Thursday, June 30, 2016

အစ္စတန်ဘူလ်ရှိလေဆိပ်တိုက်ခိုက်ခံရမှု အိုင်အက်စ်အဖွဲ့ကို တူရကီဝန်ကြီးချုပ် ပြစ်တင်

The Mirror Daily's photo.
အစ္စတန်ဘူလ် ဇွန် ၂၉
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ အတာတပ်လေဆိပ်၌ ဖြစ်ပွားသော အကြမ်း ဖက်တိုက်ခိုက်မှုများအတွက် ဝန်ကြီးချုပ် ဘီနာလီယီဒီရင်က အစ္စလာမ္မစ် နိုင်ငံတော်(အိုင်အက်စ်)အဖွဲ့ကို ပြစ်တင်ပြောကြားလိုက်ကြောင်း၊ ယင်းအကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် ၄၁ ဦးသေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ဇွန် ၂၈ ရက်ညကဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို အိုင်အက်စ်အဖွဲ့ကပြုလုပ်ခဲ့သည့်လက္ခဏာများ တွေ့ရှိရကြောင်း၊ သို့ရာတွင် အကြမ်းဖက်တိုက်ခိုက်သူများ မည်သူမည်ဝါများဖြစ်သည်ကို အတည်ပြုနိုင်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ယီဒီရင်က လေဆိပ်တွင် သတင်း ထောက်များအား ပြောကြားသည်။
အစ္စတန်ဘူလ်မြို့ရှိ အတာတပ်လေဆိပ်သို့ အသေခံဗုံးခွဲတိုက်ခိုက်မည့်သူ သုံးဦး အငှားယာဉ်ဖြင့်ရောက်ရှိလာခဲ့ပြီး ဗုံးခွဲခြင်းမရှိမီ သေနတ်ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးသူများတွင် နိုင်ငံခြားသားများပါဝင်ကြောင်း ၄င်းက ပြောကြားသည်။
အကြမ်းဖက်သမားများကို စုစည်းညီညွတ်မှုနှင့် သွေးစည်းခိုင်မာမှုတို့နှင့် အတူ ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က သန္နိဋ္ဌာန်ပြု ပြောကြားသည်။
အကြမ်းဖက်မှုများ အဆုံးသတ်သည်အထိ မည်သို့သော ပေးဆပ်ရမှုမျိုး ဖြင့်မဆို အကြမ်းဖက်အဖွဲ့အစည်းများကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က ပြောကြားသည်။
အစ္စတန်ဘူလ်မြို့ အတာတပ်နိုင်ငံတကာလေဆိပ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရှုတ်ချခဲ့သည်။
ဘန်ကီမွန်း၏ပြောရေးဆိုခွင့်ရှိသူက အဆိုပါအကြမ်းဖက်မှုကို ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ရှုတ်ချကြောင်း ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်တွင် အကြမ်းဖက်မှု ကျူးလွန်သူများအား ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ဘန်ကီမွန်းက မျှော်လင့်ကြောင်း ရေးသားထားသည်။
အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တူရကီနိုင်ငံဘက်မှ ခိုင်မြဲစွာရပ်တည်လျက်ရှိကြောင်းနှင့် အကြမ်း ဖက်မှုများကို ဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်းကာ ချေမှုန်း တိုက်ဖျက်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားထားသည်။
အမေရိကန်ပြည်ထောင်စု၏ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့စ်အန်း နက်စ်ကလည်း တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကို ရှုတ်ချပါ ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အမေရိကန်အနေဖြင့် အကြမ်းဖက်မှုများ တိုက်ခိုက်ချေမှုန်းရာတွင် ကမ္ဘာ့နိုင်ငံများနည်းတူ တူရကီ နိုင်ငံကို ထောက်ပံ့မှုများပေးလျက်ရှိသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
ဆင်ဟွာ၊ အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment