Thursday, June 30, 2016

လျှပ်စစ်ရထားပြေးဆွဲမှု ဇူလိုင် ၁ ရက်မှစ၍ ရပ်နားမည်




The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၉

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် ပြေးဆွဲလျက်ရှိသည့် လျှပ်စစ်ရထား (TRAM) ပြေးဆွဲမှုကို ဇူလိုင် ၁ ရက်မှစတင်ကာ ရပ်နားတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာ့မီးရထား(အောက်မြန်မာပြည်) ရုံးချုပ်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

လျှပ်စစ်ရထားပြေးဆွဲမှုရပ်ဆိုင်းရခြင်းမှာ ကမ်းနားလမ်းတစ်လျှောက် ကွန်တိန်နာကားများ အဝင်၊ အထွက်များသည့်အတွက် ပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများဖြစ်ပေါ်နိုင်ခြင်း၊ လျှပ်စစ်ရထားစီးခရီးသည် တစ်နေ့တခြား နည်းပါးလာခြင်းတို့ကြောင့် ထိရောက်သည့် သယ်ယူပို့ဆောင်မှု မပြုလုပ်နိုင်သည့်အတွက် ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှသိရသည်။

''လက်ရှိအနေနဲ့ ရပ်ဆိုင်းတဲ့အခါမှာ ကျန်တဲ့ကွန်တိန်နာကားတွေ၊ ပြေးဆွဲ နေတဲ့ ကားတွေနဲ့ မတော်တဆမှုတွေ လျော့ကျသွားမယ်၊ လျှပ်စစ်ရထားတွေကို ဝါးတန်းမှာပဲထားမှာပါ။ လိုအပ်တဲ့အချိန် လိုအပ်တဲ့နေရာမှာ အချိန်မရွေး ထုတ်သုံးလို့ရတဲ့အဆင့်ဖြစ်အာင် လုပ်ထားမှာပါ''ဟု မြန်မာ့မီးရထား (အောက် မြန်မာပြည်)အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

မြန်မာ့မီးရထားက ဝါးတန်းလမ်းမှ လင်းစဒေါင်းအထိ တွဲဆိုင်း သုံးတွဲပါ နှစ်ဆိုင်း၊ တွဲဆိုင်း တစ်တွဲပါ တစ်ဆိုင်း စုစုပေါင်း နှစ်စင်းနှင့် ယခုနှစ် ဇန်နဝါရီ ၁ဝ ရက်မှ ပြေးဆွဲခဲ့ရာ လျှပ်စစ်ရထားများ၏ တစ်ရက်ဝင်ငွေမှာ ကျပ် ၄၅ဝဝ နှင့် ၅ဝဝဝ ကြားရရှိခဲ့သော်လည်း နောက်ပိုင်း ခရီးသည် စီးနင်းမှု မရှိသလောက်နည်းပါးခဲ့ကြောင်း၊ လျှပ်စစ်ရထားပြေးဆွဲမှုအတွက် တစ်ရက် ကုန်ကျစရိတ် ကျပ် ၁၅ဝဝဝ နီးပါးရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဇူလိုင် ၁ ရက်တွင် ရပ်နားတော့မည့် လျှပ်စစ်ရထားများသည် ပြေးဆွဲစဉ် အခါက မြန်မာ့မီးရထားက ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်စေရန်၊ ခရီးသွားပြည်သူများ သက်သောင့်သက်သာ သွားလာ နိုင်စေရန် ကားလမ်းပေါ်တွင် လျှပ်စစ်ရထား(TRAM) ပြေးဆွဲခြင်းဖြင့် ပြည်သူများကားနှင့် ရထားဆက်စပ်အသုံးပြုခြင်းကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ ဒီဇယ်ရထားများအသုံးပြုခြင်းစနစ်မှ လျှပ်စစ်ရထားအသုံးပြုခြင်းစနစ်သို့ ကူးပြောင်းရန်အတွက် နည်းပညာကျွမ်းကျင်မှုများ ရရှိရန်နှင့်အနာဂတ်တွင် လျှပ်စစ်ရထားကွန်ရက်ကို တိုးချဲ့ဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ လျှပ်စစ်ရထားပြေးဆွဲမှုအတွက် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်း အကုန်ကျခံခဲ့ပြီး ဂျပန်နိုင်ငံ West Coporation နှင့် ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် စာချုပ်ချုပ်ဆို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် လျှပ်စစ်ရထားပြေးဆွဲခြင်းကို ဝါးတန်းဘူတာမှ လင်းစဒေါင်းဘူတာထိပြေးဆွဲသွားမည်ဖြစ်ပြီး ခရီးစဉ် တစ်နေ့လျှင် ခြောက်ခေါက်နှုန်းဖြင့် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ ပြေးဆွဲ သွားမည်ဖြစ်ကာ လက်မှတ်ခနှုန်းထားမှာ တစ်စောင်လျှင် ငွေကျပ် ၁ဝဝ ဖြစ် ကြောင်း သိရသည်။
သတင်း-သီသီမင်း၊ ဓာတ်ပုံ-ကိုဇော်

No comments:

Post a Comment