Wednesday, July 31, 2019

ကလေးသူငယ် အခွင့်အရေး



မြန်မာ့အလင်းအယ်ဒီတာအာဘော် 



လောကသဘာ၀အတိုင်း ယနေ့လူကြီးတို့နေရာတွင် မျိုးဆက်သစ်တို့ တဖြည်းဖြည်းချင်း တာဝန်လွှဲပြောင်းယူလာမည် ဖြစ်ပါသည်။ အနာဂတ် လူ့လောက၊ လူ့ကမ္ဘာ ပိုမိုငြိမ်းချမ်းသာယာရေး၊ ပိုမိုတိုးတက်မြင့်မားရေး အစရှိသည်တို့က ယနေ့မွေးဖွားလာကြသော ကလေးများကို မည်သို့ပြုစု ပျိုးထောင်ကြသည်၊ မည်သို့အခွင့်အရေးပေးနေသည်ဆိုခြင်းနှင့် တိုက်ရိုက် အချိုးကျ သက်ဆိုင်နေပေသည်။
ကလေးများ မည်သို့ပျော်ရွှင်စွာ၊ မည်သို့ကျန်းမာရွှင်လန်းစွာ ရှင်သန် နေကြပြီး မည်သို့ ပညာသင်ယူခွင့်ရနေကြသည်ဆိုခြင်းက မိမိတို့၏ အနာဂတ်က္ဘာကို ပြဋ္ဌာန်းနေသည်ပဲ ဖြစ်ပါသည်။ ထို့ ကြောင့်ပင် မိမိတို့၏ ကလေးသူငယ်များကို မည်သို့သော အခွင့်အရေးများ ရရှိစေမည်လဲ ဆိုသည်က အလေးအနက်ထားကာ အရေးတယူပြုရမည့် လူကြီးတို့၏တာဝန်ပဲ ဖြစ်ပါသည်။
ကလေးသူငယ်တို့၏ အခွင့်အရေးဟုဆိုလျှင် အဓိကအကျဆုံးက ကလေးတို့အား ကျားမ၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဆင်းရဲ ချမ်းသာ ခွဲခြားဆက်ဆံမှုမရှိဘဲ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူခွင့်ရရေး၊ ပညာသင်ကြားခွင့်ရရှိရေးနှင့် ကလေး သူငယ်များကို အကြမ်းဖက်ခြင်း၊ နှိမ့်ချခွဲခြား ဆက်ဆံခြင်း၊ မတော်မတရား ပြုခြင်း၊ နှိပ်စက်ခြင်းတို့က အကာအကွယ်ပေးနေရေးတို့ပဲ ဖြစ်ပါသည်။
ဤသည်တို့က ဥပဒေဖြင့် အကာအကွယ်ပေးခြင်း၊ ဥပဒေဖြင့် အခွင့်အရေးများ ရရှိစေခြင်းမျှသာမကဘဲ အရွယ်ရောက်ပြီးဖြစ်သူ တိုင်းက နားလည်သဘောပေါက်ကြပြီး လူမှုကျင့်ဝတ်စံနှုန်းများကို လက်ကိုင်ပြုကာ ဝိုင်းဝန်းကြဖို့လည်း လိုပါသည်။
အထူးသဖြင့် မိဘဖြစ်သူ၊ ဆရာဖြစ်သူများကိုယ်တိုင်က မိမိတို့၏ ရင်သွေးများကို အမြော်အမြင်ကြီးသော၊ ပညာဉာဏ်ဖြင့်ယှဉ်သော အကာအကွယ်ပေးမှု၊ လုံခြုံမှုပေးမှုတို့သည်လည်း လွန်စွာအရေးကြီး ပါသည်။
အခြေခံပညာအဆင့်ကိုဖြင့် မဖြစ်မနေသင်ကြားခွင့်ရရှိကြစေဖို့၊ အရွယ်မရောက်သေးဘဲ အလုပ်လုပ်ငွေရှာ ဝန်ထုပ်ဝန်ပိုးများကို မထမ်းကြရစေဖို့၊ မည်သည့်နည်းမျိုးနှင့်မျှ ကလေးငယ်များကို အသုံးချ အမြတ်ထုတ်ခြင်းမခံရစေဖို့ အစရှိသည်တို့က လူကြီးတိုင်းတွင် တာဝန်ရှိ နေသည်ဟု မှတ်ယူရန်လိုပါသည်။
မိမိ၏ မျက်စိရှေ့မှောက်၌ မည်သို့သော အကြမ်းဖက်မှု၊ အသုံးချမှု၊ အမြတ်ထုတ်မှုကိုမဆို ဝင်ရောက်အကာအကွယ်ပေးကြသော လူမှု ဝန်းကျင်ဖြစ်စေရန် အားလုံးက ကြိုးစားကြရန်လည်း လိုအပ်ပါမည်။
အနာဂတ်သည် ကလေးသူငယ်တို့ လက်ထဲမှာရှိ၏ ဆိုသည်ကို ကြွေးကြော်သံသက်သက်မဟုတ်ဘဲ အမှန်တကယ် တာဝန်ယူဆောင်ရွက် ကြသည့် လူမှုအသိုင်းအဝိုင်းဖြစ်ရန် လိုပါသည်။
ထို့ပြင် မြန်မာနိုင်ငံက နိုင်ငံရေးတည်ငြိမ်မှုအတွက် အပြင်းအထန် ကျားကန်နေရ၊ စီးပွားရေးနိမ့်ကျမှုကို ပြန်လည်တိုးမြှင့်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြရ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ရုန်းရင်းကန်ရင်း အပြေးအလွှားချီတက်နေရသည့်အားလျော်စွာ ကဏ္ဍတိုင်း၏မပြည့်စုံမှု များကြား၌ ရှိသမျှဖြင့် တွန်းကာတိုက်ကာ၊ ဖာကာထေးကာ အကောင် အထည်ဖော်ဆောင်ရွက်နေရသည်များဖြင့် နေရသည့်အခြေအနေ ဖြစ်ပါသည်။
သည်လိုထဲတွင် ရှေ့သို့ချီတက်ရေး အဟန့်အတားဖြစ်စေသည့်၊ နှေးကွေးစေသည့် အခုအခံများကလည်း တင်းကျမ်းဖြစ်နေလေရာ အခြေခံ စားဝတ်နေရေး ပြေလည်ရေး၊ ဥပဒေစိုးမိုးရေးကအစ အတော်ပင် အားထုတ်လုပ်ကိုင်နေရကြရချေသည်။
ထို့ကြောင့်ပင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်တို့ကို အကာအကွယ်ပေးသည့် ဥပဒေများကို အမှန်တကယ် စိုးမိုးရန်ကိုလည်း လူမှုအသိုက်အမြုံတစ်ခုလုံးက တွန်းအားပေးကြ၊ ကိုယ်တိုင်လည်း ပါဝင်အားထုတ် ဝိုင်းဝန်းစောင့်ရှောက်ကြခြင်းဖြင့် မိမိတို့ အနာဂတ်ကို ပျိုးထောင်နိုင်ကြလိမ့်မည်ဟု ထင်မြင်ပါကြောင်း။ ။

No comments:

Post a Comment