Sunday, July 28, 2019

တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်မှုနှင့် ကျွမ်းကျင်မှုအရည်အသွေးမြင့်မားရေး ဦးတည်ဆောင်ရွက်




ရန်ကုန် ဇူလိုင် ၂၇




အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပသည့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားပြောကြား သည်။
ယင်းနောက် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက “Teaching for Tomorrow”ခေါင်းစဉ် ၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမီမီသက်လွင်က “Effect of Digitalization on Higher Education”ခေါင်းစဉ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး)မှ ပါမောက္ခချုပ် ဒေါက်တာထင်ဇော်စိုးက “Internationaliza-tion”ခေါင်းစဉ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက “University link for Industry Engagement” ခေါင်းစဉ် ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက “Comprehensive Univer-sity”ခေါင်းစဉ်၊ ရန်ကုန်သူနာပြုတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြတ်သန္တာက “Internal Quality Assurance” ခေါင်းစဉ်၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “Research Capacity Building in Universities” ခေါင်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများနှင့် ပူးပေါင်း၍ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်မှုနှင့် ကျွမ်းကျင်မှုအရည် အသွေးမြင့်မားရေး ဦးတည်ဆောင်ရွက်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်း၊ ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ခြင်း၊ ဘွဲ့သင်တန်းအသစ်များဖြစ်သည့် ခရီးသွားစီမံခန့်ခွဲမှုသင်တန်း၊ ငါးမွေးမြူရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ စွမ်းဆောင်ရည်အခြေပြု ဆရာ၊ ဆရာမ၊ ဝန်ထမ်းခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်းတို့ကို စီစဉ်ဆောင်ရွက်ခြင်း၊ ဝက်ဘ်ဆိုက်များပြုလုပ်ခြင်း၊ e-Payment ဖြင့် ကျောင်းအပ်လက်ခံခြင်း၊ အရည်အသွေးရှိသော အဝေးသင်တက္ကသိုလ်ပညာရေး အတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မြှင့်တင်၍ တာဝန်ယူသည့် နည်းလမ်းများဖြင့် လက်တွေ့ကျကျ အကျိုးရှိ ထိရောက် ပွင့်လင်းမြင်သာစွာ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် နိုင်ရေးအတွက် မည်ကဲ့သို့ပူးပေါင်းကူညီ ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ကြရမည်ကို ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အုပ်စုငယ်များခွဲ၍ ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးရရှိချက်ကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Education 4.0 and Industrial Revolution(IR 4.0)” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် အတွေ့အကြုံရှင်းလင်းပွဲ တက်ရောက်လာကြသူများက ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment