Tuesday, July 30, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ လေတပ်ဦးစီးချုပ်နှင့် တွေ့ဆုံ




Image may contain: 1 person, sitting
နေပြည်တော် ဇူလိုင် ၂၉




အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ အိန္ဒိယလေတပ် ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန South Block Lawn ၌ Air Chief Marshal Birender Singh Dhanoaက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် လေတပ် ဦးစီးချုပ်တို့သည် South Block ရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံပွဲတွင် အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များကော်မတီ ဥက္ကဋ္ဌက ချစ်ကြည်ရေးခရီးစဉ်လာရောက်လည်ပတ်မှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် ပြယုဂ်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်၏ စွမ်းရည်မြှင့်တင်ရေးတည်ဆောက်မှု ဆိုင်ရာများတွင် ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
စွမ်းရည်မြင့်မားမှုကိုပါ ဖော်ပြနေ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် မကြာသေးမီက အိန္ဒိယနိုင်ငံအနေဖြင့် လကိုစူးစမ်းလေ့လာမည့် ချန်ဒရာဒန် - ၂ အာကာသယာဉ်ကို ရှရီဟာရီကိုတာကျွန်းရှိ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ အောင်မြင်စွာလွှတ်တင် နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်းနှင့် ယခုကဲ့သို့ အောင်မြင်စွာလွှတ်တင်နိုင်မှုသည် အိန္ဒိယနိုင်ငံ၏ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်မှုအပြင် အိန္ဒိယလေတပ်၏ စွမ်းရည်မြင့်မားမှုကိုပါ ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ အိန္ဒိယတပ်မတော်မှ မြန်မာ့ တပ်မတော် စွမ်းရည်မြင့်မားရေးတည်ဆောက်မှုများတွင် ကူညီဆောင်ရွက်ပေးနေမှု များအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက အိန္ဒိယနိုင်ငံ၏ လုံခြုံရေး ဆိုင်ရာ သဘောထားအမြင်နှင့် Counter Insurgency and Jungle Warfare School သင်တန်းကျောင်းဆိုင်ရာတို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
နံနက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် India Gate ရှိ National War Memorial သို့ရောက်ရှိကြပြီး ဂုဏ်ပြုပန်းခွေချ အလေးပြုကာ National War Memorial အတွင်း ကြည့်ရှုလေ့လာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက အဂ္ဂရာမြို့ရှိ တာ့ဂ်ျမဟာ ဂူဗိမာန်(Taj Mahal)ကို လှည့်လည်ကြည့်ရှုလေ့လာ ကြသည်။
ဆက်လက်၍ တာ့ဂ်ျမဟာဂူဗိမာန်၏ အနောက်မြောက်ဘက် ၂ ဒသမ ၅ ကီလို မီတာအကွာရှိ အဂ္ဂရာခံတပ် (Agra Fort) သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဂ္ဂရာ လေတပ်စခန်း Air Force Station (Agra) သို့ ရောက်ရှိပြီးAir Force Station အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကာ အိန္ဒိယလေတပ်မှ လေထီး သင်တန်းသားများ၏ မြေပြင်လေထီးခုန်လေ့ကျင့်ခန်း လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု၍ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အိန္ဒိယ တပ်မတော်အထူးလေယာဉ်ဖြင့် အဂ္ဂရာမြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာကြသည်။
တွေ့ဆုံအမှာစကားပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇူလိုင် ၂၈ ရက် ညနေပိုင်းက နယူးဒေလီ မြို့ရှိ မြန်မာသံရုံးနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာစစ်သံရုံးတို့မှ မိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများအား မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
လက်ဆောင်ပစ္စည်းများ ပေးအပ်
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများ နှင့် ပညာတော်သင် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများအားပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားအရာရှိများက လက်ခံရယူ ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံး မိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment