Monday, August 31, 2015

ယခုလမ်းမကြီး တည်ဆောက်လိုက်ခြင်းသည် မြန်မာနှင့်ထိုင်းအကြား ကုန်သွယ်မှုတိုးတက်စေမည့်အပြင် မဟာမဲခေါင်နိုင်ငံများသာမက အာရှနိုင်ငံများနှင့်လည်း ဆက်သွယ်မှုပိုမိုကောင်းမွန်လာစေမည်



 
ဘားအံ သြဂုတ် ၃ဝ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်း ၄၅ ဒသမ ၄၅ ကီလိုမီတာ    လွှဲပြောင်းပေးအပ်ပွဲနှင့် မြဝတီ-မဲဆောက်   ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား   အမှတ်(၂) ပန္နက်တင်အခမ်းအနားများသို့ တက်ရောက်သည်။
လမ်းသစ်   လွှဲပြောင်းပေးအပ်ပွဲ ကို  သင်္ဃန်းညီနောင်လမ်းဆုံတွင် ကျင်းပရာ ဒုတိယသမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးကျော်လွင်၊ ဒုတိယဝန်ကြီးများ၊ ကရင်ပြည်နယ်  (ခေတ္တ)ဝန်ကြီးချုပ် ဦးစောဝင်းထိန်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ    မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင်၊KNU ၊ KNU/KNLA(PC)၊   DKBA (KKO)တို့မှ တာဝန်ရှိသူများ၊ ထိုင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ် Dr.Somkid Jatusripitak ၊  နိုင်ငံခြားရေးဝန်ကြီး ဌာနဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး၊  မြန်မာနိုင်ငံဆိုင်ရာ  ထိုင်း နိုင်ငံ   သံအမတ်ကြီး၊   ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေး   ဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Chusak Gaywee နှင့် တာဝန်  ရှိသူများ၊   ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ၊ သတင်းမီဒီယာ များ တက်ရောက်ကြသည်။
ရှေးဦးစွာ   ထိုင်းနိုင်ငံ  သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာန     လမ်း ဦးစီးဌာန     ညွှန်ကြားရေးမှူးချုပ်Mr. Chusak Gaywee က မြန်မာ-ထိုင်းချစ်ကြည်ရေး   ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်း ဆောင် ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက  ယနေ့လွှဲပြောင်းပေး အပ်သည့်   ကော့ကရိတ်-သင်္ဃန်း ညီနောင်-မြဝတီ  လမ်းမကြီးသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ နှင့်   ဆက်စပ်လျက်ရှိသည့်အပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကို ဆက်သွယ်ပေးထားသည့် လမ်းမကြီး ၏ အစိတ်အပိုင်းဖြစ်ရုံမျှသာမက မဟာမဲခေါင်ဒေသ အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းတို့၏ အစိတ် အပိုင်းလည်းဖြစ်ပါကြောင်း၊ ၄၅ ဒသမ ၄၅ ကီလိုမီတာရှည်လျားသည့် ယခုလမ်းမကြီးကို   တည်ဆောက် လိုက်ခြင်းသည် မြန်မာနှင့် ထိုင်းနိုင်ငံ အကြား ကုန်သွယ်မှုတိုးတက်ဖွံ့ဖြိုး လာစေမည့်အပြင်   မဟာမဲခေါင် ဒေသအတွင်းရှိ  နိုင်ငံများသာမကအာရှနိုင်ငံများနှင့်လည်း  ဆက်သွယ်မှု ပိုမို   ကောင်းမွန်လာစေမည်ဖြစ် ကြောင်း။
မြန်မာ-ထိုင်း    နှစ်နိုင်ငံအကြား နီးကပ်သည့် ချိတ်ဆက်ဆောင်ရွက် မှုများ၊ အကျိုးရှိသော ပူးပေါင်းဆောင် ရွက်မှုများနှင့် ရေရှည်တည်တံ့ခိုင်မြဲ ပြီး   နှစ်ဦးနှစ်ဖက်  အပြန်အလှန် အကျိုးရှိစေသည့်   ဆက်ဆံရေး တစ်ရပ်   တည်ဆောက်ထားခြင်း ကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးတက်လျက်ရှိပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏   ကုန်သွယ်ဖက်နိုင်ငံ များအနက် အဆင့်(၂)တွင်  ရပ်တည် လျက်ရှိသည့်   နိုင်ငံဖြစ်ကြောင်း၊ မြဝတီ-ကော့ကရိတ်   လမ်းသည် နယ်စပ်ကုန်သွယ်မှုကို    လွယ်ကူ ချောမွေ့စေမည့် အဓိကလမ်းကြောင်း တစ်ခုဖြစ်သောကြောင့်    ဆက်သွယ် သွားလာမှုကောင်းခြင်းသည် မိမိတို့ မျှော်မှန်းထားသည့်   ကုန်သွယ်မှု ပမာဏကိုရောက်ရှိစေပြီး   နယ်စပ် ဒေသနှင့် ယင်းဒေသနေ ပြည်သူများ ၏     ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ   ပူးပေါင်းဆောင်ရွက်မှုကို လည်း များစွာအထောက်အကူဖြစ်စေ မည်ဟု  မျှော်လင့်ပါကြောင်း  ပြော ကြားသည်။
ဆက်လက်၍    ကေအင်န်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး  စောမူတူးစေးဖိုးက  ယနေ့ဖွင့်လှစ်လိုက်သည့် လမ်းသစ် ကြောင့်   ကရင်ပြည်နယ်ဆီသို့   ကုန်စည်စီးဆင်းမှု   လွယ်ကူခြင်းမှ တစ်ဆင့်   တစ်နိုင်ငံလုံးအတွက်   အကျိုးခံစားကြရမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းသစ်မှ ဒေသတွင်းနိုင်ငံ များအတွက်   အကျိုးကျေးဇူးများ    မျှဝေခံစားနိုင်ကြမည်ဖြစ်ပြီး အာဆီယံ စီးပွားရေးလူ့အဖွဲ့အစည်း (AEC)ဖော်ထုတ်ရေးကို အဓိကအထောက် အကူ     ပေးနိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် ယခုတရားဝင်လွှဲပြောင်း ပေးအပ်မှုမှစ၍ မြန်မာနိုင်ငံအနေဖြင့်  လမ်းမကြီးအတွက် ထိန်းသိမ်းစောင့် ရှောက်မှုနှင့်    တည်ငြိမ်မှုတို့ကို   ရှေ့ဆက်   တာဝန်ယူကြရမည်ဖြစ် ကြောင်း၊  မျှတသည့်  အကျိုးစီးပွား   တိုးတက်ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းလာ စေမည့်    အာရှအမြန်လမ်းမကြီးနှင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး ပိုမိုတိုး တက်ကောင်းမွန်    အဓွန့်ရှည်ပါစေ ကြောင်း   ဆန္ဒပြုပြီး  ကျေးဇူးတင် ကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်က မြဝတီ-ကော့ကရိတ် ကြားတွင်ရှိနေသည့်လမ်းကို    ပိုမို ကောင်းမွန်အဆင်ပြေချောမွေ့စေရန် အတွက် ယခုအမြန်လမ်းကို တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊    ယခု အဆင့်မြှင့်တင်  ဖောက်လုပ်ခဲ့သော အမြန်လမ်းသည် အရှေ့-အနောက် စီးပွားရေးစင်္ကြံကြားတွင်ရှိသည့် လမ်း ကြောင်းဖြစ်ပြီး ပြည်တွင်းသာမက နိုင်ငံတကာအတွက်လည်း အထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခု စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လွယ်ကူလာပြီး မဲဆောက် အထူးစီးပွားရေးဇုန်မှ ထွက်ရှိလာ မည့် ကုန်စည်များကို လွယ်ကူချောမွေ့ စွာ သယ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်  ဆောက်လုပ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊   ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ   ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊      ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန    ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတို့ က ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ထို့နောက်    ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့သည် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင် ကို     စက်ခလုတ်နှိပ်   ဖွင့်လှစ်ပေးပြီး နှစ်နိုင်ငံခေါင်းဆောင်များနှင့် အဖွဲ့ သည် ကမ္ပည်းမော်ကွန်း ကျောက်စာ တိုင်ရှေ့တွင် စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ထိုင်းနိုင်ငံ  see sang Co.,Ltd.  ဥက္ကဋ္ဌက ယာဉ်အလေးချိန် စစ်ဆေးသည့် ကတ္တားနှင့် သက်ဆိုင် သော စာရွက်စာတမ်းများကို ဆောက် လုပ်ရေးဝန်ကြီးဌာန   လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လွှဲပြောင်း ပေးအပ်သည်။
ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်းပိုင်းမှာ ၁၆ မိုင် ၆ ဖာလုံ အရှည်ရှိပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ   ထိုင်းနိုင်ငံ အကူအညီဖြင့်   ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ပြီးစီးခဲ့သည်။  အဆိုပါ လမ်းပိုင်းကို ထိုင်းဘတ်ငွေ ၁၁၆၆ သန်း အသုံးပြု တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍   ဒုတိယသမ္မတ နှင့် အဖွဲ့ဝင်များသည်   ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိကြပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) ပန္နက်တင်အခမ်းအနားသို့ တက် ရောက်ကြသည်။ ရှေးဦးစွာ ဒုတိယ သမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီး ချုပ်တို့သည် ထိုင်း-မြန်မာ ချစ်ကြည် ရေးတံတားအမှတ်(၂) တည်ဆောက် ရေးရှင်းလင်းဆောင်၌    ခင်းကျင်း ပြသထားသည့်   တံတားပုံစံငယ်ကို  ကြည့်ရှုကြသည်။
ထို့နောက် ထိုင်းနိုင်ငံ သယ်ယူ  ပို့ဆောင်ရေးဝန်ကြီးဌာန  လမ်းဦးစီး ဌာန    ညွှန်ကြားရေးမှူးချုပ်က ချစ်ကြည်ရေးတံတား  အမှတ်(၂) တည်ဆောက်သွားမည့်  ကိစ္စရပ်များ ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Dr.Somkid Jatusri-pitakက အရှေ့-အနောက် စီးပွားရေး စင်္ကြံဆက်သွယ်မှုသည် မြန်မာနိုင်ငံ နှင့်    ထိုင်းနိုင်ငံတို့အကြားတွင် ရှိသည့် ပိုမိုတိုးတက်လာမည့် ဆက် သွယ်ရေးလမ်းကြောင်းများအတွက် အဆိုပါတံတားကို   ဆောက်လုပ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ၎င်းချစ်ကြည်ရေး တံတားသည်  မကြာမီ  တာခ့်ခရိုင် အတွင်း၌     တည်ဆောက်မည့် အထူးစီးပွားရေးဇုန်အတွက်လည်း အထောက်အကူပြုနိုင်မည်   ဖြစ် ကြောင်း၊ ယခုစီမံကိန်းသည် ထိုင်း   နှင့်  မြန်မာနိုင်ငံအပြင်  နိုင်ငံတကာ ကုန်သွယ်ရေးကိုလည်း   အထောက် အကူဖြစ်ပြီး အာဆီယံအမြန်လမ်းပုံစံ အတိုင်း အဆင့်မီတည်ဆောက်မည့် တံတားဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်   ဒုတိယသမ္မတက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) ပန္နက်တင် မင်္ဂလာအခမ်း အနားသည် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးအတွက် သန္နိဋ္ဌာန်ချမှတ်ထားသည်ဟု ယုံကြည် ကြောင်း၊ မြန်မာနိုင်ငံ ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့်    ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနတို့အကြား တည်ဆောက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကို  မကြာမီ လက်မှတ် ရေးထိုးနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင် ရွက်မှုကဏ္ဍအသစ်တစ်ရပ် ဖွင့်လှစ် နိုင်မည်ဖြစ်ကြောင်း၊   မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)သည် နှစ်နိုင်ငံပြည်သူများအကြား စည်းလုံး ညီညွတ်မှု၊ ဆက်ဆံရေးကောင်းမွန်မှု များနှင့်  ပူးပေါင်းဆောင်ရွက်နိုင်မှု တို့ကို   ဖော်ဆောင်ပြသနိုင်မည့် မှတ်တိုင်သစ်တစ်ခုဖြစ်ကြောင်း။
မြန်မာ-ထိုင်း    ချစ်ကြည်ရေး တံတား အမှတ်(၂)သည် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံ၏  အရေးပါသော လမ်းကြောင်းပေါ်တွင်  တည်ရှိနေပါ ကြောင်း၊   အဆိုပါတံတားသည် မြန်မာ-ထိုင်း     နှစ်နိုင်ငံအတွက် သာမကဘဲ   မဟာမဲခေါင်ဒေသခွဲ နိုင်ငံများအတွက်လည်း  အကျိုးစီးပွား ဖြစ်ထွန်းစေမည့် တံတားကြီးတစ်စင်း ဖြစ်ကြောင်း၊ ယခုထပ်မံတည်ဆောက် မည့်  မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားကြီးသည် အိမ်နီးချင်းနှစ်နိုင်ငံ ကို ပိုမိုနီးကပ်စေရန် ဆက်သွယ်ပေးမှု အပြင် နယ်စပ်ဒေသရှိ ပြည်သူများ အကြား    တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊    ရိုင်းပင်းကူညီမှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်တတ်သော ခံယူ ချက်များကိုလည်း ချိတ်ဆက်ပေးမည့် တံတားတစ်စင်းဟု    ယုံကြည်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့သည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)  စတင်တည်ဆောက်နိုင် ရေးအတွက် စက်ခလုတ်နှိပ်၍ ပန္နက် တင်ပေးပြီး   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မြန်မာ-ထိုင်း   ချစ်ကြည်ရေး တံတားအမှတ်(၂)သည် အရှည် ၂၇ဝ မီတာ၊ မြန်မာဘက်ခြမ်း  ချဉ်းကပ် လမ်း ၃ ဒသမ ၆ဝ ကီလိုမီတာနှင့် ထိုင်းနိုင်ငံဘက်ခြမ်း တံတားချဉ်းကပ် လမ်း ၁၇ ဒသမ ၂၅ မီတာဖြစ်ကြောင်း သိရသည်။               

(သတင်းစဉ်)

No comments:

Post a Comment