Monday, August 31, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
အနည်းဆုံးအခကြေးငွေ


ကျွန်ုပ်တို့ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ထွန်းရေးနှင့် ထိုက်သင့်သော လုပ်ခလစာများ ရရှိရေးတို့ ကိုလည်း ကြိုးပမ်းလျက်ရှိပါသည်။ ဆင်းရဲမှုလျှော့ချရေးနှင့် ထိုက်သင့်သော လုပ်အားခတို့သည် ဆက်စပ်လျက်ရှိပါသည်။ ထိုက်သင့်သော လုပ်အားခများ ရရှိလာမှသာ စားနိုင်သောက်နိုင် လူမှုဘဝများ တိုးတက်လာမည် ဖြစ်ပါသည်။
  ထို့ကြောင့်လည်း မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန် ၂ဝ၁၃ ခုနှစ်ကတည်းက လွှတ်တော်၌ အနည်းဆုံးအခကြေးငွေ ဥပဒေကို  အတည်ပြု ပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ  ပြည်ထောင်စု မြန်မာနိုင်ငံတော် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက၂ဝ၁၅  ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့်  ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါသည်။ ဤ ကြေညာချက်အရ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးတစ်ပြေးညီ သတ်မှတ်သည့် အနည်းဆုံး အခကြေးငွေမှာတစ်နာရီလျှင် ငွေကျပ် ၄၅ဝနှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ငွေကျပ် ၃၆ဝဝ ဖြစ်ပါသည်။ သို့ရာတွင် ဤသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း သိရပါသည်။
 ဤသို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်မှုကြောင့် အလုပ်သမား ရာကျော်ရှိသော စက်ရုံအလုပ်ရုံကြီးများနှင့် အလုပ်လုပ်နေကြသည့် လစာနည်း အလုပ်သမားများအတွက် ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်ပါသည်။  အနည်းဆုံး  ကျပ်တစ်သိန်း အထက် လစာရရှိလာနိုင်တော့မည် ဖြစ်ပါသည်။ ကျွမ်းကျင်မှုနှင့်  ကြိုးစားအားထုတ်မှုတို့အပေါ်မူတည်ပြီး    လစာဝင်ငွေနှင့် လုပ်အားခ ဆုကြေးငွေများ တိုးတက်လာတော့မည် ဖြစ်ပါသည်။ လက်ရှိ  အမေရိကန်ဒေါ်လာပေါက်ဈေးအရ  မြန်မာနိုင်ငံမှ အလုပ်သမားများသည် တစ်ရက်လုပ်အားခ အမေရိကန်ဒေါ်လာ သုံးဒေါ်လာခန့်  ရရှိနေပြီဟု ဆိုနိုင်ပါသည်။  အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သူများ နည်းပါးလာမည်ဖြစ်ပါ သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တစ်ရက်လုပ်အားခ မြန်မာ ငွေကျပ် ၉ဝဝဝ ခန့် ရရှိကြောင်း သိရပါသည်။  မြန်မာနိုင်ငံ တွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော အလုပ်ကြမ်းသမားများကို တစ်ရက်ငွေကျပ် ၇ဝဝဝ မှငွေကျပ် ၁ဝဝဝဝ ပေးခေါ်နေရပါသည်။ သို့အတွက် မြန်မာနိုင်ငံမှ အလုပ်ကြမ်းသမားတစ်ဦး၏ ဝင်ငွေသည် သိသိသာသာ တိုးလာ နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်မှုကြောင့် စက်ရုံအလုပ်ရုံကြီးများ၌ အလုပ်လုပ်နေကြသော ဝင်ငွေနည်း အလုပ်သမားများအတွက်  ထိုက်တန်သော အခကြေးငွေများ ရရှိလာတော့မည် ဖြစ်ပါသည်။ အခြားလုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများ သည်လည်း လတ်တလော  အနည်းဆုံးအခကြေးငွေကို မခံစားရ သည့်တိုင် ရေမြင့်ကြာတင့်ဆိုသည့်အတိုင်း ကာလဒေသနှင့် လိုက်လျောညီထွေမှုရှိသော လုပ်အားခဝင်ငွေများ ရရှိလာနိုင်လိမ့် မည်ဟု မျှော်လင့်ရပါကြောင်း။

No comments:

Post a Comment