Friday, June 29, 2018

လီယိုနာဒိုဒီကာပရီယိုနဲ့ ဘရက်ပစ်တို့ရဲ့ ရုပ်ရှင်သစ်အတွက် ဓာတ်ပုံထုတ်ဖော်ပြသ

Image may contain: 2 people, people standing and shoes
ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ မင်းသားတွေဖြစ်ကြတဲ့ လီယိုနာဒိုဒီကာပရီယိုနဲ့ ဘရက်ပစ်တို့ဟာ ''Once Upon A Time In Hollywood'' လို့အမည်ရတဲ့ ရုပ်ရှင်မှာ အတူတွဲဖက်ပါဝင်ထား တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ပါဝင်ထားတဲ့ သူတို့ရဲ့ ဇာတ်ကောင်တွေအရ ပြင်ဆင်ဝတ်စားပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လီယိုနာဒိုဒီကာပရီယိုက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေ တစ်ဆင့် ဖော်ပြခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးက တာဝန်ယူထုတ်လုပ်သွားမယ့် ဒီရုပ်ရှင်မှာတော့ လီယိုနာဒို ဒီကာပရီယိုဟာ အနောက်တိုင်းကြယ်ပွင့် ရစ်ခ်ဒယ်လ်တန်အဖြစ် ပါဝင်ထားတာဖြစ်ပြီး ဘရက်ပစ် ကတော့ သူနဲ့ နှစ်အတော်ကြာ တွဲဖက်သရုပ်ဆောင်ခဲ့သူ စတန့်သရုပ်ဆောင် ကလစ်ဖ်ဘုသ် အဖြစ် ပုံဖော်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ပထမဆုံးထုတ်ဖော်ပြသခဲ့တဲ့ ယင်းဓာတ်ပုံမှာတော့ လီယိုနာဒို ဒီကာပရီယိုဟာ ၁၉၆ဝ ပြည့်နှစ်တွေအတွင်း ခေတ်စားခဲ့တဲ့ အမျိုးသားတွေရဲ့ ဝတ်ဆင်ပုံမျိုး ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ ကောင်းဘွိုင်ဖိနပ်ရှည်ကို အညိုရောင်ဘောင်းဘီနဲ့ တွဲဖက် ဝတ်ဆင်ထားပြီး သားရေကုတ်အင်္ကျီရဲ့အောက်မှာတော့ လည်ပင်းလုံတဲ့ ဆွယ်တာမျိုး တွဲဖက် ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ဘရက်ပစ်ကတော့ အနက်ရောင်တီရှပ်နဲ့ ဂျင်းဂျာကင်၊ ဂျင်းဘောင်းဘီနဲ့အတူ နေကာမျက်မှန်ကိုပါ တပ်ဆင်ထားတာ တွေ့ရပါတယ်။
''Once Upon A Time In Hollywood'' မှာ ပါဝင်သရုပ်ဆောင်ကြမယ့် အနုပညာရှင် တွေအနက် ပထမဆုံး အတည်ပြုခဲ့သူက လီယိုနာဒိုဒီကာပရီယိုဖြစ်ပါတယ်။ အဲဒီနောက် ဘရက်ပစ်၊ မာဂေါ့ရော်ဘီ၊ တင်မိုးသီအိုလီဖန့်၊ လုခ်ပါရီ၊ ဘာ့ထ်ရေးနော့ဒ် စတဲ့ အနုပညာရှင် တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၉ ခုနှစ်အတွင်း လော့စ်အိန်ဂျလိစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေပြုပုံဖော်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီရုပ်ရှင်ကိုတော့ အမေရိကန်နိုင်ငံတစ်ဝန်း လာမယ့် ၂ဝ၁၉ ခုနှစ်အတွင်း ထုတ်လွှင့်ပြသ သွားနိုင်ဖို့ရာ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment