Friday, June 29, 2018

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ၉ဝ ရာခိုင်နှုန်းနီးပါး ရောင်းချရ

Image may contain: one or more people, people sitting and child
နေပြည်တော် ဇွန် ၂၈
(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ ပရဝဏ်အတွင်း ဆက်လက်ကျင်းပလျက်ရှိရာ ပြသရောင်းချရမှုရာခိုင်နှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက ''အခုကျင်းပနေတဲ့ (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲရဲ့ ရောင်းချရမှုတွေကို ထုတ်ပြန်ကြေညာပေးလျက်ရှိပါတယ်၊ စတင် ပြသရောင်းချရတဲ့ရက်ကနေ ဇွန် ၂၈ ရက်အထိ ၈ဝ ရာခိုင်နှုန်းကျော် ၉ဝ ရာခိုင်နှုန်းနီးပါး ရောင်းချရတယ်လို့ဆိုရမှာ ဖြစ်ပါတယ်၊ မန္တလေး ကျောက်မျက်ဈေးကွက်မှာ ဈေးနှုန်းတွေအေးနေတယ်ဆိုပေမယ့် ဒီနေပြည်တော် မှာကတော့ ဈေးနှုန်းတွေ ကောင်းနေတယ်လို့ ပြောရမှာဖြစ်ပါတယ်၊ ဘာဖြစ် လို့လဲဆိုတော့ ပြည်ပကျောက်မျက်ရတနာကုန်သည်တွေဟာ အရင်နှစ်ပြပွဲ တွေထက် ဒီနှစ်မှာ ပိုမိုလာရောက်ဝယ်ယူနေကြလို့ပဲဖြစ်ပါတယ်၊ ကျောက် အမျိုးအစားကောင်းတယ်၊ အရည်အသွေးကောင်းတယ်ဆိုရင် ဈေးကောင်း ရမှာဖြစ်ပါတယ်''ဟု ပြောသည်။
တင်ဒါစနစ် ရောင်းချ
ဇွန် ၂ဝ ရက်မှ ၂၁ ရက်အတွင်း ပုလဲအတွဲ ၃၆ဝ ကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၂ ဒသမ ၅၉၈ သန်း တန်ဖိုးရှိ ပုလဲအတွဲ ၃၄၁ တွဲကို လည်းကောင်း၊ ဇွန် ၂၃ ရက်တွင် ကျောက်မျက်အတွဲ ၃၃၆ တွဲကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက်မျက်အတွဲ ၆၉ တွဲကို လည်းကောင်း ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၆၇၉၅ တွဲကို ဇွန် ၂၄ ရက်မှ ၂၉ ရက်အထိ ပြသရောင်းချသွားမည်ဖြစ်ရာ ဇွန် ၂၄ ရက်တွင် ယူရိုငွေ ၃၈ ဒသမ ၅၃ဝ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၇၃ တွဲကို လည်းကောင်း၊ ဇွန် ၂၅ ရက်တွင် ယူရိုငွေ ၇၄ ဒသမ ၁၂၂ သန်း တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၃၃ တွဲကိုလည်းကောင်း၊ ဇွန် ၂၆ ရက်တွင် ယူရိုငွေ ၈၆ ဒသမ ၈၆၆ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၁၈ တွဲကိုလည်းကောင်း၊ ဇွန် ၂၇ ရက်တွင် ယူရိုငွေ ၅၂ ဒသမ ၄၄၁ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၈၉၂ တွဲကိုလည်းကောင်း၊ ဇွန် ၂၈ ရက်တွင် ယူရိုငွေ ၁၁၈ ဒသမ ၆၉၁ တန်ဖိုးရှိ ကျောက်စိမ်းအတွဲ ၉၂၅ တွဲကိုလည်းကောင်း ရောင်းချခဲ့ရကြောင်း သိရသည်။
''ဒီနှစ်ကျောက်စိမ်းပြသရောင်းချပွဲမှာ ရောင်းချတဲ့ပုံစံအနည်းငယ်ပြောင်း သွားပါတယ်။ အရင်တုန်းက ကျောက်ကြီးကျောက်ကောင်းတွေကို ထိန်းသိမ်းမှု နဲ့ ပြပွဲပုံစံအရ တစ်နေရာ၊ နှစ်နေရာလောက်ပဲခင်းကျင်းပြသပါတယ်။ အဲဒီလို ပုံစံဆိုရင် တစ်ရက်တည်းမှာ များများရောင်းရပါတယ်။ ရောင်းချရတဲ့ငွေတွေကလည်း တစ်ရက်တည်းမှာ တော်တော်လေးရပါတယ်။ ကျောက်စိမ်းတွဲတွေ ခင်းကျင်း ပြသရောင်းချရတာချင်းအတူတူ ရောင်းချတဲ့ရက်တွေက ရောင်းချရတဲ့ငွေတွေ မတူညီတာတွေ့ရပါမယ်။ ဘာလို့မတူတာလဲလို့ မေးစရာရှိပါတယ်။ အဲဒါက အရည်အသွေးကောင်းပြီး အမျိုးအစားကောင်းတဲ့ ကျောက်အတွဲတွေကို တစ်နေရာတည်းမှာ စုပုံပြီးပြသတာကနေ နေရာစုံအောင် ခင်းကျင်းပြသပါ တယ်။ ရောင်းချတဲ့နေ့တိုင်း ပြပွဲအစကနေအဆုံးအထိ ကျောက်အမျိုးအစား ကောင်းတွေ အရည်အသွေးကောင်းမွန်တာတွေပါရှိမှာ ဖြစ်ပါတယ်။ ဒါဟာ ကဏ္ဍစုံအဆင်ပြေချောမွေ့စေတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်'' ဟု ဦးသန်းဇော်ဦးက ဆက်လက်ရှင်းပြသည်။
ယခုကျင်းပသည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ခင်းကျင်းပြသသည့်ကာလသည် မုတ်သုံမိုးရာသီဖြစ်သည့်အားလျော်စွာ ရာသီဥတုနှင့်ပတ်သက်သည့် အခက်အခဲအချို့ရှိသော်လည်း လွတ်လပ်စွာ လေ့လာကြည့်ရှု၍ တင်ဒါများတင်သွင်းလျက်ရှိကြကြောင်း သိရသည်။
ပြည်တွင်းကျောက်မျက်ရတနာကုန်သည် ဦးသိန်းနိုင်ဝင်းက ''(၅၅) ကြိမ် မြောက် ကျောက်မျက်ရတနာပြပွဲ ခင်းကျင်းပြသတဲ့နည်းစနစ်ဟာ အရင်ပြပွဲတွေ ထက်စာရင် ပြပွဲနည်းစနစ် ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ လွတ်လွတ် လပ်လပ်လေ့လာကြည့်ရှုပြီး လွတ်လပ်စွာတင်ဒါတင်သွင်းဝယ်ယူလို့ရပါတယ်။ အခုပြသရောင်းချပွဲဟာ မိုးရာသီကာလဖြစ်နေတဲ့အတွက် ပြကွက်နေရာအချို့မှာ မိုးရွာရင်ရေတွေဝင်ရောက်ပါတယ်။ ကျောက်စိမ်းအတွဲကိုလေ့လာကြည့်ရှုတဲ့ ရတနာကုန်သည်တွေအနေနဲ့ ရေထဲမှာလေ့လာကြည့်ရှုရသလိုဖြစ်နေပါတယ်။ ရေထုတ်မြောင်းစနစ်ကို သေသေချာချာဆောင်ရွက်ပေးစေချင်ပါတယ်'' ဟု ၎င်းက ပြောသည်။
''အခုခင်းကျင်းပြသရောင်းချတဲ့ပွဲဟာ ပြီးခဲ့တဲ့နှစ်လယ်ပွဲထက် ပြည်တွင်း၊ ပြည်ပ ကျောက်မျက်ရတနာကုန်သည်တွေ ပိုမိုလာရောက်ကြတယ်ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိရောင်းချနေတဲ့ ဈေးကွက်အနေအထား အရ ခန့်မှန်းလျာထားချက်ပြည့်မီတယ်၊ အောင်မြင်တယ်လို့ပြောရမှာ ဖြစ်ပါ တယ်၊ ပြည်တွင်းပြည်ပရတနာကုန်သည်တွေအတွက် အစစအရာရာ အဆင်ပြေ ချောမွေ့အောင် စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ပြသ ရောင်းချတာဖြစ်တဲ့အတွက် တင်ဒါတင်သွင်းတဲ့အခါ မိမိရဲ့သဘောဆန္ဒအတိုင်း လွတ်လပ်စွာတင်သွင်းနိုင်ပါတယ်။ ပြသရောင်းချပွဲပြီးတဲ့အခါတိုင်း ပြပွဲ သုံးသပ်ချက်တွေ လုပ်ဆောင်ပါတယ်၊ အဲဒီသုံးသပ်ချက်တွေအရ နောင်လာမယ့် ပြပွဲတွေကို ပြည့်စုံသည်ထက်ပြည့်စုံအောင်၊ အဆင်ပြေသည်ထက် ပိုအဆင်ပြေ အောင်၊ ချောမွေ့သည်ထက်ချောမွေ့အောင် ဆောင်ရွက်ပေးနေပါတယ်။ လုပ်ငန်းကော်မတီအသီးသီးအနေနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေအားလုံးကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။ ကျောက်စိမ်းတူးဖော်မှုတွေကိုလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်တဲ့ တူးဖော်မှုတွေ ဖြစ် အောင်၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးကဏ္ဍတိုးတက်သည်ထက် တိုးတက်လာအောင်၊ မြင့်မားသည်ထက်မြင့်မားလာအောင်ê ကြိုးပမ်း အားထုတ်နေပါတယ်'' ဟု မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှစိုးဦးက ပြောသည်။
ယခုကျင်းပသည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရသည့်တန်ဖိုးများအပေါ် သတ်မှတ်ကောက်ခံမည့်အခွန်အခ နှုန်းထားများမှာ အထူးကုန်စည်ခွန်အနေဖြင့် ကျောက်စိမ်းအရိုင်းများအတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများအတွက် ၁ဝ ရာခိုင်နှုန်းနှင့် ကျောက်မျက်လက်ဝတ်ရတနာအချောထည်များအတွက် ငါးရာခိုင်နှုန်းတို့ ဖြစ်ကြပြီး ဝန်ဆောင်ခအနေဖြင့် ကျောက်မျက်ရတနာအရိုင်းများအတွက် သုံးရာခိုင်နှုန်းနှင့် အချောထည်များအတွက် တစ်ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။
မင်းမင်းဇော်(သတင်းစဉ်)

No comments:

Post a Comment