Monday, August 31, 2015

လာရာလမ်းသို့ ပြန်ခဲ့သည် သားငယ်ကျန်ခဲ့ပြီ


ပြည့်စုံအောင်
တောလမ်းအတွင်း ဆင်ဦးစီးတစ်ယောက်က ထူးခြား မှုတစ်ခုကြောင့် အားလုံးအား မသွားရန်တားမြစ်လိုက် သည်။ ''ဟေ့လူတွေခဏ ကျုပ်နှာခေါင်းထဲမှာ ဆင်အနံ့ရ သလိုပဲ၊ ပတ်ဝန်းကျင်လေ့လာဦးမယ်။ ဆင်ခြေရာသာ တွေ့ပါစေ ဒီကောင်တွေပြေးမလွတ်ပါဘူး'' ဟု ပုသိမ် ဆင်အုပ်ကြီး ဦးစံသိန်းက ပြောလိုက်သည်။
ဆင်များသည် ဦးတည်ရာသို့ သွားနေပြီး ယမန်နေ့က တူရွင်းတောင်ကြောမှ ကျောက်ပန်းတောင်းဘက်သို့ ဦးတည်လာပြန်သည်။ နယ်ခံသတင်းများအရ ''ဟိုရွာဘက် တွင်တွေ့လိုက်တယ်။ ဒီရွာဘက်က ဖြတ်သွားတယ်'' ဟု ကြားနေရသော်လည်း အတည်ပြုချက် မရပြန်။
ညောင်နီကျင်းရွာထိပ်ရှိ သပြေအိုင့်လမ်းခွဲမှ စတင် ချင်းနင်းဝင်ရောက်ခဲ့ပြီး ဖြစ်နိုင်ခြေ သတင်းထွက်ပေါ်သော အင်တိုင်ဆည်အတွင်းမှ မိုင် ၂ဝ နီးပါး တောဝင်ပြီး လျှိုများ၊ ချောက်ကမ်းပါးများတွင် လိုက်လံရှာဖွေရလေတော့သည်။ ''အင်းဗျာ သတင်းအရသာ လိုက်နေရတယ်။ ဆင်ပြောင်ကြီးအမြီးတစ်နေသလို ဖြစ်နေပြီ။ နေကလည်း အတော်ပူလာပြီ။ လမ်းကြောင်းတော့ပြောင်းမှဖြစ်မယ်'' ဟု အတွေ့အကြုံရင့်သူ ဆင်ထိန်းတစ်ဦးက ဆိုလေသည်။ ကံကြီးသဲတိုက်နယ် မြေညောင်ပင်ခါးရွာရောက်တော့ ကျွန်တော်တို့အတွက် သတင်းအစစ်မှန်ရလေပြီ။
''ရွာနားကနေ မနက် ၈ နာရီလောက်က အနောက် ဘက်ကို ဖြတ်သွားတာ ကျုပ်မျက်စိနဲ့ မြင်လိုက်ရတယ်''ဟု ရွာသားတစ်ယောက်ဆီက ကြားလိုက်ရသည်။ ကျွန်တော်တို့ အဖွဲ့ နံနက် ၉ နာရီကတည်းကရှာဖွေနေသော ဆင်အုပ်သည် နေမွန်းလွဲချိန်မှာ သတင်းအနံ့ရလေပြီ။ ပါလာသော ရေဘူးများကုန်ပြီဖြစ်သလို ဝမ်းဗိုက်အတွင်းမှ ဆာလောင်မှုသည်လည်း အချက်ပေးသံ တညံညံပင်။
''မနက်က ကမ်းနှစ်ရွာမြောက်ဘက်က ကမ်းဖြူမှာ ဆင်ငါးကောင် ရေသောက်နေတယ်။ ရေတောင်ကူးသွား သေးတယ်'' ဟု ထပ်မံအတည်ပြုချက်ရပြန်သည်။ ဆင် ငါးကောင် မျက်မြင်သက်သေတွေ့ရှိသော သတင်းကြောင့် ကျန်ဆင်တစ်ကောင်မှာ နတ်ပလင်ရွာအနီးက ဗူးကင်း တောင်ကမ်းပါးယံတွင် ကျန်ရစ်ခဲ့သည်ဟု ဝင်လာသော သတင်းသည်အတည်ပြု၍ ရပြန်သည်။
ကျွန်တော်တို့အဖွဲ့သည် ဆင်ခြေရာ ကောက်ရန် ဒေသခံအကူအညီဖြင့် လမ်းပြခိုင်းရပြန်၏။
''အစ်ကိုတို့ ဒီမှာခဏနားရအောင်ဗျာ။ ကျွန်တော် ကျောက်ပန်းတောင်းကို ထမင်းကြော်နဲ့ရေ လာပို့ဖို့မှာလိုက် ပြီ။ ရှေ့ဘယ်အချိန်ထိ လိုက်ရမှန်းမသိ'' ဟု ဒေသခံ ကိုသက်ဝင်းဆီမှ စကားသံကြားလိုက်သည်။ ဆင်ဦးစီး သုံးယောက်ကတော့ ဆင်ခြေရာများအား လိုက်ကြည့်ရင်း သူတို့၏ မျက်နှာတွင် အဖြေထုတ်တွက်ဆနေလေရာ ''ဟေ့လူတွေ ဒီမှာလာကြည့်၊ တွေ့လား..ဒီကောင်တွေ ဒီယာခင်းမှာ ဖြန့်ပြီးသွားတယ်။ ဒီခြေရာအတိုင်းအတာ ကြည့်ရပုံထောက်တော့ အမြင့်ခုနစ်ပေနီးပါး အကောင် ဖြစ်မယ်။''
အားလုံးလည်း ပင်ပန်းနွမ်းနယ်နေပြီလေ။ ဆင်များ ၏ ခြေရာသည် မည်သည့်ဘက်ဦးတည်နေသည်၊ အသွား ခြေရာလား အပြန်ခြေရာလား တွက်ချက်ရာတွင် ''တွေ့ လား၊ ခြေရာအဝိုင်း အားစိုက်ထားတဲ့ဘက်မှာ မြေသားပိုပြီး အိနေတယ်။ သေချာကြည့် လူတွေလိုပဲသူတို့မှာ ခြေသည်း တွေပါတော့ အရာထင်ကျန်နေတယ်''ဟု ပြသည်။
''နားမယ်ဆိုလည်း ခဏနားဗျာ။ ဒီကောင်တွေ ကျုပ်တို့နဲ့ မဝေးတော့ဘူး။ နေကလည်း မွန်းတည့်နေပြီ ဆိုတော့ သူတို့အုပ်စု လျှိုကောင်းကောင်းတစ်ခုမှာ သေချာ ပေါက် နားနေတော့မယ်။ ဒီကောင်တွေက နေပူရင် အပြင် မထွက်တော့ဘူး'' ဟု ပြည်မြို့မှလာသော ဆင်ထိန်းက မှတ်ချက်ပြုလေသည်။
အဖွဲ့သည် ရွာထိပ်တွင် အချိန် တစ်နာရီကျော်နီးပါး စားသောက်နားခဲ့ပြီး ဆင်များနောက်သို့ ခရီးဆက်ရပြန် လေသည်။
''ဒီမှာတွေ့လား၊ ဒီကောင်တွေ ဒီနေရာရောက်တော့ ရှေ့ကဦးဆောင်တဲ့ ဆင်နောက် လိုက်ကုန်ပြီ။ သေချာပေါက် လျှိုတွေထဲက သွားတာဖြစ်မယ်။''
ကျွန်တော်တို့အဖွဲ့သည် ခြေရာများနောက်လိုက်ရင်း တချို့နေရာများတွင် လျှိုအတွင်း သဲချောင်းများမှလည်းကောင်း၊ လျှိုအထက် ကုန်းမြင့်များမှလည်းကောင်း ဆင်များသွားရာ လမ်းကြောင်းအတိုင်း လိုက်ရပြန်သည်။
တောတိုးသွားရသဖြင့် ဆူးခက်များ ဆူးထိုးခံရခြင်း သည် အတော်ပင်ဂရုစိုက်ရ၏။ ''ဆင်ရိုင်းသဘောက ရှေ့ကနေတည့်တည့်တိုးမှသာ ရန်ပြုတယ်။ အနောက်ကို လှည့်ပြီး အန္တရာယ်မပေးဘူး။ ဒီကောင်တွေ အနံ့ခံကောင်း တယ်။ လူနံ့ရရင် ထွက်ပြေးမှာ ကြည့်နေ''ဟု လမ်းသွားရင်း ဆင်ဦးစီးက သဘောသဘာဝကို ပြောပြသည်။
တချို့နေရာများတွင် မြေကြီးမာကျောမှုကြောင့် ကျွန်တော်တို့သာမန်လူများအတွက် ခြေရာပျောက်သွား သော်ငြား ''လာလာ ဒီဘက်ကို၊ ဒီကောင်တွေ ဒီကနေ ဆင်းသွားပြီ'' ဟု။ ကျွန်တော်တို့မှာ ဟုတ်ပါလေစဆိုသော အတွေးဖြင့် မေးလိုက်မိပြန်သည်။ ''အစ်ကိုကြီး ခြေရာမှ မရှိတာ ဘယ်လို တွက်ချက်လည်းဗျ''။
မေ့ဆေးသေနတ်ကို ကိုင်ထားသော ပုသိမ်မြို့မှ ကရင်အမျိုးသားဆင်ထိန်းကြီးက ''နောက်ကသာ လိုက်ခဲ့ပါဗျာ။ သေချာပါတယ်။ နောက်တစ်နာရီကျော် လောက်ဆိုရင် ဒီကောင်တွေမိပါပြီ။ ဘာလို့ကျုပ်တို့က ပြောနိုင်သလဲ၊ ဆင်ရဲ့သဘောသဘာဝကို သိနေပြီလေ။''
''ဒီမှာတွေ့လား တောတိုးသွားပြီ။ ကြည့်လိုက်လေ''ဟု ပြသရာ လျှိုများအတွင်း ပေါက်ရောက်နေသော အမြင့် ခုနစ်ပေနီးပါးရှိ သစ်ပင်အကိုင်းအခက်များ ကျိုးနေခြင်း၊ မြေသားကမ်းပါးယံများ တိုက်သွားခြင်းများသည် ဆင်တို့ ဦးတည်ရာ လမ်းကြောင်းကို ပြလေသည်။ ''ခင်ဗျားတို့ ခြောက်ယောက် ကျုပ်တို့နောက် ခပ်လှမ်းလှမ်းကလိုက် တော့။ မကြာတော့ဘူး တွေ့တော့မယ်။ ကျုပ်တို့  သူတို့ ရှေ့က ကျွံလို့မဖြစ်ဘူး။ အန္တရာယ်တော ရောက်ပြီ''ဟု ပြောကာ ဆင်ဦးစီးသုံးဦးမှာ တောတွင်းချဉ်းကပ်လေပြီ။ကျွန်တော်တို့အဖွဲ့သည် ခပ်လှမ်းလှမ်းမှလိုက်ရင်း ဆင်ဦးစီး သုံးဦး၏ ဆင်ရှာဖွေပုံကို လေ့လာနေရတော့သည်။
ဆင်ဦးစီးများသည် တစ်ယောက်တစ်နေရာခွဲ၍ မြေပြင်အနေထားလေ့လာခြင်း၊ တစ်ဦးက လျှိုအပေါ်မှ သွားပြီး တစ်ဦးက သဲချောင်းခြေရာများအတိုင်းလိုက်လံကာ၊ တစ်ဦးသည်ကား ကျွန်တော်တို့ အဖွဲ့အား စောင့် ခေါ်လေသည်။ တချို့လျှိုနေရာများသို့ ပြသည်။
''တွေ့လား ဒီကောင်တွေ ဒီကနေဖင်ထိုင်ပြီး ဆင်း သွားတာ။ ဒီကောင်တွေက အမြင့်ကိုတက်ဖို့သာ လမ်း ကြောင်း သေချာရွေးပေမယ့် အောက်ကိုလျှောထိုးဆင်းချဖို့ ဝန်မလေးဘူး''ဟု ပြောပြသည်။ ရှေ့ဆုံးမှ ဦးဆောင်နေသူ က လက်ပြလေပြီ။
အသံမထွက်ရန်၊ ဖြည်းဖြည်းလာရန် လက်ဟန် ခြေဟန်ဖြင့် ''ရှူးတိုးတိုး တွေ့လား ဟိုမှာ'' ဟု လျှိုအောက် ဘက်သို့ ပြလေရာ''တွေ့ပါပြီ။ ကျွန်တော်တို့ ရှာဖွေနေသော ဆင်အုပ်ကို၊ ဟေ့ ငါ့ဆရာတို့ တွေ့တာကို သတင်းပို့တော့ ပို့ပေါ့ဗျာ။ လူတွေကို သိပ်မသိစေချင်သေးဘူး။
ရွာတွေနဲ့ နီးတော့ လာပြီးစပ်စုနေရင် ကျုပ်တို့ လုပ်ရကိုင်ရခက်တယ်။ ပြီးတော့ ကြည့်တော့သာ နီးနေတာ တကယ်လာရင် ဘယ်လောက်ခက်တယ်ဆိုတာ ခင်ဗျားတို့  ကိုယ်တွေ့ပဲလေ။ ကျုပ်မှန်းတာ မမှားဘူးဆိုရင် ကျုပ်တို့ လမ်းလျှောက်လာတာ ၂၅ မိုင် ကျော်သွားပြီ'' ဟု ဆင်ထိန်း တစ်ဦးက ပြောလေသည်။ ''ဒီကောင်တွေ ဒီမှာ လာအိပ်နေ တာဗျ။ ဒီလျှိုက အပင်ထူထပ်တော့ သူတို့ကိုယ်သူတို့လုံခြုံ တယ်ဆိုပြီး။ ဒါပေမယ့် မကြာဘူးကြည့် ဒီကောင်တွေ ကျုပ်တို့အနံ့ရရင်နေရာပြောင်းလိမ့်မယ်''ဟု ဆင်ဦးစီးက အတွေ့ကြုံအရ ဆိုလေသည်။ ''အစ်ကိုကြီး ပစ်ဖမ်းမှာလား''ဟု စပ်စုကြည့်ရာ။
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment