Monday, August 31, 2015

ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပညာရပ်များမပျောက်ပျက်စေရန် ဆက်လက်ထိန်းသိမ်း



The Mirror Daily's photo.

နေပြည်တော် သြဂုတ် ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်(၇၃)လမ်းနှင့် (၇၈)လမ်းကြား မင်္ဂလာ မန္တလေးစီမံကိန်း(တောင်ဘက်)တွင် တည်ဆောက်မည့် မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ မြို့တော်ဝန် ဦးအောင်မောင်း၊ သဘင်အစည်းအရုံး နာယက ဦးရွှေနန်းတင်နှင့် အကယ်ဒမီဒါရိုက်တာ မြို့တော် မောင်ယဉ်အောင်တို့က မင်္ဂလာအချိန် နံနက် ၈ နာရီ ၁ဝ မိနစ်တွင် သတ်မှတ်နေရာအသီးသီးရှိ ပန္နက်တော်ဌာနများ၌ ရတနာပန္နက်တော်များကို စိုက်ထူ၍ ပန္နက်တင်ကြပြီး အမွှေးနံ့သာ၊ ရွှေရည်ငွေရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် တည်ဆောက်ရေးစီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ မြန်မာ့အနုပညာ ဗဟိုဌာန(မန္တလေး) အကောင်အထည်ဖော်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က နိုင်ငံတကာအဆင့်မီ မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး) တည်ဆောက်ရေးစီမံကိန်းအတွက် ဆောင်ရွက်ထားရှိမှု၊ တည်ဆောက်မည့်အဆောက်အအုံ၏ ဗိသုကာပုံစံ၊ အဆောက်အအုံတွင် ပါဝင်မည့်အခန်းဖွဲ့စည်းပုံတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် မန္တလေးမြို့သည် အနုပညာရှင်များစွာ ပေါ်ထွန်းခဲ့သည့် မြို့ကြီးတစ်မြို့ဖြစ်သည့်အပြင် ပန်းချီ၊ ပန်းပု စသည့် အနုပညာများ ထွန်းကားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များ များစွာကျန်ရှိနေသည့်နေရာတစ်ခုဖြစ်ပါကြောင်း၊ ထွန်းကားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကို လက်ရှိ ပညာရှင်များသည် သမိုင်းပေးတာဝန်အရ ဆက်လက်ထိန်းသိမ်းထားနိုင်သကဲ့သို့ မျိုးဆက်သစ်များကလည်း မိမိတို့ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပညာရပ်များ မပျောက် ပျက်စေရန် ဆက်လက်ထိန်းသိမ်းသွားနိုင်ရေးတို့မှာ အရေးကြီးသည့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပါကြောင်း။

ထိုသို့ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ ပညာရပ်များကို လက်တွေ့အသုံးချ နိုင်ရန်၊ အနုပညာအမွေအနှစ်ပညာရပ်များနှင့်ပတ်သက်၍ ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်နှင့် မျိုးဆက်သစ်များကိုလည်း ယင်းအမွေအနှစ်များ ပေးအပ်နိုင်ရန်အတွက် ကောင်းမွန်ခံ့ညားထည်ဝါပြီး ခေတ်မီသည့်အဆောက်အအုံ လိုအပ်သောကြောင့် မိမိတို့အစိုးရလက်ထက်တွင် မန္တလေးနှင့်ရန်ကုန်မြို့တို့၌ ယခုကဲ့သို့သော အဆောက်အအုံကို တည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း။

ယခုအဆောက်အအုံပြီးစီးပါက သမားရိုးကျနည်းဖြင့် ဖျော်ဖြေတင်ဆက် ခြင်းထက် ခေတ်မီသည့်နည်းစနစ်ကို အသုံးပြုကာ တင်ဆက်ဖျော်ဖြေသွားနိုင် မည်ဖြစ်ပါကြောင်း၊မိမိတို့ပြည်တွင်း၌သာမက အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ၊ ယဉ်ကျေးမှုအဖွဲ့များကိုပါဖိတ်ခေါ်၍ ပြသဖျော်ဖြေတင်ဆက် သွားနိုင်မည်ဖြစ်ပါကြောင်း။
ယခုအဆောက်အအုံကို တည်ဆောက်ပြီးစီးသွားသည့်အခါ အနုပညာရှင်များ၏ လက်ဝယ်သို့လွှဲပြောင်းပေးအပ်သွားမည်ဖြစ်၍ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်သွားနိုင်ရန်အတွက် အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ စည်းမျဉ်းစည်း ကမ်းများရေးဆွဲခြင်း စသည်တို့ကို ဆောင်ရွက်ကာ ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆက်လက်ပြီး ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရတာဝန်ယူသည့် ကာလအတွင်း အနုပညာရှင်များအား ယခုကဲ့သို့သော အဆောက်အအုံမျိုးကို တည်ဆောက်ပေးရန် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

ယခုအဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ မိမိတို့၏အနုပညာရှင်များက ပိုမိုကောင်းမွန်ပြည့်စုံသည့် အနုပညာရပ်များတင်ဆက်နိုင်ရန်၊ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေအနှစ်ပေးအပ်သွားနိုင်ရန်၊ ကမ္ဘာ့ယဉ်ကျေးမှု အနုပညာရပ်များနှင့် မိမိတို့ယဉ်ကျေးမှုအနုပညာရပ်များအချင်းချင်း ဖလှယ် အသုံးချနိုင်ရန် စသည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့်မှာကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း(၁ဝ)မျိုး အစည်း အရုံး၏ အနုပညာရှင်များကိုယ်စား သဘင်အစည်းအရုံးနာယက ဦးရွှေနန်းတင် က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတ နှင့် ပန်း(၁ဝ)မျိုးမှ အနုပညာရှင်များနှင့်အတူ မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး) အထိမ်းအမှတ်ဆိုင်းဘုတ်ရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ မြန်မာ့အနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံကို မြေဧက ၈ ဒသမ ၅ဝ ဧကအပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အမြင့်ပေ ၁ဝဝ ခန့်ရှိ မည်ဖြစ်ကာ အထပ်ခုနစ်ထပ်ပါဝင်မည်ဖြစ်ပြီး လူ ၃ဝဝဝ ဝင်ဆံ့နိုင်မည်ဖြစ်သည်။ ယင်းအဆောက်အအုံ၌ စားသောက်ဆိုင်များ၊ တစ်နှစ်ပတ်လုံး ကပြဖျော် ဖြေနိုင်မည့် ပြဇာတ်ရုံများ၊ မြန်မာ့အနုပညာ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် ယာဉ်ရပ်နားရန်နေရာတို့ကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။

ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ပန်း(၁ဝ)မျိုး ပညာရှင်များအား အနုပညာ ဗဟိုဌာန တည်ဆောက်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ဝင်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး အနုပညာဆိုင်ရာ ဖျော်ဖြေတင် ဆက်မှုများကို တစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်မည်ဖြစ်ကာ အနုပညာ သင်တန်းများကိုပါ ဖွင့်လှစ်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းနှင့် ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက်ရှိ စိတ္တရမဟီအဆင့်မြင့် အိမ်ရာစီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment