Thursday, June 30, 2016

ရတနာပုံနှင့်မကွေးအသင်း ကွာတားဖိုင်နယ်တက်ရောက်



The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၉

၂ဝ၁၆ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် တတိယနေ့ပွဲစဉ်များကို ယနေ့ ညနေ ပိုင်းက ကျင်းပသည်။

သုဝဏ္ဏကွင်း

ရတနာပုံ-လေးဂိုး
Horizon -တစ်ဂိုး

အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် အလားအလာကောင်းနေသည့် ရတနာပုံအသင်းမှာ ရှုံးထွက် ပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းရယူနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲနှင့်အတူ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ Horizon အသင်းမှာ ကစား သမားအစုံအလင်ဖြင့် ကြိုးပမ်းခဲ့သော်လည်း ဒုတိယအဆင့်မှထွက်ခဲ့ရသည်။

ရတနာပုံအသင်းသည် ထွန်းငြိမ်း၊ ရဲရင့်ထွန်းစသည့် ကစားသမားများကို ပွဲထုတ်ခဲ့သော်လည်း ရန်ပိုင်၊ အောင်သူ၊ စည်သူအောင်တို့အပါအဝင် နိုင်ငံခြား သားသုံးဦးဖြင့် လူစုံခဲ့သည်။ ပွဲအစပိုင်းတွင် ရတနာပုံအသင်းပိုဖိကစားနိုင်ခဲ့ပြီး ၁၄ မိနစ်တွင် ဝင်းနိုင်စိုးက စည်သူအောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂိုး စတင်သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသောကြောင့် Horizon အသင်းချေပဂိုး ပြန်ရရန် ကြိုးပမ်းလာကာ အခွင့်အရေးအချို့ပြန်ရခဲ့သော်လည်း အသုံးမချ နိုင်ခဲ့ပေ။ ရတနာပုံအသင်းမှ အောင်သူနှင့်ထွန်းငြိမ်းတို့ဒဏ်ရာရရှိ၍ လူစားလဲ ခဲ့ရသည်။

ဒုတိယပိုင်းတွင် ရတနာပုံအသင်းက ပွဲကိုထိန်းကစားသွားပြီး မိနစ် ၆ဝ တွင် Horizon နောက်ခံလူလက်ထိခဲ့သောကြောင့် ပင်နယ်တီရခဲ့ပြီး တိုက်စစ်မှူး မာတူနာက ဒုတိယဂိုးအဖြစ် သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရတနာပုံ အသင်းက ပွဲကို ထိန်းချုပ်သွားပြီး ဝင်းနိုင်စိုးက ၇၅၊ ၈၄ မိနစ်တို့တွင် နှစ်ဂိုး ထပ်မံသွင်းယူခဲ့သောကြောင့် ဟက်ထရစ်ရရှိခဲ့သည်။ Horizon အတွက် ချေပဂိုးတစ်ဂိုးကို ၈၉ မိနစ်တွင် ချန်ဟီကင်မ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းခဲ့သည်။

အောင်ဆန်းကွင်း၌ ကျင်းပသောပွဲတွင် မကွေးအသင်းက ချင်းယူနိုက်တက်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲအစ စက္ကန့်ပိုင်းတွင် သွင်းယူသည့် ညီညီမင်း၏ ဂိုးဖြင့် ချင်းယူနိုက်တက်ဦးဆောင်နိုင်ခဲ့သော်လည်း မကွေးအတွက် မိနစ် ၇ဝ တွင် စိုးမင်းနိုင်က ချေပဂိုး၊ ၇၁ မိနစ်တွင် ထူးထူးအောင်က အနိုင်ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

ယနေ့ပွဲစဉ်များအပြီးတွင် ကွာတားဖိုင်နယ်သို့ ရန်ကုန်၊ ဟံသာဝတီ၊ မြဝတီ၊ ရှမ်းယူနိုက်တက်၊ ရတနာပုံနှင့် မကွေးအသင်းတို့ တက်ရောက်သွားပြီဖြစ်ပြီး လက်ကျန်နှစ်ပွဲ ကစားရန်ကျန်ရှိနေသည်။ ကွာတားဖိုင်နယ်ပွဲ စဉ်များအဖြစ် ရန်ကုန်နှင့် ဟံသာဝတီ၊ မြဝတီနှင့် ရတနာပုံ၊ ရှမ်းယူနိုက်တက်နှင့် မကွေးအသင်းတို့တွေ့ဆုံလျက်ရှိသည်။
(ရှိုင်းထက်ဇော်)

No comments:

Post a Comment