Thursday, June 30, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) အောင်မြင်စေရန် တပ်မတော် အပြည့်အဝဆန္ဒရှိ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို လျှောက်လှမ်းကြရာတွင် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုရှိရန်လို



 
 
နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) လုပ်ငန်းများအောင်မြင်စေရန် တပ်မတော်အနေဖြင့် အပြည့်အဝဆန္ဒရှိကြောင်း၊ လွတ်လပ်ခြင်း၊ ညီညွတ်ခြင်း၊ မျှတခြင်းဆိုသည့် လောကပါလတရားနှင့်အညီ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို လျှောက်လှမ်း ကြရာတွင် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိရန်လိုကြောင်း၊ မိမိလိုချင်သည့်အကြောင်းအရာတစ်ခုအပေါ် တရားသေမရပ်တည်ဘဲ ပြည်ထောင်စုစိတ်ဓာတ်၊ တစ်နည်းအားဖြင့် မြန်မာစိတ်ဓာတ်ဖြင့်လုပ်ဆောင်သွားပါက မိမိတို့ လျှောက်လှမ်းနေသည့်လမ်းကြောင်း တွင် အရှိန်အဟုန်မြန်ဆန်ပြီး အေးအေးချမ်းချမ်းနှင့် အောင်မြင်မှုကိုရရှိနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST)အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ‘ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ‘ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး PPSTအဖွဲ့ဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)မှ ဘောင်ခေး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ဏြူဥ) နာယကခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ‘ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC)မှ နော်ကပေါ်ထူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ‘ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(KKO) မှ စောမိုရှေးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ ‘ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ငြိမ်းချမ်းစွာလျှောက်လှမ်းနိုင်ရေး အတွက် အဓိကလိုအပ်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ပြီးစီးရေးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ ပထမသက်တမ်းကာလ တစ်ပြည်လုံးငြိမ်းချမ်းရေးရရှိရန် ကမ်းလှမ်း ချက်အပေါ်မူတည်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကောင်းမွန်သည့် အပြုသဘောတုံ့ပြန်ချက်များဖြင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ခရီးလမ်းတစ်ခုအထိ ရောက်ရှိပြီးNCA လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့ အစည်းများသည် ထူးခြားသောဝိသေသရှိသည်ဟု ပြောရမည်ဖြစ်ကြောင်း၊ လက်ရှိ အစိုးရကဦးဆောင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု ပင်လုံ)ကျင်းပရန် လုပ်ဆောင်နေကြောင်း၊ ခြောက်နှစ်တာကာလ ဖြတ်သန်းခဲ့ရမှုအတွေ့အကြုံအရ နိုင်ငံသူ နိုင်ငံသားအားလုံး၏ရပ်တည်မှုနှင့် နိုင်ငံသားများ၏အခွင့်အရေးအတွက် ဥပဒေအရပေးထားသည်များရှိကြောင်း၊ အချို့နေရာများတွင် လိုအပ်ချက်အရ တောင်းဆိုပိုင်ခွင့်ရှိသော်လည်း ပြန်လည်ပေးရမည့်တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပိုင်းများတွင် လိုအပ်ချက်များရှိနေသည်ကိုတွေ့ရှိရ၍ နှစ်ဦးနှစ်ဖက်ညှိနှိုင်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ‘ဒို့တာဝန်အရေးသုံးပါးကို ခိုင်ခိုင်မာမာ ရပ်တည်ထားကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆွေးနွေးရာတွင်လည်းNCA အပေါ်တွင်သာ ရပ်တည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ညီညွတ်သော စိတ်ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် အရှိန်အဟုန်မြန်ဆန်မည်ဟု ယုံကြည်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ယင်းစိတ်ဓာတ်ဖြင့် ပါဝင်ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ PPST အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုးနှင့်အဖွဲ့ဝင်များက PPST ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ PPST အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်လည်းNCA အပေါ်တွင်သာ ရပ်တည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် NCA ၌ လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အဖွဲ့များပါဝင်နိုင်ရေး ဆွေးနွေးနေမှုအခြေ အနေများ၊ UPDJC နှင့်JICM ကော်မတီအစည်းအဝေးများ ဆက်လက်လုပ်ဆောင် သွားမည့်အခြေအနေများကိုရှင်းလင်းတင်ပြပြီး တစ်ဖွဲ့ချင်းအနေဖြင့်လည်း ဆက်ဆံရေး ရုံးများတိုးချဲ့ထားရှိရေး၊JMC အနေဖြင့် အဆင့်ဆင့်နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေး၊ နှစ်ဖက်တပ်များ တပ်နေရာချထားရေးစသည်ဖြင့် ဆွေးနွေးကြသည်။

ယင်းဆွေးနွေးချက်များအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကNCA တွင် ပါဝင်လက်မှတ်ရေးထိုးရန်အတွက် မည်သည့်အဖွဲ့ကိုမဆို တပ်မတော်က ဖိတ်ခေါ် ထားကြောင်း၊ လက်ရှိလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားလိုစိတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ခိုင်မာသောစိတ်ရှိပါက လက်မှတ်မထိုးနိုင်စရာမရှိကြောင်း၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိရန် လိုသကဲ့သို့ ကိုယ့် နိုင်ငံ၊ ကိုယ့်တိုင်းပြည်အပေါ် ယုံကြည်အားကိုးစိတ်ရှိရန်လည်း လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် တိုင်းပြည်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်စိတ်ထား၍ ပါဝင် လက်မှတ်ရေးထိုးရန် ကြိုဆိုနေကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပါဝင် တက်ရောက်ခြင်း၊ ပါဝင်ဆွေးနွေးခြင်းတို့သည် တပ်မတော်၏ သဘောထားတစ်ခုတည်း ဖြင့်မရဘဲ နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာလွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးများ၏သဘောဆန္ဒများကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် နိုင်ငံရေး၊ နိုင်ငံ့အရေး များလုပ်ဆောင်နိုင်ရန် နိုင်ငံရေးလမ်းကြောင်းဖွင့်ပေးထားခြင်းဖြစ်၍ မိမိလုပ်ဆောင်လို သည်ကို နိုင်ငံရေးနည်းလမ်းဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင် ရာတွင်လည်း နေရာ(Place) နှင့် မြေ(Land)တို့သည် အရေးမကြီးဘဲ ပြည်သူက ထောက်ခံပြီး မိမိတို့လုပ်ဆောင်သည့် နိုင်ငံရေးလမ်းကြောင်းကို မှန်မှန်ကန်ကန် လုပ်ဆောင်ပေးနိုင်ရန်သာ အရေးကြီးကြောင်း၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲမထားရှိဘဲ တိုင်းပြည်အတွက် ကြည့်စေလိုကြောင်း၊ မိမိတို့လည်း ထိုစိတ်ဓာတ်မျိုးမွေး၍ လုပ်ဆောင်နေကြောင်း၊ ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးအရ လွတ်လပ်စွာ သဘော ကွဲလွဲမှုရှိသော်လည်း တိုင်းရင်းသားအရေးတွင် သဘောကွဲလွဲမှုများ မရှိစေလိုကြောင်း၊ ရိုးသားစွာပြောဆိုရပါက တပ်မတော်အနေဖြင့် တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှု ကို လုံးဝမလိုလားကြောင်း၊ သက်ဆိုင်ရာအစိုးရအုပ်ချုပ်မှုယ္တရားများ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ထိခိုက်မှုများမရှိစေရန် ကာကွယ်ရခြင်းသာ ဖြစ်ကြောင်း၊ တချို့လည်း စိုးရိမ်စိတ်ဖြင့် နယ်မြေတည်ဆောက်မှု၊ အင်အားတည် ဆောက်မှုများလုပ်ဆောင်နေသည်ကိုတွေ့ရှိရကြောင်း၊ မိမိကိုယ်မိမိယုံကြည်မှုရှိပါက ယင်းသို့လုပ်ဆောင်ရန်မလိုဘဲ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်သာ လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ အလားတူ နေရာနှင့်မြေမှာ အရေးမကြီးဘဲ လူထုယုံကြည်မှုရရှိရန် လိုကြောင်း၊ တပ်မတော်အနေဖြင့် လူထုယုံကြည်မှုရရှိအောင် ကြိုးစားတည်ဆောက်နေ ကြောင်း ရှင်းလင်းပြောကြား၍ တစ်ဖွဲ့ချင်း၏ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
(မြဝတီ)


ရတနာပုံနှင့်မကွေးအသင်း ကွာတားဖိုင်နယ်တက်ရောက်



The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၉

၂ဝ၁၆ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် တတိယနေ့ပွဲစဉ်များကို ယနေ့ ညနေ ပိုင်းက ကျင်းပသည်။

သုဝဏ္ဏကွင်း

ရတနာပုံ-လေးဂိုး
Horizon -တစ်ဂိုး

အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် အလားအလာကောင်းနေသည့် ရတနာပုံအသင်းမှာ ရှုံးထွက် ပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းရယူနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲနှင့်အတူ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ Horizon အသင်းမှာ ကစား သမားအစုံအလင်ဖြင့် ကြိုးပမ်းခဲ့သော်လည်း ဒုတိယအဆင့်မှထွက်ခဲ့ရသည်။

ရတနာပုံအသင်းသည် ထွန်းငြိမ်း၊ ရဲရင့်ထွန်းစသည့် ကစားသမားများကို ပွဲထုတ်ခဲ့သော်လည်း ရန်ပိုင်၊ အောင်သူ၊ စည်သူအောင်တို့အပါအဝင် နိုင်ငံခြား သားသုံးဦးဖြင့် လူစုံခဲ့သည်။ ပွဲအစပိုင်းတွင် ရတနာပုံအသင်းပိုဖိကစားနိုင်ခဲ့ပြီး ၁၄ မိနစ်တွင် ဝင်းနိုင်စိုးက စည်သူအောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂိုး စတင်သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသောကြောင့် Horizon အသင်းချေပဂိုး ပြန်ရရန် ကြိုးပမ်းလာကာ အခွင့်အရေးအချို့ပြန်ရခဲ့သော်လည်း အသုံးမချ နိုင်ခဲ့ပေ။ ရတနာပုံအသင်းမှ အောင်သူနှင့်ထွန်းငြိမ်းတို့ဒဏ်ရာရရှိ၍ လူစားလဲ ခဲ့ရသည်။

ဒုတိယပိုင်းတွင် ရတနာပုံအသင်းက ပွဲကိုထိန်းကစားသွားပြီး မိနစ် ၆ဝ တွင် Horizon နောက်ခံလူလက်ထိခဲ့သောကြောင့် ပင်နယ်တီရခဲ့ပြီး တိုက်စစ်မှူး မာတူနာက ဒုတိယဂိုးအဖြစ် သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရတနာပုံ အသင်းက ပွဲကို ထိန်းချုပ်သွားပြီး ဝင်းနိုင်စိုးက ၇၅၊ ၈၄ မိနစ်တို့တွင် နှစ်ဂိုး ထပ်မံသွင်းယူခဲ့သောကြောင့် ဟက်ထရစ်ရရှိခဲ့သည်။ Horizon အတွက် ချေပဂိုးတစ်ဂိုးကို ၈၉ မိနစ်တွင် ချန်ဟီကင်မ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းခဲ့သည်။

အောင်ဆန်းကွင်း၌ ကျင်းပသောပွဲတွင် မကွေးအသင်းက ချင်းယူနိုက်တက်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲအစ စက္ကန့်ပိုင်းတွင် သွင်းယူသည့် ညီညီမင်း၏ ဂိုးဖြင့် ချင်းယူနိုက်တက်ဦးဆောင်နိုင်ခဲ့သော်လည်း မကွေးအတွက် မိနစ် ၇ဝ တွင် စိုးမင်းနိုင်က ချေပဂိုး၊ ၇၁ မိနစ်တွင် ထူးထူးအောင်က အနိုင်ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

ယနေ့ပွဲစဉ်များအပြီးတွင် ကွာတားဖိုင်နယ်သို့ ရန်ကုန်၊ ဟံသာဝတီ၊ မြဝတီ၊ ရှမ်းယူနိုက်တက်၊ ရတနာပုံနှင့် မကွေးအသင်းတို့ တက်ရောက်သွားပြီဖြစ်ပြီး လက်ကျန်နှစ်ပွဲ ကစားရန်ကျန်ရှိနေသည်။ ကွာတားဖိုင်နယ်ပွဲ စဉ်များအဖြစ် ရန်ကုန်နှင့် ဟံသာဝတီ၊ မြဝတီနှင့် ရတနာပုံ၊ ရှမ်းယူနိုက်တက်နှင့် မကွေးအသင်းတို့တွေ့ဆုံလျက်ရှိသည်။
(ရှိုင်းထက်ဇော်)

မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးတွင် အကောင်းဆုံးအခြေအနေမှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုပင်ဖြစ်


Myanmaalinn's photo.
 နေပြည်တော် ဇွန် ၂၉

အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ၊ မျိုးနွယ်ချင်း တူညီကြသဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ပြီး နှစ်နိုင်ငံဆက်ဆံရေး တွင် အကောင်းဆုံးအခြေအနေမှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်)ဝုန်ဆူဝန် ဦးဆောင်သောအဖွဲ့အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌တွေ့ဆုံစဉ် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ဆက်လက်၍ တပ်မတော်နှစ်ရပ်အကြား ကြည်း၊ ရေ၊ လေ ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား ဆောင်ရွက် နေသည့် TBC၊ RBC နှင့် HLC အစည်းအဝေးဆောင်ရွက်နေမှုအခြေအနေ များ၊ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရေးနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ဖြန့်ဖြူးမှုများကို တူညီသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထိထိရောက်ရောက်တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံနယ်နိမိတ် ကိစ္စရပ်များ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဖြစ်စေရေးအတွက် အစိုးရအဖွဲ့အစည်း များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသတွင် နှစ်နိုင်ငံပူးပေါင်းသစ်ပင် စိုက်ပျိုးရေးအား ဒေသတွင်းစံပြု Model တစ်ခုအဖြစ် အောင်မြင်အောင် ကြိုးပမ်း လုပ်ဆောင်ရေး၊ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏အရေးကိစ္စများအား ထိုင်းနိုင်ငံ၏ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အလားတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ဝုန်ဆူဝန်နှင့်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌တွေ့ဆုံပြီး နယ်စပ်ရေးရာကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲရှောင်ဒုက္ခသည်များ အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

လျှပ်စစ်ရထားပြေးဆွဲမှု ဇူလိုင် ၁ ရက်မှစ၍ ရပ်နားမည်




The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၉

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် ပြေးဆွဲလျက်ရှိသည့် လျှပ်စစ်ရထား (TRAM) ပြေးဆွဲမှုကို ဇူလိုင် ၁ ရက်မှစတင်ကာ ရပ်နားတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာ့မီးရထား(အောက်မြန်မာပြည်) ရုံးချုပ်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

လျှပ်စစ်ရထားပြေးဆွဲမှုရပ်ဆိုင်းရခြင်းမှာ ကမ်းနားလမ်းတစ်လျှောက် ကွန်တိန်နာကားများ အဝင်၊ အထွက်များသည့်အတွက် ပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများဖြစ်ပေါ်နိုင်ခြင်း၊ လျှပ်စစ်ရထားစီးခရီးသည် တစ်နေ့တခြား နည်းပါးလာခြင်းတို့ကြောင့် ထိရောက်သည့် သယ်ယူပို့ဆောင်မှု မပြုလုပ်နိုင်သည့်အတွက် ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှသိရသည်။

''လက်ရှိအနေနဲ့ ရပ်ဆိုင်းတဲ့အခါမှာ ကျန်တဲ့ကွန်တိန်နာကားတွေ၊ ပြေးဆွဲ နေတဲ့ ကားတွေနဲ့ မတော်တဆမှုတွေ လျော့ကျသွားမယ်၊ လျှပ်စစ်ရထားတွေကို ဝါးတန်းမှာပဲထားမှာပါ။ လိုအပ်တဲ့အချိန် လိုအပ်တဲ့နေရာမှာ အချိန်မရွေး ထုတ်သုံးလို့ရတဲ့အဆင့်ဖြစ်အာင် လုပ်ထားမှာပါ''ဟု မြန်မာ့မီးရထား (အောက် မြန်မာပြည်)အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

မြန်မာ့မီးရထားက ဝါးတန်းလမ်းမှ လင်းစဒေါင်းအထိ တွဲဆိုင်း သုံးတွဲပါ နှစ်ဆိုင်း၊ တွဲဆိုင်း တစ်တွဲပါ တစ်ဆိုင်း စုစုပေါင်း နှစ်စင်းနှင့် ယခုနှစ် ဇန်နဝါရီ ၁ဝ ရက်မှ ပြေးဆွဲခဲ့ရာ လျှပ်စစ်ရထားများ၏ တစ်ရက်ဝင်ငွေမှာ ကျပ် ၄၅ဝဝ နှင့် ၅ဝဝဝ ကြားရရှိခဲ့သော်လည်း နောက်ပိုင်း ခရီးသည် စီးနင်းမှု မရှိသလောက်နည်းပါးခဲ့ကြောင်း၊ လျှပ်စစ်ရထားပြေးဆွဲမှုအတွက် တစ်ရက် ကုန်ကျစရိတ် ကျပ် ၁၅ဝဝဝ နီးပါးရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဇူလိုင် ၁ ရက်တွင် ရပ်နားတော့မည့် လျှပ်စစ်ရထားများသည် ပြေးဆွဲစဉ် အခါက မြန်မာ့မီးရထားက ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်စေရန်၊ ခရီးသွားပြည်သူများ သက်သောင့်သက်သာ သွားလာ နိုင်စေရန် ကားလမ်းပေါ်တွင် လျှပ်စစ်ရထား(TRAM) ပြေးဆွဲခြင်းဖြင့် ပြည်သူများကားနှင့် ရထားဆက်စပ်အသုံးပြုခြင်းကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ ဒီဇယ်ရထားများအသုံးပြုခြင်းစနစ်မှ လျှပ်စစ်ရထားအသုံးပြုခြင်းစနစ်သို့ ကူးပြောင်းရန်အတွက် နည်းပညာကျွမ်းကျင်မှုများ ရရှိရန်နှင့်အနာဂတ်တွင် လျှပ်စစ်ရထားကွန်ရက်ကို တိုးချဲ့ဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ လျှပ်စစ်ရထားပြေးဆွဲမှုအတွက် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်း အကုန်ကျခံခဲ့ပြီး ဂျပန်နိုင်ငံ West Coporation နှင့် ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် စာချုပ်ချုပ်ဆို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ်ရထားပြေးဆွဲခြင်းကို ဝါးတန်းဘူတာမှ လင်းစဒေါင်းဘူတာထိပြေးဆွဲသွားမည်ဖြစ်ပြီး ခရီးစဉ် တစ်နေ့လျှင် ခြောက်ခေါက်နှုန်းဖြင့် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ ပြေးဆွဲ သွားမည်ဖြစ်ကာ လက်မှတ်ခနှုန်းထားမှာ တစ်စောင်လျှင် ငွေကျပ် ၁ဝဝ ဖြစ် ကြောင်း သိရသည်။
သတင်း-သီသီမင်း၊ ဓာတ်ပုံ-ကိုဇော်

မြန်မာနှင့် လာအိုတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးအားကစားပြိုင်ပွဲယှဉ်ပြိုင်ကစားရန် လာအိုပြည်သူ့တပ်မတော် အားကစားအဖွဲ့ရောက်ရှိ


Myanmaalinn's photo.
 နေပြည်တော် ဇွန် ၂၉

မြန်မာနှင့် လာအိုတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးအားကစားပြိုင်ပွဲ ယှဉ်ပြိုင် ကစားရန်အတွက် လာအိုပြည်သူ့ တပ်မတော်မှ Col. Bountao Thongmanila, Deputy Director General of Training Department, General Staff Department ဦးဆောင်သော အဖွဲ့ဝင် ၄၇ ဦးပါဝင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် လေ ကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ် သို့ ရောက်ရှိလာရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီး များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ အခြေစိုက် လာအိုသံရုံးမှ စစ်သံမှူးနှင့် အဖွဲ့တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
မြန်မာနှင့် လာအို တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများအနေဖြင့် ဘောလုံး၊ ဘော်လီ ဘောနှင့် ပိုက်ကျော်ခြင်းတို့ကို နေပြည် တော်၊ ဇေယျာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံး ပြိုင်ပွဲကို ဇူလိုင် ၁ ရက် ညနေ ၃ နာရီခွဲ တွင်လည်းကောင်း၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၂ ရက် တွင်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

(မြဝတီ)

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ လွှတ်တော်ဥက္ကဋ္ဌများ၊ ကော်မရှင်နှင့် ကော်မတီဥက္ကဋ္ဌများအား သီးခြားစီတွေ့ဆုံ


Myanmaalinn's photo.
 နေပြည်တော် ဇွန် ၂၉

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီသည် ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လွှတ်တော်ဥက္ကဋ္ဌများ၊ ကော်မရှင်နှင့် ကော်မတီဥက္ကဋ္ဌများအား သီးခြားစီ တွေ့ဆုံခဲ့သည်။
မစ္စယန်ဟီလီသည် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် ယနေ့နံနက် ၉ နာရီတွင် အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံပြီး လွှတ်တော်၏ ဥပဒေပြု ရေးဆိုင်ရာကိစ္စရပ်များနှင့် ကော်မတီများဖွဲ့စည်းထားရှိမှုအခြေအနေတို့ကို ဆွေးနွေးသည်။
အလားတူ မစ္စယန်ဟီလီသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
ထို့အတူ မစ္စယန်ဟီလီသည် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ယနေ့ နံနက် ၁၁ နာရီတွင် ရေးရာကော်မတီဆောင် (၁)၌ တွေ့ဆုံသည်။
အလားတူ မစ္စယန်ဟီလီသည် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးကော်မတီ ဥက္ကဋ္ဌဦးစောနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးကြွယ်နှင့်အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့် အဖွဲ့ဝင်များအား ရေးရာကော်မတီ ဆောင်များ၌ မွန်းလွဲပိုင်းတွင် သီးခြားစီတွေ့ဆုံဆွေးနွေးကြသည်။

(သတင်းစဉ်)

ကျပ်သိန်းပေါင်း ၁၁ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိ

The Mirror Daily's photo.
နေပြည်တော် ဇွန် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်အတွင်း နယ်မြေခံတပ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ကွမ်းလုံမြို့မြောက်ဘက် မီတာ ၁ဝဝဝ အကွာရှိ ကွမ်းလုံ-လောက်ကိုင်သွား ကားလမ်း ၏ မြို့ရှောင်လမ်းပေါ်၌ ရပ်တန့်ထားသော ယာဉ်နှစ်စီး ကို စစ်ဆေးရှာဖွေရာ ယာဉ်မောင်းများကိုမတွေ့ရှိရဘဲ ယာဉ် အမှတ် ၅က/----- လီဖန်းအမျိုးအစားယာဉ်ပေါ်မှ ကဖင်း(အဖြူရောင်အမှုန့်) ကီလို ၄ဝ ခန့်စီပါ ဆာလာအိတ် ၁၆၅ အိတ် စုစုပေါင်းအလေးချိန်ကီလို ၆၆ဝဝ ခန့် (ကာလ တန်ဖိုးကျပ်သိန်း ၄၉၅ဝ ခန့်)၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ် အညိုရောင်အရည် ကီလို ၁၄ဝ ခန့်စီပါ စုစုပေါင်းစတီး ပီပါ ၁၃ လုံး (လီတာ ၁၈၂ဝ ခန့်)(ကာလတန်ဖိုး ကျပ် ၁၃၆၅ သိန်းခန့်)နှင့် ဆာလ်ဖြူရစ်အက်ဆစ် အညိုရောင် အရည် လီတာ ၁၄ဝ ခန့်စီပါ အပြာရောင်ပလတ်စတစ်ပီပါ နှစ်ပီပါ (လီတာ၂၈ဝ ခန့်) (ကာလတန်ဖိုး ကျပ် ၂၂၄ဝဝဝ ခန့်)နှင့် ယာဉ်အမှတ် ၄ယ/----- ယာဉ်ပေါ်မှ ကဖင်း (အဖြူရောင်အမှုန့်) ကီလို ၄ဝ ခန့်စီပါ ဆာလာအိတ် ၁၈၃ အိတ်(ကီလို ၇၃၂ဝ ခန့်) (ကာလတန်ဖိုး ကျပ်သိန်း ၅၄၉ဝ ခန့်)ကို သိမ်းဆည်းရမိခဲ့သည်။
ထိုသိမ်းဆည်းရမိယာဉ်နှင့် ပစ္စည်းများကို ကွမ်းလုံ မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ပြီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
(မြဝတီ)

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး


 နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြား သည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်အစိုးရအနေ ဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့နှင့် ပြည့်စုံတော်မူသည့် ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် ဗုဒ္ဓဘုရား ရှင်က မိုးရေခံသင်္ကန်း တစ်နည်းအားဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်ရန် ဝိနည်းတော် နှင့်အညီ ခွင့်ပြုပေးတော်မူခဲ့သည်ကို လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအသီးသီးမှ စနစ်တကျ စီစဉ် ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို တင်ပြ ဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ လုပ် ငန်းများ ဆောင်ရွက်ရာတွင် လစ်ဟင်း မှုမရှိစေရန် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများအလိုက် စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း တို့ကိုဆောင်ရွက်ကြရမည့်အပြင် ကြို တင်ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ပြုလုပ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိ မှုနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု တို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ အခမ်း အနားကျင်းပရေးနှင့် အခမ်းအနားပြင် ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး နှင့် ကြိုဆိုနေရာချထားရေးဆပ် ကော်မတီ၊ လှူဖွယ်ပစ္စည်းများပြင်ဆင် ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီ၊ ဥပ္ပါတသ္တိစေတီတော် စိမ်းလန်းစိုပြည် ရေးနှင့် သာသနာရေးဆိုင်ရာ အခင်း အကျင်းပြင်ဆင်ရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ် ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ နှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ ဆပ် ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ က ကဏ္ဍအလိုက်ပြင်ဆင်ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဦးစီးကော်မ တီ နာယက ဒုတိယသမ္မတက ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)

ဖီနာဘာချီတောင်ပံကစားသမား နာနီ ဗလင်စီယာအသင်းသို့ ပြောင်းရွှေ့မည်




The Mirror Daily's photo.


မန်ယူအသင်း၏ တောင်ပံကစားသမားဟောင်းနာနီသည် လာမည့်ဘောလုံးရာသီတွင် စပိန်လာလီဂါကလပ် ဗလင်စီ ယာအသင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း ဖီနာဘာချီအသင်းဥက္ကဋ္ဌ ယီလ်ဒီရင်က အခိုင်အမာပြောကြားခဲ့သည်။
ဗလင်စီယာအသင်းသည် တောင်ပံကစားသမားနာနီအား စာချုပ်ချုပ်ဆိုခေါ်ယူကြောင်း လူသိရှင်ကြား ကြေညာတော့မည်ဖြစ်သော်လည်း ပြောင်းရွှေ့ကြေး ယူရို ၈ ဒသမ ၅ သန်းသာပေးမည်ဖြစ်ကြောင်း သိရသည်။ အသက်(၂၉)နှစ်အရွယ်ရှိ တောင်ပံကစားသမားနာနီသည် လက်ရှိတွင် ပေါ်တူဂီလက်ရွေးစင်အသင်းနှင့်အတူ ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင် ပါဝင်ကစားလျက်ရှိသည်။

တောင်ပံကစားသမားနာနီသည် လက်ရှိတွင် ပေါ်တူဂီအသင်းနှင့် ယူရို ၂ဝ၁၆ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ပိုလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရန်ပြင်ဆင်လျက်ရှိပြီး မန်ယူအသင်းတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ သော်လည်း ဖီနာဘာချီအသင်းတွင်မူ အကောင်းဆုံးခြေစွမ်းပြန်လည်ရရှိနေပြီဖြစ်ကြောင်းသိရသည်။

တောင်ပံကစားသမား နာနီသည် ၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီတွင် ဖီနာဘာချီအသင်းနှင့်အတူ လိဂ်ပွဲစဉ် ၂၈ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုး ၁၂ ဂိုးသွင်းယူနိုင်ခဲ့သည့်အပြင် ဖီနာဘာချီအသင်းကိုလည်း လိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ရပ်တည်နိုင်ရေးစွမ်းဆောင်ပေးနိုင်ခဲ့သည်။
(အလင်းသစ်)

ဆောက်သမ်တန်တိုက်စစ်မှူး ဆာဒီယိုမာနေးအား ပေါင် ၃၄ သန်းဖြင့် လီဗာပူးအသင်းခေါ်ယူ



The Mirror Daily's photo.


ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းသည် ဆောက်သမ်တန်တိုက်စစ်မှူး ဆာဒီယိုမာနေးအား ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက်(၂၄)နှစ်အရွယ်ရှိ တိုက်စစ်မှူးမာနေးသည် လီဗာပူးအသင်းနှင့် ငါးနှစ် သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူခဲ့သည့် ဂျာမနီဂိုးသမား လိုရစ်ကာရီးယပ်နှင့် ကင်မရွန်း နောက်တန်းကစားသမား ဂျိုးလ်မာတစ်တို့ပြီးပါက လီဗာပူးအသင်း၏ တတိယမြောက်ခေါ်ယူခဲ့သည့် ကစားသမား လည်းဖြစ်လာခဲ့သည်။

လက်ရှိတွင် ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းဖြင့် စာချုပ်ချုပ်ဆိုထားသော်လည်း ပေါင် ၃၆ သန်းအထိတိုးမြှင့်ရရှိမည်ဖြစ်သောကြောင့် ၂ဝ၁၁ ခုနှစ်အတွင်း ပေါင် ၃၅ သန်းဖြင့် ခေါ်ယူခဲ့သည့် တိုက်စစ်မှူး အန်ဒီကာရိုးလ်ကိုကျော်ဖြတ်ကာ လီဗာပူးအသင်း၏ ဈေးအကြီးဆုံးကစားသမားလည်းဖြစ်လာမည်ဖြစ်သည်။

တိုက်စစ်မှူးမာနေးသည် ဆောက်သမ်တန်အသင်းနှင့်အတူ ပရီမီယာလိဂ်ပွဲစဉ် ၆၇ ပွဲအထိပါဝင်ကစားပေးထားပြီး သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည်။ တိုက်စစ်မှူး မာနေးသည် အာဖရိက ကစားသမားများအနက် ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့သည့်အပြင် ဆောက်သမ်တန်အသင်းသည် ကလိုင်း၊ ဒီဂျန်လော့ဗ်ရန်၊ ရစ်ကီ လမ်းဘာ့၊ လယ်လာနာတို့ကိုလည်း လီဗာပူးအသင်းသို့ ရောင်းချထားခဲ့ခြင်းကြောင့် လီဗာပူးအသင်းသို့ ရောက်ရှိလာသည့် ဆောက်သမ်တန်အသင်း၏ ငါးဦးမြောက်ကစားသမားလည်းဖြစ်လာခဲ့သည်။ တိုက်စစ်မှူး မာနေးသည် ဆောက်သမ်တန်အသင်းတွင် ဗဟိုတိုက်စစ်မှူးအဖြစ်သာ ကစားခဲ့ခြင်းကြောင့် လီဗာပူးအသင်းတွင် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရေးအတွက် ဘန်တီကီ၊ ဖာမီနို၊ ဒန်နီအင့်၊ အိုရီဂီ၊ စတားရစ် စသည့်ကစားသမားများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
(ငွေကြယ်)

ယူ ၂ဝ နည်းပြ ဆော့ဂိတ်အား ယာယီနည်းပြအဖြစ် ခန့်အပ်ရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ပြင်ဆင်




The Mirror Daily's photo.


အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် နည်းပြရွိုင်းဟော့ဂ်ဆန် အသင်းနည်းပြအဖြစ်မှ နုတ်ထွက်သွားပြီးနောက် အသက် (၂၁)နှစ်အောက် အင်္ဂလန်နည်းပြဖြစ်သည့် ဆော့ဂိတ်အား ယာယီနည်းပြအဖြစ်ခန့်အပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
နည်းပြရွိုင်းဟော့ဂ်ဆန်သည် အိုက်စလန်အသင်း အား နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲ ၏ ၁၆ သင်းအဆင့်ပွဲစဉ်အပြီး အင်္ဂလန်နည်းပြဘဝကို လေးနှစ်တာဖြတ်သန်းခဲ့ပြီးနောက် လက်ရွေးစင်နည်းပြ အဖြစ်မှ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ အမှုဆောင် အရာရှိချုပ်မာတင်ဂလန်းက စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမည့် အင်္ဂလန်အသင်းနှင့် ဆလိုဗက်ကီးယားအသင်းတို့ပွဲစဉ်တွင် အသက်(၂၁)နှစ်အောက် အင်္ဂလန်နည်းပြဖြစ်သူ ဆော့ဂိတ်အား တာဝန်ယူ ကိုင်တွယ်စေလိုကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် နည်းပြသစ်ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်လုပ်ဆောင်လျက်ရှိပြီး အမှုဆောင်အရာရှိချုပ် မာတင်ဂလန်း၊ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် အဖွဲ့ဝင်ဒေးဗစ်ဂီးလ်နှင့် နည်းစနစ်ဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်တို့က ဦးစီးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အင်္ဂလန်အသင်းအတွက် နည်းပြသစ်ရှာဖွေ လျက်ရှိရာတွင် အင်္ဂလန်နည်းပြများကိုရွေးချယ်ရန် မာတင်ဂလန်းက ငြင်းဆိုခဲ့ပြီး နိုင်ငံခြားသားနည်းပြတစ်ဦးကိုသာ ရွေးချယ်မည်ဟုဆိုခဲ့သည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် အသက်(၂၁)နှစ်အောက်နည်းပြ ဆော့ဂိတ်အပြင် ဂယ်ရီနဗီးလ်၊ အာစင်ဝင်းဂါး၊ ဘရန်ဒန်ရော့ဂျာနှင့် မော်ရင်ဟိုတို့ကိုလည်း အင်္ဂလန်နည်းပြသစ်အဖြစ် ခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
(ငွေကြယ်)

မြန်မာ့အလင်း ကာတွန်း(30.6.2016 )

အစ္စတန်ဘူလ်ရှိလေဆိပ်တိုက်ခိုက်ခံရမှု အိုင်အက်စ်အဖွဲ့ကို တူရကီဝန်ကြီးချုပ် ပြစ်တင်

The Mirror Daily's photo.
အစ္စတန်ဘူလ် ဇွန် ၂၉
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ အတာတပ်လေဆိပ်၌ ဖြစ်ပွားသော အကြမ်း ဖက်တိုက်ခိုက်မှုများအတွက် ဝန်ကြီးချုပ် ဘီနာလီယီဒီရင်က အစ္စလာမ္မစ် နိုင်ငံတော်(အိုင်အက်စ်)အဖွဲ့ကို ပြစ်တင်ပြောကြားလိုက်ကြောင်း၊ ယင်းအကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် ၄၁ ဦးသေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ဇွန် ၂၈ ရက်ညကဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို အိုင်အက်စ်အဖွဲ့ကပြုလုပ်ခဲ့သည့်လက္ခဏာများ တွေ့ရှိရကြောင်း၊ သို့ရာတွင် အကြမ်းဖက်တိုက်ခိုက်သူများ မည်သူမည်ဝါများဖြစ်သည်ကို အတည်ပြုနိုင်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ယီဒီရင်က လေဆိပ်တွင် သတင်း ထောက်များအား ပြောကြားသည်။
အစ္စတန်ဘူလ်မြို့ရှိ အတာတပ်လေဆိပ်သို့ အသေခံဗုံးခွဲတိုက်ခိုက်မည့်သူ သုံးဦး အငှားယာဉ်ဖြင့်ရောက်ရှိလာခဲ့ပြီး ဗုံးခွဲခြင်းမရှိမီ သေနတ်ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးသူများတွင် နိုင်ငံခြားသားများပါဝင်ကြောင်း ၄င်းက ပြောကြားသည်။
အကြမ်းဖက်သမားများကို စုစည်းညီညွတ်မှုနှင့် သွေးစည်းခိုင်မာမှုတို့နှင့် အတူ ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က သန္နိဋ္ဌာန်ပြု ပြောကြားသည်။
အကြမ်းဖက်မှုများ အဆုံးသတ်သည်အထိ မည်သို့သော ပေးဆပ်ရမှုမျိုး ဖြင့်မဆို အကြမ်းဖက်အဖွဲ့အစည်းများကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က ပြောကြားသည်။
အစ္စတန်ဘူလ်မြို့ အတာတပ်နိုင်ငံတကာလေဆိပ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရှုတ်ချခဲ့သည်။
ဘန်ကီမွန်း၏ပြောရေးဆိုခွင့်ရှိသူက အဆိုပါအကြမ်းဖက်မှုကို ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ရှုတ်ချကြောင်း ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်တွင် အကြမ်းဖက်မှု ကျူးလွန်သူများအား ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ဘန်ကီမွန်းက မျှော်လင့်ကြောင်း ရေးသားထားသည်။
အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တူရကီနိုင်ငံဘက်မှ ခိုင်မြဲစွာရပ်တည်လျက်ရှိကြောင်းနှင့် အကြမ်း ဖက်မှုများကို ဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်းကာ ချေမှုန်း တိုက်ဖျက်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားထားသည်။
အမေရိကန်ပြည်ထောင်စု၏ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့စ်အန်း နက်စ်ကလည်း တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကို ရှုတ်ချပါ ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အမေရိကန်အနေဖြင့် အကြမ်းဖက်မှုများ တိုက်ခိုက်ချေမှုန်းရာတွင် ကမ္ဘာ့နိုင်ငံများနည်းတူ တူရကီ နိုင်ငံကို ထောက်ပံ့မှုများပေးလျက်ရှိသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
ဆင်ဟွာ၊ အင်န်အိတ်ခ်ျကေ။

ထင်သာမြင်သာပြုပြင်စရာ



ဘီလူး-အုန်းစံဆိုင်-နန့်မွန်း ကားလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၉/၃)တွင်
ခရီးသွားများအ္တရာယ်ရှိနိုင် သတိပေးဆိုင်းဘုတ်များတပ်ဆင်ပေးရန်လိုအပ်
Myanmaalinn's photo.

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဘီလူး-အုန်းစံဆိုင်-နန့်မွန်း ကားလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၉/၃)တွင်လမ်းဘေး ချောင်းကမ်းပါးအနီး အက်ကွဲကြောင်း များကြောင့် ခရီးသွားမော်တော်ယာဉ် များအ္တရာယ်ရှိနိုင်သဖြင့် လမ်းပိုင်း ပြုပြင်ခြင်းများ၊ အန္တရာယ်ရှိအသိပညာ ပေးဆိုင်းဘုတ်များ စိုက်ထူပေးရန် လို အပ်လျက်ရှိကြောင်း သိရသည်။
ဘီလူး-အုန်းစံဆိုင်-နန့်မွန်း မော် တော်ကားလမ်းပိုင်းသည် လမ်းအရှည် ၁၄ မိုင်၊ အကျယ်၂၄ ပေရှိသော ကျောက်ခင်းကားလမ်းမကြီးဖြစ်ပြီး အဆိုပါလမ်းပိုင်းကို ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၈ ရက်မှစတင်ကာ ကချင်ပြည်နယ် အစိုးရဘတ်ဂျက် ရန်ပုံငွေဖြင့် ဆောင် ရွက်ခဲ့ပြီး အဆိုပါလမ်းပိုင်းမှာ ယခုနှစ် မတ်လပိုင်းတွင် ကျောက်ချောလမ်း အဖြစ် ပြီးစီးခဲ့၍ ဒေသအတွင်းဆက် သွယ်ရေးလျင်မြန်ချောမွေ့ လွယ်ကူစွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါမော်တော်ကားလမ်းပိုင်း မှာ မိုးဦးရာသီတွင် မိုးအဆက်မပြတ် ရွာသွန်းသဖြင့် အုန်းစံဆိုင်မှ နန့်မွန်း ကျေးရွာအထိ ကားလမ်းအတက် အဆင်း ၁ဝ မိုင်ခန့်မှာ တောင်တက် တောင်ဆင်းနှင့် မတ်စောက်သော ကမ်းပါးယံကွေ့များ ပေါများသည့် အတွက် မိုးရွာသွန်းမှုကြောင့် တောင် ကမ်းပါးယံမှ မြေလွှာလျော့ကျခြင်း၊ ချောင်းကမ်းပါးတစ်လျှောက် ဖို့မြေများ ပြိုကျခြင်းနှင့် လမ်းမြေသားအက်ကွဲ ကြောင်းများဖြစ်ပေါ်လာပြီး အထူးသဖြင့် မိုင်တိုင် အမှတ် (၉/၃)တွင် အရှည်ပေ ၅ဝ ကျော်ခန့် အက်ကွဲကြောင်းများ ရှိလာသောကြောင့် ယာဉ်ကြီးများ၊ ယာဉ်ငယ်များနှင့် ဆိုင်ကယ်များအတက် အဆင်းများပြုရာ၌ အန္တရာယ်ရှိနိုင် ကြောင်း မိုးညှင်း-နန့်မွန်းမော်တော် ယာဉ်မောင်းတစ်ဦးက ပြောသည်။

နီတိုး

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


လက်ဆင့်ကမ်းရမည့်မျိုးဆက်အမွေအနှစ် (သို့မဟုတ်) ငြိမ်းချမ်းရေး

အရှေ့တောင်အာရှ၌ အလားအလာအကောင်းဆုံးနိုင်ငံဘဝမှကမ္ဘာ  အဆင်းရဲဆုံးနိုင်ငံဘဝသို့ ကျရောက်ခဲ့ရခြင်း၏ အကြောင်းရင်းကို တစ်ကြောင်းတည်းဖော်ပြရပါက လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာ သောပြည်တွင်းစစ် ဖြစ်ပါသည်။ ပြည်တွင်းစစ်သည် များစွာသော တိုင်းရင်းသားပြည်သူတို့၏ဘဝကို ဖျက်ဆီးခဲ့ပါသည်။ ပြည်တွင်းစစ်သည် တိုင်းပြည်စီးပွားရေး၏ အခြေခံအုတ်မြစ်တို့ကို လှိုက်စားဖြိုဖျက်ခဲ့ပါသည်။ ပြည်တွင်းစစ်သည် တိုင်းပြည်၏အခြေခံအဆောက်အအုံတို့ကို ရိုက်ချိုးခဲ့ပါ သည်။ ပြည်တွင်းစစ်သည် တိုင်းရင်းသားညီနောင်တို့ကြား ရန်မီးကို ပွားစေ၍ နက်ရှိုင်းလာသော အာဃာတတို့နှင့်အတူ သံသယများလွှမ်းမိုး စေခဲ့ပါသည်။ ပြေပြေလည်လည် ညှိနှိုင်းရေးစိတ်ဓာတ်ကို မီးသင်္ဂြိုဟ်၍ အာဏာသုံး အနိုင်ယူရေးစိတ်ဓာတ်ကို မီးလောင်ရာလေပင့်လုပ်ခဲ့ပါသည်။ ပြည်တွင်းစစ်သည် အာဏာရှင်စနစ်အမြစ်တွယ်စေမည့် ရေခံ၊ မြေခံ ကောင်းတို့ကို ဖန်တီးပေးခဲ့ပါသည်။ အာဏာရှင်စနစ်သည် တိုင်းပြည် စီးပွားရေးနှင့် အတူ ပြည်သူတို့၏ပညာ၊ စိတ်ဓာတ်၊ ခံယူချက်တို့ကိုယိမ်း ယိုင်ပြိုလဲစေခဲ့ပါသည်။
အထက်ဖော်ပြပါ လွတ်လပ်ရေးခေတ်လွန် တိုင်းပြည်၏သမိုင်း အကျဉ်းချုပ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ''နောင်မျိုးဆက်အတွက်ထားခဲ့ရမယ့် အကောင်းဆုံးအမွေ အနှစ်ဆိုတာ ငြိမ်းချမ်းရေးပါပဲ''ဟူသော အဆိုအမိန့်ကို ပြည်သူတို့၏နှလုံးသားဝယ် လင်းလက်တောက်ပနေစေရန် နောက်ခံပြုပေးထားပါသည်။ တိုင်းပြည်၏အရေး၊ နိုင်ငံသူ နိုင်ငံသားတို့၏အရေးတို့ကို ကိုင်တွယ်စီမံရာ၌ ဦးဆောင်ပုဂ္ဂိုလ်တို့၏အတွေးအခေါ်သည် ပဓာနကျပါသည်။ ''ညီညွတ်မှ ငြိမ်းချမ်းနိုင်မှာပါ'' ဟူသော ဒေါ်အောင်ဆန်းစုကြည်၏စကားသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အတွေးအခေါ်ကို တိုတိုရှင်းရှင်း လှစ်ဟ ဖော်ပြနေပါသည်။ တိုင်းရင်းသားညီနောင်တို့ကြား ညီညွတ်မှုမရှိပါက ငြိမ်းချမ်းရေးဆိုသည်မှာ အိပ်မက်မျှသာ ဖြစ်နေမည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က''အစကောင်းမှအနှောင်းသေချာမည်ဖြစ် သောကြောင့် အစကောင်းစေရန် အားလုံးက ညီညွတ်သည့် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ပါကြောင်း''ဟု ပြောကြား ခဲ့ခြင်းသည် တိုင်းရင်းသားညီနောင်တို့၏ စုစည်းညီညွတ်မှုက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ)၏ မင်္ဂလာရှိသော အဖွင့်ခြေလှမ်းဟု အဓိပ္ပာယ်ဖွင့်ဆိုလိုက်ခြင်းပင် ဖြစ်ပါသည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏နှလုံးသား၌ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသည် တန်ဖိုးမဖြတ်နိုင်သောမျှော်မှန်းချက် ဖြစ်သကဲ့သို့ ဖြစ်ပါမည်လော-ဖြစ်ပါမည်လောဟု တကြောင့်ကြကြ စိုးရိမ်ပူပန်နေရ သော ထမင်းလုံးတ္ဆေခြောက်ခံခဲ့ရသလို ဖြစ်ခဲ့ခြင်းသည် လွတ်လပ်ရေး သက်တမ်းနှင့်အမျှပင်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ''ယခုအစည်း အဝေးတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး မိမိတို့၏စိုးရိမ်မှု များအား တင်ပြကြမည်ကို သဘောပေါက်နားလည်ပါကြောင်း'' ဟု ပြောကြားခဲ့ခြင်းသည် တိုင်းရင်းသားပြည်သူတို့၏ နှလုံးသားခံစားချက်ကို ဒေါ်အောင်ဆန်းစုကြည်က နားလည်တန်ဖိုးထားကြောင်း သက်သေထူ လိုက်ခြင်းပင်ဖြစ်ပါသည်။ ''စိုးရိမ်မှုကို ကျော်ဖြတ်နိုင်သည့်အရာမှာ ယုံကြည်မှုပင် ဖြစ်ပါကြောင်း'' ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ အမှာ စကားသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ)၌ ဆုပ်ကိုင်ရရှိရန် မျှော်မှန်းထားသည့် ပင်မဦးတည်ချက်ကို ဖော်ပြလိုက် ခြင်းဟု ယူဆပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု ပင်လုံ) ၏ ပင်မဦးတည်ချက်သည် တိုင်းရင်းသားညီနောင်တို့ကြား ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်သည်ဟု မှတ်ယူထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ''မိမိတို့တန်ဖိုးထားရသည့်အရာများ ရရှိရန် မည်မျှပင်ခက်ခဲစေကာမူ မိမိတို့သည် ကြိုးစားဆောင်ရွက်မည်၊ ပူးပေါင်းဆောင်ရွက်မည်ဆိုသည့် သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်လျှင်ရမည် ဖြစ်ပါကြောင်း''ဟု မိန့်ကြားခဲ့ခြင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံ) အောင်မြင်ရေးကို ဆောင်ရွက်ရာ၌ ဆုပ်ကိုင် ရမည့်သဘောထားကို တင်ပြခဲ့ခြင်းပင်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး အသီးအပွင့်ကို မျိုးဆက်အမွေအနှစ်ဟု ခံယူထားသော ဒေါ်အောင်ဆန်း စုကြည်သည် ''လူငယ်များသည် တာဝန်ကို ထမ်းဆောင်လိုသည့် စိတ်ဓာတ်နှင့် ထမ်းဆောင်ရဲသည့်သတ္တိရှိရန်လိုအပ်ပါကြောင်း'' ဟု ထောက်ပြ သကဲ့သို့ '' ကောင်းမွန်သည့် အမွေကို ချန်ထားမပေးနိုင်ခဲ့လျှင် မိမိတို့လူကြီးများ၏ ချို့ယွင်းချက်ဖြစ်သကဲ့သို့ ချန်ထားပေးခဲ့သော ကောင်းမွန်သည့်အမွေများကို မထိန်းသိမ်းနိုင်လျှင် လူငယ်များ၏ချို့ယွင်းချက်ဖြစ်ပါကြောင်း'' ဟုလည်း တင်ပြခဲ့ပါသည်။ သုံးသပ်ရမည် ဆိုပါက မြန်မာနိုင်ငံအား ကြွယ်ဝချမ်းသာသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင်ရာ၌ ငြိမ်းချမ်းရေးသည် ခွဲထုတ်၍ မရသော ပင်မလိုအပ်ချက်ဖြစ်ပါသည်။ ဤသဘောတရားကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်သည် ''ငြိမ်းချမ်းရေးမှတစ်ဆင့် မိမိတို့လိုလားသည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံကို ထူထောင်နိုင် မည်ဖြစ်ပါကြောင်း'' ဟု မိန့်ဆိုခဲ့ပါသည်။ ခြုံ၍ဆိုရပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်များနှင့်တွေ့ဆုံရာ၌ မိန့်ဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ စကားတို့သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ရာစုပင်လုံ)၏ ပင်မဦးတည်ချက်နှင့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ(၂၁ရာစုပင်လုံ) အောင်မြင်ရေး ဖော်ဆောင်ရာ၌ ဆုပ်ကိုင် ရမည့် ခံယူချက်တို့အပါအဝင် ငြိမ်းချမ်းရေး ဖော်ဆောင်ထုဆစ်ရမည့် လူကြီးမျိုးဆက်နှင့်ခံယူထိန်းသိမ်းရမည့် လူငယ်မျိုးဆက်တို့ကြား ဟန်ချက် ညီရေးတို့ကို မီးမောင်းထိုးဖော်ပြနေကြောင်း တင်ပြအပ်ပါသည်။ ။

