Sunday, August 30, 2015

ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းထားသည့် ပစ္စည်းနှင့်အလှူငွေများ ဘေးသင့်ဒေသများသို့အချိန်နှင့်တစ်ပြေးညီ လက်ရောက်ဖြန့်ဝေပေးနိုင်ရေးဆောင်ရွက်




The Mirror Daily's photo.


ရန်ကုန် သြဂုတ် ၂၉

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကန်တော်ကြီးသဘာဝဥယျာဉ်သို့ ရောက်ရှိပြီး ကန်တော်ကြီးရေပြင်၌ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယသမ္မတက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများအား သဘာဝဘေးအန္တရာယ်များကြုံတွေ့ခဲ့ပါက ဘေးသင့်ဒေသရှိ ပြည်သူ များကို ဘေးကင်းလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် အရေးပေါ်ပစ္စည်းများထောက်ပံ့ ပေးခြင်းများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတတ်ပညာကျွမ်းကျင်မှုများလိုအပ်သည့်အတွက် ဖွဲ့စည်းခြင်း၊ လေ့ကျင့်ခြင်း၊ သရုပ်ပြဇာတ်တိုက်ခြင်း၊ ပြန်လည် ဆန်းစစ်မှုနှင့် အကဲခတ်မှုများ ဆောင်ရွက်ခြင်းနှင့် သုံးသပ် ပြုပြင်ဆောင်ရွက်ခြင်းတို့ကို အစီအစဉ်တကျဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး၌ ဖွင့်လှစ်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ကုန်(ရုံးခွဲ)နှင့် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီ (Recovery Coordination Centre) ရန်ကုန်(ရုံးခွဲ)ဖွင့်လှစ်ထားရှိမှု၊ ပြန်လည်ထူထောင်ရေး အတွက် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ကုန်(ရုံးခွဲ)ဧည့်ခန်းမ၌ တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းထားရှိမှု၊ ဘေးသင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယသမ္မတက ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းထားသည့် ပစ္စည်းနှင့် အလှူငွေများကို စနစ်တကျ မှတ်တမ်း ထားဆောင်ရွက်ရေး၊ ဘေးသင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ လက်ရောက် ဖြန့်ဝေပေးနိုင်ရေး၊ ကြီးကြပ်ရေးအဖွဲ့များတွင် ရပ်ရွာမှ လေးစားကြည်ညိုသူများ၊ အဖွဲ့ဝင်အဖြစ်ပါဝင်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေး၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှူးရုံး၌ဖွင့်လှစ်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ကုန်(ရုံးခွဲ)နှင့် ပြန်လည်ထူထောင်ရေး ဗဟိုကော်မတီ ရန်ကုန် (ရုံးခွဲ)သို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်စေတနာရှင် အလှူရှင်ပြည်သူများက သြဂုတ် ၂ ရက်မှ ၂၈ရက်အထိ စုစုပေါင်း မြန်မာငွေကျပ် ၄၃၂၇၂၃၇ဝဝ၊ ထိုင်းဘတ်ငွေ ၁၁၃၉၅၅၊ မလေးရှားရင်းဂစ် ၂ဝဝဝ နှင့် အမေရိကန်ဒေါ်လာ ၅၅၈၃ဝတို့ကိုလည်းကောင်း၊ စားသောက်ကုန်နှင့် လူသုံးကုန်အပါအဝင် ပစ္စည်း အမယ်စုံ တန်ချိန် ၃၈၉ တန်ကိုလည်းကောင်း လာရောက်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိသည်။
ယင်းနောက် လှိုင်းဘွဲ့မြို့ မြို့မပရိယတ္တိစာသင်တိုက်ဆရာတော်အမှူးပြု သော ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် လှိုင်းဘွဲ့မြို့ ကမ်းထိန်းကျောက်စီမြေနံရံဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ရေဘုတ်ရေလှောင်တမံအကူရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ယင်းနောက် ထီးလုံကျေးရွာ၌ ကျင်းပသည့် မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး မောခီးကျေးရွာအတွက် စပါးခြွေလှေ့ စက်တစ်စီး၊ ရှမ်းရွာသစ်မြို့ မဲသမူကျေးရွာအုပ်စုအတွက် လက်တွန်းထွန်စက် တစ်စီး၊ ထီလုံကျေးရွာ၊ သမာန်နှင့်နောင်သငဲ့ကျေးရွာတို့ရှိ မိုးစပါးစိုက်ခင်းများအတွက် ဓာတ်မြေသြဇာနှင့်ရွက်ဖျန်းမြေသြဇာများကို တောင်သူများထံ ထောက်ပံ့ပေးအပ်ပြီး တောင်သူများအားရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားသည်။ ဆက်လက်၍ လှိုင်းဘွဲ့မြို့ ထီလုံကျေးရွာရှိ ဦးရာမူး၏စပါး စိုက်ခင်းတွင် စုပေါင်းမြေသြဇာ ကြဲပက်နေမှုကို ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် နယ်မြေခံတပ် ဧည့်ရိပ်သာ၌ ဒုတိယသမ္မတအား ကရင် ပြည်နယ် ခေတ္တဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ဆောင်ရွက်ထားမှု၊ မြစ်ရေကြီးမှု၊ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ဆောင်ရွက်မှု၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ပြင်ဆင်ထားမှု၊ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု၊ ကျန်းမာရေးစောင့်ရှောက် ပေးမှု၊ မိုးစပါးအပါအဝင်စိုက်ပျိုးရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်မှု၊ တိရစ္ဆာန်ဆေးဝါးနှင့် အစားအစာများ ထောက်ပံ့ပေးအပ်မှု၊ ပြည်တွင်း ပြည်ပအလှူ လက်ခံရရှိမှုအခြေအနေများနှင့် ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲ ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ကရင်ပြည်နယ်သည် နှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာတွင် ယခင်နှစ်တွင် ရေကြီးရေလျှံမှု လျော့နည်းစေရေး ကြိုတင်စီမံဆောင်ရွက်ခဲ့မှုကြောင့် ယခုနှစ်ရေကြီးရေလျှံမှု ဖြစ်ပွားချိန်တွင် သဘာဝဘေးအန္တရာယ်ကျရောက်မှု လျော့ပါးသက်သာခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်များသည် နေရာဒေသမရွေး အချိန်ကာလ၊ လုပ်ငန်းကဏ္ဍနှင့် ဆင်းရဲချမ်းသာခွဲခြားသတ်မှတ်ထားခြင်းမရှိဘဲ အရာအားလုံးအပေါ်တစ်ပြေးညီ ကျရောက်တတ်သည့်အတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများသည် အားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည်ကို လက်ခံထားရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လေ့လာသုံးသပ်ကြိုတင်ပြင်ဆင်ထားရှိပြီး မိမိတို့နေထိုင်ရာ ဒေသများတွင် သဘာဝဘေးခုခံနိုင်စွမ်းအားကို မြှင့်တင် ထားရမည်ဖြစ်ကြောင်း။

နိုင်ငံတော်သမ္မတဦးဆောင်ကာ နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် ဘက်စုံကဏ္ဍစုံပြောင်းလဲ၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အချိန်တွင် နိုင်ငံကို ရိုက်ခတ်လာသော သဘာဝဘေးအန္တရာယ်များသည် နိုင်ငံ ၏ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို နှောင့်နှေးပျက်စီးစေပြီး ပြန်လည်ထူထောင်မှုများ ပြုလုပ်ရာတွင်လည်း အချိန်အား၊ ငွေအားနှင့် အရင်းအမြစ်အင်အားများကို အမြောက်အမြား အသုံးပြုရကြောင်း၊ ဘေးအန္တရာယ်ဖြစ်ချိန်မှ ချက်ချင်းစီမံ ဆောင်ရွက်ခြင်းထက် သဘာဝဘေးဒဏ်မှ လျော့ပါးသက်သာစေရန် ကြိုတင်ပြင်ဆင်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။ (သတင်းစဉ်)

No comments:

Post a Comment