Monday, August 31, 2015

နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ


The Mirror Daily's photo.

သတင်း - ကိုသက်(ဗိုလ်တထောင်)
ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)

ရန်ကုန် သြဂုတ် ၃ဝ

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး MTT Group မှ စီစဉ်၍ ALL STARS BIG FIGHTS နိုင်ငံတကာမြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ရန်ကုန်မြို့ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (သိမ်ဖြူ) လက်ဝှေ့အားကစားရုံ၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။
အခြားပွဲစဉ် သုံးချီစိန်ခေါ်ပွဲငယ် နှစ်တွဲနှင့် ငါးချီစိန်ခေါ်ပွဲ ခြောက်တွဲ ထိုးပြီးခဲ့ရာ ပရိသတ်များ ရုံပြည့် လာရောက်အားပေးကြသည်။

ပရိသတ် မျှော်လင့်စောင့်စားနေသည့် ပွဲစဉ်တစ်ပွဲဖြစ်သော ပွဲစဉ်(၇) ငါးချီစိန်ခေါ်ပွဲတွင် ဆီးဂိမ်းရွှေတံဆိပ် ဆုနှင့် ဒဂုံအောင်လံဆုရှင် မြန်မာ့လက်ဝှေ့ကျော် တူးတူးနှင့် မက်သရူး (ကနေဒါ)တို့က အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။

တူးတူးနှင့် မက်သရူး(ကနေဒါ)တို့သည် ပထမအချီတွင် သွေးတိုးစမ်း ကန်ချက်တို့ဖြင့် တစ်ယောက်အမှား တစ်ယောက် စောင့်ကြည့်ကာ သွေးအေးစွာ ထိုးသတ်ကြပြီး ဒုတိယ အချီ၊ တတိယအချီတို့တွင် မက်သရူး၏ ချုပ်ဒူးညာ ခြေဖြတ်ကန်လုံးနှင့် လျှပ်တစ်ပြက် လက်သီးများနှင့် တူးတူး၏ နောက်ပြန်ညာခြေကန်လုံး၊ ခေါင်းတိုက်ချက်များနှင့် ဘယ်ဝိုက် ညာဝိုက် လက်သီးတွဲလုံးတို့ဖြင့် ထိုးသတ်ကြရာ စတုတ္ထအချီမြောက်တွင် တူးတူးက မက်သရူး(ကနေဒါ)ကို အားပါသော လက်သီးတွဲလုံးများဖြင့် ဝမ်းဗိုက်သို့ဆင့်ထိုးရာ မက်သရူး (ကနေဒါ)လဲကျပြီး ယင်းအချီ ၁ မိနစ် ၈ စက္ကန့်တွင် အနားတောင်းခဲ့၏။ အနားတောင်းပြီးနောက် ထိုးသတ်စဉ် တူးတူးက မက်သရူး(ကနေဒါ)ကို ညာခြေ၊ ဘယ်ခြေကန်ချက်များနှင့် ဝမ်းဗိုက်သို့ ဆင့်ထိုးလက်သီးများ ဆက်လက်ပစ်သွင်းလိုက်ရာယင်းအချီ ၁ မိနစ် ၃၅ စက္ကန့်တွင် မက်သရူး (ကနေဒါ)လဲကျပြီး အမှတ်စဉ်ရေတွက်ရာတွင် ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သဖြင့် တူးတူးအနိုင်ရရှိခဲ့သည်။

ငါးချီစိန်ခေါ်ပွဲ၏ နောက်ဆုံးပွဲစဉ် ဖြစ်သော ဆီးဂိမ်းရွှေတံဆိပ်ဆုနှင့် ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်းနှင့် ဂျက်ဆင်(ဘရာဇီး)တို့ ထိုးသတ်ခဲ့ရာ ပရိသတ်အထူးအားပေးမှုရရှိခဲ့သည်။
ထွန်းထွန်းမင်းနှင့် ဂျက်ဆင် (ဘရာဇီး)တို့ပွဲစဉ်၌ ပထမအချီအစ၌ ပင် ထွန်းထွန်းမင်းက ပြင်းအားပါသော ညာခြေကန်ချက်ဖြင့် ဂျက်ဆင် (ဘရာဇီး)၏ ဘယ်ခြေထောက်ကို ဆင့်ကန်ပြီး ညာဝိုက်လက်သီးများဖြင့် တရစပ်တိုက်စစ်ဆင်ထိုးသတ်၏။ ထွန်းထွန်းမင်းက ပြိုင်ဘက် ဂျက်ဆင် (ဘရာဇီး)၏ အားနည်းချက်ဖြစ်သည့် အောက်ခြေကြံ့ခိုင်မှု အားနည်းလာသော ဘယ်ခြေကိုသာ အဓိကဖိကန်သဖြင့် ရေရှည်တောင့် မခံနိုင်တော့ဘဲ လဲကျသွားသဖြင့် ပထမချီ ၁ မိနစ် ၂၂ စက္ကန့်တွင် ဂျက်ဆင် (ဘရာဇီး)အနားတောင်းခဲ့ရသည်။ အနားတောင်းပြီး ဆက်လက် ယှဉ်ပြိုင်ထိုးသတ်စဉ် တွဲဆိုင်းထိုးလုံးများနှင့် အောက်ခြေဖြတ်ကန်ချက်များဖြင့် ထွန်းထွန်းမင်းက ထိုးသတ်ခဲ့ရာ ဂျက်ဆင် (ဘရာဇီး)သည် ဘယ်ခြေထောက် မထောက်နိုင်တော့ဘဲ အမှတ်စဉ်သုံးကြိမ် ရေတွက်သောကြောင့် ပထမအချီမှာတွင် အရှုံးပေး လိုက်ရသည်။

ပါဝင်ထိုးသတ်မည့် တွဲဆိုင်းများ ဖြစ်သည့် သုံးချီစိန်ခေါ်ပွဲတွင် အောင်ကျော်စိုး (ဒို့ရိုးရာ)နှင့် ထွန်းမင်းအောင် (မုဒုံ)တို့က ပူးတွဲ သရေ၊ ထွန်းမင်းနိုင်(မုဒုံ)၊ ဖြိုးလင်း ဇော်(အဖြူရောင်သွေးသစ်) တို့က ပူးတွဲသရေ၊ ရဲသွေးနီ (တောင်ကလေး)က မျိုးဆက်သစ်(မွန်ပြည်နယ်)အား ဒုတိယအချီတွင် အနိုင်ထိုး၊ ကြယ်စင်ဖြိုး (အဖြူရောင်သွေးသစ်)က ရာမာန်(နဂါးမာန်)အား တတိယအချီတွင် အနိုင်ထိုး၊ သွေးသစ်အောင် (နဂါးနီ)က ရဲရင့်အောင် (နဂါးမာန်)အား ပထမအချီတွင် အနိုင်ရခဲ့ပြီး ဝါရင့်လက်ဝှေ့ကျော် စောငမန်း (ရွှေဖူး)နှင့် သပြေညို(မိဂသီ)တို့က ပူးတွဲသရေကျခဲ့သည်။

No comments:

Post a Comment