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် ဒေသတွင်းသာမက နိုင်ငံတကာမျက်နှာစာတွင်ပါစံပြချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးမျိုးဖြစ်လာစေရန် ပူးပေါင်း ဆောင်ရွက်သွားမည်



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး လာရောက်တွေ့ဆုံ

 
နေပြည်တော်   ဇွန်   ၂၉

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် ဒေသတွင်းသာမက နိုင်ငံတကာမျက်နှာစာတွင်ပါ  စံပြချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးမျိုးဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံနယ်နိမိတ်ဆိုသည်မှာ ပိုင်းခြားထားခြင်းမဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုများကို နှစ်ဦး နှစ်ဖက်အတူတူ  မျှဝေခံစားနိုင်ရန် ဖန်တီးပေးထားခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီး ကျွမ်းဝင်မှုသည် မောင်နှမ ရင်းချာဆက်ဆံရေးအဆင့်အထိ တိုးမြင့်လာစေရေး၊ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာရေးကိစ္စရပ်များ ဆောင်ရွက် ရန်အတွက် နှစ်နိုင်ငံပူးတွဲ နယ်နိမိတ်ကော်မတီအစည်းအဝေးများ မြန်မာနိုင်ငံတွင် အမြန်ဆုံးကျင်းပနိုင်ရေး၊ မြန်မာအလုပ်သမားများအား ဥပဒေနှင့်အညီ                                           
ကာကွယ်စောင့်ရှောက်ပေးရေးနှင့် အငြင်းပွားမှု၊ နစ်နာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံရဲတပ်ဖွဲ့များ အကြား လေ့ကျင့်ရေးဆိုင်ရာ အစီအစဉ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံမှ နေရပ်သို့ ပြန်လိုသည့် လူဦးရေ ၁၉၆ ဦးအား မူရင်းနေရပ်သို့ ပြန်လည် ခေါ်ယူရန် မြန်မာနိုင်ငံအစိုးရက ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်၍ နိုင်ငံသား စိစစ်ရေးလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်ပြီး ပြန်လည်နေရာချထားရေး ကိစ္စရပ် များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးသိန်းဆွေနှင့် ဒုတိယဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြပြီး ဧည့်သည်တော် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဦးဆောင်သည့်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ ပီစနု ဆူဗာနာဂျတာလည်း တက်ရောက်သည်။ 

(သတင်းစဉ်)

(30.6.2016) ကြေးမုံကာတွန်း


နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ



 နေပြည်တော် ဇွန် ၂၉

နှစ်နိုင်ငံပြည်သူများအနေဖြင့် ကူးလူးဆက်ဆံသွားရောက်၍ အလုပ်လုပ်ကိုင်ကြရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်သည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ပြောကြား လိုက်ခြင်းဖြစ်သည်။
ရံဖန်ရံခါတွင် အကြောင်းကြောင်းကြောင့် ဖြစ်ပွားတတ် သည့် ကိစ္စရပ်များကိုမူ နားလည်ပေးရန် မေတ္တာရပ်ခံလိုကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့ရာ ဧည့်သည်တော် ဒုတိယဝန်ကြီးချုပ်က
ထိုင်းနိုင်ငံတွင် လက်ရှိအချိန်၌ မြန်မာ အလုပ်သမား တစ်သန်းကျော်ရှိနေသော် လည်း မှုခင်းဖြစ်ပွားမှု တစ်ရာကျော်ခန့် သာရှိ၍ ပြဿနာဖြစ်ပွားမှု ပမာဏ များပြားခြင်းမရှိပါကြောင်း ပြန်လည် ပြောကြားသည်။
ဆက်လက်၍ နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနများနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ပူးပေါင်း၍ နယ်စပ်ဒေသတည်ငြိမ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ရဲတပ်ဖွဲ့များ လေ့ကျင့်သင်ကြားရေး၊ အကြမ်းဖက်နှိမ်နင်းရေး၊ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နင်းရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ဒုက္ခ သည်စခန်းများမှ ဒုက္ခသည်များအား မူရင်းနေရပ်များသို့ ပြန်လည်ခေါ်ဆောင် နိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရအချင်း ချင်းပူးပေါင်း၍ မူရင်းနေရပ်များတွင် အခြေအနေကောင်းများ ဖန်တီးပေးနိုင် ရေး၊ မြဝတီနယ်စပ် ချစ်ကြည်ရေးတံတား အမြန်ပြီးစီးအောင် တည်ဆောက်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏအား ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ဝ ဘီလီယံအထိ တိုးမြင့်လာစေရေးတို့ကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ် ကြီး စိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ ပီစနု ဆူဗာ နာဂျတာလည်း တက်ရောက် သည်။

(သတင်းစဉ်)

မိုးရာသီလျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်




The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၉

လျှပ်စစ်အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ပညာပေးဟောပြောပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အထက(၂) မရမ်းကုန်းကျောင်းဝင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ ကျောင်းသား ကျောင်းသူ ၄၈ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူလေးများအား မရမ်းကုန်း မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်မိုးနှင့် လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ်အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ''အခု ဖြန့်ဝေပေးလိုက်တဲ့ လျှပ်စစ်အသိပညာပေး လက်ကမ်းစာစောင်ကို ကလေးတို့ အနေနဲ့ အသေအချာဖတ်ဖို့ လိုပါတယ်၊၊ ဒီကနေအိမ်အထိ ရောက်အောင် ယူသွားဖို့လည်း လိုပါတယ်၊၊ ဒါမှလည်း အိမ်ကမိဘတွေလည်း ဖတ်မိကြပါလိမ့်မယ်။ ဒီလက်ကမ်း စာစောင်ထဲမှာ လျှပ်စစ်ပစ္စည်းတွေ ကိုင်တွယ်အသုံးပြုပုံနဲ့ သတိထားရမယ့်အချက်တွေ လျှပ်စစ်အန္တရာယ်ဖြစ်နိုင်ဖွယ် ဖြစ်စဉ်တွေ၊ မိသားစုလျှပ်စစ်ကာကွယ်ရေးစနစ်တွေ၊ ဓာတ်လိုက်ခံရသူကို ရှေးဦးသူနာပြုစုနည်းတွေ ပါဝင်တဲ့ အတွက် အချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူလေးတွေအနေနဲ့ လျှပ်စစ် အန္တရာယ်ကို ကိုယ်တိုင်လည်း ဂရုစိုက်သလို ကိုယ်နဲ့နီးစပ်ရာ သူငယ်ချင်း အပေါင်းအသင်းတွေကို လျှပ်စစ်အန္တရာယ် ကင်းဝေးရေး အသိပညာပေးဆွေးနွေးမှုတွေ ဖြန့်ဝေပေးစေ လိုပါတယ်'' ဟု မရမ်းကုန်းမြို့နယ်မှ လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်မိုးကပြောကြားသည်၊။

ယခုအခါတွင် မိုးရာသီကျရောက်လာပြီဖြစ်သဖြင့် ရာသီဥတုနှင့် လူကြောင့် ပတ်ဝန်းကျင်ရှိ သွယ်တန်း ဓာတ်ကြိုးများနှင့် လျှပ်စစ်ဓာတ်တိုင်များမှတစ်ဆင့် မလို လားအပ်သောလျှပ်စစ်အန္တရာယ်များ ကျရောက်ကာ အသက်ဆုံးရှုံးသွားသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။
(ပွင့်သစ္စာ)

30.6.2016...ကြေးမုံ ကာတွန်း


(30.6.2016) ကြေးမုံကာတွန်း

အမရပူရမြို့နယ် တောင်သမန်တွင် ဆောင်ရွက်နေသည့် စီမံကိန်းများမှမြေသယ်ယာဉ်များ အမြန်လမ်းပေါ်ဖြတ်သန်းနေမှုကို ကုမ္ပဏီများမှ တာဝန်ရှိသူများအား အသိပေး

The Mirror Daily's photo.
မန္တလေး ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် တောင်သမန်တွင် ဆောင်ရွက် နေသည့် စီမံကိန်းများမှ မြေသယ် ယာဉ်များ အမြန်လမ်းပေါ်ဖြတ်သန်း နေသည့် ကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီ များမှ တာဝန်ရှိသူများအားဖိတ်ကြား၍ အသိပေးပြောကြားခြင်းကို ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
တောင်သမန် ဒေသတစ်ဝိုက်တွင် ဆောင်ရွက်နေသော တည်ဆောက် ရေးလုပ်ငန်းများအတွက် မြေသယ် ယာဉ်များအနေဖြင့် သတ်မှတ် စည်းကမ်းဥပဒေများကို ချိုးဖောက်နေ သဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ရာ နောက်ဆက်တွဲအဖြစ် လုပ်ငန်းများကို တာဝန်ယူထားသည့် ကုမ္ပဏီများကိုပါ ထိခိုက်လိမ့်မည် ဖြစ်ကြောင်း၊ မြေသယ် ယာဉ်များကြောင့် လမ်းသွားလမ်း လာများ၊ ကျောင်းသား ကျောင်းသူများ ထိခိုက်မည့်အန္တရာယ်ကို ကြိုတင် ကာကွယ်ရန် လိုအပ်လာကြောင်း၊ စည်းကမ်းမဲ့၊ ဥပဒေမဲ့လုပ်ရပ်များ ဖြစ်ပါက လက်မခံနိုင်ကြောင်း မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။
''မြေသယ်ယာဉ်တွေနဲ့ မြေဖို့နေတာ လည်း တောင်သမန်အင်းထဲမှာ တွေ့နေပါတယ်။ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်တာ ပါနဲ။ အရင်က ဒီနေရာတွေဟာ ရေဝပ်တဲ့ ဧရိယာတွေဖြစ်နေတယ်။ ရေကြီးရင် ရေဝင်ပြီး ရွာတွေ ပြောင်းလာတာလည်း အများကြီးပဲ။ ဒီမြေဖို့လိုက်တဲ့အတွက် တောင်သမန် အင်းထဲကို ရေဝင်တာ နည်းသွား မှာလားဆိုတာကအစ သဘာဝ ပတ်ဝန်းကျင်က အဖွဲ့တွေ တိုင်ကြ တာတွေရှိတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာန၊ တရားဝင်အဖွဲ့တွေရဲ့ စုံစမ်းချက်တွေ ကို လိုအပ်လာမယ်။ EIA, SIA , HIA ဆိုပြီး တချို့လုပ်နေတာ တွေကိုလည်း မသိပါဘူး။ ဘာပဲ လုပ်လုပ် အခြေခံကျတဲ့ပြည်သူလူထု ဘက်က စဉ်းစားရမှာပါ။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက် စေချင်တယ်''ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
အသိပေးပြောကြားရာသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေး မှူး၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးများ၊ ခရိုင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများ၊ လမ်း ဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများနှင့် ကုမ္ပဏီများဘက်မှ တောင်သမန် သစ္စာ၊ ချမ်းဟိန်း၊Same Sky၊ အေးအေးခိုင်၊ တက်လမ်း၊ မန်းအမရ၊ Alpha Leo နှင့် အခြားကုမ္ပဏီတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ကုမ္ပဏီများမှ တာဝန်ရှိသူများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တောင်သမန် ပတ်ဝန်းကျင်တွင်မြေဖို့ ခြင်း၊ မြေသယ်ယာဉ်လုပ်ငန်းများ၊ တစ်ဆင့် ငှားရမ်းဆောင်ရွက်ခြင်း၊ မြေယာ အသုံးပြုမှုဆိုင်ရာများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။
ကုမ္ပဏီများမှ လုပ်ငန်းများဆောင် ရွက်နေမှုများနှင့်ပတ်သက်၍ အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များနှင့် ဌာနဆိုင် ရာများကလည်း မြို့ပြဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် တည်ဆဲဥပဒေ များကိုလေးစားလိုက်နာရေး၊ စာချုပ် ပါအချက်များ၊ ကတိကဝတ်ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတ်မှတ် ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်နိုင်မှုရှိ၊ မရှိ သုံးသပ်ချက်များ၊ ထောက်ခံချက်များ တင်ပြစေရေး၊ မြေသယ်ယာဉ်လုပ်ငန်း ရှင်များအနေဖြင့် အုပ်ချုပ်ရေးနည်း လမ်းအရ ဆောင်ရွက်ချက်များကို လိုက်နာရေးနှင့် အမြန်လမ်းများပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့ အစည်းအချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(အောင်စေပိုင်စေ)

Wednesday, June 29, 2016

ယူကေဆန္ဒခံယူပွဲအတွက် ဆွေးနွေးရန် ဘရပ်ဆဲလ်သို့ ကယ်ရီလာရောက်



 
 
ဘရပ်ဆဲလ် ဇွန် ၂၈

ဗြိတိန်၏ အီးယူအဖွဲ့ဝင် ဆန္ဒခံယူပွဲနှင့်စပ်လျဉ်း၍ ဥရောပအရာရှိများနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် အမေရိကန်-အီးယူပူးပေါင်းမှုတွင် ဒေသတွင်းနှင့် က္ဘာလုံးဆိုင်ရာအခက်အခဲများကို ဖြေရှင်းရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် တနင်္လာနေ့က ဘရပ်ဆဲလ်သို့ လာရောက်ခဲ့ သည်။

အီးယူနိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ဖက်ဒရီကာမိုဂါရီနီနှင့် ကယ်ရီတို့၏ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ကယ်ရီက အီးယူမှ ဗြိတိန်ခွဲထွက်မှုဆန္ဒမဲများသည် သမ္မတအိုဘားမားနှင့် အခြားသူများ ထင်သကဲ့သို့ ရလဒ်မဟုတ်ကြောင်း၊ သို့သော်လည်း ဒီမိုကရေစီနည်းကျဖြစ်သည့် အတွက် မဲပေးသူများ ၏ အခွင့်အရေးများနှင့် နည်းစနစ်ကို လေးစားရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လာမည့် ရက်ပိုင်းအတွင်း အီးယူအဖွဲ့ ခိုင်မာအားကောင်းရန် အရေးကြီးသည်ကို နားလည် ရမည်ဖြစ်ကြောင်း၊ အမေရိကန်သည် အီးယူခိုင်မာအားကောင်းစေရန် ဂရုပြုသတိထားနေကြောင်း ကယ်ရီကပြောသည်။
ကယ်ရီသည် ဇွန် ၂၈ ရက်တွင် လန်ဒန်သို့သွားမည်ဟုသိရပြီး အီးယူသည် ယခင်ကနည်းတူ နောင်အနာဂတ်တွင်လည်း ခိုင်မာအားကောင်းမည်ဟု ယုံကြည်ကြောင်း၊ ဆက်လက်၍ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မိုဂါရီနီက ပြောသည်။
(ဆင်ဟွာ)