Wednesday, July 31, 2019

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး





Image may contain: one or more people, table and indoor
နေပြည်တော် ဇူလိုင် ၃၀




၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရာတွင် လိုက်နာ ရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းများချောမောအောင်မြင်အောင်ဆောင်ရွက်
အခမ်းအနားတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တစ်နိုင်ငံလုံးရှိ ကျောင်းသူ ကျောင်းသားအားလုံးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်သည့် လုပ်ငန်းသည် သာမန်စီးပွားရေးလုပ်ငန်းတစ်ခုမဟုတ်ဘဲ နိုင်ငံတော်အတွက် အလွန် အရေးကြီးသည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က ကျောင်းသုံး စာအုပ်များရိုက်နှိပ်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများအပေါ် အခြေခံ၍ အားနည်းချက်အနည်းဆုံးဖြစ်စေရန်နှင့် လုပ်ငန်းများ ချောမောအောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အားလုံးဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခဲ့မှုအပေါ် အကျဉ်းချုပ် သုံးသပ်ချက်နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ် များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီအတွင်း ရေးမှူး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရာတွင် လိုက်နာ ရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင် များအသင်း(MPPA) ၊ မန္တလေး တိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်း(MRAPA) တို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရမည့် အရွယ်အစား၊ တင်ဒါခေါ်ယူမည့်ကာလ၊ တင်ဒါခေါ်ယူရေးလုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းကြရာ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ သတင်းစဉ်

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှန်းယန်မြို့တော်ဝန်အား လက်ခံတွေ့ဆုံ



Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃၀




အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် တရုတ်နိုင်ငံ ဟူပေ ပြည်နယ် ရှန်းယန်မြို့တော်ဝန်Mr. QieYingcai နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကျိုးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံလွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် မြန်မာ-တရုတ် လွှတ်တော်ချင်းချစ်ကြည် ရင်းနှီးရေးအသင်းဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ အတွင်းရေးမှူး နော်လှလှစိုးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ




Image may contain: one or more people and indoor
နေပြည်တော် ဇူလိုင် ၃၀ 





သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများတွင် နည်းပညာအသုံးပြုမှု ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပ သည်။
အခမ်းအနားတွင် အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ ရာသီဥတုပြောင်းလဲလာမှု အခြေအနေ များနှင့်အတူ သဘာ၀ဘေးအန္တရာယ်ဖြစ်ပွားမှုပုံစံများ ပြောင်းလဲလာခြင်း ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ ထိုအခြေ အနေများကို ရင်ဆိုင်ကြုံတွေ့နေရပါ ကြောင်း၊ မိမိတို့အနေဖြင့် ပြောင်းလဲဖြစ် ပေါ်လာသည့် သဘာ၀ဘေးအန္တရာယ်များကို ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေး စီမံခန့်ခွဲမှုပုံစံများ ကိုလည်း ပြောင်းလဲဆောင်ရွက်လာရ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူ့အသက်ဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများနည်းပါးစေရေး၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများ လျော့နည်းစေရေးတို့ကို အဓိက ဦးတည်ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာ၀ဘေး စီမံခန့်ခွဲမှု လုပ်ငန်းများကို ပိုမိုထိရောက် သော နည်းလမ်းများဖြင့် ဆောင်ရွက် လျက်ရှိရာတွင် ပုံမှန်လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်သကဲ့သို့ နည်းပညာ အသုံးပြု ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ် ကြောင်း။
ထိုကဲ့သို့ နည်းပညာအသုံးပြုကာ ပိုမိုတိကျသည့် အချက်အလက်များရရှိပြီး ဆောင်ရွက်နိုင်ခြင်းဖြင့် သဘာ၀ဘေး ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး တွင် များစွာအကျိုးရှိပါကြောင်း၊ နည်း ပညာအသုံးပြုနိုင်မှု အခြေအနေကို ကြည့်ပါကလည်း နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ အသုံးပြုနိုင်မှုနှင့် အဆိုပါပစ္စည်းကိရိယာများကို ကိုင်တွယ် သုံးစွဲနိုင်သည့် ကျွမ်းကျင်သူလူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်များရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ ပေါ်ထွက်လာရေး နည်းပညာဆိုင်ရာအဖွဲ့ အစည်းများနှင့်ပူးပေါင်းကာ သင်တန်း များ ဖွင့်လှစ်ခြင်း၊ လက်တွေ့လေ့ကျင့်ခြင်း များလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပိုမိုထိရောက် ကောင်းမွန်သည့် သဘာ၀ဘေးစီမံခန့်ခွဲမှု များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် နည်းပညာပိုင်းဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း အမြဲ တမ်း အစဉ်သင့်ရှိနေကြောင်း။
တောင်နဝင်း (ပင်မ) တမံ မျက်နှာ ပြင် ကျိုးပေါက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာ တွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် (မိတ္ထီလာ) ၊ Asia Air Survey Myanmar Co., Ltd. တို့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ''ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များ ချမှတ် ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိ သော လူ့အသိုက်အဝန်း ဖြစ်ပေါ်စေရေး နှင့် ဘေးဒဏ်ခံစားရသော ပြည်သူများ အတွက် ပိုမိုကောင်းမွန်သည့် လူနေမှု ဘ၀ရရှိစေရေး''ဆိုသည့် မူဝါဒနဲ့အညီ ပြည်သူများအပါအဝင် အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုဂျပန်နိုင်ငံ၏ သဘာ၀ဘေးစီမံခန့်ခွဲမှု လုပ်ငန်းများတွင် နည်းပညာ အသုံးပြုမှု အခြေအနေများကို လာရောက်မျှဝေခြင်း အားဖြင့်လည်း မြန်မာနိုင်ငံ၏သဘာ၀ ဘေးစီမံခန့်ခွဲမှု လုပ်ငန်းများအတွက် များစွာအကျိုးရှိပါကြောင်း ပြောကြား သည်။
ထို့နောက် Asia Air Survey Co.,Ltd. မှ Managing Director, Mr. Maya Manabu က ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု များအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ သဘာ၀ဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်း ဆောင်ရွက်မှုများ၊ သဘာ၀ဘေးလျော့ပါး ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အရေး ပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဂျပန်နိုင်ငံ၌ မြေပြိုမှုများ၊ ငလျင်ဘေးအန္တရာယ်များနှင့် အခြားသဘာ၀ဘေးအန္တရာယ်ဖြစ်ပွားမှုများတွင် နည်းပညာ အသုံးပြုဆောင်ရွက်မှု အခြေအနေများ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများတွင် မောင်းသူမဲ့လေယာဉ် များ ပေါင်းစပ်ထည့်သွင်းအသုံးချနိုင်မှု နှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နည်းပညာဆိုင်ရာ ပညာရှင်များ၊ ပြည်တွင်း/ပြည်ပအရပ် ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူ များက မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်အား ဂါရ၀ပြုတွေ့ဆုံ




Image may contain: 3 people, people sitting and indoor
နေပြည်တော် ဇူလိုင် ၃၀



အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေး ကောင်စီဥက္ကဋ္ဌ Mr. Narendra Damodardas Modi အား ယမန်နေ့မွန်းလွဲ ပိုင်းတွင် ဝန်ကြီးချုပ်၏ အိမ်တော်၌ သွားရောက်ဂါရ၀ပြု တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအား ကျေးဇူးတင်ရှိ ပါကြောင်း၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်စွမ်းရည် တိုးတက်မြင့်မားရေးအတွက် ဆက်လက်တိုးမြှင့်ကူညီပေးသွား မည့်အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် အခြေ အနေများနှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အိန္ဒိယဝန်ကြီးချုပ်ရုံး ဝန်ကြီးMr. Ajit Kumar Doval၊ ဒုတိယကာကွယ်ရေးဝန်ကြီးMr. Shri Shripad Yesso Naik ၊ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Bipin Rawat ၊ အိန္ဒိယ တပ်မတော်ရေတပ်ဦးစီးချုပ် Admiral Karambir Singh တို့အား သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆက်လက်လုပ် ဆောင်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အခြေ အနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ကိစ္စရပ်များ၊ အိန္ဒိယသမ္မတနိုင်ငံ၏ Act East Policy အရ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းမိတ်ဆွေကောင်း ပီသစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးအတွက် ဆက်စပ်လျက်ရှိသည့် နိုင်ငံ များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa ကAkash Officers Mess တွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် Ghaziabad မြို့ရှိ Bharat Electro- nics Limited(BEL) သို့ သွားရောက်လေ့လာ ကြည့်ရှု ကြသည်။
အဆိုပါ Bharat Electronics Limited(BEL) ကို အိန္ဒိယနိုင်ငံ Bangalore မြို့၌ ၁၉၅၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကာကွယ်ရေးဆိုင်ရာပစ္စည်းများထုတ်လုပ်သည့်အပြင် အခြားအီလက်ထရွန်နစ်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံတွင် စက်ရုံပေါင်းကိုးခု ရှိပြီး ပြည်ပနိုင်ငံများ၌လည်း ရုံးခွဲများဖွင့်လှစ်ထားရှိကာ ဆက်သွယ်မှုကွန်ရက်လုံခြုံရေး၊ မြေပြင်၊ ဝေဟင်နှင့်ရေကြောင်း ပိုင်နက်လုံခြုံရေးတို့တွင် လိုအပ်သည့် စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အိန္ဒိယတပ်မတော်အထူးလေယာဉ်ဖြင့် နယူးဒေလီမြို့မှ ဗာရာဏသီမြို့သို့ ထွက်ခွာကြပြီး ဗာရာဏသီမြို့၊ Lal Bahadur Shastri လေဆိပ်သို့ ရောက်ရှိကြရာ အိန္ဒိယ တပ်မတော်မှBrigadier Hukum Singh Bainsla,SM နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ






Image may contain: 7 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃၀




စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ထိုင်းနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr.Veerathai Santiprabhob နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က နေပြည် တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဖြတ် ကျော်ကုန်သွယ်မှုများနှင့် ရွှေ့ပြောင်း လုပ်သားများ ငွေလွှဲပို့ခြင်းများတွင် ပိုမို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ကလေးသူငယ် အခွင့်အရေး



မြန်မာ့အလင်းအယ်ဒီတာအာဘော် 



လောကသဘာ၀အတိုင်း ယနေ့လူကြီးတို့နေရာတွင် မျိုးဆက်သစ်တို့ တဖြည်းဖြည်းချင်း တာဝန်လွှဲပြောင်းယူလာမည် ဖြစ်ပါသည်။ အနာဂတ် လူ့လောက၊ လူ့ကမ္ဘာ ပိုမိုငြိမ်းချမ်းသာယာရေး၊ ပိုမိုတိုးတက်မြင့်မားရေး အစရှိသည်တို့က ယနေ့မွေးဖွားလာကြသော ကလေးများကို မည်သို့ပြုစု ပျိုးထောင်ကြသည်၊ မည်သို့အခွင့်အရေးပေးနေသည်ဆိုခြင်းနှင့် တိုက်ရိုက် အချိုးကျ သက်ဆိုင်နေပေသည်။
ကလေးများ မည်သို့ပျော်ရွှင်စွာ၊ မည်သို့ကျန်းမာရွှင်လန်းစွာ ရှင်သန် နေကြပြီး မည်သို့ ပညာသင်ယူခွင့်ရနေကြသည်ဆိုခြင်းက မိမိတို့၏ အနာဂတ်က္ဘာကို ပြဋ္ဌာန်းနေသည်ပဲ ဖြစ်ပါသည်။ ထို့ ကြောင့်ပင် မိမိတို့၏ ကလေးသူငယ်များကို မည်သို့သော အခွင့်အရေးများ ရရှိစေမည်လဲ ဆိုသည်က အလေးအနက်ထားကာ အရေးတယူပြုရမည့် လူကြီးတို့၏တာဝန်ပဲ ဖြစ်ပါသည်။
ကလေးသူငယ်တို့၏ အခွင့်အရေးဟုဆိုလျှင် အဓိကအကျဆုံးက ကလေးတို့အား ကျားမ၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဆင်းရဲ ချမ်းသာ ခွဲခြားဆက်ဆံမှုမရှိဘဲ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူခွင့်ရရေး၊ ပညာသင်ကြားခွင့်ရရှိရေးနှင့် ကလေး သူငယ်များကို အကြမ်းဖက်ခြင်း၊ နှိမ့်ချခွဲခြား ဆက်ဆံခြင်း၊ မတော်မတရား ပြုခြင်း၊ နှိပ်စက်ခြင်းတို့က အကာအကွယ်ပေးနေရေးတို့ပဲ ဖြစ်ပါသည်။
ဤသည်တို့က ဥပဒေဖြင့် အကာအကွယ်ပေးခြင်း၊ ဥပဒေဖြင့် အခွင့်အရေးများ ရရှိစေခြင်းမျှသာမကဘဲ အရွယ်ရောက်ပြီးဖြစ်သူ တိုင်းက နားလည်သဘောပေါက်ကြပြီး လူမှုကျင့်ဝတ်စံနှုန်းများကို လက်ကိုင်ပြုကာ ဝိုင်းဝန်းကြဖို့လည်း လိုပါသည်။
အထူးသဖြင့် မိဘဖြစ်သူ၊ ဆရာဖြစ်သူများကိုယ်တိုင်က မိမိတို့၏ ရင်သွေးများကို အမြော်အမြင်ကြီးသော၊ ပညာဉာဏ်ဖြင့်ယှဉ်သော အကာအကွယ်ပေးမှု၊ လုံခြုံမှုပေးမှုတို့သည်လည်း လွန်စွာအရေးကြီး ပါသည်။
အခြေခံပညာအဆင့်ကိုဖြင့် မဖြစ်မနေသင်ကြားခွင့်ရရှိကြစေဖို့၊ အရွယ်မရောက်သေးဘဲ အလုပ်လုပ်ငွေရှာ ဝန်ထုပ်ဝန်ပိုးများကို မထမ်းကြရစေဖို့၊ မည်သည့်နည်းမျိုးနှင့်မျှ ကလေးငယ်များကို အသုံးချ အမြတ်ထုတ်ခြင်းမခံရစေဖို့ အစရှိသည်တို့က လူကြီးတိုင်းတွင် တာဝန်ရှိ နေသည်ဟု မှတ်ယူရန်လိုပါသည်။
မိမိ၏ မျက်စိရှေ့မှောက်၌ မည်သို့သော အကြမ်းဖက်မှု၊ အသုံးချမှု၊ အမြတ်ထုတ်မှုကိုမဆို ဝင်ရောက်အကာအကွယ်ပေးကြသော လူမှု ဝန်းကျင်ဖြစ်စေရန် အားလုံးက ကြိုးစားကြရန်လည်း လိုအပ်ပါမည်။
အနာဂတ်သည် ကလေးသူငယ်တို့ လက်ထဲမှာရှိ၏ ဆိုသည်ကို ကြွေးကြော်သံသက်သက်မဟုတ်ဘဲ အမှန်တကယ် တာဝန်ယူဆောင်ရွက် ကြသည့် လူမှုအသိုင်းအဝိုင်းဖြစ်ရန် လိုပါသည်။
ထို့ပြင် မြန်မာနိုင်ငံက နိုင်ငံရေးတည်ငြိမ်မှုအတွက် အပြင်းအထန် ကျားကန်နေရ၊ စီးပွားရေးနိမ့်ကျမှုကို ပြန်လည်တိုးမြှင့်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြရ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ရုန်းရင်းကန်ရင်း အပြေးအလွှားချီတက်နေရသည့်အားလျော်စွာ ကဏ္ဍတိုင်း၏မပြည့်စုံမှု များကြား၌ ရှိသမျှဖြင့် တွန်းကာတိုက်ကာ၊ ဖာကာထေးကာ အကောင် အထည်ဖော်ဆောင်ရွက်နေရသည်များဖြင့် နေရသည့်အခြေအနေ ဖြစ်ပါသည်။
သည်လိုထဲတွင် ရှေ့သို့ချီတက်ရေး အဟန့်အတားဖြစ်စေသည့်၊ နှေးကွေးစေသည့် အခုအခံများကလည်း တင်းကျမ်းဖြစ်နေလေရာ အခြေခံ စားဝတ်နေရေး ပြေလည်ရေး၊ ဥပဒေစိုးမိုးရေးကအစ အတော်ပင် အားထုတ်လုပ်ကိုင်နေရကြရချေသည်။
ထို့ကြောင့်ပင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်တို့ကို အကာအကွယ်ပေးသည့် ဥပဒေများကို အမှန်တကယ် စိုးမိုးရန်ကိုလည်း လူမှုအသိုက်အမြုံတစ်ခုလုံးက တွန်းအားပေးကြ၊ ကိုယ်တိုင်လည်း ပါဝင်အားထုတ် ဝိုင်းဝန်းစောင့်ရှောက်ကြခြင်းဖြင့် မိမိတို့ အနာဂတ်ကို ပျိုးထောင်နိုင်ကြလိမ့်မည်ဟု ထင်မြင်ပါကြောင်း။ ။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေးဗဟိုကော်မတီ အစည်းအဝေး(၂/၂၀၁၉)တွင် အမှာစကားပြောကြား လိုအပ်သောမူဝါဒများကို မှန်ကန်စွာချမှတ်နိုင်ရန် အစိုးရအနေဖြင့် တိကျမှန်ကန်သည့် စာရင်းအင်းကို လိုအပ်




Image may contain: 3 people
နေပြည်တော် ဇူလိုင် ၃၀





စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်၀ရေး ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ က္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံ နှင့် လိုက်လျောညီထွေရှိသော နိုင်ငံရေးနှင့် စီးပွားရေးစနစ်များ ချမှတ်ကျင့်သုံး ဆောင်ရွက်လျက်ရှိသော်လည်း တစ်ခုတည်း သော တူညီသည့် ရည်မှန်းချက်မှာ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ရာ တွင် လည်းကောင်း၊ စီမံကိန်းများရေးဆွဲရာတွင် လည်းကောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ စီမံကိန်း များအား စောင့်ကြည့်အကဲဖြတ်ရာတွင်လည်းကောင်း အခြေခံ စာရင်းအင်း အချက်အလက်များခိုင်မာရေးသည် အရေးကြီး ကြောင်းကို နိုင်ငံအားလုံးက လက်ခံထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းနီးပါး စာရင်းများကောက်ယူခြင်း၊ စုစည်းခြင်း၊ စိစစ် ခြင်းနှင့် ထုတ်ပြန်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ခိုင်မာသည့်ဥပဒေ၊ မူဘောင်များချမှတ် ဆောင်ရွက်လျက်ရှိ ပါကြောင်း။
ယခုလက်ရှိ မိမိတို့နိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ဗဟို ထိန်းချုပ်မှုလျှော့ချသည့် စာရင်းအင်းစနစ်ကို ပိုမိုအားကောင်း လာစေရန်နှင့် အရည်အသွေးရှိသည့် မြန်မာနိုင်ငံအမျိုးသား စာရင်းအင်းစနစ် ဖော်ဆောင်နိုင်ရန် ခေတ်စနစ်နှင့်ကိုက်ညီသော
မြန်မာနိုင်ငံစာရင်းအင်းဥပဒေသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ စတင်၍ ဥပဒေသက်ရောက်နေပြီဖြစ်ပါကြောင်း၊ စာရင်းအင်း နည်းဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ဆောင်ရွက်ထားပါကြောင်း၊ ဗဟို စာရင်းအင်းအဖွဲ့အနေဖြင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာရင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ (NSDS)ကို သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်း၍ NSDS Action Plan udk Living Document အနေဖြင့် ထားရှိပြီး အသီးသီးအကောင်အထည်ဖော်ဆောင် လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယင်းကိစ္စများ ဆက်လက် ဆောင်ရွက်ရမည့် Clusters အဖွဲ့ဝင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာသည်ကို တွေ့ရှိရ ပါကြောင်း။
ဇွန်လတွင် ထုတ်ပြန်နိုင်ခဲ့
မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း(၂၀၁၇)မှ ရရှိလာ သည့် အချက်အလက်များကို စိစစ်လေ့လာ၍ အဓိကညွှန်ကိန်း များ အစီရင်ခံစာ၊ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာနှင့် လူမှုစီးပွား ဆိုင်ရာ အစီရင်ခံစာများကိုထုတ်ပြန်ရန် လျာထားရာ၌ ၂၀၁၈ ခုနှစ် ဇွန်လတွင် အဓိကညွှန်ကိန်းများ အစီရင်ခံစာကို ထုတ်ပြန် ခဲ့ပြီးဖြစ်သကဲ့သို့ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဇွန်လတွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။
နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော မူဝါဒများကို မှန်ကန်စွာချမှတ်နိုင်ရန် အစိုးရ အနေဖြင့် တိကျမှန်ကန်သည့် စာရင်းအင်းကို လိုအပ်လျက်ရှိပါ ကြောင်း၊ လိုအပ်လျက်ရှိသည့် စာရင်းအင်းအချက်အလက်များ ရှေ့နောက်ညီညွတ်မှုရှိရန်၊ အချိန်နှင့်တစ်ပြေးညီ ရရှိရန်၊ ယုံကြည် ကိုးစားနိုင်သော ခိုင်မာသည့်စာရင်းအင်းများဖြစ်ရန်နှင့် အရည် အသွေးပြည့်၀ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည် အသွေးပြည့်၀ရေးကော်မတီများအနေဖြင့် မိမိတို့၏ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ယုံကြည်ကိုးစားနိုင်သော ခိုင်မာသည့် စာရင်းအင်းများ၊ အရည်အသွေးပြည့်၀သော စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ ကောက်ယူရရှိရန် အားထုတ်ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။
Final Draft ပြီးစီးပြီဖြစ်
ကမ္ဘာနိုင်ငံအားလုံးတွင်လည်း နိုင်ငံတကာကတိကဝတ် များနှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင် အထည်ဖော်ဆောင်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံ၏အခြေအနေ နှင့်လျော်ညီသည့် ဖွံ့ဖြိုးမှုလိုအပ်ချက်များကို ထည့်သွင်း ထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP) (၂၀၁၈-၂၀၃၀)ကို အကောင်အထည်ဖော်ဆောင်ရာ၌ တိုးတက်မှု၊ ထိရောက်မှုများ ကို စောင့်ကြည့်အကဲဖြတ်နိုင်စေရန် အမျိုးသားညွှန်ကိန်း မူဘောင်တစ်ရပ် ပေါ်ထွက်လာစေရေး ဆောင်ရွက်ရာတွင် ယခု Final Draft ပြီးစီးပြီဖြစ်ပါကြောင်း၊ အဆိုပါမူကြမ်းတွင် ပါဝင် သော ညွှန်ကိန်း ၂၈၄ ခုတွင် SDG ပါဝင်မှု ၄၀ ရာခိုင်နှုန်း ရှိသည်ကို သိရှိရပါကြောင်း၊ အမျိုးသားညွှန်ကိန်း မူဘောင် ပေါ်ထွက်လာစေရေး ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများ၊ ဦးစီး ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက် များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း သိရှိရပါကြောင်း။
ညှိနှိုင်းပူးပေါင်းဆောင်ရွက်
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရာတွင် ထိရောက် သည့် အောင်မြင်မှု ရှိ၊ မရှိကို ညွှန်ကိန်းများဖြင့် စောင့်ကြည့် အကဲဖြတ်ရန် အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစဉ် အသီးသီးတွင် Data အချက်အလက်များနှင့် စာရင်းဇယားများ ကို မှတ်မှတ်သားသား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသားòန်ကိန်းမူဘောင် ပေါ်ပေါက်ရေး၊ Data ရရှိနိုင်မှု နှင့် တွက်ချက်တိုင်းတာရေးကိစ္စများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီး ပါကြောင်း၊ စာရင်းအင်းထုတ်ပြန်ရာ၌ ညီညွတ်မျှတသော စာရင်းဖြစ်စေရန် စာရင်းကောက်ယူ စုဆောင်းရာတွင် Definition၊ Concepts များ တူညီရန် လိုအပ်သည့်အတွက် ဌာနအချင်းချင်း စာရင်းအင်းအချက်အလက်များကို မျှဝေ အသုံးပြု၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြား လိုပါကြောင်း။
မျက်ခြည်မပြတ်လေ့လာ
ယနေ့ကာလတွင် ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု များကြောင့် သဘာ၀ဘေးအန္တရာယ်များ ပိုမိုများပြားလာ သကဲ့သို့ ပိုမိုအင်အားပြင်းထန်လာသည်ကိုလည်း မြင်တွေ့ရ ပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အချက် အလက်များအပေါ် မူတည်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ သဘာ၀ဘေးစီမံခန့်ခွဲသူများအနေဖြင့် ဘေးအန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာသော သဘော သဘာ၀များကို မျက်ခြည်မပြတ်လေ့လာ၍ ရင်ဆိုင်တုံ့ပြန်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သဘာ၀ဘေးဆိုင်ရာ စာရင်းအင်းအချက် အလက်များကို ပြည့်စုံမှန်ကန်စွာဖြင့် ပြုစုထားရှိရန် လိုအပ် ပါကြောင်း။
အမျိုးသားစာရင်းအင်းစနစ်ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန် သည့်စာစောင်များတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အချက် အလက်များကို အသိအမှတ်ပြုလက်ခံ ထည့်သွင်းဖော်ပြနိုင်ရေး ဆောင်ရွက်နိုင်ရန်၊ ဆက်စပ်ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက် မှုနှင့် ဝိုင်းဝန်းအဖြေရှာမှုကို အရှိန်မြှင့်ဆောင်ရွက်သွားနိုင်ရေး ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း။
မူဝါဒများချမှတ်နိုင်ရန် ထည့်သွင်း
အရည်အသွေးပြည့်၀၍ တိကျမှန်ကန်သော စာရင်းအင်း များကို ရရှိအသုံးပြုနိုင်ခြင်းအားဖြင့် အစိုးရနှင့်ပြည်သူများ အကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းများအကြား ယုံကြည်မှု တိုးမြင့်စေနိုင်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်း စနစ် အရည်အသွေးပြည့်၀မှသာ စီမံကိန်းရေးဆွဲသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှုစီးပွားသုတေသန ဆောင်ရွက် သူများ အားလုံးအနေဖြင့် မူဝါဒများချမှတ်နိုင်ရန် ထည့်သွင်း စဉ်းစားရာတွင် မှန်ကန်တိကျသောအချက်အလက်များ ရရှိနိုင် မည်ဖြစ်ပါကြောင်း။
စာရင်းအင်းဥပဒေအရ အကောင်အထည်ဖော် ဆောင်ရွက် နေကြသည့် ဝန်ကြီးဌာနများအကြား၊ ဗဟိုအဆင့်နှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရများအကြား စာရင်းအင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ယ္တရားကို အချိတ်အဆက်မိစွာ အရှိန်အဟုန်ဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ကျင်းပသည့် အစည်း အဝေးတွင် အသေးစိတ်ဆွေးနွေးအကြံပြု တင်ပြကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စာရင်းအင်း နည်းဥပဒေထွက်ရှိရေး၊ စာရင်းအင်းမှန်ကန်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပါဝင်ဆောင်ရွက်ရေးနှင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဗဟိုစာရင်း အင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က စာရင်းအချက် အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေးဗဟို ကော်မတီနှင့် လုပ်ငန်းအဖွဲ့များအလိုက် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက်ခဲ့မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်နှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် တက်ရောက်လာကြသူများ က ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ စာရင်း အင်းဆိုင်ရာ လုပ်ငန်းအဖွဲ့များအလိုက် စာရင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြသည်။
အမျိုးသားအဆင့်အတန်းတစ်ခုဖြစ်
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်၊ အကြံပြုချက်များ နှင့် စပ်လျဉ်း၍ စာရင်းအင်းအချက်အလက်မှန်ကန်မှုမှာ အမျိုးသားအဆင့်အတန်းတစ်ခု ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စာရင်းအင်းအချက်အလက် မှန်ကန်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်မှာ အရေးကြီးပါကြောင်းပြောကြား ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံစာရင်းအင်း ပညာအသင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ သတင်းစဉ်

ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်

Image may contain: text

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုစီးပွားဘ၀အဆင်ပြေ ချောမွေ့စေရေး၊ အုပ်ချုပ်မှုယ္တရား တည့်မတ်မှန်ကန် ခိုင်မာအားကောင်း လာစေရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး သော ကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံကို တာဝန်ယူသောအစိုးရ မည်မျှ ကောင်းမွန်စေကာမူ နိုင်ငံ့ဝန်ထမ်းများ ကောင်းမှသာ အလုံးစုံကောင်းမွန် သောနိုင်ငံ ဖြစ်ပေလိမ့်မည်။
နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် နိုင်ငံ့ဝန်ထမ်းများရှိကြပါသည်။ နိုင်ငံ၌ ဝန်ထမ်းပါဝင်မှုနည်းခြင်း၊ များခြင်းတို့သာ ကွာခြားကြ၍ ထိုနိုင်ငံ၏ဘဏ္ဍာ လစာရိက္ခာတို့ကို ခံစားကြပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသူများ အားလုံးတို့ကို နိုင်ငံ့ဝန်ထမ်းများဟု ခြုံငုံခေါ်ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအားလုံးတို့သည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးများကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အား ထက်သန် တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်း ဆိုင်ရာ အာဆီယံဒေသတွင်းအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်း များအတွက် ကောင်းသောအကျိုးရလဒ်ကောင်းများဖြစ်စေပြီး နိုင်ငံဖွံ့ဖြိုးရေး တွင်လည်း ပိုမိုကောင်းမွန်မှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
အထက်တွင်ဆိုသကဲ့သို့ နိုင်ငံကောင်းမွန်ရေးကို ကြိုးပမ်းဆောင်ရွက် ရာ၌ နိုင်ငံ့ဘဏ္ဍာငွေ လစာရိက္ခာ ခံစားနေသူများအားလုံး အကျုံးဝင်သည် ဖြစ်၍ ဝန်ထမ်းများအားလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် လာစေရေးသာမက လုပ်ကိုင်ဆောင်ရွက်မှုအပိုင်းများတွင်ပါ ခေတ်ကာလ အခြေအနေအလိုက် လိုက်လျောညီထွေဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သင့်သည်တို့ကို ဝန်ထမ်းကဏ္ဍနယ်ပယ်အားလုံး ဖြန့်ကြက် လှုပ်ရှားဆောင်ရွက်သင့်ပေသည်။
အစိုးရတို့မည်သည် ခေတ်ကာလအချိန်သက်တမ်းအလိုက် အမျိုးမျိုး ပြောင်းလဲဖြစ်ပေါ်နေတတ်ပြီး နိုင်ငံ့ဝန်ထမ်းတို့မည်သည် ခေတ်ကာလ သက်တမ်းများ ပြောင်းလဲလာသော်လည်း ဝန်ထမ်းများ၏သတ်မှတ်ထား သော အသက်ကာလပြီးဆုံးသည်အထိ အချိန်ကြာမြင့်စွာ ထမ်းဆောင်ကြရ သည့်သူများဖြစ်သည်။ ထို့ကြောင့် ခေတ်စနစ်အချိန်ကာလနှင့် ရေစီးကြောင်းများ ပြောင်းလဲလာသော်လည်း မပြောင်းလဲသောဝန်ထမ်း များနှင့် မပြောင်းလဲသော အုပ်ချုပ်စီမံခန့်ခွဲမှုစနစ်များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင် စိတ်အားထက်သန်တက်ကြွစွာ ဝန်ဆောင်မှုပေးခြင်းတွင် သီအိုရီနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းမှ ထိုးထွင်းသိမြင်ခြင်းကိုဖြစ်စေခြင်းအပြင် ဝန်ထမ်းများ စိတ်အားထက်သန် တက်ကြွလာစေရေးအတွက် အားပေးထောက်ကူပေးသော ပတ်ဝန်းကျင် တစ်ခုဖန်တီးခြင်းနှင့် ခေတ်နှင့်လျော်ညီသည့် ခေတ်မီလူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲမှုစနစ်များ တိုးတက်ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်သည်။
ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ရသော မြန်မာနိုင်ငံမှ ဝန်ထမ်း များအား စိတ်ဓာတ်နှင့်စွမ်းရည် မြင့်မားတိုးတက်ရေးကို ဆောင်ကြဉ်းပေး ရာတွင် ဝန်ထမ်းများကိုယ်တိုင် အသိစိတ်ဓာတ်မြင့်မားနေရန် လိုအပ် သကဲ့သို့ အထက်အဆင့်ဆင့်တို့အနေဖြင့်လည်း ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲဖန်တီးဖော်ဆောင်ပေးရန် လိုအပ်သည်။ အထူးသဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအသိစိတ်ဓာတ်များ ဝန်ထမ်းအဆင့်ဆင့်တွင် ပြန့်ပွားလာအောင် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို မျှတစွာဖြန့်ကြက်ခွဲဝေ ပေးထားရမည်ဖြစ်သည်။ မျက်မှောက်ကာလသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသောကာလဖြစ်၍ မိမိတို့လုပ်ကိုင်ရမည့်လုပ်ငန်းများကို မိမိတို့ကိုယ်ပိုင်တီထွင်ကြံဆမှုဖြင့် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်တတ် စေရန်ကိုလည်း ဖန်တီးဖော်ဆောင်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဝန်ထမ်းများအားလုံး စိတ်အားထက်သန်စွာဖြင့် နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ပြီး ပြည်သူ့အကျိုးများကို အပြည့်အဝသယ်ပိုး ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့်စွမ်းဆောင်ရည် များ မြင့်မားတိုးတက်ရေးနှင့် ဝန်ထမ်းများအားလုံးအတွက် ပိုမိုကောင်းမွန် သော ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးဖော်ဆောင်ပေးခြင်းဖြင့် ဝန်ထမ်းကောင်းပြီး နိုင်ငံကောင်းမွန်လာမည်ဖြစ်ပါကြောင်း။ ။

Tuesday, July 30, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့်အဖွဲ့ အာဆီယံ-တရုတ် ပြန်ကြားရေးဝန်ကြီးများအဆင့် သတင်းမီဒီယာဖိုရမ်သို့ တက်ရောက်ခဲ့




Image may contain: 9 people, people standing
နေပြည်တော် ဇူလိုင် ၂၉




ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဇူလိုင် ၂၃ ရက်မှ ၂၄ ရက်အထိ ''Connected For A Better Future''ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အာဆီယံ-တရုတ် ပြန်ကြားရေးဝန်ကြီးများအဆင့် သတင်းမီဒီယာဖိုရမ်သို့ တက်ရောက်ခဲ့သည်။
ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ဂျကာတာမြို့ရှိ Hotel Mulia Senayan ၌ ကျင်းပသည့်High Level Confe-rence on ASEAN – China Media Cooperation ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ အာဆီယံနိုင်ငံများမှ ပြန်ကြား ရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ၊ တရုတ်ပြည်သှူသမ္မတနိုင်ငံ အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဝန်ကြီး မစ္စတာဖန်ဝေပင်း၊ အာဆီယံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာဟောင်ရှီလန်၊ တရုတ်နိုင်ငံတက္ကသိုလ်များ နှင့် ရုပ်မြင်သံကြားဌာနများမှ ကိုယ်စားလှယ်အဖွဲ့များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှASCC Deputy Secretary – General မစ္စတာကွန်ဖုတ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အာဆီယံ-တရုတ် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အာဆီယံ-တရုတ် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ဆိုင်ရာကိစ္စရပ်များကို ပါဝင်ဆွေးနွေး ပြောကြားသည်။
ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ASEAN- China High Level Media Forum ကို ကျင်းပရာ တရုတ်နိုင်ငံ အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲရေးအဖွဲ့ ဒုတိယ ဝန်ကြီး မစ္စတာဖန်ဝေပင်း၊ အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ် ဒါတိုလင်မ် ဂျော့ဟွိုင်းနှင့် အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟောင်ရှီလန်နှင့် အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ နှင့် ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲ နှစ်ရပ် ကျင်းပရာ''The Role of Media in Building a Closer ASEAN– China Community with a Shared Future''ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ၌ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက Panelistအဖြစ် ပါဝင်၍ ဒစ်ဂျစ်တယ်ခေတ်တွင် မီဒီယာကဏ္ဍအရေးကြီးပုံကို မြန်မာ နိုင်ငံ၏ အတွေ့ အကြုံများနှင့် နှိုင်းယှဉ်၍ ဆွေးနွေးပြောကြား သည်။
လှည့်လည်ကြည့်ရှု
ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အဖွဲ့သည် ဂျကာတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူး ချုပ်ရုံးသို့ သွားရောက်ခဲ့ရာ အာဆီယံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမင်းလွင်နှင့် မြန်မာဝန်ထမ်းများက ကြိုဆိုခဲ့ ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးရှိ စာကြည့်တိုက်၊ ပြခန်း များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ရုံးသစ်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ သတင်းစဉ်

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကျင်းပ




Image may contain: one or more people, people standing and text
နေပြည်တော် ဇူလိုင် ၂၉




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှေးဦး အရွယ် ကလေးသူငယ်သည် မွေးစမှ အသက် ရှစ်နှစ်အရွယ်အထိဖြစ်ပြီး အသက် ရှစ်နှစ် နောက်ပိုင်းတွင် ထိရောက်အောင်မြင်သောသင်ကြားမှု၊ သင်ယူမှုများအတွက် အဆင်သင့်ဖြစ်ရန် နည်းစနစ်မှန်ဖြင့် ပြုစုပျိုးထောင်ထားရမည့် အသက်အရွယ်ကာလ ဖြစ်ကြောင်း၊ အဆိုပါကာလသည် ဦးနှောက်ဖွံ့ဖြိုးမှု အားအကောင်းဆုံးအချိန်ဖြစ် ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး လုပ်ငန်းနှင့်အတူ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဤအသက်အရွယ် အတွင်း ခံစားရရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။
အားလုံးဝိုင်းဝန်းဆောင်ရွက်
ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ငန်းအားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှုနှင့် မိသားစုဝင်များပါသိရှိရန် လိုအပ် ကြောင်း၊ မူကြိုမှာ အစိုးရ၊ ပုဂ္ဂလိက၊ ကိုယ့်အားကိုယ်ကိုးမူကြိုဟူ၍ သုံးမျိုးရှိပါကြောင်း၊ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူကြိုကျောင်းတက်ရောက်ရန် ကျန်နေ သော ကလေးငယ်များ အများအပြားရှိသည့်အတွက် မူကြိုတက်ရောက်နိုင်ရေးကို အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုပါကြောင်း၊ လက်ရှိ နေ့ကလေးထိန်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို ကြီးကြပ်ရန် ဥပဒေအရ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၆ ခုနှစ်အထိ မူလတန်းကြိုကျောင်း ၉၉ ကျောင်းသာ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ၁၂၈ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ၁၀၂၅ ကျောင်းရှိ တာဝန်ခံနှင့် စာသင်ဆရာမများကို လစာနှင့် သင်ထောက်ကူပစ္စည်း ကြေးများ တစ်စိတ်တစ်ပိုင်း ထောက်ပံ့နိုင်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် နေ့ကလေးထိန်း မိခင်ဝိုင်း ၆၄၂ ဝိုင်းကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုင်းတာ စစ်ဆေးရန်အတွက် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေတိုင်းတာ စစ်ဆေး ပံ့ပိုးခြင်းဆိုသည့် ဝန်ဆောင်မှုလုပ်ငန်းကို တတ်ကျွမ်းနားလည်သည့် ပညာရှင်များ ပါဝင်သော ရှေ့ပြေးစီမံချက်အဖွဲ့ဖြင့် မြို့နယ် ခုနစ်မြို့နယ်မှ အသက် ငါးနှစ်အောက် ကလေးငယ်များနှင့် မိဘများကို အသိပညာပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ စနစ်တကျနည်းစနစ်မှန် ပြုစုစောင့်ရှောက်မှုဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းပါ တစ်ပြိုင်တည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မူကြိုများ၊ နေ့ကလေးထိန်းများ ဖွင့်လှစ်မည့်သူများသည် တည်ထောင်ခွင့်ပြုမိန့် လိုအပ်ပါကြောင်း၊ နေ့ကလေးထိန်းများ၊ မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်ရာတွင် အရည်အသွေးပြည့်မီရန်နှင့် ပြဋ္ဌာန်း ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီလည်း လိုက်နာရန်လိုအပ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို စနစ်တကျပြုစုပျိုးထောင်ခြင်းလုပ်ငန်းတွင် ကြုံတွေ့ ရသည့်အခက်အခဲများအပေါ် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က လက်ရှိဆောင်ရွက်နေသော ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်း ရှင်းလင်း တင်ပြသည်။
ဆွေးနွေး
ဆက်လက်၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအပေါ် တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်းဆိုင်ရာ အာဆီယံဒေသတွင်းအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




Image may contain: 1 person, crowd
နေပြည်တော် ဇူလိုင် ၂၉




ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန် တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင် ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်းဆိုင်ရာ အာဆီယံဒေသတွင်းအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ UNDP၊ အာဆီယံနိုင်ငံများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက အဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor က နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဆွေးနွေးပွဲ ပထမပိုင်း ကို ဆက်လက်ကျင်းပရာ Global Study of Intrinsic Motivation မှ Research Associate, Ms. Assel Mussagulova က နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်တွင် စိတ်အားထက်သန် တက်ကြွစွာ ဝန်ဆောင်မှုပေးခြင်းတွင် သီအိုရီနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက် ခြင်းမှ ထိုးထွင်းသိမြင်ခြင်းများ ခေါင်းစဉ် ဖြင့် လည်းကောင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)မှ ပြည်သှူဝန်ထမ်း အကယ်ဒမီ ကျောင်းအုပ် ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ နမ့်ခင်သင်းစုက မြန်မာနိုင်ငံရှိ ပြည်သှူ ကဏ္ဍ၌ နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အားထက်သန် တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် UNDP မှ Public Administration Expert, Mr. Christophoros Politis က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာ နိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှ အဖွဲ့ဝင် (စီးပွားရေးပညာရှင်) ဦးသုတအောင် က ဦးဆောင်၍ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင် စိတ်အား ထက်သန်တက်ကြွစွာ လှုံ့ဆော်မြှင့်တင် ပေးခြင်းနှင့် ပတ်သက်၍ အာဆီယံနိုင်ငံ များ၏ ထိရောက်ကောင်းမွန်သည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး ကြသည်။
စိတ်အားထက်သန်စွာ ဝန်ဆောင်မှုပေး
ယင်းနောက်UNDP မှ Human Resources Management System Expert, Dr. John Vong က နိုင်ငံ့ ဝန်ထမ်းများ စိတ်အားထက်သန်တက်ကြွ လာစေရေးအတွက် အားပေးထောက်ကူ သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်း နှင့် ခေတ်မီလှူစွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်တစ်ခုအား မိတ်ဆက် တင်ပြခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပြည်သှူဝန်ထမ်း အကယ်ဒမီ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မာမျိုးက အရည်အချင်းကို အခြေခံသော ဝန်ထမ်းရွေးချယ် ခန့်ထားမှု မှတစ်ဆင့် ပြည်သူများအား စိတ်အား ထက်သန်တက်ကြွစွာ ဝန်ဆောင်မှုပေး ခြင်းကို အားပေးမြှင့်တင်ခြင်းခေါင်းစဉ် ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် တက်ရောက်လာကြ သူများက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း ကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားကြပြီး UNDP မှ LEAP Project Manager, Ms. Valentina Bianchini က ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အနှစ်ချုပ်ပြန်လည်ဆွေးနွေး သည်။
အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၃၀ ရက်အထိ ဆက်လက်ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံ အာဆီယံလှူစွမ်းအား ဗဟိုဌာန၏ ပဓာနအာဘော်ဖြစ်သည့် ပြည်သှူဝန်ထမ်းများအား လုပ်ငန်းခွင် တွင် စိတ်အားထက်သန်တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့် တင်ပေးခြင်းကို လုပ်ငန်းစဉ်တစ်ခုအနေ ဖြင့် ACCSM WORK PLAN (2016-2020) အောက်တွင် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
ထို့အတူ သက်ဆိုင်ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အာဆီယံ လှူစွမ်းအား ဗဟိုဌာနများကို ခိုင်မာအားကောင်း စေရန် ACCSM WORK PLAN (2016-2020) အောက်တွင် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက် ရသဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း အခြားအာဆီယံနိုင်ငံများ နည်းတူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (အခြေခံပညာ အလယ်တန်း) ဆရာကိုင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ




Image may contain: 6 people, people standing
နေပြည်တော် ဇူလိုင် ၂၉




ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်(အခြေခံပညာအလယ်တန်း) ဆရာကိုင်စာအုပ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နိုင်သက်လွင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင် ကြည်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါ်မြတ် မြတ်စိုး၊ ဦးဟန်ညွန့်နှင့် ဒေါ်အေးအေးမူ၊ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ UNODC ရုံးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထား သူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ပြုပြင်ပြောင်းလဲမှုတစ်ရပ်
အခမ်းအနားတွင် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အသိပညာပေးခြင်း လုပ်ငန်းသည် အထိရောက်ဆုံး၊ အကျယ် ပြန့်ဆုံးနှင့် အကောင်းဆုံး ရေရှည် လုပ်ဆောင်ချက်ဖြစ်သောကြောင့် အဂတိ လိုက်စားမှုကို တိုက်ဖျက်ရာ၌ အခြေခံ ပညာမူလတန်းအဆင့် ကျောင်းသား ကျောင်းသူများမှစတင်၍ ဖြောင့်မတ် တည်ကြည်မှုကို မြှင့်တင်ပေးရန် လိုအပ် ပါကြောင်း၊ ၂၀၁၉ ခုနှစ် မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာတစ်ခုတွင် ''တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် အကြီးမားဆုံးသောအဟန့် အတားများအနေဖြင့် ပညာရေးနှင့် အခြား အခြေခံအဆောက်အအုံများ ချို့တဲ့မှုထက် အဂတိလိုက်စားမှု (သို့မဟုတ်) အကျင့်ဖောက်ပြန်မှုက ပို၍ဆိုးရွားစွာ ပျက်စီးစေသည်'' ဟု ဆိုပါကြောင်း၊ ယခုအခါ နိုင်ငံတော်သမ္မတ ၏ လမ်းညွှန်ချက်နှင့်အညီ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထိထိရောက်ရောက် ဆောင်ရွက်နေခြင်း သည် ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာ ကျင့်သုံးတတ်စေရန်၊ ခြိုးခြံချွေတာတတ် စေရန်၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်နိုင်သော အကျိုးဆက်များ၊ ကိုယ်ကျင့်တရား ပျက်ယွင်းရခြင်း၏ အကြောင်းရင်းများနှင့် အန္တရာယ်များကို သိရှိနားလည်ပြီး ပယ်ခွာတတ်စေရန်၊ နေ့စဉ်ဘ၀တွင် အကောင်းအဆိုး အကြောင်းအကျိုးကို မှန်ကန်စွာဝေဖန် ပိုင်းခြားနိုင်ပြီး ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ ကျင့်သုံးလာစေရန် လှူအဖွဲ့အစည်း အပေါ် မှန်ကန်ကောင်းမွန်သော အတွေး အမြင်များရရှိစေရန်နှင့် တန်ဖိုးထား အပ်သည့် စံနှုန်းများကို နိုင်ငံသူ နိုင်ငံသားများအတွင်း ပိုမိုဖြစ်ထွန်း လာစေရန် ပြုပြင်ပြောင်းလဲမှုတစ်ရပ်ကို ဖော်ဆောင်ပေးနေခြင်းဖြစ်ပါကြောင်း။
သင်ကြားလေ့ကျင့်ပေး
မြန်မာတစ်နိုင်ငံလုံးတွင် အဂတိ လိုက်စားမှုများ တစ်ပြိုင်နက်တိုက်ဖျက် နိုင်ရန် ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသောအစုအဖွဲ့များ ဖြစ်ပေါ် လာစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသကဲ့သို့ အဂတိလိုက်စားမှု ကာကွယ်တားဆီးရေးအဖွဲ့ (Corrupt-ion Prevention Unit-CPU) များကို ဝန်ကြီးဌာန ၁၈ ခုတို့တွင် CPU ၃၂ ဖွဲ့ ဖွဲ့စည်းပေးခဲ့ရာ ပညာရေးဝန်ကြီးဌာန အတွက်လည်း ဖွဲ့စည်းပေးထားပြီး ဖြစ်ကြောင်း၊ ကျောင်းနေစဉ်ကပင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးကို သင်ကြားလေ့ကျင့်ပေးမှသာလျှင် ၎င်းတို့ စိတ်ထဲတွင်စွဲမြဲလာပြီး ဘ၀တစ်လျှောက် လုံး မည်သည့်ကိစ္စမဆို ဖြောင့်မတ် တည်ကြည်မှုဖြင့် ဆောင်ရွက်သွားနိုင် သော အလေ့အကျင့်ကောင်းများ၊ အလေ့ အထကောင်းများ ရရှိသွားနိုင်မည်ဖြစ်ပြီး နောင်လာမည့်အနာဂတ်အတွက် နိုင်ငံ သားကောင်းများ၊ က္ဘာ့သားကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း စသည် ဖြင့် ပြောကြားသည်။
လူငယ်များမှ စတင်
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင် ကြည်က ဖြောင့်မတ်တည်ကြည်မှုအတွက် စာသင်ကျောင်းများတွင် သင်ယူလေ့လာ နိုင်ရန်လွယ်ကူမှု အခွင့်အရေးပေးလိုက် ခြင်းသည် အနာဂတ်မျိုးဆက်များကို အဂတိလိုက်စားမှုကင်းဝေးသွားစေရန် အခွင့်အာဏာ ပေးအပ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်ပါကြောင်း၊ စာသင် ကျောင်းများတွင် ဖြောင့်မတ်တည်ကြည်မှု ဆိုင်ရာ ဘာသာရပ်များကို လေ့လာ သင်ယူနိုင်ရန် အခွင့်အရေးမရှိခဲ့ခြင်းသည် ယနေ့ နိုင်ငံတစ်ဝန်းလုံး အဂတိလိုက်စား မှုများ ပျံ့နှံ့နေရသည့်အကြောင်းတရား တစ်ခုဖြစ်သည်ဟု ယူဆနိုင်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသော ယဉ် ကျေးမှုသည် လူငယ်တို့၏ ပညာရေး၊ စာသင်ကျောင်းများမှသာ စတင်ရမည် ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု သည် နိုင်ငံတော်၏ ကောင်းမွန်သော အနာဂတ်ကို ပုံသွန်းလောင်းနိုင်သကဲ့သို့ ဖြောင့်မတ်တည်ကြည်မှုကို ဖောက်ဖျက် ခြင်းသည် အကျင့်ဖောက်ပြန်မှု သို့မဟုတ် အဂတိလိုက်စားမှုဖြစ်သွားနိုင်သည်ကို လည်း သိရှိရန်လိုအပ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှု ထူထောင်ရာတွင် ကျောင်းသား ကျောင်းသူ လူငယ်များမှ စတင်ခြင်းဖြစ် သော်လည်း ပြည်သှူဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးယန္တရားနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ အရပ် ဘက်အဖွဲ့အစည်းများ၊ မီဒီယာများပါ မကျန် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ ပါဝင်လာ စေရန် အလေးထားအားထုတ်နေရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးထံ ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီ အစဉ် (အခြေခံပညာအလယ်တန်း) ဆရာကိုင်စာအုပ်များ ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ကော်မရှင်ဥက္ကဋ္ဌ ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
စာအုပ်များ ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုင်းဒေသ ကြီး၊ ပြည်နယ် ပညာရေးမှူးများအား ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် (အခြေခံပညာ အလယ်တန်း) ဆရာကိုင်စာအုပ်များ ပေးအပ်သည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် ကော်မရှင်ဥက္ကဋ္ဌတို့သည် အခမ်း အနားသို့ တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
စာအုပ် ၄၀၀၀၀ ပေးအပ်
အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပညာရေး ဝန်ကြီးဌာနသို့ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် (အခြေခံပညာအလယ်တန်း) ဆရာကိုင် စာအုပ် ၄၀၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပုဂံ-ညောင်ဦး လေဆိပ်နှင့် ပခုက္ကူလေဆိပ်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး




Image may contain: 4 people, people standing and indoor
နေပြည်တော် ဇူလိုင် ၂၉




ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်သည် ဇူလိုင် ၂၈ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး လေဆိပ်သို့ ရောက်ရှိလာရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူ များက ပုဂံ-ညောင်ဦးလေဆိပ်၏ လက်ရှိ လေယာဉ်ပြေးလမ်းနှင့် လေဆိပ် အဆောက်အအုံအခြေအနေ၊ လေယာဉ် များ အဆင်းအတက်နှင့် ခရီးသည် ဝင်^ထွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အောင်မြင်စွာသတ်မှတ်ခဲ့ပြီးဖြစ်သည့် အတွက် ဤဒေသသို့ နိုင်ငံတကာ ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင် ကြောင်း၊ အထူးသဖြင့် လာမည့်ခရီးသွား ရာသီတွင် ပုဂံသို့ လေယာဉ်ဖြင့် လာရောက်မည့် ခရီးသည်အရေအတွက် တိုးတက်များပြားလာနိုင်သဖြင့် လေဆိပ် ၏ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန် စွာဆောင်ရွက်နိုင်ရန် အစီအမံများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ လိုအပ်ပါက လေဆိပ်အဆောက်အအုံကို အကြီးစားမွမ်းမံပြင်ဆင်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ဝန်ဆောင်မှုကောင်းသော၊ သန့်ရှင်းသပ်ရပ်သော လေဆိပ်တစ်ခု ဖြစ်စေရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားပြီး လေဆိပ် အဆောက်အအုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အစီအမံများ ကြိုတင်ရေးဆွဲ
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး ပခုက္ကူလေဆိပ်သို့ရောက်ရှိပြီး လေယာဉ် ပြေးလမ်း၊ လေဆိပ်အဆောက်အအုံနှင့် လေယာဉ် အဆင်း/အတက် အသုံးပြု နိုင်မှုအခြေအနေများကို စစ်ဆေး ကြည့်ရှုရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။ ပြည်ထောင်စုဝန်ကြီးက ပုဂံ-ညောင်ဦးလေဆိပ်သည် ကာကွယ် ထိန်းသိမ်းထားသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်နှင့် နီးကပ်စွာတည်ရှိ နေ၍ ရေရှည်တွင် လေဆိပ်အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊ ပခုက္ကူလေဆိပ်မှာ ထပ်မံတိုးချဲ့နိုင်မည့် မြေဧရိယာ အလုံအလောက်ရှိသဖြင့် နောင်တွင် လေဆိပ်အား အဆင့် မြှင့်တင်နိုင်ရန်အစီအမံများ ကြိုတင် ရေးဆွဲထားရန်လိုအပ်ကြောင်း ပြောကြား သည်။
အလုပ်ကိုကြိုးစား
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ပခုက္ကူဘူတာသို့သွားရောက်၍ မြန်မာ့မီးရထားမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်သူ့ဝန်ထမ်းများဖြစ်၍ ပြည်သူကိုချိုသာစွာဆက်ဆံရန်၊ အလုပ် ကိုကြိုးစားကြရန်နှင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နေထိုင်ကြရန် မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ လေတပ်ဦးစီးချုပ်နှင့် တွေ့ဆုံ




Image may contain: 1 person, sitting
နေပြည်တော် ဇူလိုင် ၂၉




အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ အိန္ဒိယလေတပ် ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန South Block Lawn ၌ Air Chief Marshal Birender Singh Dhanoaက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် လေတပ် ဦးစီးချုပ်တို့သည် South Block ရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံပွဲတွင် အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များကော်မတီ ဥက္ကဋ္ဌက ချစ်ကြည်ရေးခရီးစဉ်လာရောက်လည်ပတ်မှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် ပြယုဂ်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်၏ စွမ်းရည်မြှင့်တင်ရေးတည်ဆောက်မှု ဆိုင်ရာများတွင် ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
စွမ်းရည်မြင့်မားမှုကိုပါ ဖော်ပြနေ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် မကြာသေးမီက အိန္ဒိယနိုင်ငံအနေဖြင့် လကိုစူးစမ်းလေ့လာမည့် ချန်ဒရာဒန် - ၂ အာကာသယာဉ်ကို ရှရီဟာရီကိုတာကျွန်းရှိ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ အောင်မြင်စွာလွှတ်တင် နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်းနှင့် ယခုကဲ့သို့ အောင်မြင်စွာလွှတ်တင်နိုင်မှုသည် အိန္ဒိယနိုင်ငံ၏ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်မှုအပြင် အိန္ဒိယလေတပ်၏ စွမ်းရည်မြင့်မားမှုကိုပါ ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ အိန္ဒိယတပ်မတော်မှ မြန်မာ့ တပ်မတော် စွမ်းရည်မြင့်မားရေးတည်ဆောက်မှုများတွင် ကူညီဆောင်ရွက်ပေးနေမှု များအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက အိန္ဒိယနိုင်ငံ၏ လုံခြုံရေး ဆိုင်ရာ သဘောထားအမြင်နှင့် Counter Insurgency and Jungle Warfare School သင်တန်းကျောင်းဆိုင်ရာတို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
နံနက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် India Gate ရှိ National War Memorial သို့ရောက်ရှိကြပြီး ဂုဏ်ပြုပန်းခွေချ အလေးပြုကာ National War Memorial အတွင်း ကြည့်ရှုလေ့လာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက အဂ္ဂရာမြို့ရှိ တာ့ဂ်ျမဟာ ဂူဗိမာန်(Taj Mahal)ကို လှည့်လည်ကြည့်ရှုလေ့လာ ကြသည်။
ဆက်လက်၍ တာ့ဂ်ျမဟာဂူဗိမာန်၏ အနောက်မြောက်ဘက် ၂ ဒသမ ၅ ကီလို မီတာအကွာရှိ အဂ္ဂရာခံတပ် (Agra Fort) သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဂ္ဂရာ လေတပ်စခန်း Air Force Station (Agra) သို့ ရောက်ရှိပြီးAir Force Station အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကာ အိန္ဒိယလေတပ်မှ လေထီး သင်တန်းသားများ၏ မြေပြင်လေထီးခုန်လေ့ကျင့်ခန်း လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု၍ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အိန္ဒိယ တပ်မတော်အထူးလေယာဉ်ဖြင့် အဂ္ဂရာမြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာကြသည်။
တွေ့ဆုံအမှာစကားပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇူလိုင် ၂၈ ရက် ညနေပိုင်းက နယူးဒေလီ မြို့ရှိ မြန်မာသံရုံးနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာစစ်သံရုံးတို့မှ မိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများအား မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
လက်ဆောင်ပစ္စည်းများ ပေးအပ်
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများ နှင့် ပညာတော်သင် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများအားပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားအရာရှိများက လက်ခံရယူ ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံး မိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

ယောနိသော မနသီကာရ နှလုံးသွင်း

Image may contain: text

မျက်မှောက်ကာလ အဖြစ်အပျက်တို့ကို လေးနက်စွာစဉ်းစားကြည့်သော အခါ များစွာသော လူသတ္တဝါတို့၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ သွေ့ခြောက်သကဲ့သို့ ထင်ရသည်။ လောဘ၊ ဒေါသ၊ မောဟတရားများ ကြီးထွားလာမှုကြောင့် လူအချင်းချင်း လှည့်ဖြားခြင်း၊ လူအချင်းချင်း နှိပ်စက်ခြင်းသာမက လူအချင်းချင်း သတ်ဖြတ်ခြင်းအထိပင် ကျူးလွန်လာကြ၏။
ထိုသူတို့၏ ခြောက်သွေ့သော အပူဓာတ်သည် လူကောင်း၊ သူကောင်းတို့၌ပင် အပူဟပ်၍ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြရ၏။ ထိုအပူ ဓာတ်သည် တစ်ယောက်နှင့်တစ်ယောက် မညှာတာနိုင်အောင်ဖြစ်သော လောဘ၊ ဒေါသ၊ မာန်မာနနှင့် ဣဿာ၊ မစ္ဆရိ စသည်တို့ကြောင့် ဖြစ်ရ၏။ ထိုအပူဓာတ်သည် ယခုဘ၀တွင်သာ ခြောက်ကပ်စေသည်မဟုတ်၊ သံသရာတစ်လျှောက်သာမက နောက်နောင်ဘ၀၌လည်း ခြောက်ကပ်စေ လိမ့်မည်ကို သတိချပ်သင့်၏။
ထို့ကြောင့် ထိုအပူဓာတ်တို့ကို နောင်တတစ်ဖန်ပူပန်လျက် ယခုဘ၀ ၌ပင် စွမ်းနိုင်သမျှ ငြှိမ်းသတ်လျက် မြင့်မြတ်သောစိတ်ထားများကို မွေးမြူကာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တည်းဟူသော ဗြဟ္မစိုရ်အအေး ဓာတ်ကို မပြတ်စိမ့်စိုအောင် ကြိုးစားအားထုတ်သင့်ကြပေသည်။ ဆိုလို ရင်းမှာ ပုထုဇဉ်ဟူသော လူသားတို့သည် အမှားနှင့် မကင်းနိုင်သူချည်းဖြစ်၍ မိမိတို့အမှားကို ဆင်ခြင်သုံးသပ်ကာ ယခုမှစ၍ မိမိတို့၏ အတွင်းစိတ်ကို အမြဲကောင်းမွန်အောင် ပြုပြင်ခြင်းဖြင့် နောက်နောင် အကောင်းချည်း ဖြစ်အောင် အားထုတ်သင့်ပေသည်။
မိမိတို့စိတ်ကို အကောင်းချည်းဖြစ်အောင် မည်သို့အားထုတ်မည် နည်းဆိုပါမူ ယောနိသောရှိမှသာ စိတ်နှလုံးကောင်း ရရှိကြမည်ဖြစ်သည်။ တွေ့ရာကြုံရာကိစ္စတို့၌ သင့်လျော်အောင် နှလုံးသွင်းလေ့ရှိမှုကို "ယောနိ သော မနသီကာရ" ဟုခေါ်ပါသည်။ ယခုကာလအဖို့ မနသီကာရကို ဖြုတ်၍ "ယောနိသော"ကို နှလုံးသွင်းရမည်ဖြစ်သည်။ ထိုကဲ့သို့ သင့်လျော်အောင် နှလုံးသွင်းမှု (ယောနိသော) ရှိလျှင် အကုသိုလ်စိတ် (မကောင်းစိတ်)မဖြစ်ဘဲ စိတ်ကောင်းချည်းဖြစ်မည်။ ယောနိသော မရှိလျှင် စိတ်ကောင်းဖြစ်လောက်သော အရာရာကိစ္စများ၌ပင် စိတ်မကောင်းဖြစ်နေတတ်သည်။ ထို့ကြောင့် များထိုလူတို့ စိတ်ကောင်း ဖြစ်ဖို့ရာ "ယောနိသော" သာလျှင် အရေးအကြီးဆုံးဖြစ်သည်။
ယောနိသော ရှိခြင်း၊ မရှိခြင်းတို့၏ အရင်းခံအကြောင်းများကား စာကောင်းပေကောင်းများ ဖတ်ရှုခြင်း၊ မဖတ်ရှုခြင်း၊ ပညာရှိတို့ထံတွင် နည်းနာခံခြင်း၊ နည်းနာမခံခြင်း အကြောင်းသည် အဓိကအချက်ဖြစ်သည်။ စာကောင်းပေကောင်းတို့ကို ဖတ်ရှုလေ့ရှိသူ၊ ပညာရှိသူတော်ကောင်း တို့ထံ နည်းနာခံလေ့ရှိသူ (ပညာရှိသူတော်ကောင်းတို့နှင့် ပေါင်းလေ့ရှိသူ) ဖြစ်လျှင် အကြားအမြင် ဗဟုသုတတိုးပွား၏။ အကြားအမြင် ဗဟုသုတ တိုးပွားသူမှာ "ငါ၏ စိတ်သန္တာန်၌ အမြဲစိတ်ကောင်းဖြစ်စေမည်" ဟု ခံယူထားလျှင် တွေ့ရာကြုံရာ အာရုံများ၌ ယောနိသောရှိမည်။
သို့ဖြစ်ရာ တွေ့ရာကြုံရာကိစ္စတို့တွင် ယောနိသောရှိပြီး သင့်လျော် အောင် နှလုံးသွင်းကာ အရာရာ၌ ဗြဟ္မစိုရ်တရား လက်ကိုင်ထားလျက် ကြီးမားသော စိတ်ကောင်းရှိသူဖြစ်စေလိုပါကြောင်း။ ။

ကျောက်တန်းမြို့နယ်ရှိ ချောင်းကူးတံတားအမြန်ပြုပြင်ပေးစေလို



Image may contain: plant, tree and outdoor
ထင်သာမြင်သာပြုပြင်စရာ



ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ချောင်း၀စံပြကျေးရွာမှ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများနှင့် ကျောင်းသူ ကျောင်းသားများသည် ကျောက်တန်းမြို့ မှ ရန်ကုန်မြို့သို့ နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကျေးရွာအဝင်ရိုးချောင်းကူး တံတားမှာ ပျက်စီးနေ၍ မော်တော်ယာဉ်များသွားလာရန် အခက်အခဲဖြစ်နေရသည်။
အဆိုပါ တံတားပျက်ကို ဒေသခံပြည်သူများက အုန်းတုံး များဖြင့် အစားထိုး ထောက်ခုပြုပြင်၍ သွားလာနေကြရသဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး ပြင်ဆင်ပေးရန် ပြည်သူများက မျှော်လင့်လျက်ရှိသည်။
၀၂၀

မဖြစ်မီကပင် ဆင်ခြင်ကာကွယ်ပါ အသည်းရောင်အသားဝါ(ဘီ)နှင့် (စီ)ရောဂါ



မြန်မာ့အလင်းအယ်ဒီတာအာဘော် 



စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံတွင်အသည်းရောင်အသားဝါ (ဘီ)နှင့် (စီ)ရောဂါတို့ ဖြစ်ပွားမှုမြင့်တက်လျက်ရှိသည်ဟု သိရသည်။ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာအသည်းဖောင်ဒေးရှင်းတို့ ဦးစီး ကောက်ယူခဲ့သော အဆိုပါစစ်တမ်းတွင် လူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်း မှာ အသည်းရောင်အသားဝါ(ဘီ)ရောဂါဖြစ်ပွားနေပြီး လူဦးရေ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းမှာ အသည်းရောင်အသားဝါ(စီ)ရောဂါ ဖြစ်ပွားနေ သည်ဟုဆိုထားသည်။ အဆိုပါ စစ်တမ်းကို၂၀၁၅ ခုနှစ်အတွင်းကကောက်ယူ ခဲ့ခြင်းဖြစ်သည့်အတွက် ကိန်းဂဏန်းများမှာ လေးနှစ်တာကာလအတွင်း ပြောင်းလဲမှုများ ရှိနေလိမ့်ဦးမည်။
အသည်းရောင်ရောဂါဖြစ်ပွားသူများ၏ ၁၀ ဦးတွင် တစ်ဦးခန့်သည် ရောဂါဖြစ်ပွားနေကြသည်ကို မသိရှိကြသဖြင့် ကုသမှုများကို အချိန်မီမခံယူ နိုင်ကြသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့အသည်းရောင်အသားဝါရောဂါ တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။ အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးတို့က ရောဂါလက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ ငုပ်လျှိုးနေနိုင်သည်။ ဘီပိုးကနှစ်ပေါင်းများစွာကြာပြီးမှ ရောဂါဖြစ်လာ နိုင်သည်။ စီပိုးသည် ၅ နှစ် - ၁၀ နှစ်မှ ၁၅ နှစ် - နှစ် ၂၀ အတွင်း အသည်း ခြောက်ရောဂါဖြစ်လာနိုင်သည်ဟု ဆိုသည်။ အသည်းခြောက်ရောဂါမှ တစ်ဆင့် အသည်းကင်ဆာဖြစ်လာနိုင်ခြင်းကြောင့် အသည်းမခြောက်မီ ကုသနိုင်ကြဖို့ လိုသည်။ ဘီပိုးက ကာကွယ်ဆေးရှိသည်။ ကုသရန်အတွက်မူ အောင်မြင်မှုကောင်းကောင်းမရသေး။ စီပိုးကမူ ကာကွယ်ဆေးမရှိ။ သို့ရာတွင် အောင်မြင်စွာကုသနိုင်ပြီဟု မှတ်သားရဖူးသည်။
အသည်းရောင်အသားဝါ(ဘီ)နှင့်(စီ)တို့ ဖြစ်ပွားမှုမြင့်တက်ရခြင်းမှာ ကူးစက်ရသည့်နည်းလမ်းကို သတိမပြုကြခြင်းတို့ကြောင့် ဖြစ်မည်ဟု ယူဆမိသည်။ ရောဂါပိုးသည်သွေး၊ ခန္ဓာကိုယ်မှထွက်သောအရည်များ၊ တံတွေးများတွင်ပါဝင်ပြီး ယင်းတို့မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည့်အတွက် ရောဂါပိုးရှိသော မိခင်မှမွေးဖွားသည့်ကလေးသို့လည်းကောင်း၊ ရောဂါပိုး ပါဝင်သည့်သွေး၊ အရည်တို့ကို ထိတွေ့ကိုင်တွယ်မိခြင်းကြောင့် လည်း ကောင်း၊ ရောဂါပိုးပါနေသည့်ဆေးထိုးအပ်၊ သွေးဖောက်အပ်၊ နားဖောက် အပ်၊ ဆေးမင်ကြောင်အပ်နှင့်အပ်စိုက်ကုသည့်အပ်တို့မှလည်းကောင်း၊ ရောဂါပိုးပါသော ကိုယ်ခန္ဓာအစိတ်အပိုင်း၊ သွေးတို့ကိုအစားထိုးကုသမိ ခြင်းမှလည်းကောင်း၊ ရောဂါရှိသူနှင့် လိင်ဆက်ဆံမိခြင်းမှလည်းကောင်း ကူးစက်ခြင်းဖြစ်သည့်အတွက် ယင်းအပြုအမူများကို ဂရုတစိုက်ပြုလုပ် ကြရမည်ဖြစ်သည်။ မလိုအပ်ဘဲဆေးထိုးခြင်းကို ရှောင်ကြဉ်သင့်ပြီး တစ်ခါသုံးအပ်များကိုသာသုံးစွဲရန်၊ လက်သန့်ရှင်းရေးနှင့်တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုရန်၊ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓားတို့ကိုမျှဝေ သုံးစွဲမှုမပြုရန်တို့ကို အသည်းရောင်(ဘီ)ပိုး၊ (စီ)ပိုးကူးစက်မှုကာကွယ်ရန် နည်းလမ်းများအဖြစ် ဂရုပြုကြရမည်ဖြစ်သည်။
ဘီပိုးသည်ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်နိုင်သည့်အလျောက် ကြိုတင်ကာကွယ်ဆေး(၃)ကြိမ်ထိုးပြီး ကာကွယ်ထားနိုင်သည်။ မွေးဖွားပြီး ကလေးကို ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကာကွယ် နိုင်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ တိုးချဲ့ကာကွယ်ဆေး လုပ်ငန်းက ကလေးငယ်များအတွက် အသည်းရောင်(ဘီ)ရောဂါကာကွယ် ဆေးများကို မွေးကင်းစ၊ အသက်(၂)လ၊ အသက်(၄)လ၊ အသက်(၆)လတို့တွင် အခမဲ့ထိုးနှံပေးလျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသ ကြီး၊ မ္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ရှိဆေးရုံကြီး(၇)ရုံ၊ ၂၀၁၈ ခုနှစ်တွင် မြစ်ကြီးနားနှင့် မော်လမြိုင်ရှိဆေးရုံကြီးများ၌ အသည်းရောင် အသားဝါ(စီ)ကုသမှုဌာနများဖွင့်လှစ်၍ အခမဲ့ကုသပေးလျက်ရှိရာ ယခုနှစ်မေလအထိ စီပိုးဝေဒနာရှင် ၅၀၀၀ ခန့်ကို ကုသပေးနိုင်ခဲ့ကြောင်း၊ လာမည့်ဩဂုတ်နှင့် စက်တင်ဘာလတို့တွင် စီပိုးကုသမှုဌာနများထပ်မံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့အသည်းဖောင်ဒေးရှင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အသင်းခွဲ ၂၃ ခုဖြင့် အသည်းရောင်ရောဂါ(ဘီ)နှင့် (စီ)ရှိမရှိစစ်ဆေးခြင်း၊ (ဘီ)ပိုး ကာကွယ်ဆေးထိုးနှံခြင်း၊ (စီ)ပိုးရောဂါဖြစ်ပွားသူများကုသခြင်းများ ဆောင်ရွက်နေခြင်းတို့မှာ အားတက်ဖွယ်ရာ သတင်းကောင်းများပင် ဖြစ်သည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက်အရင်းခံကျသည့်အလျောက် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိတို့ဖြင့် မိမိတို့၏ အပြုအမူအနေထိုင် များကို ဆင်ခြင်ကာကွယ်နေထိုင်နိုင်ကြဖို့ကိုသာ တိုက်တွန်းနှိုးဆော်လို သည်။ မိမိတို့၏ကျန်းမာရေးကို မိမိကိုယ်တိုင်ဂရုစိုက်ခြင်းဖြင့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်နေသော အသည်းရောင်အသားဝါ တိုက်ဖျက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြစေလိုပါကြောင်း။ ။

Monday, July 29, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး မင်းဘူး၊ စလင်းမြို့နယ်များရှိ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ကူညီ





Image may contain: 10 people, people standing, wedding and outdoor
နေပြည်တော် ဇူလိုင် ၂၈ 




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း ဧရာ၀တီမြစ်ရေ မြင့်တက်မှုကြောင့် ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့ခဲ့ရသည့် ပြည်သူများကို ဖောင်းလင်းကျေးရွာရှိ ရှင်ပင်ရွှေစောလူးဓမ္မာရုံ တွင် တွေ့ဆုံအားပေးစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် ကျေးရွာအုပ်စု ခုနစ်စုမှ အိမ်ခြေ ၄၇၁ လုံးအတွက် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ်ကျပ် ၂၉၀၆၄၀၀၊ ရှင်ပင်ရွှေစောလူး စေတီတော်မြတ် ကုန်းတော်မြေထိန်းနံရံ ပြုလုပ်ရန်အတွက် အလှူတော်ငွေကျပ်ကျပ် ၆၄ သိန်းတို့ကို ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကလေးသူငယ်များအား အာဟာရမုန့်များနှင့် ကစားစရာအရုပ် များကို ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့တွင် တည်ဆောက်လျက်ရှိသော ရွှေကျွန်း ဆည်းဆာ အဘိုးအဘွားစောင့်ရှောက် ရေးဂေဟာ ဆောက်လုပ်ရာနေရာသို့ ရောက်ရှိကြရာ ဂေဟာစတင်တည်ထောင် သူ ဒေါက်တာကျော်ထက်အောင်နှင့် တာဝန်ရှိသူများက ဂေဟာဖြစ်ပေါ်လာပုံ နှင့် ဂေဟာဆောက်လုပ်ဆဲအခြေအနေ များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့က လိုအပ်ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ဂေဟာ အတွက် ရန်ပုံငွေကျပ်ကျပ် ၁၀ သိန်း ပေးအပ် ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မင်းဘူးမြို့ အောက်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ထုံးမကြီး ကျေးရွာမှ ရေဘေးအန္တရာယ်ကြောင့် ခေတ္တခိုလှုံနေသော ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြား ပြီး လတ်တလောစားသုံးရန် ရိက္ခာဖိုးငွေကျပ်ကျပ် ၂၁၄၂၀၀၊ ကလေးငယ် များအတွက် စားစရာအာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်

ကျောင်းပြင်ပ ပညာရေး အရောက်သင် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေး မိတ်ဆက်အစီအစဉ် အခမ်းအနားကျင်းပ




ရန်ကုန် ဇူလိုင် ၂၈






ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်တို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်း ပြင်ပပညာရေး အရောက်သင် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားရေး မိတ်ဆက်အစီအစဉ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) ရန်ကုန် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ သိမ်ကျောင်းဝန်ထမ်းအိမ်ရာ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ပညာ သင်ယူခြင်းကိုသာ အားပေးလိုကြောင်း နှင့် ကျောင်းမထွက်ကြစေလိုကြောင်း၊ ကျောင်းသုံးဖတ်စာအုပ် များကို စနစ်တကျအသုံးပြုကြ၍ Grade-3 တက်ရောက် ပြီးပါက စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်ရန် အရေးကြီး ကြောင်း၊ ကျောင်းသား ကျောင်းသူကလေးငယ်များအနေဖြင့် အိမ်စာမှန်မှန်လုပ်ရန်လိုအပ်ပြီး လိမ်လိမ်မာမာနှင့် မိဘကို ကူညီကြရမည်ဖြစ်ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီ ရိုင်းပင်းကြရမည်ဖြစ်သဖြင့် မိမိတို့၏အလုပ်ကို အကောင်းဆုံး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူလတန်းပညာသင်ယူ ပြီးမြောက်ပါက အလယ်တန်းပညာ ဆက်လက်သင်ယူရမည် ဖြစ်၍ အလယ်တန်းပညာသင်ယူပြီးမြောက်ပါက အထက်တန်း ပညာ ဆက်လက်သင်ယူရမည်ဖြစ်ပါကြောင်း၊ အထက်တန်း ပညာ သင်ယူပြီးမြောက်ပါက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို ဆက်လက်လေ့ကျင့်ကာ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သှူလွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင် က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အလှူရှင်များက ပံ့ပိုးပေးသည့် ကျောပိုးလွယ်အိတ်များ၊ ဗလာ စာအုပ်များနှင့်ခဲတံများကို ကျောင်းသား ကျောင်းသူများအား ပေးအပ်ခဲ့ကြသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ သိမ်ကျောင်းဝန်ထမ်းအိမ်ရာ၌ အိမ်ထောင်စု ၉၀ ခန့် နေထိုင် ကြပြီး KG တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြား နေသော ကျောင်းသား ကျောင်းသူစုစုပေါင်း ၉၅ ဦးရှိကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း)၌ ဆောက်လုပ်လျက်ရှိသည့် စက်မှုလက်မှုသိပ္ပံ ကျောင်းများ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းခွင်လုံခြုံမှုရှိရေးနှင့် အရည်အသွေးကောင်းမွန်ရေး၊ အချိန်မီတည်ဆောက်ပြီးစီးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုမည့် သက်မွေး ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေးစသည်တို့အား မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

(၂၀၁၉) ခုနှစ် ကမ္ဘာ့ အသည်းရောင် အသားဝါရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ




ရန်ကုန် ဇူလိုင် ၂၈



(၂၀၁၉) ခုနှစ် ကမ္ဘာ့ အသည်းရောင် အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ (World Hepatitis Day) အထိမ်း အမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် သူနာပြုတက္ကသိုလ် ရန်ကုန်၌ ကျင်းပသည်။
ဂရုပြုမှုရှိလာစေရန်
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အသည်း ရောင် အသားဝါရောဂါဗိုင်းရပ်စ်ပိုးများ ကြောင့် ဖြစ်ပွားသည့် အသည်းရောင် အသားဝါရောဂါများနှင့် ပတ်သက်၍ ပြည်သူများပိုမိုသိရှိ ဂရုပြုမှုရှိလာစေရန် ရည်သန်၍ ကျင်းပသည့် ''ကမ္ဘာ့အသည်းရောင် အသားဝါရောဂါတိုက်ဖျက် ရေးနေ့''ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊ ဝန်ကြီးဌာနသည် World Hepatitis Alliance အဖွဲ့နှင့် ပူးပေါင်း၍ ''အသည်းရောင်ရောဂါ ကင်းဝေးရေး၊ ဝိုင်းဝန်းရှာဖွေ စစ်ဆေးပေး (Finding the missing millions)'' ဆောင်ပုဒ် ဖြင့် အသည်းရောင် အသားဝါရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပေး နှိုးဆော်မှု၊ ကျန်းမာရေးအသိပညာ မြှင့်တင်မှု၊ ရောဂါစစ်ဆေးမှု၊ ရောဂါ ကာကွယ်မှုနှင့် ကုသမှုလုပ်ငန်းများကို လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်ဆောင် ရွက်ခဲ့ပြီး ယခုနှစ်ဆောင်ပုဒ်ဖြစ်သော ''အသည်းရောင်ရောဂါ ကင်းဝေးဖို့ ရင်းနှီးမြှုပ်နှံဆောင်ရွက်စို့ (Invest in Eliminating Hepatitis) နှင့်အညီ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
အသည်းရောင်အသားဝါ (စီ) ရောဂါ ကုသလမ်းညွှန် (Simplified Treatment Guidelines for Hepa-titis C Infection (2017))နှင့် အသည်းရောင်အသားဝါ (ဘီ) ရောဂါ ကုသရေးလမ်းညွှန် (Simplified Treatment Guidelines for Hepa-titis B Infection (2019)) အပါအဝင် လမ်းòန်များ ရေးဆွဲပြုစုခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ဝေသည့် လမ်းညွှန်များနှင့် အမြဲကိုက်ညီမှု ရှိစေရေး အတွက် မွမ်းမံမှုများပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ်တွင် ပြည်သှူကျန်းမာရေးဦးစီးဌာန၊ ဆေး သုတေသနဦးစီးဌာနနှင့် မြန်မာအသည်း ဖောင်ဒေးရှင်းတို့ ဦးစီးကောက်ယူခဲ့သော စစ်တမ်းတွေ့ရှိချက်များအရ အသည်း ရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါ ဖြစ်ပွားမှုမှာ မြင့်တက်လျက်ရှိပြီး လူဦးရေ ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းမှာ အသည်း ရောင်အသားဝါ (ဘီ) ရောဂါနှင့် လူဦးရေ ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းမှာ အသည်း ရောင်အသားဝါ (စီ) ရောဂါဖြစ်ပွားလျက် ရှိသည်ကို တွေ့ရှိရကြောင်း။
အခမဲ့ထိုးနှံပေးလျက်ရှိ
ရောဂါဖြစ်ပွားသူများ၏ ၁၀ ဦးတွင် တစ်ဦးခန့်သည် ရောဂါဖြစ်ပွားနေသည် ကို မသိရှိကြသဖြင့် ကုသမှုများကို အချိန်မီ မခံယူနိုင်ကြသည်ကို တွေ့ရှိရပါ ကြောင်း၊ ဝန်ကြီးဌာနရှိ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းမှ ကလေးငယ်များ အတွက် အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများကို မွေးကင်းစ၊ အသက် (၂) လ၊ အသက် (၄)လနှင့် အသက် (၆) လ အရွယ်တို့တွင် အခမဲ့ ထိုးနှံပေးလျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ် တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် နေပြည်တော်တို့ရှိ ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံ၌ လည်း ကောင်း၊ ၂၀၁၈ ခုနှစ်တွင် မြစ်ကြီးနားနှင့် မော်လမြိုင်မြို့ ပြည်သူ့ ဆေးရုံကြီးများ၌ လည်းကောင်း အသည်း ရောင်အသားဝါ (စီ) ကုသမှုဌာနများ ဖွင့်လှစ်၍ အသည်း ရောင် အသားဝါ (စီ) ရောဂါလူနာများကို အခမဲ့ကုသမှုပေးလျက်ရှိကြောင်း။
ထိုသို့ ကုသမှုပေးခဲ့ရာတွင် ၂၀၁၉ ခုနှစ် မေလအထိ အသည်းရောင် အသားဝါရောဂါ (စီ) ပိုးဝေဒနာရှင် ၅၀၀၀ ခန့်ကို ဆေးဝါးကုသမှုပေးနိုင်ခဲ့ ကြောင်း၊ ၂၀၁၉ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင်လည်း အသည်း ရောင် အသားဝါ (စီ) ကုသမှုဌာနများ ထပ်မံဖွင့်လှစ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာအသည်း ဖောင် ဒေးရှင်းအနေဖြင့်လည်း ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အသင်းခွဲ ၂၃ ခုဖြင့် အသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ အသည်း ရောင်အသားဝါ (ဘီ) ကာကွယ်ဆေးထိုးနှံ ပေးခြင်း၊ အသည်းရောင် အသားဝါ (ဘီ) နှင့် (စီ) ရောဂါဖြစ်ပွားသူများကို ကုသမှု ပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း။
ဆက်လက်ဆောင်ရွက်
၂၀၃၀ ပြည့်နှစ်တွင် ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ပွားသော အသည်းရောင် အသားဝါရောဂါများဖြစ်ပွားမှု လျော့နည်း ကင်းစင်ကာ ပြည်သှူကျန်းမာရေး ခြိမ်းခြောက်မှုအဖြစ်မှ ဖယ်ရှားနိုင်စေရေး အတွက် စုစည်းဝိုင်းဝန်း၍ အရှိန်အဟုန် ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် နှင့် သက်ဆိုင်သူအားလုံးက မိမိ ကိုယ်တိုင် အသည်းရောင်အသားဝါ ရောဂါ ဖြစ်ပွားနေရသကဲသို့ ကြည့်ရှု ခံစားပြီးလည်း အသည်းရောင် အသားဝါ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာအသည်း ဖောင် ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Dr. Stephen Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ World Hepatitis Alliance President Mr. Micheal-Nimberg ၏ သဝဏ်လွှာကို မြန်မာ အသည်းဖောင်ဒေးရှင်း အလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ စည်သူရ က ဖတ်ကြားသည်။
ထို့နောက် မြန်မာအသည်း ဖောင် ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်ညွန့်က ဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ နည်းပညာ ဆိုင်ရာ အကြံပေးဆိုင်ရာ အဖွဲ့ ခေါင်းဆောင် အသည်းအထူးကု ဆရာဝန် ကြီး ပါမောက္ခဒေါက်တာ ဝင်းနိုင်က ''အသည်းကင်ဆာရောဂါ သိကောင်း စရာ'' ခေါင်းစဉ်ဖြင့် ကျန်းမာရေး အသိ ပညာပေး ဟောပြောသည်။
၂၂၃ ဦးအား ထိုးနှံ
အဆိုပါ အခမ်းအနားတွင် အသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးလိုသူ ၂၂၇ ဦးအား စစ်ဆေးပေးခဲ့ပြီး၊ အသည်း ရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးနှံလိုသူ ၂၂၃ ဦးအား ထိုးနှံပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယမန်နေ့ ညပိုင်းတွင် နိုင်ငံ ၁၆၅ နိုင်ငံ၌ အသင်းခွဲပေါင်း ၃၃၀၀၀ ကျော်နှင့် အသင်းဝင် ၁ ဒသမ ၂ သန်း ခန့်ရှိ၍ ပိုလီယိုရောဂါ တိုက်ဖျက်ရေး အပါအဝင် လူမှုရေးကဏ္ဍများ၊ ကျန်းမာ ရေးကဏ္ဍများ၌ အဓိကအလှူရှင် အဖွဲ့ အစည်းဖြစ်သည့် Rotary Interna-tional၏ အဖွဲ့ခွဲဖြစ်သော Rotary Club of Yangon, Rotary Club of Central Yangon နှင့် Rotary Club of Greater Yangon တို့မှ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော Officers Installation Ceremony (2018-2019) တွင် Guest of Honor အဖြစ် တက်ရောက်၍ အမှာစကားပြောကြား သည်။
တက်ရောက်
အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးများ၊ သံအမတ်ကြီး များ၊ ကမ္ဘာ့နိုင်ငံများမှRotary အဖွဲ့ အကြီးအကဲများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး




Image may contain: 2 people, indoor
နေပြည်တော် ဇူလိုင် ၂၈ 




တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်၊ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီးMr. Zhao Kezhi ၏ ဖိတ်ကြားချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့သည် ဇူလိုင် ၂၃ ရက် မှ ၂၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၄ ရက်က ပေကျင်းမြို့ ပြည်သူ့ရေးရာ လုံခြုံရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးဌာနကြီးမှူး၊ ပြည်သူ့ရေးရာ လုံခြုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးMr.XuGan Lu နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံခေါင်းဆောင် များအကြား သဘောတူညီချက်အရ ဝန်ထမ်းများအား နှစ်စဉ်သင်တန်းပေး ခြင်း၊ နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် ဝင်/ထွက်မှုများ ထိန်းချုပ်နိုင်ရေး၊ တရားမဝင် ဝင်ရောက်သည့် နှစ်ဖက်နိုင်ငံ သားများအား စိစစ်လွှဲပြောင်းလက်ခံရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းကျူးလွန်သူများ ၏ ကိုယ်ရေးအချက်အလက်များ ဖလှယ် နိုင်ရေး၊ သတင်းအချက်အလက် နည်းပညာဖြင့် ပြစ်မှုကျူးလွန်သူများ အား နှစ်နိုင်ငံပူးပေါင်းဖော်ထုတ်နိုင်ရေး၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး တရား မဝင် သယ်ဆောင်ခြင်းနှင့် တရားမဝင် လက်နက်မှောင်ခိုရောင်းဝယ်မှုများတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။
ညှိနှိုင်းဆွေးနွေး
ပြည်ထောင်စုဝန်ကြီးသည် ညနေ ၅ နာရီခွဲတွင် နိုင်ငံတော်ကောင်စီဝင်၊တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီးMr. Zhao Kezhi နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် ဝင်/ ထွက်မှုများ ထိန်းချုပ်နိုင်ရေး၊ တရားမဝင် ဝင်ရောက်သည့် နှစ်ဖက် နိုင်ငံသားများအား စိစစ်လက်ခံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ သတင်း အချက်အလက်နည်းပညာဖြင့် ပြစ်မှု ကျူးလွန်ခြင်း၊ လူကုန်ကူးမှုနှင့် လက်နက် မှောင်ခို ရောင်းဝယ်မှုများတွင် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၅ ရက်တွင် ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့ ပြည်သှူလုံခြုံရေးဌာန ဌာန ကြီးမှူး Mr. Zhao Haishan အား သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။
ရှင်းလင်းတင်ပြ
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၆ ရက်တွင် ကွမ်တုန်းပြည်နယ် ပြည်သူ့ လုံခြုံရေး ဌာနကွပ်ကဲမှု ဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ရာ Mr. Zhao Haishan နှင့် တာဝန်ရှိသူများကArtificial Intelligence နည်းပညာ အသုံးပြု၍ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ထိန်းချုပ်မှုစနစ်၊ ပြစ်မှုကျူးလွန် သူများအား စောင့်ကြည့်ထိန်းချုပ် ရေးစနစ်၊ ကွန်ရက် တည်ဆောက်ထားရှိ မှုများ၊ မြေပြင်မှရရှိသည့် သတင်း အချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ ပေးပို့ဖလှယ်သည့်စနစ်များ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။
စီစဉ်ဆောင်ရွက်
ယင်းနောက် ကွမ်တုန်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့ လုံခြုံရေး ပြည်နယ်ဦးစီးဌာနမှူးMr. Li Chunsheng နှင့် တွေ့ဆုံရာ ၎င်းမှ ကွမ်တုန်းပြည်နယ်သည် မြန်မာနိုင်ငံနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်ပ၌ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးအရေးယူမှု တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီချက် အရ ကွမ်တုန်းပြည်နယ်သည် မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိ ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရန် အတွက် သင်တန်းများ ဖွင့်လှစ်လေ့ကျင့် ပေးနိုင်ရေးကိုလည်း တရုတ်နိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဇူလိုင် ၂၇ ရက်တွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မွန်ဒရာမြို့ရှိ Adani Ports and Logistics နှင့် SEZ & Solar Panel manufacturing unit သို့ သွားရောက်လေ့လာ




Image may contain: 7 people, people standing and wedding
နေပြည်တော် ဇူလိုင် ၂၈ 





အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် အိန္ဒိယတပ်မတော် အထူးလေယာဉ်ဖြင့် မွန်ဒရာမြို့သို့ ရောက်ရှိ ကြရာ အိန္ဒိယရေတပ်မှ Rear Admiral Sanjay Roye နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် မွန်ဒရာဆိပ်ကမ်းရှိ Adani Ports and Logistics သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။ ယင်းနောက် စက်ရုံများ အတွင်း ဘေးအ္တရာယ်လုံခြုံစိတ်ချမှုရှိစေရေးအတွက် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရေနက်ဆိပ်ကမ်း တစ်လျှောက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုလေ့လာကြသည်။
အဆိုပါ Adani Ports and Logisticsသည် အိန္ဒိယ နိုင်ငံ Kutch ပင်လယ်ကွေ့ရှိ ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများအနက် အကြီးစားသင်္ဘာများ ဝင်ရောက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအတွင်းပိုင်းသို့ ကုန်စည်များပို့ဆောင်ရန်အတွက် အဓိကဝင်ပေါက်တစ်ခုဖြစ်ကာ ရေနံစိမ်း၊ ယာဉ်နှင့် အခြား ပို့ကုန်၊ သွင်းကုန်ပစ္စည်းအမျိုးမျိုးတို့အား သိုလှောင်ထားနိုင်ပြီး ပြန်လည်ဖြန့်ဖြူးပို့ဆောင်လျက်ရှိကြောင်း၊ တန်ချိန်ကြီးမား သည့် ကုန်တင်သင်္ဘောများဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား များရှိသည့် ဆိပ်ကမ်းဖြစ်ကြောင်း၊ ကမ္ဘာ့ အကြီးမားဆုံး ကျောက်မီးသွေးတင်သွင်းသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကာ Adani ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် TATA ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ နှစ်ရုံအတွက် ကျောက်မီးသွေးများ ပို့ဆောင်ထောက်ပံ့ပေးလျက်ရှိကြောင်း နှင့် ၎င်းကျောက်မီးသွေး စက်ရုံနှစ်ရုံသည် သဘာ၀ပတ်ဝန်း ကျင်ထိခိုက်မှုအနည်းဆုံး ထုတ်လုပ်မှုနည်းစနစ်ဖြင့် လျှပ်စစ် ဓာတ်အားမဂ္ဂါဝပ် ၈၆၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိကာ အိန္ဒိယ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
သွားရောက်ကြည့်ရှုလေ့လာ
ယင်းနောက် တပ်မတော်fကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် SEZ & Solar Panel manufacturing unit သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများ က စွမ်းအင်ထုတ်လုပ်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များက သိရှိလိုသည်များကို မေးမြန်းကြသည်။
တင်ပို့ရောင်းချလျက်ရှိ
အဆိုပါ SEZ & Solar Panel manufacturing unit သည် သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ခြင်းမရှိသည့် ဆိုလာစနစ်ဖြင့် စွမ်းအင်ထုတ်လုပ်နိုင်သည့် ဆိုလာ ပြားများ ထုတ်လုပ်လျက်ရှိကြောင်း၊ တစ်နှစ်လျှင် ၁၂၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်သည့် ဆိုလာများထုတ်လုပ်နိုင် ကြောင်းနှင့် အဆိုပါဆိုလာများသည် ဘက်ထရီစနစ် သီးခြား ထပ်မံတပ်ဆင်ရန်မလိုဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေး နိုင်သည့် ဆိုလာပြားများဖြစ်ကာ ၎င်းဆိုလာပြားများအား အိန္ဒိယနိုင်ငံအပြင် အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အခြားဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ သတင်းစဉ်

ဆေးလိပ်၊ ကွမ်းယာ၊ အရက်သောက်သုံးမှု ထိရောက်စွာ ထိန်းကွပ်နိုင်ဖို့လို



မြန်မာ့အလင်းအယ်ဒီတာအာဘော် 



ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုနှင့် ကွမ်းယာစားသုံးမှုသည် လူငယ်များ အတွင်း ဆိုးရွားစွာပျံ့နှံ့နေကြောင်းနှင့် ယင်း၏ အကျိုးဆက်ဖြစ်သော ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း သတင်း စကားက လူငယ်ထုအတွက် အချက်ပေးခေါင်းလောင်းသံတစ်ခုပင် ဖြစ်သည်။ နိုင်ငံအတွင်း ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ် ရေးကို ထိထိရောက်ရောက်ဆောင်ရွက်ရန် ဆွေးနွေးပြောဆိုမှုများပြုလာ ခဲ့ကြသည်မှာလည်း လွန်ခဲ့သည့်နှစ်များမှပင် ဖြစ်သည်။
၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော သုတေသနစစ်တမ်းတစ်ခုအရ အမျိုးသားလူဦးရေ၏ ၆၂ ရာခိုင်နှုန်းက ကွမ်းစားကြပြီး ၄၄ ရာခိုင်နှုန်းက ဆေးလိပ်သောက်ကြသည်ဟု ဆိုထားသည်။ ဖော်ပြပါကိန်းဂဏန်းများတွင် ဆေးလိပ်သောက်သော်လည်း ကွမ်းမစားသူ၊ ကွမ်းစားသော်လည်း ဆေးလိပ်မသောက်သူ၊ ဆေးလိပ်ရော ကွမ်းပါ သောက်လည်းသောက် စားလည်းစားသူများ ပါလိမ့်မည်ဟု ယူဆရသည်။ ၎င်းစစ်တမ်းမှာ ငါးနှစ် ခန့်ကျော်လွန်ခဲ့ပြီဖြစ်ရာ လက်ရှိအခြေအနေတွင် ကိန်းဂဏန်းများ ပိုမို များပြားနေပေလိမ့်မည်။
ဇူလိုင် ၂၇ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် အရက်ယမကာများအပေါ် အခွန်အကောက်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြား လူငယ်များ အရက်အလွန်အကျွံသောက်သုံးမှုနှုန်းမှာ အာဆီယံနိုင်ငံများ နှင့်တန်းတူရှိနေကြောင်းနှင့် ဆေးပေါ့လိပ်အပါအဝင် ဆေးလိပ်အလိပ်ရေ ၁၂ ဘီလီယံကျော်ကို နှစ်စဉ်သုံးစွဲနေကြောင်း သိရသည်။ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းအဆင့်များတွင် ပညာသင်ကြားနေကြရမည့်အရွယ်များဖြစ်သည့် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား လူငယ်များ ဆေးလိပ်ကွမ်းယာသုံးစွဲမှုစစ်တမ်းကို ၂၀၁၆ ခုနှစ်က ကောက်ယူခဲ့ရာတွင် လူငယ် ၁၃ ဒသမ ၆ ရာခိုင်နှုန်းတို့က သုံးစွဲနေကြ ကြောင်း Global Youth Tobacco စစ်တမ်းအရ သိရှိရသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု တစ်နည်းအားဖြင့် ဆေးလိပ် သောက်၊ ကွမ်းစား၊ ဆေးရွက်ငုံကြခြင်းကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူခုနစ်သန်းခန့် သေဆုံးနေကြရသည်။ ယင်းအနက် ခြောက်သန်းမှာ သောက်ကြ၊ စားကြ၊ ငုံကြသည့်အတွက်ကြောင့် သေဆုံးကြရခြင်းဖြစ် သော်လည်း လူ ၈၉၀၀၀၀ ခန့်တို့မှာမူ သူများသုံးသည့် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူမိရာမှ မဆီမဆိုင်သေကြရခြင်းဖြစ်သည်။ ဆေးလိပ်သောက် သူများက မသောက်သူများထက် ကင်ဆာဖြစ်နိုင်ခြေ ခြောက်ဆပိုသည်။ ဆေးငုံကွမ်းစားသူများမှာလည်း မစားသူများထက် သွားဖုံးနှင့် ပါးစပ်ကင်ဆာ ဖြစ်နိုင်ခြေအဆ ၅၀ပိုသည်။ အရက်သောက်သူများမှာလည်း မသောက် သူများထက် ကင်ဆာဖြစ်နိုင်ခြေ ခြောက်ဆပိုသည်ဟု မှတ်သားရဖူးသည်။ ကင်ဆာသာမက အခြားရောဂါများလည်း ဖြစ်နိုင်ခြေပိုများသည်။ ဆေးလိပ်၊ ကွမ်းယာ၊ အရက်သုံးစွဲခြင်းအားဖြင့် ကျန်းမာရေး၊ စီးပွား ရေးနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများစွာ ခံစားကြရနိုင်မည်ဖြစ်သလို ရှောင်ကြဉ်ခြင်းအားဖြင့် ကောင်းကျိုးရလဒ်များ ရရှိကြမည်ဖြစ်သည်။ အထူးသဖြင့် ကျောင်းများနှင့် လုပ်ငန်းခွင်များကို အခြေပြု၍ ပညာပေး လုပ်ငန်းများကို ထိထိရောက်ရောက်ပြုလုပ်ကြရန်ဖြစ်ပြီး ဆေးလိပ်၊ အရက်၊ ကွမ်းယာထုတ်လုပ်၊ ရောင်းချသည့်လုပ်ငန်းများကိုလည်း ထိထိ ရောက်ရောက်ထိန်းချုပ်မှုများ ပြုလုပ်သွားရန်ပင်ဖြစ်သည်။
ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သောက်သုံးခြင်းသည် အပြုအမူ အလေ့အထမှစတင်ခြင်းဖြစ်ပြီး ကျန်းမာရေးပြဿနာနှင့် အခြား နောက်ဆက်တွဲပြဿနာများစွာတို့နှင့် အဆုံးသတ်သည်။ ကင်ဆာအပါအဝင် ရောဂါများခံစားနေရသည့် ဝေဒနာသည် ဘ၀နှင့်ဆေးရုံဆေးခန်းများသို့ ရောက်ကြရသည်။ ''ယခုအချိန်တွင် ဤပြဿနာကိုအထူးအလေးပြု ဦးစားပေးကြိုးပမ်းမဆောင်ရွက်နိုင်ပါက နောင် ၁၀ နှစ် ၁၅ နှစ်မှာ နိုင်ငံ တွင် ကျန်းမာရေးအသုံးစရိတ် လွန်စွာကြီးမြင့်လာပြီး နိုင်ငံ၏ စီးပွားရေး ကို ထိခိုက်လာနိုင်ကြောင်း''ယမန်နှစ် ဇွန်လအတွင်းက ကျင်းပခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေး ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သုံးသပ်ပြောကြားချက်သည်လည်း ပဲ့တင်ထပ်နေဆဲ သတိပေးခေါင်း လောင်းသံတစ်ရပ်အဖြစ် တင်ပြအပ်ပါကြောင်း။ ။

Sunday, July 28, 2019

တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်မှုနှင့် ကျွမ်းကျင်မှုအရည်အသွေးမြင့်မားရေး ဦးတည်ဆောင်ရွက်




ရန်ကုန် ဇူလိုင် ၂၇




အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပသည့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားပြောကြား သည်။
ယင်းနောက် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက “Teaching for Tomorrow”ခေါင်းစဉ် ၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမီမီသက်လွင်က “Effect of Digitalization on Higher Education”ခေါင်းစဉ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး)မှ ပါမောက္ခချုပ် ဒေါက်တာထင်ဇော်စိုးက “Internationaliza-tion”ခေါင်းစဉ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက “University link for Industry Engagement” ခေါင်းစဉ် ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက “Comprehensive Univer-sity”ခေါင်းစဉ်၊ ရန်ကုန်သူနာပြုတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြတ်သန္တာက “Internal Quality Assurance” ခေါင်းစဉ်၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “Research Capacity Building in Universities” ခေါင်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများနှင့် ပူးပေါင်း၍ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်မှုနှင့် ကျွမ်းကျင်မှုအရည် အသွေးမြင့်မားရေး ဦးတည်ဆောင်ရွက်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်း၊ ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ခြင်း၊ ဘွဲ့သင်တန်းအသစ်များဖြစ်သည့် ခရီးသွားစီမံခန့်ခွဲမှုသင်တန်း၊ ငါးမွေးမြူရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ စွမ်းဆောင်ရည်အခြေပြု ဆရာ၊ ဆရာမ၊ ဝန်ထမ်းခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်းတို့ကို စီစဉ်ဆောင်ရွက်ခြင်း၊ ဝက်ဘ်ဆိုက်များပြုလုပ်ခြင်း၊ e-Payment ဖြင့် ကျောင်းအပ်လက်ခံခြင်း၊ အရည်အသွေးရှိသော အဝေးသင်တက္ကသိုလ်ပညာရေး အတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မြှင့်တင်၍ တာဝန်ယူသည့် နည်းလမ်းများဖြင့် လက်တွေ့ကျကျ အကျိုးရှိ ထိရောက် ပွင့်လင်းမြင်သာစွာ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် နိုင်ရေးအတွက် မည်ကဲ့သို့ပူးပေါင်းကူညီ ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ကြရမည်ကို ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အုပ်စုငယ်များခွဲ၍ ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးရရှိချက်ကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Education 4.0 and Industrial Revolution(IR 4.0)” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် အတွေ့အကြုံရှင်းလင်းပွဲ တက်ရောက်လာကြသူများက ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်