Thursday, June 30, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) အောင်မြင်စေရန် တပ်မတော် အပြည့်အဝဆန္ဒရှိ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို လျှောက်လှမ်းကြရာတွင် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုရှိရန်လို



 
 
နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ) လုပ်ငန်းများအောင်မြင်စေရန် တပ်မတော်အနေဖြင့် အပြည့်အဝဆန္ဒရှိကြောင်း၊ လွတ်လပ်ခြင်း၊ ညီညွတ်ခြင်း၊ မျှတခြင်းဆိုသည့် လောကပါလတရားနှင့်အညီ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို လျှောက်လှမ်း ကြရာတွင် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိရန်လိုကြောင်း၊ မိမိလိုချင်သည့်အကြောင်းအရာတစ်ခုအပေါ် တရားသေမရပ်တည်ဘဲ ပြည်ထောင်စုစိတ်ဓာတ်၊ တစ်နည်းအားဖြင့် မြန်မာစိတ်ဓာတ်ဖြင့်လုပ်ဆောင်သွားပါက မိမိတို့ လျှောက်လှမ်းနေသည့်လမ်းကြောင်း တွင် အရှိန်အဟုန်မြန်ဆန်ပြီး အေးအေးချမ်းချမ်းနှင့် အောင်မြင်မှုကိုရရှိနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST)အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ‘ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ‘ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး PPSTအဖွဲ့ဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)မှ ဘောင်ခေး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ဏြူဥ) နာယကခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ‘ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC)မှ နော်ကပေါ်ထူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ‘ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(KKO) မှ စောမိုရှေးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ ‘ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ငြိမ်းချမ်းစွာလျှောက်လှမ်းနိုင်ရေး အတွက် အဓိကလိုအပ်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ပြီးစီးရေးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ ပထမသက်တမ်းကာလ တစ်ပြည်လုံးငြိမ်းချမ်းရေးရရှိရန် ကမ်းလှမ်း ချက်အပေါ်မူတည်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကောင်းမွန်သည့် အပြုသဘောတုံ့ပြန်ချက်များဖြင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ခရီးလမ်းတစ်ခုအထိ ရောက်ရှိပြီးNCA လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့ အစည်းများသည် ထူးခြားသောဝိသေသရှိသည်ဟု ပြောရမည်ဖြစ်ကြောင်း၊ လက်ရှိ အစိုးရကဦးဆောင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု ပင်လုံ)ကျင်းပရန် လုပ်ဆောင်နေကြောင်း၊ ခြောက်နှစ်တာကာလ ဖြတ်သန်းခဲ့ရမှုအတွေ့အကြုံအရ နိုင်ငံသူ နိုင်ငံသားအားလုံး၏ရပ်တည်မှုနှင့် နိုင်ငံသားများ၏အခွင့်အရေးအတွက် ဥပဒေအရပေးထားသည်များရှိကြောင်း၊ အချို့နေရာများတွင် လိုအပ်ချက်အရ တောင်းဆိုပိုင်ခွင့်ရှိသော်လည်း ပြန်လည်ပေးရမည့်တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပိုင်းများတွင် လိုအပ်ချက်များရှိနေသည်ကိုတွေ့ရှိရ၍ နှစ်ဦးနှစ်ဖက်ညှိနှိုင်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ‘ဒို့တာဝန်အရေးသုံးပါးကို ခိုင်ခိုင်မာမာ ရပ်တည်ထားကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆွေးနွေးရာတွင်လည်းNCA အပေါ်တွင်သာ ရပ်တည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ညီညွတ်သော စိတ်ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် အရှိန်အဟုန်မြန်ဆန်မည်ဟု ယုံကြည်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ယင်းစိတ်ဓာတ်ဖြင့် ပါဝင်ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ PPST အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုးနှင့်အဖွဲ့ဝင်များက PPST ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ PPST အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်လည်းNCA အပေါ်တွင်သာ ရပ်တည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် NCA ၌ လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အဖွဲ့များပါဝင်နိုင်ရေး ဆွေးနွေးနေမှုအခြေ အနေများ၊ UPDJC နှင့်JICM ကော်မတီအစည်းအဝေးများ ဆက်လက်လုပ်ဆောင် သွားမည့်အခြေအနေများကိုရှင်းလင်းတင်ပြပြီး တစ်ဖွဲ့ချင်းအနေဖြင့်လည်း ဆက်ဆံရေး ရုံးများတိုးချဲ့ထားရှိရေး၊JMC အနေဖြင့် အဆင့်ဆင့်နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေး၊ နှစ်ဖက်တပ်များ တပ်နေရာချထားရေးစသည်ဖြင့် ဆွေးနွေးကြသည်။

ယင်းဆွေးနွေးချက်များအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကNCA တွင် ပါဝင်လက်မှတ်ရေးထိုးရန်အတွက် မည်သည့်အဖွဲ့ကိုမဆို တပ်မတော်က ဖိတ်ခေါ် ထားကြောင်း၊ လက်ရှိလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားလိုစိတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ခိုင်မာသောစိတ်ရှိပါက လက်မှတ်မထိုးနိုင်စရာမရှိကြောင်း၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိရန် လိုသကဲ့သို့ ကိုယ့် နိုင်ငံ၊ ကိုယ့်တိုင်းပြည်အပေါ် ယုံကြည်အားကိုးစိတ်ရှိရန်လည်း လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် တိုင်းပြည်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်စိတ်ထား၍ ပါဝင် လက်မှတ်ရေးထိုးရန် ကြိုဆိုနေကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပါဝင် တက်ရောက်ခြင်း၊ ပါဝင်ဆွေးနွေးခြင်းတို့သည် တပ်မတော်၏ သဘောထားတစ်ခုတည်း ဖြင့်မရဘဲ နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာလွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးများ၏သဘောဆန္ဒများကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် နိုင်ငံရေး၊ နိုင်ငံ့အရေး များလုပ်ဆောင်နိုင်ရန် နိုင်ငံရေးလမ်းကြောင်းဖွင့်ပေးထားခြင်းဖြစ်၍ မိမိလုပ်ဆောင်လို သည်ကို နိုင်ငံရေးနည်းလမ်းဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင် ရာတွင်လည်း နေရာ(Place) နှင့် မြေ(Land)တို့သည် အရေးမကြီးဘဲ ပြည်သူက ထောက်ခံပြီး မိမိတို့လုပ်ဆောင်သည့် နိုင်ငံရေးလမ်းကြောင်းကို မှန်မှန်ကန်ကန် လုပ်ဆောင်ပေးနိုင်ရန်သာ အရေးကြီးကြောင်း၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲမထားရှိဘဲ တိုင်းပြည်အတွက် ကြည့်စေလိုကြောင်း၊ မိမိတို့လည်း ထိုစိတ်ဓာတ်မျိုးမွေး၍ လုပ်ဆောင်နေကြောင်း၊ ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးအရ လွတ်လပ်စွာ သဘော ကွဲလွဲမှုရှိသော်လည်း တိုင်းရင်းသားအရေးတွင် သဘောကွဲလွဲမှုများ မရှိစေလိုကြောင်း၊ ရိုးသားစွာပြောဆိုရပါက တပ်မတော်အနေဖြင့် တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှု ကို လုံးဝမလိုလားကြောင်း၊ သက်ဆိုင်ရာအစိုးရအုပ်ချုပ်မှုယ္တရားများ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ထိခိုက်မှုများမရှိစေရန် ကာကွယ်ရခြင်းသာ ဖြစ်ကြောင်း၊ တချို့လည်း စိုးရိမ်စိတ်ဖြင့် နယ်မြေတည်ဆောက်မှု၊ အင်အားတည် ဆောက်မှုများလုပ်ဆောင်နေသည်ကိုတွေ့ရှိရကြောင်း၊ မိမိကိုယ်မိမိယုံကြည်မှုရှိပါက ယင်းသို့လုပ်ဆောင်ရန်မလိုဘဲ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်သာ လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ အလားတူ နေရာနှင့်မြေမှာ အရေးမကြီးဘဲ လူထုယုံကြည်မှုရရှိရန် လိုကြောင်း၊ တပ်မတော်အနေဖြင့် လူထုယုံကြည်မှုရရှိအောင် ကြိုးစားတည်ဆောက်နေ ကြောင်း ရှင်းလင်းပြောကြား၍ တစ်ဖွဲ့ချင်း၏ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
(မြဝတီ)


No comments:

Post a Comment