Friday, June 29, 2018

တာချီလိတ်မြို့နယ်ရှိ လွယ်ယွန်းခမ်းရှေးဟောင်းစေတီတော်ကြီး ထီးတော်တင်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

Image may contain: one or more people and outdoor
တာချီလိတ် ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် မြို့နယ် မိုင်းဖုန်းဆရာတော် အဂ္ဂ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဥာဏ သံဝရ၏ သြဝါဒနှင့်အညီ တပည့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့ ပါဝင်လှူဒါန်းမှုဖြင့် ပြန်လည်မွမ်းမံ တည်ထားခဲ့သည့် လွယ်ယွန်းခမ်း ရှေးဟောင်း စေတီတော်မြတ်ကြီး ရွှေထီးတော်တင်မင်္ဂလာအခမ်းအနား ကို ဇွန် ၂၇ ရက် နံနက်ပိုင်းက စည် ကားသိုက်မြိုက်စွာ ကျင်းပသည်။
နံနက် ၆ နာရီ က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ နဝမ မြောက် ဗန်းမော်ဆရာတော် အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယအဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ ဘဒ္ဒန္တဓမ္မသီရိ အမှူးပြုသော ဆရာ တော်၊ သံဃာတော်များက စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် အနေကဇာတင်လှူခဲ့ပြီး မိုင်းဖုန်း ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် အလှူရှင်များက စေတီတော်ကြီးအား ထီးတော်တင်လှူ
ပူဇော်သည်။
စေတီတော်ကြီး ထီးတော်တင်လှူ ပူဇော်ပွဲသို့ ပြည်နယ်စည်ပင်သာယာ
ရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဘဏ္ဍာရေး
ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာရှင် အလှူရှင်များ နှင့် တိုင်းရင်းသားပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက် ခဲ့ကြောင်း သိရသည်။
အဆိုပါ လွယ်ယွန်းခမ်းစေတီတော် ကြီးမှာ ၂ဝ၁၁ ခုနှစ် မတ် ၂၄ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သည့် တာလေ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာ မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ သြဝါဒနှင့်အညီ တပည့်ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်အလှူရှင် များ ပါဝင်လှူဒါန်းမှုဖြင့် ၂ဝ၁၆ခုနှစ် နိုဝင်ဘာလတွင် စေတီအဟောင်းအား ငုံ၍ အသစ်ပြန်လည် တည်ထားခဲ့ခြင်း ဖြစ်ကာ ယခုအခါ ဥာဏ်တော် ၁၁၈ ပေ၊ အောက်ခြေပလ္လင်ခုံ ထုထည်မှာ ၂၄၆ ပေ ရှိကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment