကလေး)က မျိုးဆက်သစ်(မွန်ပြည်နယ်)အား ဒုတိယအချီတွင် အနိုင်ထိုး၊ ကြယ်စင်ဖြိုး (အဖြူရောင်သွေးသစ်)က ရာမာန်(နဂါးမာန်)အား တတိယအချီတွင် အနိုင်ထိုး၊ သွေးသစ်အောင် (နဂါးနီ)က ရဲရင့်အောင် (နဂါးမာန်)အား ပထမအချီတွင် အနိုင်ရခဲ့ပြီး ဝါရင့်လက်ဝှေ့ကျော် စောငမန်း (ရွှေဖူး)နှင့် သပြေညို(မိဂသီ)တို့က ပူးတွဲသရေကျခဲ့သည်။

မလေးရှားဝန်ကြီးချုပ်နာဂျစ်အား ဖြုတ်ချရန် ပြည်သူ့အင်အားလိုအပ်ဟု ဝန်ကြီးချုပ်ဟောင်း မဟာသီပြော



The Mirror Daily's photo.

ဂျကာတာ သြဂုတ် ၃ဝ

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်အား အကျင့်ပျက်ခြစားမှုကြောင့် ရာထူးမှဆင်းပေးရန် ဒုတိယနေ့အဖြစ် ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူများကြားတွင် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီမိုဟာမက်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

''ပြည်သူတွေအတွက် သန့်ရှင်းတဲ့ အုပ်ချုပ်ရေးစနစ် ပြန်လည်ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းမှာ ဒီဝန်ကြီးချုပ်ကို ဖြုတ်ချဖို့သာဖြစ် တယ်။ ဒီလိုဖြုတ်ချဖို့ဆိုတာ ဆန္ဒ ထုတ်ဖော်တဲ့ ပြည်သူ့အင်အား လိုအပ်တယ်''ဟု ဝန်ကြီးချုပ်ဟောင်း မဟာသီက ဆန္ဒထုတ်ဖော်သူ ပြည်သူ့ အင်အားကို တောင်းခံဆော်သြလျက် ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်နာဂျစ်သည် နိုင်ငံခြား အလှူရှင်များ၏ ဘဏ်စာရင်းများထဲမှ သူ၏ဘဏ်စာရင်းထဲသို့ အမေရိကန် ဒေါ်လာ သန်း ၆ဝဝ ကျော်ကို ခိုင်မာသည့် အကြောင်းအရင်းမရှိဘဲ လွှဲပြောင်းခဲ့ရာမှ ပြည်သူများ၏မကျေနပ်မှုကို မြင့်တက်စေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝန်ကြီးချုပ်က သူ့အားစွပ်စွဲမှုကို ပယ်ချခဲ့သည်။

ယခုဆန္ဒထုတ်ဖော်မှုသည် ဝန်ကြီးချုပ်အား ရာထူးမှနုတ်ထွက်သွားရန် ဖိအားပေးနိုင်မည့် ပြည်သူ့အင်အားကို စေ့ဆော်ပေးသော ခေါင်းဆောင် တစ်ဦးလိုအပ်နေကြောင်း စောင့်ကြည့် လေ့လာသူများက ဆိုသည်။ ထို့ပြင် ယခုဆန္ဒထုတ်ဖော်မှုတွင် မလေးလူမျိုး အနည်းငယ်သာပါဝင်ပြီး ဆန္ဒထုတ်ဖော်သူအများစုမှာ တရုတ်နှင့်အိန္ဒိယနိုင်ငံသားများဖြစ်သည့်အတွက် ၎င်းတို့၏ဆန္ဒထုတ်ဖော် တောင်းဆိုမှုမှာထိရောက်မှုမရှိကြောင်း တွေ့ရှိရသည်။
ရိုက်တာ။




မြန်မာ့အနုပညာလက်ရာရုပ်သေးရုပ်ကလေးများ နိုင်ငံတကာခရီးသွားဧည့်သည်များကိုမျှော်နေ



The Mirror Daily's photo.

မန္တလေး သြဂုတ် ၃ဝ

၂ဝ၁၅ ခုနှစ် ခရီးသွားရာသီတွင် နိုင်ငံတကာခရီးသွားဧည့်သည် ငါးသိန်းခန့်ဝင်ရောက်နိုင်ကြောင်းခန့် မှန်းထားကြသည်။အနောက်နိုင်ငံများ က မြန်မာနိုင်ငံကို ခရီးသွားဝန် ဆောင်မှုလုပ်ငန်းပြုလုပ်၍ အကောင်းဆုံးသောနိုင်ငံဟု သတ်မှတ်ထားသည်။ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းကို မီးခိုးမထွက်သည့် စက်ရုံဟုတင်စားနိုင်သည်။နိုင်ငံတကာ ခရီးသွားဧည့်သည်များသည်မြန်မာ့တောတောင် ရေမြေသဘာဝအလှအပရှုခင်းများကို လေ့လာကာ မြန်မာမှုအနုလက်ရာများကို အမှတ်တရ ဝယ်ယူလေ့ရှိကြသည်။

အများစုသော နိုင်ငံတကာခရီး သွားဧည့်သည်များသည် သယ်ယူ ပို့ဆောင်မှုအဆင့်ဆင့်အရ လေးလံသော ကြေးထည်ပစ္စည်း၊ပန်းပုပစ္စည်း များထက် ပေါ့ပါးသောမြန်မာမှု အနုပညာလက်ရာမြောက် ပစ္စည်းများကို ဝယ်ယူလေ့ရှိသည်။အများဆုံးဝယ် ယူသောပစ္စည်းမှာ မြန်မာ့ရှုခင်း ပန်းချီကားများ၊ရွှေချည်ထိုးပန်းချီကားများနှင့် ပေါ့ပါးသော မြန်မာ့လက်မှု အနုပညာမြောက် ရုပ်သေးရုပ်ကလေးများကို ဝယ်ယူလေ့ရှိသည်။မန္တလေး မြို့၏ အထင်ကရနေရာများ ဖြစ်ပြီး နိုင်ငံတကာခရီးသွားများစိတ်ဝင်စားသော ရွှေကျောင်းကြီး၊ ဦးပိန်တံတား နှင့် အခြားနေရာများတွင် ရုပ်သေး ရုပ်ကလေးများကို ရောင်းချလေ့ ရှိသည်။

မြန်မာ့ရုပ်သေးသည်မြန်မာ့သဘင် လောကအမြင့်သဘင်တွင် တည်ရှိသောသမိုင်းဝင်အနုပညာပစ္စည်းပင် ဖြစ်သည်။ မြန်မာ့ရုပ်သေးသည် ကကြိုးများကြောင့် စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ မြန်မာ့ရုပ်သေး၏ တန်ဖိုးမှာ ကြိုးဆွဲပညာပင်ဖြစ်သည်။သစ်သားရုပ်များကို လူ၏အမူအရာနှင့်တူအောင် စွမ်းဆောင်မှုအတွက် ကကြိုးသည် အဓိကဖြစ်နေပေသည်။မြန်မာ့ရုပ်သေးသည် အဆို၊အက၊ အရေး၊အတီးတို့နှင့်ပေါင်းစပ်ကပြရ သည်။ရုပ်သေးပြုလုပ်ရာ၌ ပန်းပု ပညာ၊ မျက်နှာခြယ်သရန်ပန်းချီပညာ၊ လည်ဆွဲ၊ပန်းရွဲ၊အဝတ်အစားအချုပ်အလုပ်၊မှန်စီရွှေချ၊ရွှေချည်ထိုး၊ ရွှေ ဆိုင်းချ၊ဖန်ချက်လုပ်ငန်းတို့နှင့်စုပေါင်း လုပ်ဆောင်မှ လှပသော မြန်မာ့ရုပ် သေးကို ရရှိခြင်းဖြစ်သည်။

လက်ရှိကာလတွင်နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် ကကြိုးစုံမပါသည့် အလှပြရုပ်သေး ရုပ်ငယ်များကိုအထူးပြုလုပ်ရောင်းချ ကြသည်။ရုပ်သေးရုပ်တစ်ရုပ်လျှင် ငွေကျပ် ၃၅ဝဝ ခန့်ပေးရပြီး မန္တလေး မြို့မှ ရုပ်သေးပညာရှင်များက ပြုလုပ်သည်ဟု သိရသည်။ ယခုအခါတွင် နိုင်ငံတကာ ခရီးသွားဧည့်သည်များသည် လေယာဉ်ဖြင့် သယ်ဆောင်ရာတွင် သတ်မှတ်အလေးချိန်များအရ အပေါ့စားမြန်မာမှုလက်ရာများကို အားထားဝယ်ယူကြသည်။ ယခင်ခရီး သွားရာသီများတွင် မြန်မာ့ရုပ်သေး ရုပ်ငယ်လေးများကို နိုင်ငံတကာခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုများကာ ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။ ယခုနှစ်ခရီးသွားရာသီ အတွက်သစ်လွင်လှပနေသော မြန်မာမှုအနုလက်ရာရုပ်သေးရုပ်ကလေးများသည် နိုင်ငံတကာခရီးသွားဧည့်သည်များကို မျှော်နေလျက်ရှိကြောင်း သိရသည်။
(တိမ်တမန်)

ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ



The Mirror Daily's photo.

ညောင်တုန်း သြဂုတ် ၃ဝ

ကရင်တိုင်းရင်းသားများ၏ အထိမ်းအမှတ်ပွဲသဘင်တစ်ခုဖြစ်သည့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို သြဂုတ် ၃ဝရက်က ညောင်တုန်း မြို့တော်ခန်းမ၌ ကျင်းပသည်။

''ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအစီအစဉ်က ကျွန်တော်တို့ ကရင်တိုင်းရင်းသားတွေရဲ့ အထိမ်း အမှတ်ရိုးရာပွဲတစ်ခုဖြစ်တယ်။ ကျင်းပချင်တာကြာခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့ပါဘူး။ ဒါပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။ အခုလိုစည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ ကျင်းပတဲ့ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေတက်တက် ကြွကြွ လာရောက်ပေးခဲ့ကြတဲ့အတွက်လည်း အလွန်ကို ဝမ်းသာပီတိဖြစ်ရ ပါတယ်။ ပြီးတော့ ဒီအခမ်းအနား အောင်မြင်အောင် လာရောက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြတဲ့ ပန်းတနော်မြို့နယ် ကရင်စာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဒေါက်တာ မန်းခင်မောင်စိုးနဲ့ ကူညီသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်''ဟု မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေး မှုကော်မတီတွဲဖက်အတွင်းရေးမှူး မန်းအောင်မျိုးဦး(ဖောင်ရိုးချောင်း ကျေးရွာ)ကပြောသည်။

ဆက်လက်၍ ညောင်တုန်းမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌ မန်းလှသွင်က ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်းမင်္ဂလာကျင်းပရ ခြင်း အကြောင်းရင်းများကိုလည်းကောင်း၊ မျိုးဆက်သစ်ကရင်လူငယ် မောင်မယ်များက ဝါခေါင်လအကြောင်း အရာများကို (ကရင်/မြန်မာ) နှစ်ဘာသာဖြင့်လည်းကောင်း ရှင်းလင်း ပြောကြားသည်။

''အခုကျင်းပနေတဲ့ ဝါခေါင်လ ချည်ဖြူဖွဲ့တဲ့အစဉ်အလာကို ကရင်လို လားခုပ်ပွဲကျင်းပတယ်လို့ ခေါ်ပါ တယ်။ လိပ်ပြာခေါ်ချည်ဖြူဖွဲ့ခြင်း၊ ထိမ်းမြားမင်္ဂလာချည်ဖြူဖွဲ့ခြင်းနဲ့ ဝါခေါင်လချည်ဖြူဖွဲ့ခြင်းဆိုပြီး ချည် ဖြူဖွဲ့ခြင်း မင်္ဂလာသုံးမျိုးရှိပါတယ်။ ဝါခေါင်လချည်ဖြူဖွဲ့တဲ့အခါ ထမင်းဖြူ ခုနစ်ဆုပ်၊ ကောက်ညှင်းထုပ် ခုနစ်ထုပ်၊ ငှက်ပျောသီး ခုနစ်လုံး၊ ပန်းခက် ခုနစ်ခက်၊ ကြံဆစ် ခုနစ်ဆစ်၊ အပ်ချည်ဖြူ ခုနစ်ချောင်းနဲ့ အုန်းရည်ဒါမှမဟုတ် သန့်ရှင်းတဲ့ရေ တစ်ဖလားအပြင်ဆန်ကောတစ်ချပ်နဲ့ ယောက်မတစ်ချောင်းလည်းဆက်စပ် ပစ္စည်းအဖြစ် ပါဝင်ပါတယ်။ ကရင် အဘိုး၊ အဘွားတွေက ဒီပစ္စည်းတွေ အသုံးပြုပြီး အစီအစဉ်အတိုင်း ကရင် အမျိုးသား၊ အမျိုးသမီးတွေကို ချည်ဖြူ ဖွဲ့ပေးကြရပါတယ်။ ဒီလိုဝါခေါင်လချည်ဖြူဖွဲ့ပေးတဲ့အတွက် ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်ဆုံစည်းခွင့် ရခြင်း၊ တစ်ရွာသားနှင့်တစ်ရွာသားများ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လုပ်ငန်းများ နှီးနှောခွင့်ရခြင်း၊ လူမှုရေးကိစ္စရပ်များ ညှိနှိုင်းခွင့်ရခြင်းနှင့် လူငယ်များချစ် ကြည်သွေးစည်းမှုရခြင်းစတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပခဲ့ကြတာဖြစ်ပါ တယ်။ ဒါမှ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းစောင့် ရှောက်ရာရောက်မှာဖြစ်ပါတယ်'' ဟု မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင် မန်းမောင်ပုတ် (ဂေါ်ဒူကျေးရွာ)ကပြောသည်။

ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအစဉ်အလာသည် ကရင်လူမျိုး များ၏ ချည်ဖြူဖွဲ့မင်္ဂလာသုံးမျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်ကြောင်း၊ ကရင် တိုင်းရင်းသားများတွင် စာပေ၊ ဘာသာစကား၊ အနုသုခုမပညာ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ရိုးရာ ဓလေ့များဟူ၍ ယဉ်ကျေးမှု ငါးမျိုးရှိ ကြောင်း၊ မိဘကို ရှိခိုးခြင်း၊ နတ်စား ခြင်း၊ ချစ်ရေးဆိုခြင်းနှင့် ထိမ်းမြား လက်ထပ်ခြင်း၊ အရှောင်ပေးခြင်း၊ လိပ်ပြာခေါ်ခြင်း၊ နှစ်သစ်ကူးခြင်း၊ ကိုးမြို့တင်ခြင်းနှင့် စုပေါင်းနေထိုင် လေ့ရှိခြင်း စသည်ဖြင့် ရိုးရာ ၁ဝ မျိုးရှိ ကြောင်း သိရသည်။
(သပြေထွန်း)

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများလူမှုကူညီထောက်ပံ့ရေးအဖွဲ့ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း



The Mirror Daily's photo.

ရန်ကုန် သြဂုတ် ၃ဝ

မြန်မာနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် ဆန် ၄၁၆ အိတ်၊ အဝတ်အစား ၇၇၄ အိတ်၊ ငါးသေတ္တာ၊ အသင့်စားခေါက်ဆွဲထုပ်များ၊ ဆေးဝါးများ အပါအဝင် ပစ္စည်း ၃၁ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၃ဝဝ ကျော်ဖိုးကို သြဂုတ် ၂၆ ရက်တွင် လှည်းကူးမြို့ မက်စ် ဓာတ်ဆီဆိုင်ခန်းမ၌ ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွား ရေးဆိုင်ရာ ပူးပေါင်းအဖွဲ့အစည်းနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ လူမှုကူညီထောက်ပံ့ရေးအဖွဲ့ (မဟာချိုင်/ဘန်ထိုလတ်အခြေစိုက်)တို့က ဧရာဝတီဖောင်ဒေးရှင်းမှ ဦးမိုးအောင်ချောနှင့် တူမောရိုးဂျာနယ်မှ ဦးဝဏ္ဏတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ကူညီထောက်ပံ့ရေးပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်းရှိ ယခုအချိန်တိုင် ရေနစ်မြုပ်နေသော ကျေးရွာများဖြစ်သည့် ရွှေညောင်ပင်၊ လင်းတာကျ၊ ဒါးကညောင်ကုန်း၊ ဇီးပင်ကွင်း၊ သမင်ကုန်း၊ ငဝန်ဒေါင်ကြီး၊ ကင်းတပ်ကျေးရွာများမှ ရေဘေးသင့် ပြည်သူများသို့ သြဂုတ် ၂၇ ရက်က သွားရောက်လှူဒါန်းခဲ့ကြသည်။

ယင်းအဖွဲ့သည် ဧရာဝတီဖောင်ဒေးရှင်းမှတစ်ဆင့် ရေဘေးသင့်ပြည်သူများအတွက် စားသုံးဆီများဝယ်ရန် ငွေကျပ် သိန်း ၄ဝ ကိုလည်း ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။
(ကြေးမုံ)

ညောင်တုန်းရေဘေးသင့်ပြည်သူများသို့ တောင်စွန်းဓမ္မဒူတဆရာတော် လှူဒါန်း



The Mirror Daily's photo.

ရန်ကုန် သြဂုတ် ၃ဝ

မွန်ပြည်နယ် တောင်စွန်းဓမ္မဒူတ ဆရာတော် ဘဒ္ဒန္တကေသဝ၊ ဘဒ္ဒန္တ ဝိမလ(ဓမ္မကထိက)နှင့် အလှူရှင် တပည့်ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ထိန်ကုန်း၊ ရွှေသောင်ယံ၊ လှေသောင်တင်၊ စာဖြူစု၊ ရွှေဟင်္သာကျွန်း၊ ငွေသောင်ယံ၊ ဘောလုံးတသင်းနှင့် ကျောက်တိုင်ရွာများသို့ သြဂုတ် ၂၇ ရက်က သွားရောက်လှူဒါန်းခဲ့ကြသည်။

ယင်းလှူဒါန်းပွဲတွင် လူဦးရေ ၁၅ဝဝ ကျော်တို့အား ဆန်၊ ငါးသေတ္တာဘူး၊ ခေါက်ဆွဲခြောက်၊ မုန့်မျိုးစုံ၊ ရေသန့်ဘူးနှင့် အဝတ်အထည်များ ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပြီး စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေ ကျပ်သိန်း ၁၅ဝ ကျော်ဖြစ်ကြောင်း သိရသည်။
ရွှေမေတ္တာ(အင်းစိန်)

မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်း


The Mirror Daily's photo.
လှိုင်းဘွဲ သြဂုတ် ၃ဝ

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် မြစိမ်းရောင်စီမံကိန်း အကောင် အထည်ဖော်ရန် စီမံကိန်းကျေးရွာ တာကရား (ရှေ့)၊ တာကရား(နောက်) ကျေးရွာတို့တွင် သြဂုတ် ၁၈ ရက်က လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေ ဝဏ္ဏလှိုင်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးသိန်းစိုး၊ ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့် ဝန်ထမ်းများသည် မြို့နယ်မြစိမ်းရောင်စီမံကိန်း အကောင် အထည်ဖော်ရေးကော်မတီဝင်များနှင့်အတူ ယင်းကျေးရွာများရှိ ဘုန်းကြီး ကျောင်းများ၌ ဒေသခံ ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ မြစိမ်းရောင်ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

''မြစိမ်းရောင်ကျေးရွာရန်ပုံငွေဆိုတာ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဖြစ်ပါတယ်။ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်ရခြင်းနဲ့ တစ်ဦးချင်းဝင်ငွေတိုးတက်၍ တစ်ရွာလုံးဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ပြီး ဆင်းရဲ မှု ရာခိုင်နှုန်းကို လျှော့ချနိုင်စေရန်ရည်ရွယ်တာဖြစ်ပါတယ်'' ဟုအဆိုပါ တွေ့ဆုံ ပွဲတွင် မြို့နယ်ကျေးလက်ဦးစီးမှူးက ရှင်းပြသည်။

အလားတူ ကိုဧည့်သည်၊ ကွမ်တာ၊ ဖာပွန်၊ ကော့ဝါးမီ၊ ထန်းတပင်၊ ရွာကိုင်းကောင်း၊ ဝိုင်းထော်၊ တာပေါင် ကမ်းနား+ကော့ပေါ၊ လှကဇိုင်း၊ ကော့လန်စူ၊ ကော့ကရယ်ကျွန်း၊ နံ့သာအုန်း စသည့်ကျေးရွာများတွင်လည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်/ကျေးလက်

တောင်ကိုရီးယားတိုက်စစ်မှူးကို စပါးခေါ်ယူ



 Myanmaalinn's photo.

တောင်ကိုရီးယားလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ ဆွန်ဟောင်မင်းကို စပါးက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ တောင်ကိုရီးယားတိုက်စစ် မှူး ဆွန်ဟောင်မင်းဟာ လေဗာကူဆင်အသင်းမှာ ၅၈ ပွဲကစားပြီး ၂၁ ဂိုးသွင်း ယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ ဆွန်ဟောင်မင်းကို စပါးက ပေါင် ၂၁ ဒသမ ၉ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူဟာ ကျောနံပါတ် ၇ ဂျာစီအင်္ကျီ ကို ဝတ်ဆင်ကစားရမှာဖြစ်ပါတယ်။ တောင်ကိုရီးယားတိုက်စစ်မှူးအနေနဲ့ စပါးရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟယ်ရီကိန်းကို အဓိကပံ့ပိုးပေးနိုင်တော့မှာ ဖြစ်ပါတယ်။ စပါးတိုက်စစ်အတွက် ဟယ်ရီကိန်းကို အဓိကဂိုးပေါက်တွေ ဖန် တီးပေးဖို့ လိုအပ်နေတာပါ။ စပါးအသင်းမှာ အဓိကခြေစွမ်းပြကစားနေတဲ့ ဟယ်ရီကိန်းမှာ အဓိကအားဖြင့် ဂိုးပေါက်ဖန်တီးပေးမယ့် တိုက်စစ်မှူးတစ်ဦး လိုအပ်နေတာပါ။ ယခုအခါ တောင်ကိုရီးယားတိုက်စစ်မှူးကို ခေါ်ယူနိုင်ပြီဖြစ် လို့ လာမယ့် ပရီမီယာလိဂ်ပြိုင်ပွဲမှာ စပါးအသင်းရဲ့ တိုက်စစ်နဲ့အတူ တွေ့ရ တော့မှာဖြစ်ပါတယ်။ သူဟာ လေဗာကူဆင်မှာ ခြေစွမ်းရှိတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။
ကောင်းမြတ်သူ

ယခုလမ်းမကြီး တည်ဆောက်လိုက်ခြင်းသည် မြန်မာနှင့်ထိုင်းအကြား ကုန်သွယ်မှုတိုးတက်စေမည့်အပြင် မဟာမဲခေါင်နိုင်ငံများသာမက အာရှနိုင်ငံများနှင့်လည်း ဆက်သွယ်မှုပိုမိုကောင်းမွန်လာစေမည်



 
ဘားအံ သြဂုတ် ၃ဝ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်း ၄၅ ဒသမ ၄၅ ကီလိုမီတာ    လွှဲပြောင်းပေးအပ်ပွဲနှင့် မြဝတီ-မဲဆောက်   ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား   အမှတ်(၂) ပန္နက်တင်အခမ်းအနားများသို့ တက်ရောက်သည်။
လမ်းသစ်   လွှဲပြောင်းပေးအပ်ပွဲ ကို  သင်္ဃန်းညီနောင်လမ်းဆုံတွင် ကျင်းပရာ ဒုတိယသမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးကျော်လွင်၊ ဒုတိယဝန်ကြီးများ၊ ကရင်ပြည်နယ်  (ခေတ္တ)ဝန်ကြီးချုပ် ဦးစောဝင်းထိန်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ    မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင်၊KNU ၊ KNU/KNLA(PC)၊   DKBA (KKO)တို့မှ တာဝန်ရှိသူများ၊ ထိုင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ် Dr.Somkid Jatusripitak ၊  နိုင်ငံခြားရေးဝန်ကြီး ဌာနဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး၊  မြန်မာနိုင်ငံဆိုင်ရာ  ထိုင်း နိုင်ငံ   သံအမတ်ကြီး၊   ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေး   ဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Chusak Gaywee နှင့် တာဝန်  ရှိသူများ၊   ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ၊ သတင်းမီဒီယာ များ တက်ရောက်ကြသည်။
ရှေးဦးစွာ   ထိုင်းနိုင်ငံ  သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာန     လမ်း ဦးစီးဌာန     ညွှန်ကြားရေးမှူးချုပ်Mr. Chusak Gaywee က မြန်မာ-ထိုင်းချစ်ကြည်ရေး   ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်း ဆောင် ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက  ယနေ့လွှဲပြောင်းပေး အပ်သည့်   ကော့ကရိတ်-သင်္ဃန်း ညီနောင်-မြဝတီ  လမ်းမကြီးသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ နှင့်   ဆက်စပ်လျက်ရှိသည့်အပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကို ဆက်သွယ်ပေးထားသည့် လမ်းမကြီး ၏ အစိတ်အပိုင်းဖြစ်ရုံမျှသာမက မဟာမဲခေါင်ဒေသ အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းတို့၏ အစိတ် အပိုင်းလည်းဖြစ်ပါကြောင်း၊ ၄၅ ဒသမ ၄၅ ကီလိုမီတာရှည်လျားသည့် ယခုလမ်းမကြီးကို   တည်ဆောက် လိုက်ခြင်းသည် မြန်မာနှင့် ထိုင်းနိုင်ငံ အကြား ကုန်သွယ်မှုတိုးတက်ဖွံ့ဖြိုး လာစေမည့်အပြင်   မဟာမဲခေါင် ဒေသအတွင်းရှိ  နိုင်ငံများသာမကအာရှနိုင်ငံများနှင့်လည်း  ဆက်သွယ်မှု ပိုမို   ကောင်းမွန်လာစေမည်ဖြစ် ကြောင်း။
မြန်မာ-ထိုင်း    နှစ်နိုင်ငံအကြား နီးကပ်သည့် ချိတ်ဆက်ဆောင်ရွက် မှုများ၊ အကျိုးရှိသော ပူးပေါင်းဆောင် ရွက်မှုများနှင့် ရေရှည်တည်တံ့ခိုင်မြဲ ပြီး   နှစ်ဦးနှစ်ဖက်  အပြန်အလှန် အကျိုးရှိစေသည့်   ဆက်ဆံရေး တစ်ရပ်   တည်ဆောက်ထားခြင်း ကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးတက်လျက်ရှိပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏   ကုန်သွယ်ဖက်နိုင်ငံ များအနက် အဆင့်(၂)တွင်  ရပ်တည် လျက်ရှိသည့်   နိုင်ငံဖြစ်ကြောင်း၊ မြဝတီ-ကော့ကရိတ်   လမ်းသည် နယ်စပ်ကုန်သွယ်မှုကို    လွယ်ကူ ချောမွေ့စေမည့် အဓိကလမ်းကြောင်း တစ်ခုဖြစ်သောကြောင့်    ဆက်သွယ် သွားလာမှုကောင်းခြင်းသည် မိမိတို့ မျှော်မှန်းထားသည့်   ကုန်သွယ်မှု ပမာဏကိုရောက်ရှိစေပြီး   နယ်စပ် ဒေသနှင့် ယင်းဒေသနေ ပြည်သူများ ၏     ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ   ပူးပေါင်းဆောင်ရွက်မှုကို လည်း များစွာအထောက်အကူဖြစ်စေ မည်ဟု  မျှော်လင့်ပါကြောင်း  ပြော ကြားသည်။
ဆက်လက်၍    ကေအင်န်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး  စောမူတူးစေးဖိုးက  ယနေ့ဖွင့်လှစ်လိုက်သည့် လမ်းသစ် ကြောင့်   ကရင်ပြည်နယ်ဆီသို့   ကုန်စည်စီးဆင်းမှု   လွယ်ကူခြင်းမှ တစ်ဆင့်   တစ်နိုင်ငံလုံးအတွက်   အကျိုးခံစားကြရမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းသစ်မှ ဒေသတွင်းနိုင်ငံ များအတွက်   အကျိုးကျေးဇူးများ    မျှဝေခံစားနိုင်ကြမည်ဖြစ်ပြီး အာဆီယံ စီးပွားရေးလူ့အဖွဲ့အစည်း (AEC)ဖော်ထုတ်ရေးကို အဓိကအထောက် အကူ     ပေးနိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် ယခုတရားဝင်လွှဲပြောင်း ပေးအပ်မှုမှစ၍ မြန်မာနိုင်ငံအနေဖြင့်  လမ်းမကြီးအတွက် ထိန်းသိမ်းစောင့် ရှောက်မှုနှင့်    တည်ငြိမ်မှုတို့ကို   ရှေ့ဆက်   တာဝန်ယူကြရမည်ဖြစ် ကြောင်း၊  မျှတသည့်  အကျိုးစီးပွား   တိုးတက်ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းလာ စေမည့်    အာရှအမြန်လမ်းမကြီးနှင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး ပိုမိုတိုး တက်ကောင်းမွန်    အဓွန့်ရှည်ပါစေ ကြောင်း   ဆန္ဒပြုပြီး  ကျေးဇူးတင် ကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်က မြဝတီ-ကော့ကရိတ် ကြားတွင်ရှိနေသည့်လမ်းကို    ပိုမို ကောင်းမွန်အဆင်ပြေချောမွေ့စေရန် အတွက် ယခုအမြန်လမ်းကို တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊    ယခု အဆင့်မြှင့်တင်  ဖောက်လုပ်ခဲ့သော အမြန်လမ်းသည် အရှေ့-အနောက် စီးပွားရေးစင်္ကြံကြားတွင်ရှိသည့် လမ်း ကြောင်းဖြစ်ပြီး ပြည်တွင်းသာမက နိုင်ငံတကာအတွက်လည်း အထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခု စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လွယ်ကူလာပြီး မဲဆောက် အထူးစီးပွားရေးဇုန်မှ ထွက်ရှိလာ မည့် ကုန်စည်များကို လွယ်ကူချောမွေ့ စွာ သယ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်  ဆောက်လုပ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊   ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ   ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊      ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန    ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတို့ က ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ထို့နောက်    ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့သည် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင် ကို     စက်ခလုတ်နှိပ်   ဖွင့်လှစ်ပေးပြီး နှစ်နိုင်ငံခေါင်းဆောင်များနှင့် အဖွဲ့ သည် ကမ္ပည်းမော်ကွန်း ကျောက်စာ တိုင်ရှေ့တွင် စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ထိုင်းနိုင်ငံ  see sang Co.,Ltd.  ဥက္ကဋ္ဌက ယာဉ်အလေးချိန် စစ်ဆေးသည့် ကတ္တားနှင့် သက်ဆိုင် သော စာရွက်စာတမ်းများကို ဆောက် လုပ်ရေးဝန်ကြီးဌာန   လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လွှဲပြောင်း ပေးအပ်သည်။
ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်းပိုင်းမှာ ၁၆ မိုင် ၆ ဖာလုံ အရှည်ရှိပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ   ထိုင်းနိုင်ငံ အကူအညီဖြင့်   ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ပြီးစီးခဲ့သည်။  အဆိုပါ လမ်းပိုင်းကို ထိုင်းဘတ်ငွေ ၁၁၆၆ သန်း အသုံးပြု တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍   ဒုတိယသမ္မတ နှင့် အဖွဲ့ဝင်များသည်   ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိကြပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) ပန္နက်တင်အခမ်းအနားသို့ တက် ရောက်ကြသည်။ ရှေးဦးစွာ ဒုတိယ သမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီး ချုပ်တို့သည် ထိုင်း-မြန်မာ ချစ်ကြည် ရေးတံတားအမှတ်(၂) တည်ဆောက် ရေးရှင်းလင်းဆောင်၌    ခင်းကျင်း ပြသထားသည့်   တံတားပုံစံငယ်ကို  ကြည့်ရှုကြသည်။
ထို့နောက် ထိုင်းနိုင်ငံ သယ်ယူ  ပို့ဆောင်ရေးဝန်ကြီးဌာန  လမ်းဦးစီး ဌာန    ညွှန်ကြားရေးမှူးချုပ်က ချစ်ကြည်ရေးတံတား  အမှတ်(၂) တည်ဆောက်သွားမည့်  ကိစ္စရပ်များ ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Dr.Somkid Jatusri-pitakက အရှေ့-အနောက် စီးပွားရေး စင်္ကြံဆက်သွယ်မှုသည် မြန်မာနိုင်ငံ နှင့်    ထိုင်းနိုင်ငံတို့အကြားတွင် ရှိသည့် ပိုမိုတိုးတက်လာမည့် ဆက် သွယ်ရေးလမ်းကြောင်းများအတွက် အဆိုပါတံတားကို   ဆောက်လုပ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ၎င်းချစ်ကြည်ရေး တံတားသည်  မကြာမီ  တာခ့်ခရိုင် အတွင်း၌     တည်ဆောက်မည့် အထူးစီးပွားရေးဇုန်အတွက်လည်း အထောက်အကူပြုနိုင်မည်   ဖြစ် ကြောင်း၊ ယခုစီမံကိန်းသည် ထိုင်း   နှင့်  မြန်မာနိုင်ငံအပြင်  နိုင်ငံတကာ ကုန်သွယ်ရေးကိုလည်း   အထောက် အကူဖြစ်ပြီး အာဆီယံအမြန်လမ်းပုံစံ အတိုင်း အဆင့်မီတည်ဆောက်မည့် တံတားဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်   ဒုတိယသမ္မတက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) ပန္နက်တင် မင်္ဂလာအခမ်း အနားသည် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးအတွက် သန္နိဋ္ဌာန်ချမှတ်ထားသည်ဟု ယုံကြည် ကြောင်း၊ မြန်မာနိုင်ငံ ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့်    ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနတို့အကြား တည်ဆောက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကို  မကြာမီ လက်မှတ် ရေးထိုးနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင် ရွက်မှုကဏ္ဍအသစ်တစ်ရပ် ဖွင့်လှစ် နိုင်မည်ဖြစ်ကြောင်း၊   မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)သည် နှစ်နိုင်ငံပြည်သူများအကြား စည်းလုံး ညီညွတ်မှု၊ ဆက်ဆံရေးကောင်းမွန်မှု များနှင့်  ပူးပေါင်းဆောင်ရွက်နိုင်မှု တို့ကို   ဖော်ဆောင်ပြသနိုင်မည့် မှတ်တိုင်သစ်တစ်ခုဖြစ်ကြောင်း။
မြန်မာ-ထိုင်း    ချစ်ကြည်ရေး တံတား အမှတ်(၂)သည် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံ၏  အရေးပါသော လမ်းကြောင်းပေါ်တွင်  တည်ရှိနေပါ ကြောင်း၊   အဆိုပါတံတားသည် မြန်မာ-ထိုင်း     နှစ်နိုင်ငံအတွက် သာမကဘဲ   မဟာမဲခေါင်ဒေသခွဲ နိုင်ငံများအတွက်လည်း  အကျိုးစီးပွား ဖြစ်ထွန်းစေမည့် တံတားကြီးတစ်စင်း ဖြစ်ကြောင်း၊ ယခုထပ်မံတည်ဆောက် မည့်  မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားကြီးသည် အိမ်နီးချင်းနှစ်နိုင်ငံ ကို ပိုမိုနီးကပ်စေရန် ဆက်သွယ်ပေးမှု အပြင် နယ်စပ်ဒေသရှိ ပြည်သူများ အကြား    တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊    ရိုင်းပင်းကူညီမှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်တတ်သော ခံယူ ချက်များကိုလည်း ချိတ်ဆက်ပေးမည့် တံတားတစ်စင်းဟု    ယုံကြည်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့သည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)  စတင်တည်ဆောက်နိုင် ရေးအတွက် စက်ခလုတ်နှိပ်၍ ပန္နက် တင်ပေးပြီး   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မြန်မာ-ထိုင်း   ချစ်ကြည်ရေး တံတားအမှတ်(၂)သည် အရှည် ၂၇ဝ မီတာ၊ မြန်မာဘက်ခြမ်း  ချဉ်းကပ် လမ်း ၃ ဒသမ ၆ဝ ကီလိုမီတာနှင့် ထိုင်းနိုင်ငံဘက်ခြမ်း တံတားချဉ်းကပ် လမ်း ၁၇ ဒသမ ၂၅ မီတာဖြစ်ကြောင်း သိရသည်။               

(သတင်းစဉ်)

ဗုံးခွဲမှုသံသယရှိသူကို ထိုင်းရဲတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေ


 Myanmaalinn's photo.
ဗန်ကောက် သြဂုတ် ၃ဝ

နိုင်ငံခြားသားတစ်ဦးအား နိုင်ငံကူးလက်မှတ်အတုနှင့် ဗုံးလုပ်ကိရိယာများနှင့်အတူ ဖမ်းဆီးလိုက်ပြီးနောက် ထိုင်းမှုခင်းရဲတပ်ဖွဲ့ဝင်များက ဗန်ကောက်မြို့ နေရာအနှံ့ ရှာဖွေမှုများ ပိုမိုပြုလုပ်လျက်ရှိကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြသည်။
ဗန်ကောက်မြို့လယ်ရှိ ဟိန္ဒူဘုရားကျောင်း၌ သြဂုတ် ၁၇ ရက်က ဗုံးခွဲတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ သံသယရှိသူများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိရာ မိုဘိုင်းဖုန်း နံပါတ် ၁ဝဝဝ ခန့်နှင့် ပတ်စ်ပို့စ် ၂ဝဝ ခန့်ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ထိုင်းအာဏာပိုင် များက ပြောသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၂ဝ သေဆုံးခဲ့သည်ဟု ဆိုသည်။
သေဆုံးသူများတွင် နိုင်ငံခြားသား ၁၄ ဦးပါဝင်ရာ တရုတ်နှင့် ဟောင်ကောင်မှ ခုနစ်ဦးပါဝင်သည်ဟု ဆိုသည်။
ယင်းဗုံးခွဲတိုက်ခိုက်မှုသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောသည်။ စနေ နေ့က ဖမ်းဆီးလိုက်သော အသက် ၂၈ နှစ်အရွယ်ရှိ အဆိုပါ နိုင်ငံခြားသားသည် မည်သည့်နိုင်ငံသားဖြစ်သည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိသေးဟုဆို သည်။
၎င်းအမျိုးသားအား တရားမဝင်လက်နက်များ ကိုင်ဆောင်မှုဥပဒေဖြင့် ဖမ်းဆီးထားသည်ဟု ဆိုသည်။

(ရိုက်တာ)

ကုလသမဂ္ဂအထွေထွေညီလာခံသို့ သမ္မတပူတင်တက်ရောက်မည်


 Myanmaalinn's photo.
မော်စကို သြဂုတ် ၃ဝ

ရုရှားသမ္မတဗလာဒီမာပူတင်သည် လာမည့် စက်တင်ဘာလတွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း ရုရှားအစိုးရက သြဂုတ် ၂၈ ရက်တွင် ကြေညာသည်။
ပူတင်သည် လာမည့်စက်တင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ အတောအတွင်း၌ အချေအတင် ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားမည့်သူ ယာယီစာရင်းအရ သိရသည်။ သို့သော် ရုရှားအစိုးရသည် သမ္မတပူတင်၏ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ယခုတစ်ခေါက်ခရီးစဉ်မှာ ရုရှားသမ္မတပူတင်၏ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးသို့ လေးကြိမ်မြောက် တက်ရောက် ခြင်းဖြစ်ကြောင်း၊ သမ္မတပူတင်သည် ရုရှားသမ္မတတစ်ဦးအနေဖြင့် ၄င်း၏မိန့်ခွန်းကို လွန်ခဲ့သောဆယ်နှစ်က ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး၌ နောက်ဆုံးအကြိမ်အဖြစ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။ သမ္မတပူတင်သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ့ထိပ်တန်းခေါင်းဆောင်များ တက်ရောက်လာကြမည့် အဆိုပါ ကုလသမဂ္ဂညီလာခံအတောအတွင်း၌ အခြားကမ္ဘာ့ခေါင်းဆောင်ကြီးများနှင့် အပြန်အလှန် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ဖွယ်ရှိကြောင်း မီဒီယာများက ဆက်လက်ဖော်ပြသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်တို့သည်လည်း အဆိုပါအစည်းအဝေး၌ သမ္မတပူတင်နည်းတူ မိန့်ခွန်းများပြောကြားကြရန် စီစဉ်ထားပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ညီလာခံအစည်းအဝေး၏ နောက်တစ်နေ့တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု သိရသည်။

(ကျိုဒိုနယူးစ်)

မလေးရှားဝန်ကြီးချုပ်နုတ်ထွက်ပေးရန် ကွာလာလမ်ပူ၌ ဒုတိယနေ့ဆန္ဒပြ



Myanmaalinn's photo.
ကွာလာလမ်ပူ သြဂုတ် ၃ဝ


မလေးရှားခေါင်းဆောင်အဖြစ် ကာလကြာရှည်စွာတာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ်နာဂျစ်ရာဇတ်အား ဒေါ်လာသန်းပေါင်းများစွာ အလွဲသုံးစားမှု ထွက်ပေါ်ခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက တနင်္ဂနွေနေ့တွင် ဒုတိယနေ့အဖြစ် နုတ်ထွက်ပေးရန် ဆန္ဒပြခဲ့ ကြသည်။
အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ကျော် နာဂျစ်အမည်ဖြင့် စာရင်းဖွင့်ခဲ့ပြီးနောက် နိုင်ငံရေးအကျပ်အတည်းတစ်ရပ်ဖြစ်လာကာ ရာနှင့်ချီသော ဆန္ဒပြသူများက မြို့တော်ကွာလာလမ်ပူ မြို့လယ်၌ စနေနေ့က အိမ်မပြန်ဘဲ လမ်းများပေါ်တွင်အိပ်ကာ ဆန္ဒပြခဲ့ကြသည်။
သို့သော်လည်း မြို့လယ်တွင်လုံခြုံရေးတင်းကျပ်လျက်ရှိကာ အဓိကရုဏ်းနှိမ်နင်းရေးရဲများက ကားများဖြင့် အသင့်စောင့်ဆိုင်းနေကြပြီး စနေနေ့က ဆန္ဒပြမှုတွင် အကြမ်းဖက်မှုမပါဘဲ ဝန်ကြီးချုပ်အားနုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ တနင်္ဂနွေနေ့တွင် အုပ်စုလိုက် လေ့ကျင့်ခန်း ပြုလုပ်မှုနှင့်အတူ ဆန္ဒပြပွဲကိုစတင်ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
မြို့တော်အာဏာပိုင်များအနေဖြင့် ဒီမိုကရေစီအရေး ဆန္ဒပြမှုလျှောက်ထားခြင်းကို ပယ်ချခဲ့သည်ဟုဆိုသည်။ အစိုးရက ဒီိမိုကရေစီလှုံ့ဆော်ရေး ဝက်ဘ်ဆိုက်ဖြစ်သည့် ဘာဆစ်ဝက်ဘ်ဆိုက်ကို ပိတ်ပင်လိုက်ပြီး အဝါရောင်တီရှပ်များ ဝတ်ဆင်မှုကိုလည်း ပိတ်ပင်ထားသည်။ သို့သော်လည်း ဆန္ဒပြသူများက အဝါရောင်ရှပ်အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြခဲ့ကြသည်ဟုဆိုသည်။

(ရိုက်တာ)

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
အနည်းဆုံးအခကြေးငွေ


ကျွန်ုပ်တို့ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ထွန်းရေးနှင့် ထိုက်သင့်သော လုပ်ခလစာများ ရရှိရေးတို့ ကိုလည်း ကြိုးပမ်းလျက်ရှိပါသည်။ ဆင်းရဲမှုလျှော့ချရေးနှင့် ထိုက်သင့်သော လုပ်အားခတို့သည် ဆက်စပ်လျက်ရှိပါသည်။ ထိုက်သင့်သော လုပ်အားခများ ရရှိလာမှသာ စားနိုင်သောက်နိုင် လူမှုဘဝများ တိုးတက်လာမည် ဖြစ်ပါသည်။
  ထို့ကြောင့်လည်း မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန် ၂ဝ၁၃ ခုနှစ်ကတည်းက လွှတ်တော်၌ အနည်းဆုံးအခကြေးငွေ ဥပဒေကို  အတည်ပြု ပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ  ပြည်ထောင်စု မြန်မာနိုင်ငံတော် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက၂ဝ၁၅  ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့်  ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါသည်။ ဤ ကြေညာချက်အရ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးတစ်ပြေးညီ သတ်မှတ်သည့် အနည်းဆုံး အခကြေးငွေမှာတစ်နာရီလျှင် ငွေကျပ် ၄၅ဝနှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ငွေကျပ် ၃၆ဝဝ ဖြစ်ပါသည်။ သို့ရာတွင် ဤသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း သိရပါသည်။
 ဤသို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်မှုကြောင့် အလုပ်သမား ရာကျော်ရှိသော စက်ရုံအလုပ်ရုံကြီးများနှင့် အလုပ်လုပ်နေကြသည့် လစာနည်း အလုပ်သမားများအတွက် ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်ပါသည်။  အနည်းဆုံး  ကျပ်တစ်သိန်း အထက် လစာရရှိလာနိုင်တော့မည် ဖြစ်ပါသည်။ ကျွမ်းကျင်မှုနှင့်  ကြိုးစားအားထုတ်မှုတို့အပေါ်မူတည်ပြီး    လစာဝင်ငွေနှင့် လုပ်အားခ ဆုကြေးငွေများ တိုးတက်လာတော့မည် ဖြစ်ပါသည်။ လက်ရှိ  အမေရိကန်ဒေါ်လာပေါက်ဈေးအရ  မြန်မာနိုင်ငံမှ အလုပ်သမားများသည် တစ်ရက်လုပ်အားခ အမေရိကန်ဒေါ်လာ သုံးဒေါ်လာခန့်  ရရှိနေပြီဟု ဆိုနိုင်ပါသည်။  အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သူများ နည်းပါးလာမည်ဖြစ်ပါ သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တစ်ရက်လုပ်အားခ မြန်မာ ငွေကျပ် ၉ဝဝဝ ခန့် ရရှိကြောင်း သိရပါသည်။  မြန်မာနိုင်ငံ တွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော အလုပ်ကြမ်းသမားများကို တစ်ရက်ငွေကျပ် ၇ဝဝဝ မှငွေကျပ် ၁ဝဝဝဝ ပေးခေါ်နေရပါသည်။ သို့အတွက် မြန်မာနိုင်ငံမှ အလုပ်ကြမ်းသမားတစ်ဦး၏ ဝင်ငွေသည် သိသိသာသာ တိုးလာ နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်မှုကြောင့် စက်ရုံအလုပ်ရုံကြီးများ၌ အလုပ်လုပ်နေကြသော ဝင်ငွေနည်း အလုပ်သမားများအတွက်  ထိုက်တန်သော အခကြေးငွေများ ရရှိလာတော့မည် ဖြစ်ပါသည်။ အခြားလုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများ သည်လည်း လတ်တလော  အနည်းဆုံးအခကြေးငွေကို မခံစားရ သည့်တိုင် ရေမြင့်ကြာတင့်ဆိုသည့်အတိုင်း ကာလဒေသနှင့် လိုက်လျောညီထွေမှုရှိသော လုပ်အားခဝင်ငွေများ ရရှိလာနိုင်လိမ့် မည်ဟု မျှော်လင့်ရပါကြောင်း။

မျိုးဆက်သစ်များက ယဉ်ကျေးမှုအမွေအနှစ်များနှင့်ပညာရပ်များမပျောက်ပျက်စေရန် ဆက်လက်ထိန်းသိမ်းသွားနိုင်ရေးမှာ အရေးကြီးသည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်



 
 
နေပြည်တော်   သြဂုတ်   ၃ဝ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် မန္တလေးမြို့  ချမ်းမြသာစည်မြို့နယ် (၇၃) လမ်းနှင့် (၇၈) လမ်းကြား မင်္ဂလာမန္တလေးစီမံကိန်း(တောင်ဘက်)တွင် တည်ဆောက်မည့် မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး)  အဆောက်အအုံ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။အခမ်းအနားတွင်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊   ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ မြို့တော်ဝန် ဦးအောင်မောင်း၊ သဘင်အစည်းအရုံး နာယက  ဦးရွှေနန်းတင်နှင့် အကယ် ဒမီ ဒါရိုက်တာ မြို့တော်မောင်ယဉ် အောင်တို့က မင်္ဂလာအချိန် ၈ နာရီ ၁ဝ မိနစ်တွင် သတ်မှတ်နေရာ အသီး သီးရှိ  ပန္နက်တော်ဌာနများ၌  ရတနာ ပန္နက်တော်များကို စိုက်ထူ၍ ပန္နက် တင်ကြပြီး အမွှေးနံ့သာ၊ ရွှေရည် ငွေ ရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ သည်   တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့   ရောက်ရှိရာ  မြန်မာ့အနုပညာ ဗဟိုဌာန(မန္တလေး) အကောင်အထည်ဖော်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ   ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က    နိုင်ငံတကာ အဆင့်မီ  မြန်မာ့အနုပညာဗဟိုဌာန (မန္တလေး) တည်ဆောက်ရေးစီမံကိန်း အတွက် ဆောင်ရွက်ထားရှိမှု၊ တည် ဆောက်မည့်   အဆောက်အအုံ၏ ဗိသုကာပုံစံ၊  အဆောက်အအုံတွင်  ပါဝင်မည့် အခန်းဖွဲ့စည်းပုံတို့ကို ရှင်း လင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က လမ်းညွှန်မှာကြားရာတွင် မန္တလေး မြို့သည်  အနုပညာရှင်များစွာပေါ် ထွန်းခဲ့သည့် မြို့ကြီးတစ်မြို့ဖြစ်သည့်

အပြင်  ပန်းချီ၊  ပန်းပု  စသည့် အနု ပညာများထွန်းကားခဲ့သည့်  ယဉ်ကျေး မှုအမွေအနှစ်များ   များစွာ  ကျန်ရှိ နေသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ ထွန်းကားခဲ့သည့်   ယဉ်ကျေးမှုအမွေ အနှစ်များကို  လက်ရှိပညာရှင်များ သည်      သမိုင်းပေးတာဝန်အရ   ဆက်လက်ထိန်းသိမ်းထားနိုင်သကဲ့ သို့ မျိုးဆက်သစ်များကလည်း မိမိတို့  ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပညာ ရပ်များ      မပျောက်ပျက်စေရန်   ဆက်လက်ထိန်းသိမ်းသွားနိုင်ရေးတို့ မှာ အရေးကြီးသည့်  အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပါကြောင်း။
ထိုသို့ ဆက်လက်ထိန်းသိမ်းနိုင် ရန်၊ ပညာရပ်များကို လက်တွေ့အသုံး ချနိုင်ရန်၊   အနုပညာအမွေအနှစ် ပညာရပ်များနှင့်ပတ်သက်၍  ပြည်သူ များအား  ဖျော်ဖြေတင်ဆက်နိုင်ရန် နှင့်      မျိုးဆက်သစ်များကိုလည်း  ယင်းအမွေအနှစ်များ   ပေးအပ်နိုင် ရန်အတွက်    ကောင်းမွန်ခံ့ညား ထည်ဝါပြီး ခေတ်မီသည့် အဆောက် အအုံ  လိုအပ်သောကြောင့်    မိမိတို့ အစိုးရလက်ထက်တွင်  မန္တလေးနှင့် ရန်ကုန်မြို့တို့၌    ယခုကဲ့သို့သော အဆောက်အအုံကို    တည်ဆောက် ပေးခြင်းဖြစ်ပါကြောင်း။
ယခု အဆောက်အအုံပြီးစီးပါက သမားရိုးကျနည်းဖြင့်     ဖျော်ဖြေ တင်ဆက်ခြင်းထက်    ခေတ်မီသည့် နည်းစနစ်ကို အသုံးပြုကာ တင်ဆက် ဖျော်ဖြေသွားနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်တွင်း၌သာမက အာဆီယံ နိုင်ငံများ၏  ယဉ်ကျေးမှုအမွေအနှစ်  များ၊    ယဉ်ကျေးမှုအဖွဲ့များကိုပါ ဖိတ်ခေါ်၍   ပြသဖျော်ဖြေတင်ဆက် သွားနိုင်မည်ဖြစ်ပါကြောင်း။
ယခုအဆောက်အအုံကို   တည် ဆောက်ပြီးစီးသွားသည့်အခါ   အနု ပညာရှင်များ၏      လက်ဝယ်သို့ လွှဲပြောင်းပေးအပ်သွားမည်   ဖြစ်၍     စနစ်တကျ    ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ရန်အတွက် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ စည်းမျဉ်း စည်းကမ်းများ ရေးဆွဲခြင်းစသည်တို့ကို ဆောင်ရွက် ကာ    ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆက်လက်ပြီး    ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရတာဝန် ယူသည့် ကာလအတွင်း အနုပညာရှင် များအား ယခုကဲ့သို့သော အဆောက် အအုံမျိုးကို    တည်ဆောက်ပေးရန် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း။
ယခုအဆောက်အအုံ   ရေရှည် တည်တံ့ခိုင်မြဲစေရန်၊   မိမိတို့၏အနုပညာရှင်များက   ပိုမိုကောင်းမွန် ပြည့်စုံသည့်     အနုပညာရပ်များ တင်ဆက်နိုင်ရန်၊ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေအနှစ်ပေးအပ်သွားနိုင်ရန်၊ ကမ္ဘာ့ယဉ်ကျေးမှုအနု ပညာရပ်များနှင့်   မိမိတို့ယဉ်ကျေးမှု အနုပညာရပ်များ အချင်းချင်းဖလှယ် အသုံးချနိုင်ရန်   စသည့်ကိစ္စရပ်များ ကို  ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့်    မှာကြား သည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း ၁ဝ မျိုးအစည်း အရုံး၏  အနုပညာရှင်များကိုယ်စား သဘင်အစည်းအရုံးနာယက ဦးရွှေ နန်းတင်က      ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက်    နိုင်ငံတော်သမ္မတ သည် မြန်မာနိုင်ငံ  ရုပ်ရှင်၊  သဘင်၊ ဂီတနှင့်   ပန်း ၁ဝ မျိုးမှအနုပညာရှင် များနှင့်အတူ   မြန်မာ့အနုပညာဗဟို ဌာန(မန္တလေး)အထိမ်းအမှတ် ဆိုင်း ဘုတ်ရှေ့၌  မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ   မြန်မာ့အနုပညာဗဟို ဌာန(မန္တလေး)အဆောက်အအုံကို မြေဧက  ၈ ဒသမ ၅ဝ အပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။ အမြင့် ပေ ၁ဝဝ ခန့်ရှိမည်ဖြစ်ကာ အထပ် ခုနစ်ထပ်ပါဝင်မည်ဖြစ်ပြီး  လူ ၃ဝဝဝ ဝင်ဆံ့နိုင်မည်ဖြစ်သည်။      ယင်း အဆောက်အအုံ၌   စားသောက် ဆိုင်များ၊    တစ်နှစ်ပတ်လုံးကပြ ဖျော်ဖြေနိုင်မည့်     ပြဇာတ်ရုံများ၊  မြန်မာ့အနုပညာ   အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင် များနှင့် ယာဉ်ရပ်နားရန်နေရာတို့ကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ် သည်။
ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း ၁ဝ မျိုးပညာရှင်များအား အနုပညာဗဟို ဌာန   တည်ဆောက်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အတွက် ဝင်ငွေများ ပိုမိုရရှိလာနိုင်မည် ဖြစ်ပြီး   အနုပညာဆိုင်ရာဖျော်ဖြေ တင်ဆက်မှုများကို  တစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်မည်   ဖြစ်ကြောင်းနှင့် အနုပညာသင်တန်းများကိုပါ ဖွင့်လှစ် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ချမ်းမြသာစည်မြို့နယ်  မြရည်နန္ဒာ ရပ်ကွက်ရှိ    မြရည်နန္ဒာတန်ဖိုးမျှတ  အိမ်ရာစီမံကိန်းနှင့် ချမ်းအေးသာစံ မြို့နယ် စိတ္တရမဟီရပ်ကွက်ရှိ စိတ္တရ မဟီ   အဆင့်မြင့်အိမ်ရာစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ မော်တော်ယာဉ်များဖြင့်   လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
(သတင်းစဉ်)

Sunday, August 30, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအစည်းအဝေး ကျင်းပမှုအား တက်ရောက်အားပေး



 

နေပြည်တော် သြဂုတ် ၂၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် ၁ဝ နာရီခွဲ တွင် လွှတ်တော်အဆောက်အအုံ လွှတ်တော်ရေးရာဆောင်အမှတ်(အိုင်-၂) ပြည်သူ့လွှတ်တော်  ဥပဒေကြမ်းကော်မတီ၌ ကျင်းပလျက်ရှိသော  အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ  ဥပဒေကြမ်းညှိနှိုင်းအစည်းအဝေး ကျင်းပမှုကို တက်ရောက်အားပေးသည်။

အစည်းအဝေးတွင်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက   လွှတ်တော်များ ရပ်နားခဲ့သော်လည်း  ကျန်ရှိနေသောဥပဒေများကို  ဆက်လက်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ဥပဒေကြမ်းကော်မတီအနေဖြင့် အစည်း အဝေးများ ဆက်လက်ကျင်းပမည်ဟု သိရှိရသည့်အတွက် ယခုကဲ့သို့အား ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အတွင်းရေးမှူး  ဦးစောလှထွန်းနှင့်  ကော်မတီအဖွဲ့ဝင်များ၊  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးနှင့်   ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ   တာဝန်ရှိသူများ တက်ရောက်ကြသည်။                                         (သတင်းစဉ်)

ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းထားသည့် ပစ္စည်းနှင့်အလှူငွေများ ဘေးသင့်ဒေသများသို့အချိန်နှင့်တစ်ပြေးညီ လက်ရောက်ဖြန့်ဝေပေးနိုင်ရေးဆောင်ရွက်




The Mirror Daily's photo.


ရန်ကုန် သြဂုတ် ၂၉

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကန်တော်ကြီးသဘာဝဥယျာဉ်သို့ ရောက်ရှိပြီး ကန်တော်ကြီးရေပြင်၌ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယသမ္မတက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများအား သဘာဝဘေးအန္တရာယ်များကြုံတွေ့ခဲ့ပါက ဘေးသင့်ဒေသရှိ ပြည်သူ များကို ဘေးကင်းလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် အရေးပေါ်ပစ္စည်းများထောက်ပံ့ ပေးခြင်းများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတတ်ပညာကျွမ်းကျင်မှုများလိုအပ်သည့်အတွက် ဖွဲ့စည်းခြင်း၊ လေ့ကျင့်ခြင်း၊ သရုပ်ပြဇာတ်တိုက်ခြင်း၊ ပြန်လည် ဆန်းစစ်မှုနှင့် အကဲခတ်မှုများ ဆောင်ရွက်ခြင်းနှင့် သုံးသပ် ပြုပြင်ဆောင်ရွက်ခြင်းတို့ကို အစီအစဉ်တကျဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး၌ ဖွင့်လှစ်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ကုန်(ရုံးခွဲ)နှင့် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီ (Recovery Coordination Centre) ရန်ကုန်(ရုံးခွဲ)ဖွင့်လှစ်ထားရှိမှု၊ ပြန်လည်ထူထောင်ရေး အတွက် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ကုန်(ရုံးခွဲ)ဧည့်ခန်းမ၌ တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းထားရှိမှု၊ ဘေးသင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယသမ္မတက ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းထားသည့် ပစ္စည်းနှင့် အလှူငွေများကို စနစ်တကျ မှတ်တမ်း ထားဆောင်ရွက်ရေး၊ ဘေးသင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ လက်ရောက် ဖြန့်ဝေပေးနိုင်ရေး၊ ကြီးကြပ်ရေးအဖွဲ့များတွင် ရပ်ရွာမှ လေးစားကြည်ညိုသူများ၊ အဖွဲ့ဝင်အဖြစ်ပါဝင်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေး၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှူးရုံး၌ဖွင့်လှစ်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ကုန်(ရုံးခွဲ)နှင့် ပြန်လည်ထူထောင်ရေး ဗဟိုကော်မတီ ရန်ကုန် (ရုံးခွဲ)သို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်စေတနာရှင် အလှူရှင်ပြည်သူများက သြဂုတ် ၂ ရက်မှ ၂၈ရက်အထိ စုစုပေါင်း မြန်မာငွေကျပ် ၄၃၂၇၂၃၇ဝဝ၊ ထိုင်းဘတ်ငွေ ၁၁၃၉၅၅၊ မလေးရှားရင်းဂစ် ၂ဝဝဝ နှင့် အမေရိကန်ဒေါ်လာ ၅၅၈၃ဝတို့ကိုလည်းကောင်း၊ စားသောက်ကုန်နှင့် လူသုံးကုန်အပါအဝင် ပစ္စည်း အမယ်စုံ တန်ချိန် ၃၈၉ တန်ကိုလည်းကောင်း လာရောက်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိသည်။
ယင်းနောက် လှိုင်းဘွဲ့မြို့ မြို့မပရိယတ္တိစာသင်တိုက်ဆရာတော်အမှူးပြု သော ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် လှိုင်းဘွဲ့မြို့ ကမ်းထိန်းကျောက်စီမြေနံရံဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ရေဘုတ်ရေလှောင်တမံအကူရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ယင်းနောက် ထီးလုံကျေးရွာ၌ ကျင်းပသည့် မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး မောခီးကျေးရွာအတွက် စပါးခြွေလှေ့ စက်တစ်စီး၊ ရှမ်းရွာသစ်မြို့ မဲသမူကျေးရွာအုပ်စုအတွက် လက်တွန်းထွန်စက် တစ်စီး၊ ထီလုံကျေးရွာ၊ သမာန်နှင့်နောင်သငဲ့ကျေးရွာတို့ရှိ မိုးစပါးစိုက်ခင်းများအတွက် ဓာတ်မြေသြဇာနှင့်ရွက်ဖျန်းမြေသြဇာများကို တောင်သူများထံ ထောက်ပံ့ပေးအပ်ပြီး တောင်သူများအားရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားသည်။ ဆက်လက်၍ လှိုင်းဘွဲ့မြို့ ထီလုံကျေးရွာရှိ ဦးရာမူး၏စပါး စိုက်ခင်းတွင် စုပေါင်းမြေသြဇာ ကြဲပက်နေမှုကို ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် နယ်မြေခံတပ် ဧည့်ရိပ်သာ၌ ဒုတိယသမ္မတအား ကရင် ပြည်နယ် ခေတ္တဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ဆောင်ရွက်ထားမှု၊ မြစ်ရေကြီးမှု၊ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ဆောင်ရွက်မှု၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ပြင်ဆင်ထားမှု၊ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု၊ ကျန်းမာရေးစောင့်ရှောက် ပေးမှု၊ မိုးစပါးအပါအဝင်စိုက်ပျိုးရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်မှု၊ တိရစ္ဆာန်ဆေးဝါးနှင့် အစားအစာများ ထောက်ပံ့ပေးအပ်မှု၊ ပြည်တွင်း ပြည်ပအလှူ လက်ခံရရှိမှုအခြေအနေများနှင့် ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲ ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ကရင်ပြည်နယ်သည် နှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာတွင် ယခင်နှစ်တွင် ရေကြီးရေလျှံမှု လျော့နည်းစေရေး ကြိုတင်စီမံဆောင်ရွက်ခဲ့မှုကြောင့် ယခုနှစ်ရေကြီးရေလျှံမှု ဖြစ်ပွားချိန်တွင် သဘာဝဘေးအန္တရာယ်ကျရောက်မှု လျော့ပါးသက်သာခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်များသည် နေရာဒေသမရွေး အချိန်ကာလ၊ လုပ်ငန်းကဏ္ဍနှင့် ဆင်းရဲချမ်းသာခွဲခြားသတ်မှတ်ထားခြင်းမရှိဘဲ အရာအားလုံးအပေါ်တစ်ပြေးညီ ကျရောက်တတ်သည့်အတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများသည် အားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည်ကို လက်ခံထားရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လေ့လာသုံးသပ်ကြိုတင်ပြင်ဆင်ထားရှိပြီး မိမိတို့နေထိုင်ရာ ဒေသများတွင် သဘာဝဘေးခုခံနိုင်စွမ်းအားကို မြှင့်တင် ထားရမည်ဖြစ်ကြောင်း။

နိုင်ငံတော်သမ္မတဦးဆောင်ကာ နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် ဘက်စုံကဏ္ဍစုံပြောင်းလဲ၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အချိန်တွင် နိုင်ငံကို ရိုက်ခတ်လာသော သဘာဝဘေးအန္တရာယ်များသည် နိုင်ငံ ၏ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို နှောင့်နှေးပျက်စီးစေပြီး ပြန်လည်ထူထောင်မှုများ ပြုလုပ်ရာတွင်လည်း အချိန်အား၊ ငွေအားနှင့် အရင်းအမြစ်အင်အားများကို အမြောက်အမြား အသုံးပြုရကြောင်း၊ ဘေးအန္တရာယ်ဖြစ်ချိန်မှ ချက်ချင်းစီမံ ဆောင်ရွက်ခြင်းထက် သဘာဝဘေးဒဏ်မှ လျော့ပါးသက်သာစေရန် ကြိုတင်ပြင်ဆင်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။ (သတင်းစဉ်)