Monday, August 31, 2015

ကုလသမဂ္ဂအထွေထွေညီလာခံသို့ သမ္မတပူတင်တက်ရောက်မည်


 Myanmaalinn's photo.
မော်စကို သြဂုတ် ၃ဝ

ရုရှားသမ္မတဗလာဒီမာပူတင်သည် လာမည့် စက်တင်ဘာလတွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း ရုရှားအစိုးရက သြဂုတ် ၂၈ ရက်တွင် ကြေညာသည်။
ပူတင်သည် လာမည့်စက်တင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ အတောအတွင်း၌ အချေအတင် ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားမည့်သူ ယာယီစာရင်းအရ သိရသည်။ သို့သော် ရုရှားအစိုးရသည် သမ္မတပူတင်၏ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ယခုတစ်ခေါက်ခရီးစဉ်မှာ ရုရှားသမ္မတပူတင်၏ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးသို့ လေးကြိမ်မြောက် တက်ရောက် ခြင်းဖြစ်ကြောင်း၊ သမ္မတပူတင်သည် ရုရှားသမ္မတတစ်ဦးအနေဖြင့် ၄င်း၏မိန့်ခွန်းကို လွန်ခဲ့သောဆယ်နှစ်က ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး၌ နောက်ဆုံးအကြိမ်အဖြစ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။ သမ္မတပူတင်သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ့ထိပ်တန်းခေါင်းဆောင်များ တက်ရောက်လာကြမည့် အဆိုပါ ကုလသမဂ္ဂညီလာခံအတောအတွင်း၌ အခြားကမ္ဘာ့ခေါင်းဆောင်ကြီးများနှင့် အပြန်အလှန် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ဖွယ်ရှိကြောင်း မီဒီယာများက ဆက်လက်ဖော်ပြသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်တို့သည်လည်း အဆိုပါအစည်းအဝေး၌ သမ္မတပူတင်နည်းတူ မိန့်ခွန်းများပြောကြားကြရန် စီစဉ်ထားပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ညီလာခံအစည်းအဝေး၏ နောက်တစ်နေ့တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု သိရသည်။

(ကျိုဒိုနယူးစ်)

No comments:

Post a Comment