Monday, August 31, 2015

လာလီဂါပွဲစဉ်(၂)တွင် ရီးယဲလ်ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး ဘာစီလိုနာ နိုင်ပွဲဆက်ခဲ့


သြဂုတ် ၂၉ ရက်ညပိုင်းက လာလီဂါ ပွဲစဉ်(၂)အဖြစ် ပွဲစဉ်ငါးပွဲယှဉ်ပြိုင်ကစားခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာအသင်းမှာ နောက်တန်း ကစားသမား ဗာမေလန်၏ တစ်လုံးတည်းသော သွင်းဂိုး ဖြင့် အနိုင်ရရှိခဲ့ကာ လာလီဂါတွင် နိုင်ပွဲဆက်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပွဲစဉ်(၂)တွင် ရီးယဲလ် ဘတ်တစ်အသင်းအား အိမ်ရှင်အဖြစ် လက်ခံကစားခဲ့ရပြီး တိုက်စစ်မှူး ဂါရတ်ဘေးလ်၏ သွင်းဂိုးနှစ်ဂိုး၊ ဂျိမ်းစ် ရိုဒရီ ဂွက်ဇ်၏ သွင်းဂိုးနှစ်ဂိုးနှင့် ဘင်ဇီမာ၏ သွင်းဂိုးတစ်ဂိုးတို့ ဖြင့် ဘတ်တစ်အသင်းအား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းပွဲစဉ်တွင် အိမ်ရှင်အသင်းရော ဧည့်သည် အသင်းပါ နှစ်သင်းစလုံး ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက် လာခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းသည် ပထမပိုင်းပွဲစပြီး ၂ မိနစ်မှာပင် တိုက်စစ်မှူးဂါရတ်ဘေးလ်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်တွင် ဂါရတ်ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့် ဘင်ဇီမာတို့ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း ရီးယဲလ်မက်ဒရစ်အသင်း၏ ထိပ်တန်း ဂိုးသွင်းရှင် စီရိုနယ်လ်ဒိုမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ရီးယဲလ်ဘတ်တစ်အသင်းမှာမူ ချေပဂိုးပြန်လည် သွင်းယူနိုင်မည့် ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ သော်လည်း ရီးယဲလ်မက်ဒရစ်ဂိုးသမား ကီလာနားဗက်၏ လက်စွမ်းပြကာကွယ်နိုင်ခဲ့ခြင်းကြောင့် ချေပဂိုးရရှိရေး အခွင့်အရေးနှင့် လွဲခဲ့ရပြီး ရီးယဲလ်မက်ဒရစ် အိမ်ကွင်းတွင် ငါးဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။
လာလီဂါပွဲစဉ်(၂)၏ အခြားပွဲစဉ် တစ်ပွဲ ဖြစ်သည့် ဘာစီလိုနာအသင်းနှင့် မာလာဂါ အသင်းတို့၏ ပွဲစဉ်တွင် အာဆင်နယ် နောက်တန်းကစားသမားဟောင်း ဗာမေလန် ၏ ဒုတိယပိုင်းပွဲကစားချိန် ၇၃ မိနစ်တွင် သွင်းယူခဲ့သည့် တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းသွင်းဂိုး သည် ဗာမေလန်အတွက် ဘာစီလိုနာအသင်းသို့ ရောက် ရှိလာခဲ့ပြီးနောက် ပထမဆုံးသွင်းဂိုးလည်းဖြစ်လာခဲ့သည်။
ဘာစီလိုနာအသင်းအတွက်မူ ပွဲစဉ်(၁)တွင် ဘီဘာအို အား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားခဲ့သည့်အပြင် ယခု ပွဲစဉ်(၂)တွင် မာလာဂါကို တစ်ဂိုး-ဂိုးမရှိဖြင့် ဆက်လက် အနိုင်ရရှိခဲ့ခြင်းကြောင့် လာလီဂါတွင် နိုင်ပွဲဆက်သည့် ပွဲစဉ်တစ်ပွဲလည်းဖြစ်လာခဲ့သည်။
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုနှင့် ဘာစီ လိုနာတိုက်စစ်မှူးမက်ဆီတို့သည် ပြီးခဲ့သည့် ဘောလုံးရာသီ များတွင် အသင်းအတွက် ဂိုးသွင်းဘုရင်များဖြစ်ခဲ့သော် လည်း လက်ရှိလာလီဂါ နှစ်ပွဲကစားအပြီးတွင် တစ်ဂိုးမျှသွင်းယူပေးနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပေါက်ပျောက်နေဆဲပင် ဖြစ်သည်။
လာလီဂါပွဲစဉ်(၂)၏ အခြားပွဲစဉ်များ ဖြစ်ကြသည့် ရီးယဲလ်ဆိုစီဒက်အသင်းနှင့် စပို့တင်းဂီဂျွန်အသင်းတို့၏ ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဆယ်လ်တာဗီဂို နှင့် ဗယ်လက်ကာနိုအသင်းတို့၏ ပွဲစဉ်တွင် ဆယ်လ်တာ ဗီဂိုအသင်းက ဗယ်လက်ကာနို အသင်းအား သုံးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။
ငွေကြယ်

No comments:

Post a Comment