Wednesday, July 31, 2019

ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်

Image may contain: text

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုစီးပွားဘ၀အဆင်ပြေ ချောမွေ့စေရေး၊ အုပ်ချုပ်မှုယ္တရား တည့်မတ်မှန်ကန် ခိုင်မာအားကောင်း လာစေရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး သော ကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံကို တာဝန်ယူသောအစိုးရ မည်မျှ ကောင်းမွန်စေကာမူ နိုင်ငံ့ဝန်ထမ်းများ ကောင်းမှသာ အလုံးစုံကောင်းမွန် သောနိုင်ငံ ဖြစ်ပေလိမ့်မည်။
နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် နိုင်ငံ့ဝန်ထမ်းများရှိကြပါသည်။ နိုင်ငံ၌ ဝန်ထမ်းပါဝင်မှုနည်းခြင်း၊ များခြင်းတို့သာ ကွာခြားကြ၍ ထိုနိုင်ငံ၏ဘဏ္ဍာ လစာရိက္ခာတို့ကို ခံစားကြပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသူများ အားလုံးတို့ကို နိုင်ငံ့ဝန်ထမ်းများဟု ခြုံငုံခေါ်ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအားလုံးတို့သည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးများကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အား ထက်သန် တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်း ဆိုင်ရာ အာဆီယံဒေသတွင်းအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်း များအတွက် ကောင်းသောအကျိုးရလဒ်ကောင်းများဖြစ်စေပြီး နိုင်ငံဖွံ့ဖြိုးရေး တွင်လည်း ပိုမိုကောင်းမွန်မှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
အထက်တွင်ဆိုသကဲ့သို့ နိုင်ငံကောင်းမွန်ရေးကို ကြိုးပမ်းဆောင်ရွက် ရာ၌ နိုင်ငံ့ဘဏ္ဍာငွေ လစာရိက္ခာ ခံစားနေသူများအားလုံး အကျုံးဝင်သည် ဖြစ်၍ ဝန်ထမ်းများအားလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် လာစေရေးသာမက လုပ်ကိုင်ဆောင်ရွက်မှုအပိုင်းများတွင်ပါ ခေတ်ကာလ အခြေအနေအလိုက် လိုက်လျောညီထွေဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သင့်သည်တို့ကို ဝန်ထမ်းကဏ္ဍနယ်ပယ်အားလုံး ဖြန့်ကြက် လှုပ်ရှားဆောင်ရွက်သင့်ပေသည်။
အစိုးရတို့မည်သည် ခေတ်ကာလအချိန်သက်တမ်းအလိုက် အမျိုးမျိုး ပြောင်းလဲဖြစ်ပေါ်နေတတ်ပြီး နိုင်ငံ့ဝန်ထမ်းတို့မည်သည် ခေတ်ကာလ သက်တမ်းများ ပြောင်းလဲလာသော်လည်း ဝန်ထမ်းများ၏သတ်မှတ်ထား သော အသက်ကာလပြီးဆုံးသည်အထိ အချိန်ကြာမြင့်စွာ ထမ်းဆောင်ကြရ သည့်သူများဖြစ်သည်။ ထို့ကြောင့် ခေတ်စနစ်အချိန်ကာလနှင့် ရေစီးကြောင်းများ ပြောင်းလဲလာသော်လည်း မပြောင်းလဲသောဝန်ထမ်း များနှင့် မပြောင်းလဲသော အုပ်ချုပ်စီမံခန့်ခွဲမှုစနစ်များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင် စိတ်အားထက်သန်တက်ကြွစွာ ဝန်ဆောင်မှုပေးခြင်းတွင် သီအိုရီနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းမှ ထိုးထွင်းသိမြင်ခြင်းကိုဖြစ်စေခြင်းအပြင် ဝန်ထမ်းများ စိတ်အားထက်သန် တက်ကြွလာစေရေးအတွက် အားပေးထောက်ကူပေးသော ပတ်ဝန်းကျင် တစ်ခုဖန်တီးခြင်းနှင့် ခေတ်နှင့်လျော်ညီသည့် ခေတ်မီလူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲမှုစနစ်များ တိုးတက်ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်သည်။
ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ရသော မြန်မာနိုင်ငံမှ ဝန်ထမ်း များအား စိတ်ဓာတ်နှင့်စွမ်းရည် မြင့်မားတိုးတက်ရေးကို ဆောင်ကြဉ်းပေး ရာတွင် ဝန်ထမ်းများကိုယ်တိုင် အသိစိတ်ဓာတ်မြင့်မားနေရန် လိုအပ် သကဲ့သို့ အထက်အဆင့်ဆင့်တို့အနေဖြင့်လည်း ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲဖန်တီးဖော်ဆောင်ပေးရန် လိုအပ်သည်။ အထူးသဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအသိစိတ်ဓာတ်များ ဝန်ထမ်းအဆင့်ဆင့်တွင် ပြန့်ပွားလာအောင် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို မျှတစွာဖြန့်ကြက်ခွဲဝေ ပေးထားရမည်ဖြစ်သည်။ မျက်မှောက်ကာလသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသောကာလဖြစ်၍ မိမိတို့လုပ်ကိုင်ရမည့်လုပ်ငန်းများကို မိမိတို့ကိုယ်ပိုင်တီထွင်ကြံဆမှုဖြင့် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်တတ် စေရန်ကိုလည်း ဖန်တီးဖော်ဆောင်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဝန်ထမ်းများအားလုံး စိတ်အားထက်သန်စွာဖြင့် နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ပြီး ပြည်သူ့အကျိုးများကို အပြည့်အဝသယ်ပိုး ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့်စွမ်းဆောင်ရည် များ မြင့်မားတိုးတက်ရေးနှင့် ဝန်ထမ်းများအားလုံးအတွက် ပိုမိုကောင်းမွန် သော ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးဖော်ဆောင်ပေးခြင်းဖြင့် ဝန်ထမ်းကောင်းပြီး နိုင်ငံကောင်းမွန်လာမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment