Saturday, June 30, 2018

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြီးစီး ကျောက်စိမ်းအတွဲပေါင်း ၅၂၅၉ တွဲ ရောင်းချနိုင်ခဲ့

No automatic alt text available.
နေပြည်တော် ဇွန် ၂၉
(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နောက်ဆုံးနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ ပရဝုဏ်အတွင်း ဆက်လက်ကျင်းပရာ ဇွန် ၂၄ရက်မှ ယနေ့အထိ ယူရိုငွေ ၄၂၃ ဒသမ ၁၁၈ သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲပေါင်း ၅၂၅၉ တွဲ ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။
ရောင်းချခဲ့ရ
ယခုပြပွဲတွင် အခြေခံဈေး ယူရိုငွေ ၄ဝဝဝနှင့်အထက် တန်ဖိုးသတ်မှတ်သည့် အရိုင်းထည် ကျောက်စိမ်း အတွဲ များနှင့် အခြေခံဈေး ယူရိုငွေ ၁ဝဝဝ နှင့်အထက် တန်ဖိုး သတ်မှတ်သည့် အချောထည် ကျောက်စိမ်းအတွဲ ၆၇၉၅ တွဲကို ဇွန် ၂၄ရက်မှ ယနေ့အထိ ပြသရောင်းချခဲ့ရာ ဇွန် ၂၄ရက်တွင် ယူရိုငွေ ၃၈ ဒသမ ၅၃၁ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၇၃ တွဲကို လည်းကောင်း၊ ဇွန် ၂၅ရက်တွင် ယူရိုငွေ ၇၄ ဒသမ ၁၂၂သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၃၃တွဲကို လည်းကောင်း၊ ဇွန် ၂၆ ရက်တွင် ယူရိုငွေ ၈၆ ဒသမ ၈၆၆ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၁၈ တွဲကို လည်းကောင်း၊ ဇွန် ၂၇ ရက်တွင် ယူရိုငွေ ၅၂ ဒသမ ၄၄၁သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၉၂ တွဲကို လည်းကောင်း၊ ဇွန် ၂၈ ရက်တွင် ယူရိုငွေ ၁၁၈ ဒသမ ၆၉၁ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၂၅ တွဲကို လည်းကောင်း၊ ယနေ့တွင် ယူရိုငွေ ၅၂ ဒသမ ၄၆၇ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၁၈ တွဲကို လည်းကောင်း ရောင်းချခဲ့ရကြောင်း သိရ သည်။
ထို့ပြင် ဇွန် ၂ဝရက်မှ ၂၁ရက်အတွင်း ပုလဲအတွဲ ၃၆ဝ ကိုတင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၂ ဒသမ ၅၉၈ သန်း တန်ဖိုးရှိ ပုလဲအတွဲ ၃၄၁ တွဲကို လည်းကောင်း၊ ဇွန် ၂၃ရက်တွင် ကျောက်မျက်အတွဲ ၃၃၆တွဲကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၁ ဒသမ ၃၇၉ သန်း တန်ဖိုးရှိ ကျောက်မျက်အတွဲ ၆၉ တွဲကို လည်းကောင်း ရောင်းချခဲ့သည်။
ပြပွဲကာလအတွင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြသ ရောင်းချခြင်းဖြစ်သည့်အတွက် ရတနာကုန်သည်များ တင်ဒါတင်သွင်းသည့်အခါ လွတ်လပ်စွာ တင်သွင်းနိုင်ခဲ့ ကြပြီး ပြပွဲသုံးသပ်ချက်များကိုလည်း လုပ်ဆောင်ပေးခဲ့ကာ တရုတ်၊ ထိုင်း၊ ကနေဒါ၊ သြစတြေးလျနှင့် အမေရိကန် နိုင်ငံတို့မှ ရတနာကုန်သည်များ လာရောက်ကြကာ တရုတ် နိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် သတ်မှတ်ကောက်ခံမည့် အခွန်အခနှုန်းထား များမှာ အထူးကုန်စည်ခွန်အနေဖြင့် ကျောက်စိမ်းအရိုင်း များအတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများ အတွက် ၁ဝ ရာခိုင်နှုန်းနှင့် ကျောက်မျက်လက်ဝတ်ရတနာ အချောထည်များအတွက် ၅ ရာခိုင်နှုန်းတို့ဖြစ်ကြပြီး ဝန်ဆောင်ခအနေဖြင့် ကျောက်မျက်ရတနာအရိုင်းများ အတွက် ၃ ရာခိုင်နှုန်းနှင့် အချောထည်များအတွက် ၁ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။
ကြီးမှူးကျင်းပခဲ့
မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ် ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုကျင်းပသည့် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် ၉၃ ပွဲမြောက်ဖြစ်ကာ မြန်မာ့ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် မြန်မာနိုင်ငံအတွင်း တိုးတက် ဖြစ်ထွန်းစေရန် ရည်ရွယ်၍ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီက ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်။
ယခုပြပွဲတွင် ပြည်တွင်း ကျောက်စိမ်း၊ ကျောက်မျက်၊ ပယင်း၊ ကနုကမာ စသည့် အချောထည်ပစ္စည်းဆိုင်ခန်း ပေါင်း ၆၁ခန်း လာရောက်ဖွင့်လှစ်ရောင်းချခဲ့ပြီး ကျောက် မျက်ရတနာ သင်တန်းကျောင်း (နေပြည်တော်)မှ သင်တန်း သား သင်တန်းသူများ၏ ကျောက်စိမ်း၊ ကျောက်မျက်၊ ပယင်းအချောထည်ပစ္စည်းအပြင် ကနုကမာ အချောထည် လက်မှုပစ္စည်းများကိုလည်း ခင်းကျင်းပြသရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အောင်ရဲသွင် (သတင်းစဉ်)

ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ ကွင်းဆင်းလေ့လာ

Image may contain: one or more people, people standing and outdoor
စစ်တွေ ဇွန် ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မောင်တောမြို့မှ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံ ရေးစခန်းသို့ ရောက်ရှိကြသည်။
သတင်းမီဒီယာ အဖွဲ့သည် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံ ရေးစခန်း၏ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တံတားတို့ကို ကြည့်ရှုသတင်း ရယူကြသည်။
ဆက်လက်၍ နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းအနီးတွင် နေထိုင်ကြသူများအား တွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်းသတင်းရယူကြသည်။
ညနေပိုင်းတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့များသည် မောင်တောမြို့မှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်း-သူရဇော်
ဓာတ်ပုံ - သက်လွင်စိုး(ပြန်/ဆက်)

Friday, June 29, 2018

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ၉ဝ ရာခိုင်နှုန်းနီးပါး ရောင်းချရ

Image may contain: one or more people, people sitting and child
နေပြည်တော် ဇွန် ၂၈
(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ ပရဝဏ်အတွင်း ဆက်လက်ကျင်းပလျက်ရှိရာ ပြသရောင်းချရမှုရာခိုင်နှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက ''အခုကျင်းပနေတဲ့ (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲရဲ့ ရောင်းချရမှုတွေကို ထုတ်ပြန်ကြေညာပေးလျက်ရှိပါတယ်၊ စတင် ပြသရောင်းချရတဲ့ရက်ကနေ ဇွန် ၂၈ ရက်အထိ ၈ဝ ရာခိုင်နှုန်းကျော် ၉ဝ ရာခိုင်နှုန်းနီးပါး ရောင်းချရတယ်လို့ဆိုရမှာ ဖြစ်ပါတယ်၊ မန္တလေး ကျောက်မျက်ဈေးကွက်မှာ ဈေးနှုန်းတွေအေးနေတယ်ဆိုပေမယ့် ဒီနေပြည်တော် မှာကတော့ ဈေးနှုန်းတွေ ကောင်းနေတယ်လို့ ပြောရမှာဖြစ်ပါတယ်၊ ဘာဖြစ် လို့လဲဆိုတော့ ပြည်ပကျောက်မျက်ရတနာကုန်သည်တွေဟာ အရင်နှစ်ပြပွဲ တွေထက် ဒီနှစ်မှာ ပိုမိုလာရောက်ဝယ်ယူနေကြလို့ပဲဖြစ်ပါတယ်၊ ကျောက် အမျိုးအစားကောင်းတယ်၊ အရည်အသွေးကောင်းတယ်ဆိုရင် ဈေးကောင်း ရမှာဖြစ်ပါတယ်''ဟု ပြောသည်။
တင်ဒါစနစ် ရောင်းချ
ဇွန် ၂ဝ ရက်မှ ၂၁ ရက်အတွင်း ပုလဲအတွဲ ၃၆ဝ ကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၂ ဒသမ ၅၉၈ သန်း တန်ဖိုးရှိ ပုလဲအတွဲ ၃၄၁ တွဲကို လည်းကောင်း၊ ဇွန် ၂၃ ရက်တွင် ကျောက်မျက်အတွဲ ၃၃၆ တွဲကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက်မျက်အတွဲ ၆၉ တွဲကို လည်းကောင်း ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၆၇၉၅ တွဲကို ဇွန် ၂၄ ရက်မှ ၂၉ ရက်အထိ ပြသရောင်းချသွားမည်ဖြစ်ရာ ဇွန် ၂၄ ရက်တွင် ယူရိုငွေ ၃၈ ဒသမ ၅၃ဝ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၇၃ တွဲကို လည်းကောင်း၊ ဇွန် ၂၅ ရက်တွင် ယူရိုငွေ ၇၄ ဒသမ ၁၂၂ သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၃၃ တွဲကိုလည်းကောင်း၊ ဇွန် ၂၆ ရက်တွင် ယူရိုငွေ ၈၆ ဒသမ ၈၆၆ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၁၈ တွဲကိုလည်းကောင်း၊ ဇွန် ၂၇ ရက်တွင် ယူရိုငွေ ၅၂ ဒသမ ၄၄၁ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၉၂ တွဲကိုလည်းကောင်း၊ ဇွန် ၂၈ ရက်တွင် ယူရိုငွေ ၁၁၈ ဒသမ ၆၉၁ တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၂၅ တွဲကိုလည်းကောင်း ရောင်းချခဲ့ရကြောင်း သိရသည်။
''ဒီနှစ်ကျောက်စိမ်းပြသရောင်းချပွဲမှာ ရောင်းချတဲ့ပုံစံအနည်းငယ်ပြောင်း သွားပါတယ်။ အရင်တုန်းက ကျောက်ကြီးကျောက်ကောင်းတွေကို ထိန်းသိမ်းမှု နဲ့ ပြပွဲပုံစံအရ တစ်နေရာ၊ နှစ်နေရာလောက်ပဲခင်းကျင်းပြသပါတယ်။ အဲဒီလို ပုံစံဆိုရင် တစ်ရက်တည်းမှာ များများရောင်းရပါတယ်။ ရောင်းချရတဲ့ငွေတွေကလည်း တစ်ရက်တည်းမှာ တော်တော်လေးရပါတယ်။ ကျောက်စိမ်းတွဲတွေ ခင်းကျင်း ပြသရောင်းချရတာချင်းအတူတူ ရောင်းချတဲ့ရက်တွေက ရောင်းချရတဲ့ငွေတွေ မတူညီတာတွေ့ရပါမယ်။ ဘာလို့မတူတာလဲလို့ မေးစရာရှိပါတယ်။ အဲဒါက အရည်အသွေးကောင်းပြီး အမျိုးအစားကောင်းတဲ့ ကျောက်အတွဲတွေကို တစ်နေရာတည်းမှာ စုပုံပြီးပြသတာကနေ နေရာစုံအောင် ခင်းကျင်းပြသပါ တယ်။ ရောင်းချတဲ့နေ့တိုင်း ပြပွဲအစကနေအဆုံးအထိ ကျောက်အမျိုးအစား ကောင်းတွေ အရည်အသွေးကောင်းမွန်တာတွေပါရှိမှာ ဖြစ်ပါတယ်။ ဒါဟာ ကဏ္ဍစုံအဆင်ပြေချောမွေ့စေတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်'' ဟု ဦးသန်းဇော်ဦးက ဆက်လက်ရှင်းပြသည်။
ယခုကျင်းပသည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ခင်းကျင်းပြသသည့်ကာလသည် မုတ်သုံမိုးရာသီဖြစ်သည့်အားလျော်စွာ ရာသီဥတုနှင့်ပတ်သက်သည့် အခက်အခဲအချို့ရှိသော်လည်း လွတ်လပ်စွာ လေ့လာကြည့်ရှု၍ တင်ဒါများတင်သွင်းလျက်ရှိကြကြောင်း သိရသည်။
ပြည်တွင်းကျောက်မျက်ရတနာကုန်သည် ဦးသိန်းနိုင်ဝင်းက ''(၅၅) ကြိမ် မြောက် ကျောက်မျက်ရတနာပြပွဲ ခင်းကျင်းပြသတဲ့နည်းစနစ်ဟာ အရင်ပြပွဲတွေ ထက်စာရင် ပြပွဲနည်းစနစ် ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ လွတ်လွတ် လပ်လပ်လေ့လာကြည့်ရှုပြီး လွတ်လပ်စွာတင်ဒါတင်သွင်းဝယ်ယူလို့ရပါတယ်။ အခုပြသရောင်းချပွဲဟာ မိုးရာသီကာလဖြစ်နေတဲ့အတွက် ပြကွက်နေရာအချို့မှာ မိုးရွာရင်ရေတွေဝင်ရောက်ပါတယ်။ ကျောက်စိမ်းအတွဲကိုလေ့လာကြည့်ရှုတဲ့ ရတနာကုန်သည်တွေအနေနဲ့ ရေထဲမှာလေ့လာကြည့်ရှုရသလိုဖြစ်နေပါတယ်။ ရေထုတ်မြောင်းစနစ်ကို သေသေချာချာဆောင်ရွက်ပေးစေချင်ပါတယ်'' ဟု ၎င်းက ပြောသည်။
''အခုခင်းကျင်းပြသရောင်းချတဲ့ပွဲဟာ ပြီးခဲ့တဲ့နှစ်လယ်ပွဲထက် ပြည်တွင်း၊ ပြည်ပ ကျောက်မျက်ရတနာကုန်သည်တွေ ပိုမိုလာရောက်ကြတယ်ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိရောင်းချနေတဲ့ ဈေးကွက်အနေအထား အရ ခန့်မှန်းလျာထားချက်ပြည့်မီတယ်၊ အောင်မြင်တယ်လို့ပြောရမှာ ဖြစ်ပါ တယ်၊ ပြည်တွင်းပြည်ပရတနာကုန်သည်တွေအတွက် အစစအရာရာ အဆင်ပြေ ချောမွေ့အောင် စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ပြသ ရောင်းချတာဖြစ်တဲ့အတွက် တင်ဒါတင်သွင်းတဲ့အခါ မိမိရဲ့သဘောဆန္ဒအတိုင်း လွတ်လပ်စွာတင်သွင်းနိုင်ပါတယ်။ ပြသရောင်းချပွဲပြီးတဲ့အခါတိုင်း ပြပွဲ သုံးသပ်ချက်တွေ လုပ်ဆောင်ပါတယ်၊ အဲဒီသုံးသပ်ချက်တွေအရ နောင်လာမယ့် ပြပွဲတွေကို ပြည့်စုံသည်ထက်ပြည့်စုံအောင်၊ အဆင်ပြေသည်ထက် ပိုအဆင်ပြေ အောင်၊ ချောမွေ့သည်ထက်ချောမွေ့အောင် ဆောင်ရွက်ပေးနေပါတယ်။ လုပ်ငန်းကော်မတီအသီးသီးအနေနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေအားလုံးကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။ ကျောက်စိမ်းတူးဖော်မှုတွေကိုလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်တဲ့ တူးဖော်မှုတွေ ဖြစ် အောင်၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးကဏ္ဍတိုးတက်သည်ထက် တိုးတက်လာအောင်၊ မြင့်မားသည်ထက်မြင့်မားလာအောင်ê ကြိုးပမ်း အားထုတ်နေပါတယ်'' ဟု မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှစိုးဦးက ပြောသည်။
ယခုကျင်းပသည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရသည့်တန်ဖိုးများအပေါ် သတ်မှတ်ကောက်ခံမည့်အခွန်အခ နှုန်းထားများမှာ အထူးကုန်စည်ခွန်အနေဖြင့် ကျောက်စိမ်းအရိုင်းများအတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများအတွက် ၁ဝ ရာခိုင်နှုန်းနှင့် ကျောက်မျက်လက်ဝတ်ရတနာအချောထည်များအတွက် ငါးရာခိုင်နှုန်းတို့ ဖြစ်ကြပြီး ဝန်ဆောင်ခအနေဖြင့် ကျောက်မျက်ရတနာအရိုင်းများအတွက် သုံးရာခိုင်နှုန်းနှင့် အချောထည်များအတွက် တစ်ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။
မင်းမင်းဇော်(သတင်းစဉ်)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးပွဲများ ကျင်းပပြီးစီး

Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍကြီး ငါးရပ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲ များကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက် ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲများကို ဇွန် ၂၆ ရက်မှ ၂၈ ရက် အထိ ကျင်းပခဲ့ပြီး တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများ ကာကွယ်ခြင်း၊ ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး၊ ကျား၊ မ တန်းတူညီမျှရေး၊ ဖက်ဒရယ်စနစ်တွင် စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံရမည့်မူများ၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖော်ဆောင်ရေး၊ တိုင်းရင်းသားစာပေသင်ကြားရေး၊ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ရိုးရာဓလေ့၊ ထုံးတမ်း စဉ်လာ၊ ဝတ်စားဆင်ယင်မှု၊ သမိုင်းအမွေအနှစ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ကာကွယ်ထိန်းသိမ်း ရေး၊ လူတိုင်းအကျုံးဝင်သော ပညာရေးစနစ်၊ လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစနစ် ဖော်ဆောင်ရေး၊ အနာဂတ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို
အခြေခံသည့်ပြည်ထောင်စုတွင် တပ်မတော်တစ်ခုတည်းထားရှိရေး အဆိုပြု ချက်များကို ဆွေးနွေးခဲ့ကြသည်။
နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ''နိုင်ငံရေးကဏ္ဍနဲ့ပတ်သက်ပြီး တိုင်းရင်းသား အရေး၊ တိုင်းရင်းသားအခွင့်အရေးနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အကြောင်း အရာတွေကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီအပြင် ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်ထဲ မှာပါတဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ၊ ဖွဲ့စည်းပုံရေးဆွဲရာမှာ ထည့်သွင်းသင့်တဲ့ အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAO)နဲ့ နိုင်ငံရေးပါတီတွေကတင်တဲ့ စာတမ်းတွေကို တစ်ချက်ချင်း ဆွေးနွေး ပါတယ်။ တူတဲ့အမြင်တွေရှိသလို ကွဲလွဲတဲ့အမြင်တွေလည်းရှိပါတယ်။ ဒါတွေကို မှတ်ချက်အနေနဲ့ရေးထားပါတယ်။ သုံးပွင့်ဆိုင်ကိုယ်စားလှယ်တွေရဲ့ သဘောထားတစ်ခုတည်း ရရှိတယ်ဆိုရင်တော့ မှတ်ချက်မှာ မပါတော့ပါဘူး။ စာတမ်းတွေကို မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ကို တင်မှာဖြစ်ပါတယ်။UPDJC ကနေ ပြန်ချပေး လိုက်တဲ့အချက်တွေကို ဇူလိုင် ၄ ရက်ကနေ ၆ ရက်အထိ ကျင်းပမယ့် လုပ်ငန်း ကော်မတီအစည်းအဝေးမှာ ပြန်ပြီးဆွေးနွေးမှာဖြစ်ပါတယ်။ တိုင်းရင်းသား လူနည်းစုအခွင့်အရေးမှာ သဘောတူညီထားတာတွေ တော်တော်များများ ရှိပါတယ်''ဟု ပြောသည်။
ခေါင်းစဉ် ၁ဝ ခု ဆွေးနွေး
ထို့အတူ ဦးအောင်ကြည်ညွန့်က ''ဒီသုံးရက်အတွင်းမှာ ဆွေးနွေးခဲ့တာတွေ ကို စုစည်းပြီး UPDJC ကို တင်ပြသွားမှာပါ။ နိုင်ငံရေးပါတီက ဆွေးနွေးဖို့ ကျန်ခဲ့တဲ့ ခေါင်းစဉ် ၁ဝ ခုရှိပါတယ်။ အဲဒီထဲက ခေါင်းစဉ် နှစ်ခုကိုပဲ ဆွေးနွေးခဲ့ ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေရဲ့အခွင့်အရေးကို ကာကွယ်ခြင်းနဲ့ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ ကျား၊ မ တန်းတူညီမျှရေးဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ပါတယ်''ဟု ပြောသည်။
လုံခြုံရေးကဏ္ဍဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ဦးမျိုးဝင်းက ''လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီး အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAO)ကြားမှာ အလွတ်သဘော ဆွေးနွေးပွဲ လေးကြိမ်လုပ်ခဲ့ပါတယ်။ ဒီအလွတ်သဘော ဆွေးနွေးပွဲကနေ ရရှိတဲ့အချက်တွေနဲ့ သဘောထားစုစည်းချက်တွေကို အခု ဆွေးနွေးပွဲမှာ တင်ပြလာပါတယ်။ အလွတ်သဘော ဆွေးနွေးပွဲဆိုတာကလည်း တရားဝင်ဆွေးနွေးပွဲကို အထောက်အကူဖြစ်ဖို့ လုပ်ခဲ့ကြတာပါ။ လုံခြုံရေးကဏ္ဍမှာတော့ အနာဂတ်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုမှာ တပ်မတော်တစ်ခုတည်းထားရှိရေးကိစ္စကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(EAO)နဲ့ ဆွေးနွေးပါတယ်။ အနာဂတ်မှာ တည်ဆောက်မယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုမှာ ထားရှိမယ့်တစ်ခုတည်းသော တပ်မတော် ကိစ္စအပါအဝင် လုံခြုံရေးကဏ္ဍကို ဆွေးနွေးဖို့ အစိုးရနဲ့ EAO ကြားမှာ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်သွားပြီးတော့ မှ ဆောင်ရွက်သွားမယ်ဆိုတဲ့ နှစ်ချက်ကို ဆွေးနွေးခဲ့ပါတယ်။ အလွတ်သဘော ဆွေးနွေးပွဲက နှစ်ချက်ကို အပြုသဘောဆောင်တဲ့ ရလဒ်အဖြစ် ထားရှိပါတယ်။ တိုင်းပြည်တစ်ခုမှာ တပ်မတော်တစ်ခုတည်း ရှိရမယ်ဆိုတာ မူအားဖြင့် ရှိထားပြီးသားပဲ။ ဒါ Universal Truth အဖြစ်နဲ့ လက်ခံ
ထားပြီးသားပါပဲ။ အဲဒါနဲ့ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲတွေကျင်းပကာ နှစ်ဖက်လက်ခံနိုင်တဲ့ ပညာရှင်တွေခေါ်ယူပြီး အတူတကွ လေ့လာမယ်၊ သဘောထားတွေ စုစည်း မယ်။ ဒါတွေကို ရေရှည်မှာ ဆောင်ရွက်သွားဖို့ သဘောထားစုစည်းသွားမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။
အချက်ခြောက်ချက်ရှိ
စီးပွားရေးကဏ္ဍဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ဦးလှမောင်ရွှေက ''အရင် (၁ဝ)ကြိမ်မြောက် UPDJCအစည်းအဝေးက ကျွန်တော်တို့ ပြန်ဆွေးနွေးဖို့ ပို့ပေးလိုက်တဲ့ အချက်ခြောက်ချက်ရှိပါတယ်။ အဲဒါတွေ ကျွန်တော်တို့ အားလုံး ဆွေးနွေးပြီးပါပြီ။ နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့ ပေါင်းတင်တဲ့ ၂၄ ချက်ပါတဲ့ စာတမ်းတစ်ခုရှိပါတယ်။ အဲဒီထဲက ၁၃ ချက် ဆွေးနွေးပြီးပါပြီ။ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကတင်တဲ့ အချက် ၇၁ ချက်နဲ့ နိုင်ငံရေးပါတီတွေက တင်တဲ့အချက် ရှစ်ချက်ကိုလည်း တစ်ဝက် ကျော် ဆွေးနွေးပြီးပါပြီ။ ယခုဆွေးနွေးချက်တွေအားလုံးကို တိုင်းရင်းသားတွေက သူတို့ရဲ့ တာဝန်ရှိတဲ့ သူတွေဆီ ပြန်ယူသွားမယ်။ လာမယ့် ဇူလိုင် ၄ ၊ ၅၊ ၆ ရက်မှာ ကျွန်တော်တို့ ပြန်ပြီး ဆွေးနွေးပါမယ်။ အဲဒါပြီးရင် UPDJC ကတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို တင်မှာဖြစ်ပါတယ်။ အရင်ညီလာခံမှာတုန်းက စီးပွားရေး ကဏ္ဍကနေ စုစုပေါင်းအချက် ၁၁ ချက် မူဝါဒအဖြစ်ထွက်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း အရင်တစ်ခါကထက် မနည်းတဲ့ အချက်တွေကို မူဝါဒအဖြစ် ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။ စီးပွားရေးကဏ္ဍအတွက် အားရပါတယ်။ ညီလာခံကျင်းပမယ့်ရက်ကို မနက်ဖြန် UPDJC အစည်းအဝေးမှာ အတည်ပြုမှာပါ။ တတိယအကြိမ် ညီလာခံကို ဇူလိုင် ၁၁ ရက်မှာ ကျင်းပဖို့ အဆိုပြုထားပါတယ်။ ညီလာခံကိုတော့ ဇူလိုင် ၁၁ ရက်ကနေ ၁၅ ရက်အထိ ငါးရက်ကျင်းပဖို့တင်ပြမှာပါ။ တက်ရောက်မယ့် လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားဖို့ကတော့ မနက်ဖြန်မှာ ကျင်းပမယ့်UPDJC မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်''ဟု ပြောသည်။
တက်ရောက်
ယနေ့ ဆွေးနွေးပွဲများသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC)အတွင်းရေးမှူးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး၊ ဦးအောင်စိုး၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ပဒိုစောတာဒိုမူး၊ ဦးမျိုးဝင်း၊ ဦးစိုင်းငင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ ဦးမြင့်စိုး၊ ဦးနိုင်ငံလင်း၊ စိုင်းကျော်ညွန့်၊ မင်းကျော်ဇေယျဦးနှင့် တာလှဖေ၊ ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် အကျိုးတော်ဆောင်များ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ကျော်သူထက်၊ အေးအေးသန့်(သတင်းစဉ်)

ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့ မောင်တောဒေသ၌ ကွင်းဆင်းသတင်းရယူ

Image may contain: 6 people, people standing, outdoor and nature
စစ်တွေ ဇွန် ၂၈
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းသတင်းရယူရန် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ ရောက်ရှိကြသည်။
ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာအဖွဲ့သည် အင်းဒင် ကျေးရွာတွင် အကြမ်းဖက်ဖြစ်စဉ်ကြုံတွေ့ခဲ့ရမှုနှင့် ကျေးရွာ၏ ပကတိအခြေအနေမှန်များကို ကျေးရွာသားများ နှင့်တွေ့ဆုံ၍ သတင်းရယူကြသည်။
သတင်းရယူ
ထို့နောက် မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့်အဖွဲ့အား တွေ့ဆုံ၍ ဒေသအတွင်း ပြန်လည် ဝင်ရောက်လာမည့်သူများအား စိစစ်လက်ခံရေး၊ နေရာ ချထားရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်း သတင်းရယူကြသည်။
မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် ပြန်လည် ဝင်ရောက်လာသူများအား ယာယီလက်ခံမည့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များနှင့် စခန်းတည်ဆောက်ပြီးစီးမှု အခြေအနေများကို သတင်းရယူကြသည်။
ဆက်လက်၍ စခန်းအတွင်းရှိ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် အစ္စလာမ်ဘာသာဝင်များ အား တွေ့ဆုံ၍ သတင်းရယူကြသည်။
သူရဇော်

မောက်မယ်မြို့နယ်၌ နမ့်အွန် ကွန်ကရစ်ဆည် တည်ဆောက်

Image may contain: sky, tree, outdoor and nature
မောက်မယ် ဇွန် ၂၈
ကျေးလက်နေ ပြည်သူများ စိုက်ပျိုးရေ လုံလောက် စွာရရှိရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မား စေရေးအတွက် ရှမ်းပြည်နယ် လင်းခေးခရိုင် မောက်မယ်မြို့နယ် နားသဲကျေးရွာ နမ့်အွန် ရေထွက်အောက်အနီးတွင် ပေ ၆ဝ ထ ပေ ၁၃ဝ ကွန်ကရစ်ဆည်ကို ဇွန် ၂၈ ရက်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
နမ့်အွန်ရေထွက်သည် ရေလုံလောက်မှု မရှိ သဖြင့် တောင်သူများ၏ ဆန္ဒအရ ကွန်ကရစ် ဆည်တည်ဆောက်နိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်သန်း ၁၃ဝ ချမှတ် ဆောင်ရွက်ခွင့်ပေးပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် ပေးမည်ဖြစ်ကြောင်းသိရပြီး နမ့်အွန်ဆည်
ပြီးမြောက်သွားပါက လယ်မြေဧက၂၅ဝ ခန့် အကျိုး
ပြုနိုင်မည်ဖြစ်ကြောင်း ဆည်မြောင်းဦးစီးအရာရှိ ဦးခွန်မြင့်ဇော် ထံမှသိရသည်။
စိုင်းမျိုးသန့်(ပြန်/ဆက်)

တာချီလိတ်မြို့နယ်ရှိ လွယ်ယွန်းခမ်းရှေးဟောင်းစေတီတော်ကြီး ထီးတော်တင်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

Image may contain: one or more people and outdoor
တာချီလိတ် ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် မြို့နယ် မိုင်းဖုန်းဆရာတော် အဂ္ဂ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဥာဏ သံဝရ၏ သြဝါဒနှင့်အညီ တပည့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့ ပါဝင်လှူဒါန်းမှုဖြင့် ပြန်လည်မွမ်းမံ တည်ထားခဲ့သည့် လွယ်ယွန်းခမ်း ရှေးဟောင်း စေတီတော်မြတ်ကြီး ရွှေထီးတော်တင်မင်္ဂလာအခမ်းအနား ကို ဇွန် ၂၇ ရက် နံနက်ပိုင်းက စည် ကားသိုက်မြိုက်စွာ ကျင်းပသည်။
နံနက် ၆ နာရီ က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ နဝမ မြောက် ဗန်းမော်ဆရာတော် အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယအဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ ဘဒ္ဒန္တဓမ္မသီရိ အမှူးပြုသော ဆရာ တော်၊ သံဃာတော်များက စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် အနေကဇာတင်လှူခဲ့ပြီး မိုင်းဖုန်း ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် အလှူရှင်များက စေတီတော်ကြီးအား ထီးတော်တင်လှူ
ပူဇော်သည်။
စေတီတော်ကြီး ထီးတော်တင်လှူ ပူဇော်ပွဲသို့ ပြည်နယ်စည်ပင်သာယာ
ရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဘဏ္ဍာရေး
ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာရှင် အလှူရှင်များ နှင့် တိုင်းရင်းသားပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက် ခဲ့ကြောင်း သိရသည်။
အဆိုပါ လွယ်ယွန်းခမ်းစေတီတော် ကြီးမှာ ၂ဝ၁၁ ခုနှစ် မတ် ၂၄ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သည့် တာလေ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာ မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ သြဝါဒနှင့်အညီ တပည့်ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်အလှူရှင် များ ပါဝင်လှူဒါန်းမှုဖြင့် ၂ဝ၁၆ခုနှစ် နိုဝင်ဘာလတွင် စေတီအဟောင်းအား ငုံ၍ အသစ်ပြန်လည် တည်ထားခဲ့ခြင်း ဖြစ်ကာ ယခုအခါ ဥာဏ်တော် ၁၁၈ ပေ၊ အောက်ခြေပလ္လင်ခုံ ထုထည်မှာ ၂၄၆ ပေ ရှိကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

ကျောင်းမုန့်ဈေးတန်းနှင့် ဆေးဆိုင်များစစ်ဆေး

Image may contain: 2 people, people sitting and outdoor
အုတ်ဖို ဇွန် ၂၈
ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးနှင့်
ညီညွတ်သည့် အစားအစာများသာ ရောင်းချ
နိုင်စေရန် ရည်ရွယ်၍ အုတ်ဖိုမြို့နယ် အခြေခံ
ပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ မုန့်
ဈေးတန်းအား ဇွန် ၂၇ ရက် နံနက်ပိုင်းက မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်းနှင့်
အဖွဲ့ သွားရောက်စစ်ဆေးခဲ့ပြီး အလားတူ မြို့မ
၃ လမ်းရှိ မူလွန်ကျောင်း၌ ရောင်းချလျက်ရှိသော ကျောင်းမုန့်ဈေးဆိုင်များအား စစ်ဆေးခဲ့ရာ ယင်
နားမှုမရှိစေရန် ဖုံးအုပ်ရောင်းချရန်နှင့် အမှိုက်ပုံး များထားရှိရန် အသိပညာပေးခဲ့သည်။
အဆိုပါအဖွဲ့သည် နေ့လယ်ပိုင်းတွင် အုတ်ဖိုမြို့
အတွင်းရှိ ဆေးဆိုင်များအား စစ်ဆေးခဲ့ပြီး စပ်ဆေး
များရောင်းချခြင်းမပြုရန်၊ ဆေးရောင်းချသူများက
ဆေးကိုင်တွယ်ရာ၌ လက်အိတ်ဖြင့် ကိုင်တွယ်ရန်
လိုကြောင်း၊ ဆေးဆိုင်သန့်ရှင်းမှုရှိရန်နှင့် ဆေးများ
အား ကြမ်းပြင်ပေါ်၌ချထား ရောင်းချခြင်းမပြုရန်
အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူဆွေ (ပြန်/ဆက်)

နိုင်ငံခြားသားခရီးသွားများ ရွှေဆံတော်စေတီရင်ပြင်ပေါ်မှ မှတ်တမ်းဓာတ်ပုံရိုက်ကူးသူများပြား

Image may contain: 1 person, sky, outdoor and nature
ညောင်ဦး ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ
ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း၌ နိုင်ငံခြားသား ခရီးသွားများ စဉ်ဆက်မပြတ်
ဝင်ရောက်လေ့လာလျက်ရှိသလို ပြည်တွင်း
ဘုရားဖူးဧည့်သည်များလည်း လာရောက်
လျက်ရှိကြောင်းသိရသည်။
ပုဂံဒေသရောက် နိုင်ငံခြားသားခရီးသွား
များနှင့် ဘုရားဖူးပြည်သူများသည် ရှေးဟောင်း
ဘုရားစေတီပုထိုးများ၊ ရှေးဟောင်း
အမွေအနှစ်လက်ရာစသည့် ယဉ်ကျေးမှု
လက်ရာများကို လေ့လာကြပြီး နံနက် ၆ နာရီ
နှင့် ညနေ ၆ နာရီတွင် ပုဂံမြို့ဟောင်းရှိ
အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော
ရွှေဆံတော်စေတီတော်ရင်ပြင်တော်ပေါ်မှ
ပုဂံယဉ်ကျေးမှုဒေသရှိ ရှေးဟောင်းဘုရား
စေတီပုထိုးများကို မှတ်တမ်းတင် ဓာတ်ပုံ
ရိုက်ကူးသူများ ယခင်နှစ်များထက်
ပိုမိုများပြားလာလျက်ရှိကြောင်း စေတီတော်
ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ဆိုသည်။
အနော်ရထာမင်း တည်ထားကိုးကွယ် ခဲ့သည့် ရွှေဆံတော်စေတီတော်၏ ပစ္စယံ
အထက်ငါးဆင့် ရင်ပြင်တော်ပေါ်သို့ ခရီးသွား
နိုင်ငံခြားသားများ၊ ဘုရားဖူးပြည်သူများ တက်ရောက်၍ ပုဂံဒေသ၏ အလှအပရှုခင်း
ကိုအမိအရ ဓာတ်ပုံရိုက်ကူးကြကြောင်း
သိရသည်။
''သူတို့က အမေရိကန်နိုင်ငံကပါ။ မြန်မာ
နိုင်ငံကို ဒီအခေါက်နဲ့ဆို ၁ဝ ခေါက်ရှိပါပြီတဲ့။
မြန်မာပြည်ရောက်တာနဲ့ ရှေးဟောင်း
ယဉ်ကျေးမှုလက်ရာပေါများတဲ့ ပုဂံ
မြေကို ပထမဆုံးလာရောက်လေ့လာပြီး
ကျန်ဒေသများကို ခရီးဆက်မှာပါ။ ပုဂံ
ရောက်တာနဲ့တစ်နေ့လုံး လေ့လာကြပြီး
နံနက်အစောပိုင်းနေထွက်ချိန်နဲ့ ညနေ
နေဝင်ချိန်တွေကို ဒီဘုရားပေါ်မှာ
မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါတယ်။
ဒီဘုရားရဲ့ ရင်ပြင်တော်ပေါ်ကနေ
ပုဂံဒေသရှိ ဘုရားပုထိုးစေတီများ၊ ရှုခင်းအလှအပများကို ရှင်းလင်းပြတ်သားစွာ
မှတ်တမ်းတင်ရိုက်ကူးလို့ ရပါတယ်။
ဟိုနိုင်ငံရောက်တဲ့အခါ ဆွေမျိုးတွေက
မြန်မာနိုင်ငံမှာရှိတဲ့ ပုဂံဒေသဘုရားပုထိုး
တွေကို ကြည့်ချင်ကြနဲ့ အမှတ်တရအဖြစ်
ရိုက်ကူးတာ ဖြစ်ပါတယ်''ဟု အမေရိကန်
နိုင်ငံခြားသားတစ်ဦးက ပြောသည်။
ကျော်ကျော်(မလိုင်)

မုံရွာမြို့ရှိ ဂျပန်စစ်သင်္ချိုင်းကို ခရီးသွားများလေ့လာသည့်နေရာဖြစ်စေရန် ဖန်တီးသင့်

Image may contain: plant, tree, grass, sky, outdoor and nature
မုံရွာ ဇွန် ၂၈
မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ ဂျပန်စစ်သင်္ချိုင်းကို
ခရီးသွားများ လာရောက်လေ့လာသည့် နေရာ
တစ်ခုဖြစ်လာစေရန် ဖန်တီးဆောင်ရွက်သင့်
ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီး
သွားလာရေး ညွှန်ကြားမှုဦးစီးမှူး ဦးအောင်သူဦးက ပြောကြားသည်။
''ဂျပန်ဘက်က ခရီးသွားတွေကိုလည်း မျှော်လင့်
တယ်။ ဂျပန်ခရီးသွားအများစုက ဘိုးဘွားစဉ်ဆက်
သမိုင်းကြောင်းကို စိတ်ဝင်စားတာများတယ်။ အဲဒါ
ကြောင့် ဂျပန်နဲ့ဆိုင်တဲ့အရာတွေ လုပ်ထားတာ သူတို့ ကျယ်ကျယ်ပြန့်ပြန့်သိသွားရင် သူတို့ဒီဘက်
ကို လာနိုင်တယ်လို့ ယူဆတယ်။ ဂျပန်
ခရီးသွားတွေ မုံရွာဘက်လာတာတွေရှိပါတယ်။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိသွားရင် အဆက်
အစပ်နဲ့လာကြမှာပါ။ ဒေါနခြံက ဂျပန်သင်္ချိုင်းကို သပ်သပ်ရပ်ရပ်နဲ့ မြက်ခင်းစိမ်းစိမ်းလန်းလန်းနဲ့
လုပ်လိုက်ရင် ဂျပန်တွေအပြင် ပြည်ပခရီးသွားတွေ
လာရောက်လေ့လာကြမှာသေချာပါတယ်'' ဟု
တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားဦးစီးမှူး ဦးအောင်သူဦးက ရှင်းပြသည်။
လက်ရှိတွင် ချုံနွယ်ပိတ်ပေါင်းများနှင့်အတူ
များပြားလှသော အမှိုက်များရှိနေသောကြောင့် လာရောက်လေ့လာလိုသူများ သွားလာရန်အဆင်
မပြေသည့်အခြေအနေတွင်ရှိနေသည်ကို တွေ့ရသည်။
''ဂျပန်သင်္ချိုင်းကို ဂျပန်လူမျိုးတွေ အုပ်စုလိုက်
လာတာရှိသလို တစ်ဦး၊ နှစ်ဦး လာတာတွေရှိပါ တယ်။ အင်ဖာစစ်လမ်းကြောင်းတစ်လျှောက်
ကျဆုံးတဲ့ ဂျပန်စစ်သည်တွေရဲ့စာရင်းကို ပြုစုပြီး အုတ်မှတ်တိုင်ခြေရင်းမှာထည့်ကာ နှစ်စဉ်လာ
ရောက်ပြီး စားဖွယ်သောက်ဖွယ်တွေနဲ့ပူဇော်ပသ ကြတာတွေ လုပ်ခဲ့တယ်'' ဟု မုံရွာမြို့သစ်ရပ်ကွက်
နေ ဂျပန်ဘာသာပြန်ဆောင်ရွက်နေသာ ဆရာ ဦးခင်မောင်ဆန်းက ပြောသည်။
ဂျပန်စစ်သင်္ချိုင်းတွင်ရှိသည့် သူရဲကောင်းများ
ကျောက်တိုင်အောက်ခြေတွင် မုံရွာနှင့် အင်ဖာ
စစ်လမ်းကြောင်းတစ်လျှောက် သေဆုံးခဲ့သည့် ဂျပန်
စစ်သည်များ၏ အမည်နှင့် ရာထူးများ မှတ်တမ်း တင်ထားသည့် ထင်းရှူးပြား ၉ဝ ကျော် ၁ဝဝ
နီးပါးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်သင်္ချိုင်းတည်
စဉ်က မိဘများနှင့်ဆောင်ရွက်ခဲ့သူ မုံရွာမြို့
ဘုရားကြီးရပ်နေ ဦးနေဝင်းထံမှ သိရသည်။
''စစ်အတွင်းက ကျဆုံးသွားတဲ့ ဂျပန်စစ်သည်
တွေရဲ့နာမည်တွေကို ထင်းရှူးသားနဲ့ မှတ်တမ်း
တင်ပြီး အလယ်ကျောက်တိုင်ခြေရင်းမှာ ထည့်
ပိတ်ထားတာပါ။ ဒီထဲမှာထည့်ထားတာ ဦးရေ
အတော်များတယ်။ ကျောက်တိုင်က လေးခုရှိ တယ်။ အလယ်က ကျောက်တိုင်အရှည်ပါ။ ကျဆုံး
သွားတဲ့ ရဲဘော်တွေစာရင်းကို အလယ်တိုင်မှာ ထည့်
ထားတာပါ။ ဟိုတုန်းက ဒီဇင်ဘာလရောက်ရင်
နှစ်တိုင်း ဂျပန်ကအမျိုးတွေလာကြတယ်။ လက်ရှိ
ဂျပန်သင်္ချိုင်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
လုပ်ချင်ပါတယ်''ဟု ဦးနေဝင်းက ရှင်းပြသည်။
မျိုးဝင်းထွန်း (မုံရွာ)

ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် တာချီလိတ်မြို့မ ရဲစခန်းအချုပ်ခန်းအား ကြည့်ရှုစစ်ဆေး

Image may contain: 1 person, standing
တာချီလိတ် ဇွန် ၂၈
ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် တာချီလိတ်ခရိုင်တရားသူကြီး ဦးဝင်းအောင်နှင့်အတူ ဇွန် ၂၆ ရက် နံနက်က
တာချီလိတ်မြို့မရဲစခန်းအချုပ်ခန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ စစ်ဆေးရာတွင် ရဲစခန်းရှိ အချုပ်သားများအား တွေ့ဆုံ၍ ဥပဒေပါ
အခွင့်အရေးများ ရရှိခြင်း ရှိ-မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ၊ မရှိ၊
ကျန်းမာရေး စောင့်ရှောက်မှုအခွင့်အလမ်းရရှိမှုနှင့် စားသောက်ရမှု အခြေအနေ
များကို မေးမြန်း ကြည့်ရှုစစ်ဆေးပြီး ကြန့်ကြာနေသော အမှုများတွင် သက်သေ
ဆင့်ခေါ်ပေးရန် မြို့မရဲစခန်းမှူးအား လမ်းညွှန်မှာကြားကာ ယင်းအမှုများ
အား အမြန်စစ်ဆေးကြရန် တရားသူကြီးများကိုမှာကြားသည်။
အလားတူ ပြည်နယ်တရားသူကြီးချုပ်သည် ဇွန် ၂၅ ရက်ကလည်း ကျိုင်းတုံ
အကျဉ်းထောင်နှင့် မိုင်းဖြတ်မြို့မရဲစခန်းအချုပ်ခန်းကိုလည်းကောင်း၊ ဇွန် ၂၆ ရက်တွင် တာချီလိတ်မြို့နယ် ဝမ်ပုံနယ်မြေ ရဲစခန်းအချုပ်ခန်းကိုလည်းကောင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

ဟားခါးမြို့ သာသနာ့ရောင်ခြည်စေတီတော် ရွှေထီးတော်တင်လှူ

Image may contain: 6 people, people standing and outdoor
ဟားခါး ဇွန် ၂၈
ဟားခါးမြို့ မြို့မသာသနာပြုစာသင်တိုက်ကျောင်းဝင်း
အတွင်း တည်ထားကိုးကွယ်သည့် 'သာသနာ့ ရောင်ခြည်
စေတီတော်' ရွှေထီးတော်တင် အလှူတော်မင်္ဂလာ အခမ်း အနားကို ဇွန် ၂၇ ရက် နံနက် ၉ နာရီက စေတီတော်
ရင်ပြင်၌ ကျင်းပသည်။
ဒါယကာ၊ ဒါယိကာမများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်
နားတော်၊ ရွှေထီးတော်ဘုံဆင့်များနှင့် အရံစေတီ ရွှေထီး
တော်များကို ပင့်ဆောင်၍ 'သာသနာ့ရောင်ခြည်စေတီ တော်' အား လက်ယာရစ်လှည့်လည်ပူဇော်ကာ စေတီတော်
အထွတ်ငြမ်းအထက်သို့ မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်ပူဇော်
ကြသည်။
ချင်း ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့
အစည်းဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက် ကြသည်။
ခရိုင်(ပြန်/ဆက်)

အသက် နှစ်နှစ်ဆယ်ခန့်ငယ်တဲ့မင်းသမီးနဲ့ အချစ်ဇာတ်လမ်း တွဲဖက်ရိုက်ကူးသွားမယ့် လီဗြောင်ဟွန်း

Image may contain: 2 people, people standing
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသား တစ်ဦးဖြစ်တဲ့ လီဗြောင်ဟွန်းဟာ သူ့ရဲ့ ဇာတ်လမ်းတွဲသစ်မှာတော့ အသက် နှစ် နှစ်ဆယ်ခန့်ငယ်တဲ့ ဂျူနီယာနဲ့ တွဲဖက် ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီလို အသက် အရွယ်အားဖြင့် အလွန်ကိုကွာခြားတဲ့ မင်းသမီးနဲ့ အချစ်ဇာတ်လမ်း တွဲဖက်ရိုက်ကူး သွားရမယ့် သူ့ရဲ့ခံစားချက်တွေကို လီဗြောင်ဟွန်းက လတ်တလောမှာ ထုတ်ဖော် ပြောကြားလာခဲ့ကြောင်း အောကေပေါ့ပ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
လီဗြောင်ဟွန်းဟာtvNရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်သွားမယ့် ဇာတ်လမ်းတွဲ ''Mr. Sunshine''မှာ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ လီဗြောင်ဟွန်းနဲ့ တွဲဖက် သရုပ်ဆောင်မယ့် ခေါင်းဆောင်မင်းသမီး ကတော့ ကမ်တေးရီဖြစ်ပြီး သူဟာ လီဗြောင်ဟွန်းထက် အသက်နှစ်နှစ်ဆယ် လောက်ငယ်သူဖြစ်ပါတယ်။ လီဗြောင်ဟွန်း ဟာ မကြာမီ အသက် (၄၈) နှစ်ပြည့်တော့မှာ ဖြစ်ပြီး ကမ်တေးရီကတော့ (၂၈) နှစ်အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။ ဒီလိုအသက်အရွယ် ကွာခြားလွန်းသူနှစ်ဦးအကြားက အချစ် ဇာတ်လမ်းကို ပုံဖော်သွားရမယ့် ဒီရုပ်ရှင်မှာ ပါဝင်ရတဲ့ သူ့ရဲ့ခံစားချက်တွေကို လီဗြောင် ဟွန်းက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ ''Mr. Sunshine''ဇာတ်လမ်းတွဲအတွက် သတင်းစာ ရှင်းလင်းပွဲမှာတော့ လီဗြောင်ဟွန်းက ''ဇီဝဗေဒအရ ကျွန်တော်တို့နှစ်ဦး အသက် အရွယ် အလွန်ကွာခြားတာမှန်ပေမယ့် သရုပ်ဆောင်နေတဲ့အချိန်မှာ ကျွန်တော် ဒါကို ခံစားမိမှာ မဟုတ်ပါဘူး''လို့ ဆိုခဲ့ပါတယ်။ မင်းသမီး ကမ်တေးရီကလည်း သူ့ရဲ့ အနုပညာ သက်တမ်းတစ်လျှောက် စီနီယာမင်းသား များစွာနဲ့ တွဲဖက်ရိုက်ကူးခဲ့ရကြောင်း၊ ဒီရုပ်ရှင် မှာတော့ လီဗြောင်ဟွန်းနဲ့ တွဲဖက်သရုပ်ဆောင် ရာမှာ မင်းသားကို လိုက်မမီမှာ စိုးရိမ်မိ ကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းတွဲကို အလွန်အောင်မြင် ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ ''Descendants of the Sun(DOTS)'' နဲ့ ''Goblin''တို့ အတွက် ဇာတ်ညွှန်းရေးသားခဲ့သူ ကမ်အွန် ဆွတ်ကပင် ဇာတ်ညွှန်းရေးပေးမှာဖြစ်ပါတယ်။ ဒီလိုအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာက ရေးသားပေးမယ့် ဇာတ်လမ်းဖြစ်တဲ့အပြင် အဓိကဇာတ်ဆောင်နှစ်ဦးအကြား အလွန်ကို ကွာခြားလွန်းတဲ့ အသက်အရွယ်ကြောင့် ပရိသတ်တွေကို အထူးဆွဲဆောင်ထားနိုင်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။
''Mr. Sunshine'' ကိုတော့ လာမယ့် ဇူလိုင် ၇ ရက်မှာ စတင်ထုတ်လွှင့်သွားဖို့ရာ ရည်ရွယ်ထားကြောင်း သိရပါတယ်။
အေးပြည့်

လီယိုနာဒိုဒီကာပရီယိုနဲ့ ဘရက်ပစ်တို့ရဲ့ ရုပ်ရှင်သစ်အတွက် ဓာတ်ပုံထုတ်ဖော်ပြသ

Image may contain: 2 people, people standing and shoes
ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ မင်းသားတွေဖြစ်ကြတဲ့ လီယိုနာဒိုဒီကာပရီယိုနဲ့ ဘရက်ပစ်တို့ဟာ ''Once Upon A Time In Hollywood'' လို့အမည်ရတဲ့ ရုပ်ရှင်မှာ အတူတွဲဖက်ပါဝင်ထား တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ပါဝင်ထားတဲ့ သူတို့ရဲ့ ဇာတ်ကောင်တွေအရ ပြင်ဆင်ဝတ်စားပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လီယိုနာဒိုဒီကာပရီယိုက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေ တစ်ဆင့် ဖော်ပြခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးက တာဝန်ယူထုတ်လုပ်သွားမယ့် ဒီရုပ်ရှင်မှာတော့ လီယိုနာဒို ဒီကာပရီယိုဟာ အနောက်တိုင်းကြယ်ပွင့် ရစ်ခ်ဒယ်လ်တန်အဖြစ် ပါဝင်ထားတာဖြစ်ပြီး ဘရက်ပစ် ကတော့ သူနဲ့ နှစ်အတော်ကြာ တွဲဖက်သရုပ်ဆောင်ခဲ့သူ စတန့်သရုပ်ဆောင် ကလစ်ဖ်ဘုသ် အဖြစ် ပုံဖော်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ပထမဆုံးထုတ်ဖော်ပြသခဲ့တဲ့ ယင်းဓာတ်ပုံမှာတော့ လီယိုနာဒို ဒီကာပရီယိုဟာ ၁၉၆ဝ ပြည့်နှစ်တွေအတွင်း ခေတ်စားခဲ့တဲ့ အမျိုးသားတွေရဲ့ ဝတ်ဆင်ပုံမျိုး ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ ကောင်းဘွိုင်ဖိနပ်ရှည်ကို အညိုရောင်ဘောင်းဘီနဲ့ တွဲဖက် ဝတ်ဆင်ထားပြီး သားရေကုတ်အင်္ကျီရဲ့အောက်မှာတော့ လည်ပင်းလုံတဲ့ ဆွယ်တာမျိုး တွဲဖက် ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ဘရက်ပစ်ကတော့ အနက်ရောင်တီရှပ်နဲ့ ဂျင်းဂျာကင်၊ ဂျင်းဘောင်းဘီနဲ့အတူ နေကာမျက်မှန်ကိုပါ တပ်ဆင်ထားတာ တွေ့ရပါတယ်။
''Once Upon A Time In Hollywood'' မှာ ပါဝင်သရုပ်ဆောင်ကြမယ့် အနုပညာရှင် တွေအနက် ပထမဆုံး အတည်ပြုခဲ့သူက လီယိုနာဒိုဒီကာပရီယိုဖြစ်ပါတယ်။ အဲဒီနောက် ဘရက်ပစ်၊ မာဂေါ့ရော်ဘီ၊ တင်မိုးသီအိုလီဖန့်၊ လုခ်ပါရီ၊ ဘာ့ထ်ရေးနော့ဒ် စတဲ့ အနုပညာရှင် တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၉ ခုနှစ်အတွင်း လော့စ်အိန်ဂျလိစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေပြုပုံဖော်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီရုပ်ရှင်ကိုတော့ အမေရိကန်နိုင်ငံတစ်ဝန်း လာမယ့် ၂ဝ၁၉ ခုနှစ်အတွင်း ထုတ်လွှင့်ပြသ သွားနိုင်ဖို့ရာ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
အေးပြည့်

မိုက်ကယ်ဂျက်ဆင်၏ဖခင် ဂျိုးဂျက်ဆင် (၈၉) နှစ်အရွယ်တွင် ကွယ်လွန်

Image may contain: 1 person, smiling, standing, hat and text
ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ဖခင်ဖြစ်သူ ဂျိုးဂျက်ဆင်ဟာ လတ်တလောမှာ ပန်ခရိယက်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် (၈၉) နှစ်အရွယ်ရှိပြီဖြစ်ကာ မိသားစုဝင်တွေလည်း အနားမှာရှိနေခဲ့တာဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဇွန် ၂၇ ရက်မှာ ဂျိုးဂျက်ဆင် ကွယ်လွန်ခဲ့တာဖြစ်ပြီး ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရတဲ့ ဂျိုးဂျက်ဆင်ကို ဆရာဝန်တွေက ဇွန် ၂၂ ရက်မှာ လက်လျှော့လိုက်တာဖြစ်တယ်လို့ လည်း သိရပါတယ်။
ဂျိုးဂျက်ဆင် ကွယ်လွန်ချိန်မှာ အချို့သော မိသားစုဝင်တွေက သူ့အနားမှာ ရှိခွင့်မရတဲ့ အပြင် သူရှိနေတဲ့ နေရာကိုပါ မသိရကြောင်း မီဒီယာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မိုက်ကယ်ဂျက်ဆင်ရဲ့ သမီးဖြစ်သူ ပဲရစ်ဂျက်ဆင်ကတော့ သူနဲ့အတူ ရှိနေခဲ့တဲ့ အဘိုးဖြစ်သူရဲ့ နောက်ဆုံးအချိန်တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် မီဒီယာပေါ်ကနေတစ်ဆင့် ထုတ်ဖော်ပြသခဲ့တာကို တွေ့ရပါတယ်။
ဂျိုးဂျက်ဆင်ဟာ သားသမီး ၁၁ ဦး ရှိခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ကျန်းမာရေးမကောင်းမွန် ခဲ့ပါဘူး။ သူဟာ ၂ဝ၁၃ ခုနှစ်အတွင်း လေဖြတ်ခဲ့ပြီး ကုသမှုခံယူခဲ့ကာ ၂ဝ၁၅ ခုနှစ်အတွင်း နောက်တစ်ကြိမ် လေဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နှလုံးခေတ္တရပ်သွားတာကိုလည်း သုံးကြိမ်ခံစားခဲ့ရပါတယ်။ ယခုနှစ်နှစ်စပိုင်းမှာလည်း ယာဉ်တိုက်မှုဖြစ်ခဲ့တာကြောင့် ဆေးရုံ တက်ရောက်ခဲ့ကြောင်းလည်း သိရပါတယ်။
အေးပြည့်

ညောင်လေးပင်မြို့ ၌ နယ်လှည့်ခြေတုပြုပြင်ဆောင်ရွက်ပေး

Image may contain: 5 people, people sitting
ညောင်လေးပင် ဇွန် ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘားအံ
ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်
စွမ်းရေးဌာနက ဒေသအနှံ့ ခြေတုရရှိ
ရေးအစီအစဉ်ဖြင့် နယ်လှည့်ခြေတုပြု
ပြင်ပေးခြင်းကို ဇွန် ၂၇ ရက် နံနက် ၈ နာရီခွဲမှစတင်၍ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ပြည်သူ့ဆေးရုံ၌ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
ခြေတုပြုပြင်ပေးရာတွင် ဘားအံ
ခြေတုလက်တုဆိုင်ရာ ပြန်လည်
သန်စွမ်းရေးဌာနမှ ကွင်းဆင်းအရာရှိ ဦးထွန်းထွန်းအောင် ဦးဆောင်သော အဖွဲ့မှ မြို့နယ်ကြက်ခြေနီအသင်း၊ သက်
ဆိုင်ရာဒေသခံအုပ်ချုပ်ရေးတာဝန်ရှိသူ
များ၊ မြို့နယ်ကျန်းမာရေးဌာနမှတာဝန် ရှိသူများနှင့်ဆက်သွယ်ပြီး ခြေမသန်စွမ်း
သူ ၄၅ ဦးအား နေ့ချင်းပြီးပြုပြင်ဆောင်
ရွက်ပေးခဲ့သည်။
ယခင်က ခြေတုပြုလုပ်ထားသူများ ကို ပြန်လည် ပြုပြင်ပေးခြင်းဖြစ်ပြီး ခြေတုအသစ် ပြုလုပ်လိုသူများကို ဘားအံသို့ခေါ်ယူ၍ အသစ်ပြုလုပ်ပေး
မည်ဖြစ်ကာ ဌာနအနေဖြင့် ကယား
ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ
တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း ၁၁ မြို့နယ်နှင့် မွန်
ပြည်နယ်တို့၌ နယ်လှည့်ဆောင်ရွက်ပေး
လျက်ရှိကြောင်းသိရသည်။
ရဲမြန်မာ(ညောင်လေးပင်)

မြန်မာ့ဂီတနေ့ဂုဏ်ပြုအခမ်းအနားကျင်းပ

Image may contain: 7 people, people standing
ရန်ကုန် ဇွန် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် ဓမ္မဒါနလမ်းရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၌ ဇွန် ၂၇ရက်က မြန်မာ့ဂီတနေ့ ဂုဏ်ပြု
အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) နာယကကြီး ဒေါက်တာစည်သူ ဗိုလ်ကလေးတင့်
အောင်က သြဝါဒမေတ္တာစကားပြော
ကြားသည်။ ဆက်လက်၍ ဥက္ကဋ္ဌ
ဦးတင်ဦးလေးက နှုတ်ခွန်းဆက်စကား
ပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးလွင်မြင့်က မြန်မာ့ဂီတနေ့ဖြစ်ပေါ်လာပုံအကြောင်း
ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့ဂီတနေ့ အခမ်းအနားကျင်းပရေး
တွင် မေတ္တာဖြင့်ပါဝင်ကူညီခဲ့ကြသူများ
အား ဒုတိယဥက္ကဋ္ဌဦးစိုးမိုးက ဂုဏ်ပြု
မှတ်တမ်းလွှာများချီးမြှင့်သည်။
ဆက်လက်၍ တက်ရောက်လာကြ သော မြို့နယ်အသီးသီးမှ ဂီတအစည်း
အရုံးဥက္ကဋ္ဌများနှင့် ဂီတလောကသား
များ၊ အနုပညာရှင်များက တေးသီချင်း
များဖြင့် သီဆိုဖျော်ဖြေကြသည်။
မြန်မာ့ဂီတနေ့ ဂုဏ်ပြုပွဲအခမ်းအနား
သို့ နာယကကြီးများ၊ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဂီတ
အစည်းအရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
၅၉၇

မုန်းချောင်းကို လှေဖြင့် ကူး၍ စာသင်သွားကြသည့် ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းစေရန် အသက်ကယ်အင်္ကျီများ လှူဒါန်း

Image may contain: 1 person, sky, outdoor, water and nature
ပွင့်ဖြူ ဇွန် ၂၈
မုန်းချောင်းကို လှေဖြင့် ဖြတ်ကူး၍ ပွင့်ဖြူ မြို့အခြေခံပညာအထက်တန်းကျောင်းသို့ စာသင်သွားကြသည့် ကျေးရွာများမှ ကျောင်းသား ကျောင်းသူများ အန္တရာယ် ကင်းဝေးစေရေးအတွက် ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေးကွန်ရက်မှ အသက်ကယ်အင်္ကျီ လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိသည်။
''မနေ့က အသက်ကယ်အင်္ကျီ ၁၄ ထည် လှူပြီးပြီ။ နောက်ထပ် ခြောက်ထည်နဲ့အားလုံး
ပေါင်း အထည် ၂ဝ လှူဖို့ရှိ ပါတယ်။ ပွင့်ဖြူ
မြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်မင်းနိုင်ဆီကို ကလေးတွေ သွားလာရေးခက်ခဲတဲ့အကြောင်း ဒေသခံတွေက သွားပြောကြတယ်။ သူက တစ်ဆင့် အကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့ တာကြောင့် ကွန်ရက်အစီအစဉ်နဲ့ လှူဒါန်း ဖြစ်တာပါ''ဟု ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေး ကွန်ရက်အတွင်းရေးမှူး ဦးဘုန်းမြင့်က ပြော သည်။
မုန်းချောင်းအနောက်ဘက်ကမ်းရှိ သမန်း ရင်း၊ သရက်ကုန်း၊ သမုန်းကုန်း ကျေးရွာများမှ ကျောင်းသား ကျောင်းသူ ၆ဝ ကျော်မှာ မုန်းချောင်းကိုဖြတ်၍ ပညာသင်ကြားမှုများ ရှိခဲ့ကြောင်း၊ မိဘများက မုန်းချောင်းကို ဖြတ်ကူးကာ ပွင့်ဖြူမြို့နယ်ဘက်သို့ ဈေး ရောင်းချ အသက်မွေးမှုများရှိနေသည့်အပြင် ချောင်းကိုကူး၍ ကျောင်းသွားတက်လျှင် နေထိုင်ရာကျေးရွာများနှင့် ခရီးလမ်း ဆက်သွယ်ရေး ပိုနီးသွားကြောင်း ဒေသခံ အချို့ထံမှ သိရသည်။
''ရှောက်တောရွာကို ကျောင်းသွားတက် ရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် မိသားစုအခြေအနေတွေအရ မုန်းချောင်း ဖြတ်ပြီး စီးပွားရှာတာ၊ ပညာသင်တာတွေ လုပ်ရပါတယ်။ ဒါ့အပြင် ရေကြီးတဲ့အခါ ပွင့်ဖြူမြို့ကို ရှောက်တောကျေးရွာ ဘက်က ပတ်သွားတော့ အသွားအပြန် သုံးဘီးခ ငါးရာကုန်ပါတယ်။ လှေစီးချောင်းဖြတ်ပြီး ကျောင်းသွားတက်တဲ့ ကလေးတွေနဲ့ ပြည်သူ တွေ အဆင်ပြေဖို့အတွက် အသက်ကယ်အင်္ကျီ လှူပေးတာပါ''ဟု ဦးဘုန်းမြင့်က ဆိုသည်။
အသက်ကယ်အင်္ကျီများကို စက်လှေပိုင်ရှင်
က ထိန်းသိမ်းပေးပြီး ကျောင်းသားများနှင့် ပြည်သူများ အလှည့်ကျဖြတ်ကူးစဉ် ဝတ် ဆင်ကြကြောင်း၊ အစစအရာရာ အဆင်ပြေ ချောမွေ့စေရန် သမ္မာဆန္ဒအသင်းမှလည်း အကူအညီပေးခဲ့ကြောင်း၊ ကျေးလက်
ဒေသနေပြည်သူများ၏ ချောင်းကူး ခရီးစဉ်များ အန္တရာယ်ကင်းစေရေးအတွက် လူမှုကွန်ရက်များမှတစ်ဆင့် အသက်ကယ်
အင်္ကျီ အကူအညီတောင်းခံမှုများ ရှိနေ
ကြောင်း ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေးကွန်ရက်မှ သိရသည်။
ဇေယျတု(မကွေး)

အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၂၆ဝ တွင် မကြာမီ နေရာချထားပေးမည်

Image may contain: sky, grass, outdoor and nature
မန္တလေး ဇွန် ၂၈
တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ် ပြီးစီးသွားသည့် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာတိုက်ခန်းပေါင်း ၂၆ဝ တွင် မကြာမီ နေရာချထားပေးတော့မည်ဖြစ်ကြောင်း သိရ
သည်။
''လက်ရှိမှာ အခန်းတွေအားလုံးပြီးစီးသွားပါပြီ၊ မီတာဘောက်မရသေးလို့ မီးမရသေးတာပါ၊ မကြာမီ ရက်ပိုင်းမှာ မီတာဘောက်တပ်ပြီးရင် နေထိုင်လို့ရ နေပါပြီ၊ ကျွန်တော်တို့ကလည်း နေရေးအခက်အခဲ ရှိတဲ့ ဝန်ထမ်းတွေအတွက် နှစ်စဉ် အိမ်ရာတွေ ဆောက်လုပ်ပေးနေသလို ဆောက်လုပ်ပြီးတဲ့ အိမ်ရာ တွေမှာလည်း အမြန်ဆုံးနေထိုင်ခွင့်ရကြပြီး သူတို့ ပျော်ရွှင်မှုရအောင်ကြိုးစားနေပါတယ်''ဟု တိုင်း ဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင် နေထိုင် ခွင့်ရရှိရန် လျှောက်ထားသူဦးရေမှာ တစ်ထောင် ကျော်ရှိသော်လည်း လျှောက်ထားဆဲကာလမှာပင် ပြောင်းရွှေ့သွားသူများ၊ နုတ်ထွက်သွားသူများနှင့် အငြိမ်းစားယူသွားကြသူများ၏ စာရင်းကို ပြန်လည် စိစစ်ပယ်ဖျက်သွားပါက လျှောက်ထားသူဦးရေလျော့ ကျသွားမည်ဖြစ်ကြောင်း သိရသည်။
''ယခင်လက်ကျန်လျှောက်လွှာက ၄၈ဝ ရှိပြီး ၂ဝ၁၇ ခုနှစ် အတွင်းမှာ လာရောက်လျှောက်ထားတဲ့ လျှောက်လွှာပေါင်း ၅၂၉ စောင်ရှိပါတယ်၊ ကျွန်တော်တို့ တိုင်းဒေသကြီးရုံးက လာရောက် လျှောက်ထားတဲ့ လျှောက်လွှာတွေကို ဝန်ကြီးဌာန အလိုက်၊ လျှောက်ထားတဲ့ နေ့စွဲအလိုက်စုစည်း ပြုစုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင် နဲ့ ဆောက်လုပ်ရေး ဝန်ကြီးထံတင်ပြထားပါတယ်၊ ဒီလျှောက်လွှာတွေကို ရုံးအဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေပါတဲ့ ရွေးချယ်ရေးအဖွဲ့နဲ့ ချမှတ်ထားတဲ့မူဝါဒအတိုင်း စိစစ်ရွေးချယ်နေပါပြီ၊ မကြာမီနေထိုင်ခွင့်ရတဲ့ ဝန်ထမ်းစာရင်းကို ကြေညာ ပေးသွားမှာပါ''ဟု ၎င်းက ပြောသည်။
အဆိုပါ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ များတွင် မန္တလေးခရိုင်အတွင်း တာဝန်ထမ်းဆောင် နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနက် ဝင်ငွေနည်း ဝန်ထမ်းများနှင့် ဆရာ ဆရာမများကို ဦးစားပေး ရွေးချယ်၍ နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အတွင်း၌ နိုင်ငံ့ဝန်ထမ်း ၅၆၁၆၂ ဦးရှိရာ ¤င်းတို့ အတွက် ဆောက်လုပ်ပြီးစီးသည့် အိမ်ရာတိုက်ခန်း မှာ ၃ဝ၃ဝ သာရှိသည့်အတွက် အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်သည့် ရာခိုင်နှုန်းမှာ ၅ ဒသမ ၃၉ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

သင်္ဃန်းညီနောင် စစ်ဆေးရေးဂိတ်တွင်ကျောက်စိမ်းလက်ကောက် ၄ဝ၅ ကွင်း သိမ်းဆည်းရမိ

Image may contain: one or more people and people standing
သင်္ဃန်းညီနောင် ဇွန် ၂၈
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်စစ်ဆေးရေးဂိတ်တွင် ဇွန် ၂၇ ရက် နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးစဉ် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်မှ အထောက်အထားတစ်စုံတစ်ရာ မပါရှိဘဲ တင်ဆောင် လာသည့် ကျောက်စိမ်းလက်ကောက် ၄ဝ၅ ကွင်းကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဇွန် ၂၇ ရက် နံနက် ၁ဝ နာရီက မန္တလေးမှမြဝတီဘက်သို့ သွားရောက်မည့် 6F/-----၊ မန်းရွှေမြို့တော်ခရီးသည်တင် မှန်လုံယာဉ်၏ အောက်ဘောက် ယာဘက်အခြမ်း ခရီးသည်ပစ္စည်းများထားသည့်အခန်း အတွင်း ပီနံအိတ်ဖြင့်ထည့်ထားသော စက္ကူဖာတစ်လုံးအတွင်းတိပ်အကြည်ဖြင့် ပတ်ကာ ထပ်မံထုပ်ပိုးထားသော အထုပ် ၂ဝ ကို တွေ့ရှိ၍ဖွင့်ဖောက်စစ်ဆေးရာ ကျောက်စိမ်းလက်ကောက် ၄ဝ၅ ကွင်း အလေးချိန် ၁၂ ကီလိုခန့်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်နောက်လိုက် ကျော်ရဲနိုင် ၂၆ နှစ် စဥ့်ကိုင်မြို့နယ် ရှမ်းရွာလေးနေသူကို စစ်ဆေးရာ အဆိုပါကျောက်စိမ်းလက် ကောက်များပါရှိသော စက္ကူဖာအား မန္တလေးမြို့ ကျွဲဆည်ကန်ကားဂိတ်မှ သယ်ဆောင်လာခြင်းဖြစ်ကာ မြဝတီမြို့အထိ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ပစ္စည်းပိုင်ရှင်မှာ ကျွဲခြံကုန်းရပ်ကွက် မော်လမြိုင်မြို့တွင် နေထိုင်သည့် ဦးမူတီရာမာန်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဖုန်းဖြင့်ဆက်သွယ် ခေါ်ယူစေ ခဲ့ပြီး မေးမြန်းစစ်ဆေးရာ အခင်းမဖြစ်မီ သုံးရက်ခန့်က ကျောက်စိမ်းလက်ကောက် ကွင်းများကို မန္တလေးကျောက်ဝိုင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မြဝတီသို့ ပို့ဆောင် ပေးရန် ကျွဲဆည်ကန် ကားဂိတ်၌ အပ်နှံထားခဲ့ပြီး ¤င်းမှာ မြဝတီမြို့သို့ အခြားခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာခဲ့ပြီး မြဝတီမြို့၌ ကြိုတင်ရောက်ရှိစောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရပြီး အထောက်အထားမပါရှိသဖြင့် ကျောက်စိမ်းလက်ကောက်ပိုင်ရှင် ဦးမူတီရာမာန်နှင့် သယ်ဆောင်ပေးသူ ကျော်ရဲနိုင်တို့နှစ်ဦးအား သင်္ဃန်းညီနောင် နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

ရေစကြိုမြို့နယ်ရှိ ဗလဗကျေးရွာမှ ဗောဓိညောင်ပင်ကြီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြိုလဲ

Image may contain: one or more people, people standing, sky, cloud, tree, outdoor, nature and water
ရေစကြို ဇွန် ၂၈
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဗလဗ ကျေးရွာအုပ်စု ဗလဗကျေးရွာ ဥာတိကာရုံကျောင်းတိုက် အတွင်းရှိ ကျေးရွာသူ ကျေးရွာသားတို့ အထွတ်အမြတ် ထားရာ နှစ်ပေါင်း ၁၂ဝ ကျော်ရှိ ဗောဓိညောင်ပင်ကြီးသည် ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် မြစ်ရေတိုက်စားပြီး ဧရာဝတီမြစ်အတွင်းသို့ ပြိုလဲကျသွားကြောင်း ဥာတိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မပါလက မိန့်ကြားတော်မူသည်။
အဆိုပါ ဗလဗကျေးရွာရှိ ဥာတိကာရုံကျောင်းတိုက် အတွင်းရှိ ဗောဓိညောင်ပင်ကြီးသည် ရွာသူရွာသားတို့ ကဆုန်လပြည့်နေ့ရောက်တိုင်း ဘုရားရှင်အား ရေသပ္ပာယ် ကြသော ဗောဓိညောင်ပင်ကြီးဖြစ်ကြောင်း သိရသည်။
ဗလဗကျေးရွာသည် ၂ဝ၁၇ ခုနှစ်တွင် မြစ်ကမ်းပါး ပြိုကျမှုခံရပြီး ယခုအချိန်ထိ အိမ်ထောင်စု ၉၅ စု မြစ်ရေ တိုက်စားမှု ကင်းလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း ဗလဗရွာနေ ဦးဇော်ဝင်းက ပြောသည်။ ဥာတိကာရုံ ကျောင်းတိုက်အတွင်းရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် နှစ်ပေါင်း ၈၂၃ နှစ်ရှိ ဓမ္မရံသီ(ရွှေဘုံသာ)မြတ်စွာဘုရားကြီး(ခေါ်)မြစ်ကမ်းပါး ပြန်ဘုရားကြီးသည် ရွာထဲရှိ ရှေးလူကြီးသူမများက သုံးကြိမ်အထိ မြစ်ကမ်းပါးပြန်ခဲ့ဖူးကြောင်း ပြောကြားကြပြီး သက္ကရာဇ် ၅၅၇ ခုနှစ်က တည်ထားခဲ့ကြောင်း သိရ သည်။
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုသည် ဓမ္မရံသီ (ရွှေဘုံသာ)ဘုရားကြီးနှင့် ၁ဝ ပေအကွာသို့ ရောက်ရှိ နေကြောင်း ဥာတိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မပါလက မိန့်ကြားတော်မူသည်။
ကိုထိန်(ငါ့သရောက်)

ကိုလံဘီယာနဲ့ ဂျပန် ၁၆ သင်းအဆင့်တက်ခဲ့ပြီး ဆီနီဂေါနဲ့ ပိုလန် အုပ်စုအဆင့်ဖြင့် ထွက်ခဲ့ရ

Image may contain: one or more people, people playing sports, stadium and outdoor
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(H)၏ အုပ်စု အဆင့်နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစား ပြီးချိန်မှာ ကိုလံဘီယာအသင်းနဲ့ ဂျပန် အသင်းတို့ ၁၆ သင်းအဆင့် တက်ခဲ့ပြီး ဆီနီဂေါအသင်းနဲ့ ပိုလန်အသင်းတို့ကတော့ အုပ်စုအဆင့်နဲ့ပဲ ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။
ကိုလံဘီယာအသင်းဟာ ဆီနီဂေါ အသင်းနဲ့ နောက်ဆုံးကစားခဲ့ရပြီး ဆီနီဂေါ အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ ရမှတ်ခြောက်မှတ်နဲ့ နောက်တစ်ဆင့် တက်ခဲ့ တာဖြစ်ပါတယ်။
ဂျပန်အသင်းကတော့ နောက်ဆုံးပွဲစဉ် အဖြစ် ပိုလန်အသင်းနဲ့ ကစားခဲ့ရတာဖြစ်ပြီး ပိုလန်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ရမှတ်လေး မှတ်နဲ့ နောက်တစ်ဆင့်တက်ခဲ့တာပါ။ အုပ်စု ပွဲစဉ်တွေ ကစားအပြီးမှာ ဂျပန်အသင်းနဲ့ ဆီနီဂေါအသင်းတို့ဟာ ရမှတ်လေးမှတ်စီရရှိခဲ့ ပေမယ့် ဂိုးကွာခြားချက်မှာလည်း ဒီနှစ်သင်း ကတူညီနေတာမို့ အဝါကတ်ပြသခံရမှုနဲ့ ဆုံးဖြတ်ခဲ့လို့ ဂျပန်အသင်းက နောက်တစ်ဆင့် တက်ခဲ့တာလည်းဖြစ်ပါတယ်။
ဂျပန်ဟာ ဆီနီဂေါနဲ့ နှိုင်းစာရင် အဝါ ကတ်ပြသခံရမှု နှစ်ကတ်အထိလျော့နည်း ခဲ့တာကြောင့် ဂျပန်အသင်း နောက်တစ်ဆင့် အတွက် အခြေအနေကောင်းခဲ့တာလည်းဖြစ် ပါတယ်။ အုပ်စုအဆင့် နောက်ဆုံးကစားခဲ့တဲ့ ဂျပန်နဲ့ ပိုလန်ပွဲစဉ်မှာ ပိုလန်က တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့တာဖြစ်ပြီး ပိုလန်အတွက် သွင်းဂိုးကို ပွဲကစားချိန် ၅၉ မိနစ်တွင် ဘတ်နာရက်က သွင်းယူခဲ့တာပါ။ ဆီနီဂေါနဲ့ ကိုလံဘီယာတို့ ပွဲစဉ်မှာလည်း ကိုလံဘီယာက တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့ကာ ကိုလံဘီယာအတွက် သွင်းဂိုးကို ယယ်ရီမီနာက ပွဲကစားချိန် ၇၄ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ကိုလံဘီယာအသင်းဟာ ၁၆ သင်း
အဆင့်မှာ အုပ်စု(G)ဒုတိယအသင်းနဲ့ ကစားရ မှာဖြစ်ပြီး ဂျပန်အသင်းကတော့ အုပ်စု(G) ပထမအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
ငွေကြယ်