Tuesday, July 30, 2019

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကျင်းပ




Image may contain: one or more people, people standing and text
နေပြည်တော် ဇူလိုင် ၂၉




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှေးဦး အရွယ် ကလေးသူငယ်သည် မွေးစမှ အသက် ရှစ်နှစ်အရွယ်အထိဖြစ်ပြီး အသက် ရှစ်နှစ် နောက်ပိုင်းတွင် ထိရောက်အောင်မြင်သောသင်ကြားမှု၊ သင်ယူမှုများအတွက် အဆင်သင့်ဖြစ်ရန် နည်းစနစ်မှန်ဖြင့် ပြုစုပျိုးထောင်ထားရမည့် အသက်အရွယ်ကာလ ဖြစ်ကြောင်း၊ အဆိုပါကာလသည် ဦးနှောက်ဖွံ့ဖြိုးမှု အားအကောင်းဆုံးအချိန်ဖြစ် ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး လုပ်ငန်းနှင့်အတူ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဤအသက်အရွယ် အတွင်း ခံစားရရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။
အားလုံးဝိုင်းဝန်းဆောင်ရွက်
ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ငန်းအားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှုနှင့် မိသားစုဝင်များပါသိရှိရန် လိုအပ် ကြောင်း၊ မူကြိုမှာ အစိုးရ၊ ပုဂ္ဂလိက၊ ကိုယ့်အားကိုယ်ကိုးမူကြိုဟူ၍ သုံးမျိုးရှိပါကြောင်း၊ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူကြိုကျောင်းတက်ရောက်ရန် ကျန်နေ သော ကလေးငယ်များ အများအပြားရှိသည့်အတွက် မူကြိုတက်ရောက်နိုင်ရေးကို အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုပါကြောင်း၊ လက်ရှိ နေ့ကလေးထိန်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို ကြီးကြပ်ရန် ဥပဒေအရ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၆ ခုနှစ်အထိ မူလတန်းကြိုကျောင်း ၉၉ ကျောင်းသာ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ၁၂၈ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ၁၀၂၅ ကျောင်းရှိ တာဝန်ခံနှင့် စာသင်ဆရာမများကို လစာနှင့် သင်ထောက်ကူပစ္စည်း ကြေးများ တစ်စိတ်တစ်ပိုင်း ထောက်ပံ့နိုင်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် နေ့ကလေးထိန်း မိခင်ဝိုင်း ၆၄၂ ဝိုင်းကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုင်းတာ စစ်ဆေးရန်အတွက် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေတိုင်းတာ စစ်ဆေး ပံ့ပိုးခြင်းဆိုသည့် ဝန်ဆောင်မှုလုပ်ငန်းကို တတ်ကျွမ်းနားလည်သည့် ပညာရှင်များ ပါဝင်သော ရှေ့ပြေးစီမံချက်အဖွဲ့ဖြင့် မြို့နယ် ခုနစ်မြို့နယ်မှ အသက် ငါးနှစ်အောက် ကလေးငယ်များနှင့် မိဘများကို အသိပညာပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ စနစ်တကျနည်းစနစ်မှန် ပြုစုစောင့်ရှောက်မှုဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းပါ တစ်ပြိုင်တည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မူကြိုများ၊ နေ့ကလေးထိန်းများ ဖွင့်လှစ်မည့်သူများသည် တည်ထောင်ခွင့်ပြုမိန့် လိုအပ်ပါကြောင်း၊ နေ့ကလေးထိန်းများ၊ မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်ရာတွင် အရည်အသွေးပြည့်မီရန်နှင့် ပြဋ္ဌာန်း ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီလည်း လိုက်နာရန်လိုအပ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို စနစ်တကျပြုစုပျိုးထောင်ခြင်းလုပ်ငန်းတွင် ကြုံတွေ့ ရသည့်အခက်အခဲများအပေါ် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က လက်ရှိဆောင်ရွက်နေသော ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်း ရှင်းလင်း တင်ပြသည်။
ဆွေးနွေး
ဆက်လက်၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအပေါ် တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment