Sunday, April 30, 2017

နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Image may contain: 2 people, car
နေပြည်တော် ဧပြီ ၂၉
မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၈ ရက်က မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ် နောင်ချို မြို့အဝင် မိုင်တိုင်(၈ဝ/၄)၌ မျိုးမင်းဆက် မောင်းနှင်ပြီး မမေဦးကြည်လင်နှင့် ကျော်စွာမင်းတို့ လိုက်ပါလာသည့်TOYOTA COROLLA မော်တော်ယာဉ်ကို ရှာဖွေရာ ဘိန်းဖြူ ၃၆ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၆၅ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မျိုးမင်းဆက်၊ ကျော်စွာမင်း နှင့် မမေဦးကြည်လင်တို့သုံးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်၍ နေအိမ်များအမိုးလန်ပျက်စီး

Image may contain: house, tree, sky, plant, outdoor and nature
နမ့်စန် ဧပြီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာအုပ်စုတွင် ဧပြီ ၂၉ ရက် မွန်းလွဲ ၁ နာရီမှ ၁ နာရီ ၁၅ မိနစ်ခန့်အတွင်း လေပြင်းများတိုက်ခတ် မှုကြောင့် နေအိမ်အဆောက်အအုံများ အမိုးလန်ပျက်စီး ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဟိုက်ဖတ် ကျေးရွာအုပ်စုအတွင်းရှိ ဟိုက်ဖတ်ရွာမ၊ နောင်ဖာကျေးရွာ၊ နောင်ဗိန်ကျေးရွာနှင့် ခုတ်လောင်းကျေးရွာတို့တွင် စုစုပေါင်းအိမ်ခြေ ၈ဝ ခန့်၊ အမက ဝမ်မိုင်-၂ ကျောင်း ၏ ကျောင်းဆောင်အဖီ၊ နောက်ခြမ်းနှင့် အိမ်သာနှစ်ခန်းတွဲ နှစ်လုံး၊ နားတုံကျေးရွာ ဘုန်းကြီးကျောင်းတွင် အမိုးလန် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး နောင်ဗိန် ကျေးရွာနေ အသက်(၅၅)နှစ်အရွယ် ဒေါ်ဂိုလ်မား လက်ဝဲဘက်လက် ကျိုးခဲ့ကာ ဟိုက်ဖတ်ရွာမမှ ဦးကျတား၏ ခိုင်းနွား တစ်ကောင် မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ရာနေရာတွင် နမ့်စန် တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်မိုးသက်နှင့် အရာရှိ စစ်သည်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်း အဖွဲ့များက ဝိုင်းဝန်း၍သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အပျက်အစီးများရှင်းလင်းခြင်းလုပ်ငန်းများကို ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)

လောက်ကိုင်တိုက်ပွဲရှောင် အမျိုးသား အမျိုးသမီးများအားသီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်မှ ကြိုဆိုနေရာချထားပေး

Image may contain: 9 people, outdoor
လားရှိုး ဧပြီ ၂၉
ရှမ်းပြည်နယ် အရှေ့မြောက် လောက်ကိုင်ဒေသ၌ တိုက်ပွဲ များဖြစ်ပွားခဲ့စဉ်က တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံရှိ အကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့သည့် မြန်မာနိုင်ငံ သား တိုက်ပွဲရှောင်အမျိုးသား ၁၁ဝ နှင့် အမျိုးသမီး ၅၁ ဦးတို့သည် ဧပြီ ၂၈ ရက် ည ၁၁ နာရီက လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိခဲ့ကြသည်။
အဆိုပါလက်ကျန် လောက်ကိုင်တိုက်ပွဲရှောင် အမျိုး သား အမျိုးသမီးများအား သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပုညနန္ဒကကြိုဆိုနေရာချထားပေးပြီး အစားအသောက်များ ကျွေးမွေးခဲ့သည်။ ဆက်လက်၍ လက်ကျန်လောက်ကိုင် တိုက်ပွဲရှောင်များအား မန်ဆူရှမ်းကျောင်းဆရာတော် ဦးဆောင်လျက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန(လားရှိုး)နှင့် လားရှိုးမြို့မှလူမှုကူညီရေးအဖွဲ့ များ၊ စေတနာရှင်များက ထမင်းထုပ်များ၊ စားသောက်ဖွယ် ရာများ၊ ရေသန့်ဘူးများ၊ အဝတ်အထည်များနှင့် ထောက် ပံ့ငွေများကို ပေးအပ်ကူညီပြီး ယင်းတို့၏နေရပ်ဒေသများသို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ဧပြီ ၂၉ ရက် နံနက် ၈ နာရီတွင် မော်တော်ယာဉ်ကြီးသုံးစီးဖြင့် ပြန်လည်ထွက်ခွာသွားကြ ကြောင်း သိရသည်။
(သီပေါကိုလတ်)

၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီတွင် ဝင်ဘလေကွင်းအား အိမ်ကွင်းအဖြစ် စပါးအသင်း အသုံးပြုမည်

Image may contain: crowd, sky, bridge and outdoor
စပါးအသင်းသည် ၎င်းတို့၏ ကွင်းသစ်အား တည်ဆောက်လျက်ရှိနေခြင်းကြောင့် ၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီတွင် အင်္ဂလန်နိုင်ငံလက်ရွေးစင် အသင်း၏ ဝင်ဘလေကွင်းအား အိမ်ကွင်းအဖြစ် ထားရှိကာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
စပါးအသင်း၏ ပရိသတ် ၆၁ဝဝဝ ဆံ့ ဘောလုံးကွင်းသစ်ကို လက်ရှိဝှိုက်ဟက်ဒ်လိန်း ကွင်း၏ ဘေးတွင် တည်ဆောက်လျက်ရှိသည်။ စပါးအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ယူရိုပါလိဂ်ပြိုင်ပွဲများကို ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး လေးပွဲ ကစားခဲ့ရာတွင် တစ်ပွဲသာနိုင်ပွဲရရှိခဲ့သည်။
စပါးအသင်း တည်ဆောက်လျက်ရှိသော ဘောလုံးကွင်းသစ်သည် ပေါင်သန်း ၇၅ဝ ကုန် ကျမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးသွားပါက အလုပ် အကိုင်အခွင့်အလမ်း ၃၅ဝဝ အထိ ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်းလည်း စပါးအသင်းက ပြောကြား ခဲ့သည်။
စပါးအသင်းသည် ဝင်ဘလေကွင်း၌ နောက် ဆုံးပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် အက်ဖ် အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားခဲ့ပြီး အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအား လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
စပါးအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ကစားရန် ငါးပွဲအလိုတွင် ပရီမီယာလိဂ်အမှတ်ပေး ဇယား၌ အဆင့်(၁)နေရာမှ ချယ်လ်ဆီးအသင်းနှင့် လေးမှတ်အကွာဖြင့် အဆင့်(၂)နေရာတွင် ရပ်တည် လျက်ရှိပြီး လက်ကျန် ပွဲစဉ်များအနက် နောက်ဆုံး ပွဲစဉ်မှာ မန်ယူအသင်းနှင့် မေ ၁၄ ရက်တွင် လက်ရှိဝှိုက်ဟက်ဒ်လိန်းကွင်း၌ ယှဉ်ပြိုင်ကစားရ မည်ဖြစ်ကြောင်း သိရသည်။
ငွေကြယ်

ပရီမီယာလိဂ်ဖလားလုရမည့် ချယ်လ်ဆီးနှင့် စပါးအသင်း လက်ကျန်နောက်ဆုံးသုံးပွဲ တစ်ချိန်တည်းကစားသင့်ဟုဆို

Image may contain: 2 people, people playing sports and outdoor
ပရီမီယာလိဂ်ဆုဖလားကို ဆွတ်ခူးရန်အတွက် ယခု နှစ်တွင် အပြိုင်ဖြစ်နေသည့် ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းတို့သည် ယခုနှစ်ဘောလုံးရာသီ၏ လက်ကျန် ပွဲစဉ်များပွဲအနက် နောက်ဆုံးသုံးပွဲကို တစ်ချိန်တည်းကစား သင့်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြကွန်တီက ထုတ် ဖော်ပြောကြားလိုက်သည်။
ပရီမီယာလိဂ်အမှတ်ပေးဇယားတွင် အဆင့်(၁)နေရာ၌ ရပ်တည်လျက်ရှိသည့် ချယ်လ်ဆီးအသင်းသည် မေ ၃ဝ ရက်တွင် အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်ပြီး အဆိုပါပွဲစဉ်အနိုင်ရရှိပါက စပါးအသင်းကို ခုနစ်မှတ်ဖြတ်ထားနိုင်မည်ဖြစ်သည်။ စပါးအသင်းမှာမူ လာမည့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် အဲဗာတန် အသင်း ကစားပြီးမှသာ အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
သို့ရာတွင် ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီကမူ ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းတို့၏ နောက်ဆုံးသုံးပွဲကို တစ်ချိန်တည်း တစ်ပြိုင်တည်းယှဉ်ပြိုင်ကစားသင့်ကြောင်း ပြောကြားခဲ့သည်။ ချယ်လ်ဆီးအသင်းနှင့် စပါးအသင်း တို့သည် လက်ကျန်ပွဲစဉ်များအနက် မေ ၂၁ ရက်တွင် ကစား မည့် ပွဲစဉ်တစ်ပွဲသာ တစ်ချိန်တည်းကစားရမည်ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် ဆန်းဒါးလန်းအသင်းနှင့်လည်းကောင်း၊ စပါးအသင်းသည် ဟားစီးတီး အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်း၏ နောက်ဆုံးငါးပွဲမှာ အဲဗာတန်၊ မစ်ဒယ်ဘရော့၊ ဝက်စ်ဘရွန်း၊ ဝက်ဖို့ဒ်၊ ဆန်းဒါးလန်း အသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး စပါးအသင်းမှာမူ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ မန်ယူ၊ လက်စတာ၊ ဟားစီးတီး အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ငွေကြယ်

မန္တလေး-လားရှိုး-မူဆယ်လမ်းရှိ ကုံးမုံရွာအနီးတွင် ကုန်တင်ယာဉ် တိမ်းမှောက်၊ တစ်ဦးသေ ကိုးဦး ဒဏ်ရာရ

Image may contain: outdoor
သီပေါ ဧပြီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ကွန်ခိုက်ကျေးရွာ အုပ်စု ကုံးမုံကျေးရွာအနီး မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၁၄၉/၂-၃)အကြား၌ ဧပြီ ၂၉ ရက် နံနက် ၄ နာရီခွဲက မန္တလေးမှ မူဆယ်သို့ သရက်သီး များတင်ဆောင်ပြီး ယာဉ်မောင်း ကိုမင်း မောင်းနှင်သော ခြောက်ဘီးကုန်တင်ယာဉ်သည် လမ်းကုန်းဆင်းတွင် အရှိန် မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်သွားသည်။
အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်တွင် လိုက်ပါလာသော သိန္နီမြို့နယ်၌ နေထိုင်သူများ ဖြစ်သည့် ဒေါ်မာမာ(၄၃)နှစ် မှာ သေဆုံးသွားပြီး ညီညီအောင် (၃၂) နှစ်၊ ရဲအောင် (၃၂) နှစ်၊ ကျော်ကျော်နိုင်(၁၉)နှစ်၊ အောင် ရဲကို (၂၄)နှစ်၊ သက်ကိုဦး(၁၈) နှစ်၊ ကျော်ဝဏ္ဏ(၁၇)နှစ်၊ စိုင်းဟွန်း (၁၈) နှစ်နှင့် စိန်မင်း (၂၃)နှစ်တို့မှာ ထိခိုက်ဒဏ်ရာ များရရှိသဖြင့် ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသနေရသည်။
အခင်းဖြစ်ပွားရာသို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများ၊ အမှတ်(၁၂ဝ) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(သီပေါ) တပ်စိတ် ယာဉ်ထိန်းတာဝန်ခံ တပ်ကြပ် ကြီး ဝင်းဇော်လတ်နှင့်အဖွဲ့တို့က လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးကြပြီး ယာဉ် မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း ကိုမင်းအား သီပေါရဲတပ်ဖွဲ့စခန်းမှ အရေးယူ အမှုဖွင့်ထားကြောင်း သိရသည်။
စိုင်း(သီပေါ)

လူမှုအကျိုးပြု စီးပွားရေး ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင်


Image may contain: 1 person, sitting
ကိုရင်သြ
မိမိ၏ ပုဂ္ဂလိက ကိုယ်ကျိုးစီးပွားရရှိရေး တစ်ခုတည်းကို မကြည့်ဘဲ ဆင်းရဲနွမ်းပါး သူများကိုယ်တိုင် စီးပွားရေးလောက အတွင်း တစ်နိုင်တစ်ပိုင် ပါဝင်လုပ်ကိုင် လာစေရန် ရည်ရွယ်သည့် လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်း(Social Business) သည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပြည်သူများ၏ ဆင်းရဲမှု မှ ထွက်ရပ်လမ်းအဖြစ် ရှုမြင်ရလေသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဆင်းရဲသားနင်းပြား ပြည်သူများ၏ လူနေမှုဘဝ ပြဿနာများ အား ဖြေရှင်းနိုင်စေရန်အတွက် သာမန် ပြည်သူပြည်သားများ စီးပွားရေးအသိုက်အဝန်းအတွင်း ပါဝင်လုပ်ကိုင်လိုသည့် စိတ်ဓာတ်ခွန်အားကို ပေးစွမ်းရန်မှာ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း၏ ကြီးမြတ်လှသော ရည်ရွယ်ချက်ဖြစ်သည်။
လူမှုအကျိုးပြု စီးပွားရေး လုပ်ငန်း သဘောတရားအား လက်ခံယုံကြည်သူ ဦးရေ တိုးပွားလာမှုကို ထင်ဟပ်သည့် သတင်းတစ်ပုဒ်အဖြစ် ဗြိတိန်နိုင်ငံ အီဒင် ဘာရာမြို့၌ လူမှုအကျိုးပြု စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပုံနှင့်ပတ် သက်၍ သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရ လေသည်။
စကော့တလန်အစိုးရအဖွဲ့သည် ပြီးခဲ့ သည့်နှစ်ကုန်က အသေးစားငွေရေးကြေး ရေးလုပ်ငန်း ကုမ္ပဏီတစ်ခုကို ပေါင်စတာလင်ခြောက်သန်း ရန်ပုံငွေတစ်ရပ်နှင့် အတူ ထူထောင်ပေးခဲ့သည်။ ယင်းကုမ္ပဏီ က အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လိုသူများအတွက် ချေးငွေများ ကို ထုတ်ပေးသွားမည်ဖြစ်သည်။
စကော့တလန်တစ်ဝန်းရှိ ကုမ္ပဏီများ အနေဖြင့်လည်း ချေးငွေများ ရယူနိုင်ကာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ကြပြီဖြစ်သည်။
လူဦးရေ ၁ဝ ဦးအောက်သာ ပါဝင်သော အစုအဖွဲ့များအား ချေးငွေများထုတ်ပေး ကာ အသေးစားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ကြသည်။ ချေးငွေအတွက် အတိုးနှုန်းမှာ သက်သာပြီး ကာလအတိုင်း အတာအတစ်ရပ်အထိ ငွေချေးကာလခွင့် ပြုပေးသည်။
လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများ ကျယ်ပြန့်လာရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံ များရှိ အစိုးရအဖွဲ့များက အသေးစားငွေ ရေးကြေးရေးလုပ်ငန်းကို အလေးပေးလာ ကြောင်း တွေ့မြင်ရသည်။
လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေခြင်းမှာ ရပ်ရွာလူထု၏ နိစ္စဓူဝ လူမှုဘဝ ပြဿနာများကို ဖြေရှင်းပေးရန် ရည်ရွယ်သဖြင့် ဆင်းရဲမွဲတေမှု တိုက်ဖျက် ရေး မဟာဗျူဟာနှင့် ကိုက်ညီလှသည်။
လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းဟူ သော သဘောတရားမှာ စီးပွားရေးအကျိုးမြတ်သက်သက်အတွက် စီးပွားရေးလုပ်ငန်း ကို လုပ်ကိုင်ခြင်းမဟုတ်မူ၍ ဆင်းရဲမွဲတေ မှု လျှော့ချပေးရန်သာဖြစ်သည်။ လူမှု အကျိုးပြု စီးပွားရေးလုပ်ငန်း သဘော တရားကို ကမ္ဘာတစ်လွှားသို့ ဖြန့်ချိပေးခဲ့ သူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပါမောက္ခ ယူနပ်စ်ဖြစ်လေသည်။
လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းဌာန
နယူးဇီလန်နိုင်ငံရှိ လင်ကွန်းတက္ကသိုလ် ၌ ယူနပ်စ် လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းဌာနကို နယူးဇီလန်နိုင်ငံ၌ ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည်။ ယခု နောက်ဆုံး ဖွင့်လှစ်လိုက်သည့် ဌာနအပါ အဝင် အလားတူဌာနပေါင်းမှာ ကမ္ဘာတစ်ဝန်းတွင် ၃၅ ခုရှိပြီဖြစ်သည်။
အဆိုပါ လုပ်ငန်းဌာနသည် လူမှုရေးနှင့် ဆက်နွှယ်မှုရှိသော စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ တက္ကသိုလ်ပညာရေးပုံစံ သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်တန်း များ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်သည်။
ယူနပ်စ်အမည်ရှိ ပုဂ္ဂိုလ်ကြီးမှာ ဘင်္ဂလား
ဒေ့ရှ်နိုင်ငံ၏ ပါမောက္ခကြီးတစ်ဦးလည်း ဖြစ်၊ လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင် စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူပေ တည်း။
အသက် ၇၆ နှစ်ရှိ ယူနပ်စ်သည် ၂ဝဝ၆ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဂရာမင်းဘဏ် (Grameen Bank) ကို ထူထောင်ခဲ့ပြီး အသေးစား ငွေရေးကြေး ရေးလုပ်ငန်းနှင့် အသေးစား ငွေချေး လုပ်ငန်းဆိုင်ရာ အတွေးအမြင်သစ်များကို ဖော်ထုတ်နိုင်ခြင်းအတွက် နိုဘယ်ဆုကို ချီးမြှင့်ပေးအပ်ခံခဲ့ရသည်။
ဘောဂဗေဒပါမောက္ခ ယူနပ်စ်သည် လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းဆိုင်ရာ အယူအဆသစ်ကို ဖော်ထုတ်နိုင်ရန် သူ၏ ဘဝအတွေ့အကြုံတစ်ရပ်က ကြီးစွာ အထောက်အကူပြုခဲ့လေသည်။
ယူနပ်စ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၄ဝက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဂျိုဘရာအမည်ရှိ ကျေးရွာတစ်ရွာသို့ ရောက်ရှိခဲ့ရာတွင် ဆင်းရဲနွမ်းပါးသူ မိသားစုများနှင့် တွေ့ဆုံ ခဲ့ပြီး ¤င်းတို့အား စာနာသနားသော စိတ် ထားဖြင့် ၎င်းပိုင် အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာအား ရွာသူအမျိုးသမီး ၂၄ ဦးကို လုပ်ငန်းမတည်ငွေအဖြစ် ထုတ်ချေးပေးခဲ့ သည်။ အဆိုပါ အမျိုးသမီးများမှာ ဝါးကို ကုန်ကြမ်းအဖြစ် အသုံးပြုသော ပရိဘောဂထုတ်လုပ်သူများဖြစ်ကြပြီး ၎င်းတို့လုပ်ငန်း ချဲ့ထွင်နိုင်ရေးအတွက် ပါမောက္ခကြီးထံမှ ချေးငွေကို လက်ခံရယူခဲ့ကြသည်။
ဝါးထည်ပရိဘောဂထုတ်လုပ်သူများမှာ ယခင်က အတိုးငွေကို နင့်နေအောင်ယူ သည့် ငွေတိုးချသူများထံမှ ချေးငွေရယူခဲ့ကြရသူများဖြစ်ကြသည်။
ပါမောက္ခကြီးကမူ ယင်းအမျိုးသမီးများ ကို ကယ်တင် စောင့်ရှောက်လိုသော သဘောဖြင့် ငွေထုတ်ချေးပေးခဲ့သည်။
ယူနပ်စ်သည် ရပ်ရွာအခြေပြု စီးပွားရေးလုပ်ငန်းငယ်များကို မြှင့်တင်ပေးနိုင်ရန် အသေးစား ငွေရေးကြေးရေးဘဏ်ကို ဖွင့် လှစ်လုပ်ကိုင်ခဲ့ရာ ယနေ့ကာလတွင် သူ၏ ဂရာမင်းဘဏ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ် ဝန်းရှိ လူပေါင်းကိုးသန်းခန့်အတွက် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော် ထုတ်ချေးပေးခဲ့ပြီးဖြစ်သော ဘဏ်အဖြစ် မားမားမတ်မတ် ရပ်တည်လျက်ရှိလေပြီ။
ရွာသူရွာသားများအား ပထမဆုံး ငွေ ထုတ်ချေးခဲ့စဉ်က အသေးစားငွေရေးကြေး ရေးလုပ်ငန်း၏ သဘောသဘာဝနှင့် ပတ် သက်၍ အလေးအနက်ဆင်ခြင်မိကာ ထုတ်ချေးခဲ့ခြင်းမဟုတ်ပေ။ ထိုစဉ်က သူ၏စိတ် ဝယ် ခံစားချက်ဖြစ်ပေါ်မိသည်မှာ ရွာသူ ရွာသားများအနေဖြင့် အတိုးကြီးစား ခေါင်းပုံဖြတ် အမြတ်ထုတ်သူများ၏ ဘေးမှ ကင်းဝေးမှုရရှိစေလိုခြင်းသာဖြစ်သည်။ အရင်း အနှီးမရှိ၍ လုပ်ငန်းမစတင်နိုင်သော ရွာသူရွာသူများအား သမ္ဗာအာဇီဝ လုပ်ကိုင်စား သောက်နိုင်စေခြင်းငှာ စေတနာသက်သက်ဖြင့် ထုတ်ချေးခဲ့ခြင်းသာဖြစ်သည်။
ပါမောက္ခကြီး၏ ချေးငွေ
ပါမောက္ခကြီးက ငွေထုတ်ချေးပေးနေ သည်ဟု သတင်းကြားသိရသော ဂျိုဘရာ ကျေးရွာနှင့် ရွာနီးချုပ်စပ်ရွာများမှ ရွာသူရွာသားများက ငွေချေးရနိုင်ရန် တစ်ဖွဲဖွဲရောက်ရှိလာခဲ့ကြသည်။ တစ်စစဖြင့် ငွေချေးသူ တိုးပွားလာခဲ့ရာ ယူနပ်စ်က ကျေးရွာဘဏ် ဟု အဓိပ္ပာယ်ရရှိသော ဂရာမင်းဘဏ်ကို ထူထောင်ရန် အကြောင်းဖန်ခဲ့သည်။ ရွာသူရွာသားများ၏ဘဝကို တိုးတက်ပြောင်းလဲ စေသည့် လုပ်ငန်းအဖြစ် သူက ဂုဏ်ယူဝင့် ကြွားခဲ့ရသလို ပီတိလည်းဖြစ်ခဲ့ရသည်။
ယူနပ်စ်သည် အစိုးရပိုင် ဂျနားတားဘဏ်နှင့် အခြားသော ဘဏ်များထံမှ ချေးငွေများရယူခဲ့ပြီး အသေးစားငွေရေးကြေး ရေးလုပ်ငန်းကို စတင်ခဲ့ကာ ၁၉၈၃ ခုနှစ် တွင် ဂရာမင်းဘဏ်ကို ထူထောင်ခဲ့ခြင်းဖြစ် သည်။
ပြန်လည်ပေးဆပ်ငွေ ရေရာသေချာစေ ဖို့ လုပ်ငန်းလုပ်ကိုင်သူများအား သမဝါယမအစုအဖွဲ့ပုံစံမျိုး အုပ်စုငယ်များကို ဖွဲ့စည်း စေသည်။ လူတစ်ဦးငွေချေးလျှင် သူ၏ အစုအဖွဲ့မှ အခြားအဖွဲ့ဝင်များက အာမခံ သူများအဖြစ် အာမဝန္တာပြုကြရသည်။ အချင်းချင်း အပြန်အလှန် အာမခံစေသည့် စနစ်ဖြင့် ငွေချေးနိုင်ကြသည်။ ငွေချေးသူ အများစုမှာ အမျိုးသမီးများဖြစ်ကြသည်။
''ဓနရှင် စီးပွားရေးစနစ်မှာ စီးပွားရေး လုပ်ငန်းရှင် အများစုက အသေးစားငွေရေးကြေးရေးလုပ်ငန်းကို အခွင့်အလမ်းတစ် ရပ်အနေနဲ့ မမြင်ကြဘူးဗျ။ သမားရိုးကျ နည်းလမ်းနဲ့ မျှမျှတတငွေချေးမယ့်အစား လုပ်ငန်းကြီးကြီး ထူထောင်နိုင်ရင် ဝင်ငွေ များများရနိုင်တယ်ဆိုတဲ့ အယူအဆကိုသာ စီးပွားရေးလုပ်ငန်းရှင်တွေ လက်ခံထားကြ တယ်'' ဟု ယူနပ်စ်က ပြောကြားသည်။
လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းသည် ပရဟိတအများအကျိုးပြု လုပ်ငန်းတစ်ရပ် ဖြစ်သည်။ လုပ်ငန်းမှရရှိသော အမြတ်ငွေ ကို အရင်းအနှီးအဖြစ် ပြန်လည်အသုံးပြု နိုင်သည့်အပြင် အခြားသော အလားတူ လုပ်ငန်းများ စတင်နိုင်ရန်လည်း အသုံးပြု နိုင်သည်။ ယင်းလုပ်ငန်းမှရရှိသော ငွေကြေးအကျိုးအမြတ်ကို ရပ်ရွာအတွင်း၌ ဘုရားကျောင်းကန်များတည်ခြင်း၊ ပြည်သူ့ဥယျာဉ်ထူထောင်ခြင်း၊ ဒေသန္တရ ဆေးပေးခန်းဖွင့်လှစ်ခြင်း၊ ရပ်ရွာပြည်သူများစုဝေး
ရာဌာန ဖွင့်လှစ်ခြင်း စသည့်လုပ်ငန်းများ အတွက် သုံးစွဲနိုင်သည်ကို တွေးတောမိရင်း ''လူမှုအကျိုးပြု စီးပွားရေး ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင်'' ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။
Ref: Bangladesh social entrepreneur says microfinance could solve NZ problems.

တရုတ်ပထမဆုံး ကုန်ရထား ကီလိုမီတာ ၁၂ဝဝဝကျော် ဖြတ်ကျော်ခုတ်မောင်းပြီးနောက် ဗြိတိန်မှ ပြန်လည်ရောက်ရှိ




 ပေကျင်း ဧပြီ ၂၉

 

ဗြိတိန်မှ ထွက်ခွာလာသည့် ပထမဆုံး တရုတ်ကုန်ရထားသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ရီဟွာမြို့သို့ ဧပြီ ၂၉ ရက်က ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ဗြိတိန်မှ တရုတ်သို့ ခုတ်မောင်းလာရာ စုစုပေါင်း ၁၉ ရက် ကြာမြင့်ကြောင်း တရုတ်မီးရထားကော်ပိုရေးရှင်းက ပြော ကြားခဲ့သည်။ 

က္ဘာ့တိုက်များကို ဖြတ်ကျော် ခုတ်မောင်းလာသည့် ကုန်ရထားသည် လူအသုံးအဆောင်များ၊ ဖျော်ရည် များနှင့် အအေးများ တင်ဆောင်လာပြီး လန်ဒန်မှ ဧပြီ ၁ဝ ရက်နေ့တွင် စတင်ထွက် ခွာလာကြောင်း သိရသည်။ 

ကီလိုမီတာ ၁၂ဝဝဝ ကျော် ဖြတ် ကျော်ခုတ်မောင်းခဲ့ပြီး တရုတ်နိုင်ငံသို့ မရောက်ခင် နိုင်ငံပေါင်း ခုနစ်နိုင်ငံ ဖြတ်ကျော်ခုတ်မောင်းခဲ့ကြောင်း သိရ သည်။ 

တရုတ်-ဥရောပမီးရထား ဝန်ဆောင် မှုတွင် လန်ဒန်သည် ၁၅ ခုမြောက် မြို့ဖြစ်ကြောင်း သိရသည်။
ပထမဆုံး တရုတ်ကုန်တင်ရထား သည် လန်ဒန်သို့ ဇန်နဝါရီလကတည်းက ရောက်ရှိနေခဲ့ကြောင်း သိရသည်။ 

တရုတ်-ဗြိတိန် ကုန်တင်ရထား ဝန်ဆောင်မှုများသည် ကုန်းလမ်းပိုင်းတွင် ဘေးကင်းလုံခြုံစိတ်ချရပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးတက်စေကာ တရုတ် ဘက်က အဆိုပြုထားသည့် မီးရထားလမ်း ဝန်ဆောင်မှုများကို ဖြည့်ဆည်းရာရောက် ကြောင်း တရုတ်မီးရထား ကော်ပိုရေးရှင်း က ပြောခဲ့သည်။ တရုတ်သည် ဥရောပ ၂၈ နိုင်ငံသို့ မီးရထားဝန်ဆောင်မှုများ ပေးရန် ဖော်ပြထားပြီး ၂ဝ၁၁ခုနှစ်မတ်လ မှစတင်ကာ ယခုချိန်ထိ ခရီးစဉ်ပေါင်း ၃၅ဝဝ ကျော် ခုတ်မောင်းခဲ့ပြီဖြစ်ကြောင်း၊ လာမည့် ၂ဝ၂ဝတွင် ခရီးစဉ်ပေါင်း ၅ဝဝဝ အထိ တိုးတက်ခုတ်မောင်းနိုင်မည်ဟု ခန့်မှန်းကြောင်း တရုတ်မီးရထားကော်ပို ရေးရှင်းက ပြောကြားခဲ့သည်။
(ဆင်ဟွာ)

ကမ္ဘာ့ဖိအားကိုအန်တုကာ မြောက်ကိုရီးယားဒုံးကျည်တစ်စင်း ထပ်မံပစ်လွှတ်စမ်းသပ်



ဆိုးလ် ဧပြီ ၂၉ 


 မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များသည် ကောင်းကျိုးထက် ဆိုးကျိုးများဖြစ်စေနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်က သတိပေးပြောကြားပြီးနောက် မြောက်ကိုရီးယားနိုင်ငံသည် ဧပြီ ၂၉ ရက်က တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ထပ်မံပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း ရိုက်တာသတင်း ဌာနတွင် ဖော်ပြခဲ့သည်။ 

 သို့သော်လည်း အဆိုပါဒုံးကျည်သည် မြေပြင်မှ ပျံတက်ပြီး မကြာမီ ပေါက်ကွဲသွားခဲ့ ကြောင်းနှင့် စမ်းသပ်မှုမအောင်မြင်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံ အာဏာပိုင်များက ပြောခဲ့သည်။ မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုသည် ယခု အကြိမ်နှင့်ဆိုလျှင် လေးကြိမ်မြောက်စမ်းသပ်မှု မအောင်မြင်ခြင်းဖြစ်ကြောင်း ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ယင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းကို နိုင်ငံ၏အရှေ့မြောက်ဘက် တောင်ပြည်နွန်ဂန် ပြည်နယ် ဘွတ်ခ်ချန်ဒေသအနီးတွင် ဒေသ စံတော်ချိန် နံနက် ၅ နာရီခွဲက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုမှာ အောင်မြင်ခြင်းမရှိဟု ခန့်မှန်းရကြောင်း ပူးတွဲစစ်ဦးစီးချုပ်၏ ပြောကြား ချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့ခြင်းသည်။ 

ယူအက်စ်အက်စ် ကားလ်ဗင်ဆင်လေယာဉ်တင်ရေယာဉ်အုပ်စုသည် ကိုရီးယား ကျွန်းဆွယ်အနီး ရေပိုင်နက်သို့ရောက်ရှိခဲ့ကာ တောင်ကိုရီးယားတပ်မတော်နှင့် စစ်ရေး လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး မကြာမီ ထိုသို့ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နောက်ထပ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ရေတပ်အရာရှိတစ်ဦးက ပြောခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ဒုံးကျည်ပစ်လွှတ်သည့်အချိန်တွင် တရုတ်၏ဆန္ဒကို အလေးမထားရာရောက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တွစ်တာ စာမျက်နှာတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကုလသမဂ္ဂအစည်းအဝေးတွင် မြောက်ကိုရီးယားအရေးဖြေရှင်းရန်မှာ တရုတ်တစ်နိုင်ငံတည်း၏ အရေးမဟုတ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရိုက်တာနှင့် အင်တာဗျူးတစ်ခု တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် မြောက်ကိုရီးယားအရေး အင်တိုက်အား တိုက်ဆောင်ရွက်နေသည်ကို ချီးကျူးပါကြောင်း သို့သော်လည်း မြောက်ကိုရီးယား အရေးမှာ ကောင်းကျိုးထက်ဆိုးကျိုးသာပိုများကြောင်း ပြောခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်အမျိုးအစားနှင့် အကွာအဝေးအပါအဝင် အခြားသတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံသိရှိရန် တောင်ကိုရီးယားစစ်ဘက်ကလည်း စုံစမ်းလေ့လာနေဆဲဖြစ်ကြောင်း သိရသည်။ (ရိုက်တာ၊ ဆင်ဟွာ)

Osaka University of Tourism, Nay Pyi Tawကို ဒေါ်လာသန်း ၂ဝဝ အကုန်အကျခံ တည်ဆောက်ရန်လျာထား



 နေပြည်တော် ဧပြီ ၂၉ 


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် သည် ဂျပန်နိုင်ငံရှိOsaka University of Tourism မှ Vice President Ms. Mikiko OHASHI နှင့် Regional Vitalization Support Mechanism Co., Ltdမှ President ဖြစ်သူ Mr. Kiyoaki Kamiyama တို့ ဦးဆောင်သော အဖွဲ့နှင့် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် တွေ့ဆုံ၍ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

Osaka University of Tourism မှVice President Ms. Mikiko OHASHI က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုရန်အတွက် နေပြည်တော်တွင် Tourism University တစ်ခု တည်ဆောက်လိုပါကြောင်း၊ ယင်း Universityတွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်တစ်လုံးပါ ပူးတွဲတည်ဆောက်မည်ဖြစ်၍ ပညာသင်ယူသော ကျောင်းသား ကျောင်းသူများအတွက်ပါinternship ပြုလုပ်နိုင်မည်ဖြစ်ပြီး သင်တန်းသားများ အတွက်လည်း ဟိုတယ်မှတစ်ဖက်တစ်လမ်းဝင်ငွေရရှိနိုင်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြ ရာ ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေသည်သာမက နေပြည်တော်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက်ကိုပါ အထောက်အကူပြုပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည် ဆွေးနွေးသည်။

အဆိုပါ Osaka University of Tourism, Nay Pyi Taw ကို အမေရိကန် ဒေါ်လာ သန်း ၂ဝဝ အကုန်အကျခံ တည်ဆောက်ရန်လျာထားပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် Osaka University ၏ နှစ်၁ဝဝပြည့် နှင့်တိုက်ဆိုင်၍ ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ယုဇနတန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်းသုံးပိုင်းတည်ဆောက်ပြီးစီးမှုအခြေအနေ ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး




Image may contain: 5 people, people standing and wedding
ရန်ကုန် ဧပြီ ၂၉


ရန်ကုန်တိုင်းဒေသကြီး သန်လျင်-ကျောက်တန်းမြို့နယ်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူတည်ဆောက် နေသော သီလဝါစက်မှု ဇုန်အိမ်ရာ စီမံကိန်းလုပ်ငန်းခွင်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိပြီး အိမ်ရာစီမံကိန်း မြေနေရာအခြေအနေ၊ အိမ်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် အောင်ချမ်းသာ အပိုင်း(၂) အဆင့်မြင့်အိမ်ရာ စီမံကိန်း သန်လျင်စီမံကိန်း လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ပြည်သူများ နေထိုင်နိုင်ရန် အိမ်ခန်းများ အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရေးအတွက် မိမိယခု လာရောက်ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါကြောင်း၊ လိုအပ်သည့်အခက်အခဲများရှိပါက ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များဘက်မှ သတ်မှတ်အချိန်မီ လုပ်ငန်းများ ပြီးစီးရေး၊ အရည်အသွေးစံချိန် စံòန်းပြည့်မီရေး ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

ယင်းနောက် ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာအပိုင်း(၁)၊ (၂)နှင့် အပိုင်း(၃)တို့ တည်ဆောက်ပြီးစီးမှုအခြေအနေကို လည်းကောင်း၊ ကနောင်အိမ်ရာ တည်ဆောက်ပြီးစီးမှု အခြေ အနေကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။ 

ယခုတည်ဆောက်ပြီးစီးသည့် ယုဇနတန်ဖိုးနည်းအိမ်ရာ စီမံကိန်း အပိုင်း(၁)တွင် ခြောက်ခန်းတွဲ လေးထပ်၊ တိုက် ၁၂ လုံး၊ အခန်း ၂၈၈ ခန်း၊ ရှစ်ခန်းတွဲလေးထပ်၊ တိုက် ၁၈ လုံး၊ အခန်း ၅၇၆ ခန်း စုစုပေါင်း ၈၆၄ ခန်း ၊ အပိုင်း(၂)တွင် ခြောက်ခန်းတွဲ လေးထပ်၊ တိုက် ၁၂ လုံး၊ အခန်း၂၈၈ ခန်း ၊ ရှစ်ခန်းတွဲ လေးထပ်၊ တိုက် ၂၈ လုံး၊ အခန်း ၈၆၄ ခန်း စုစုပေါင်း ၁၁၅၂ ခန်း၊ အပိုင်း(၃)တွင် ရှစ်ခန်းတွဲ ငါးထပ်၊ တိုက်အလုံး ၄ဝ ၊ အခန်းပေါင်း ၁၅၇၆ ခန်း တည်ဆောက်ပြီးစီးလျက်ရှိသည်။

နေ့လယ်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ စီမံကိန်းသို့ ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်း တွင် လေးထောင့်ကန် အိမ်ရာစီမံကိန်း တည်ဆောက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

ပြည်သူ့အကျိုးဆောင်ရွက်ပေးနေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကိုရယူပြီး ဆောင်ရွက်




 နေပြည်တော် ဧပြီ ၂၉ 


 ကျေးလက်ဒေသများတွင် လိုအပ်နေဆဲဖြစ်သည့် အခြေခံ စွမ်းအင်မှာ လျှပ်စစ်မီးရရှိရေးဖြစ်ပါကြောင်း၊ မဟာဓာတ်အား လိုင်းမှ ဓာတ်အားမရရှိနိုင်သည့် ကျေးရွာများအတွက် ဓာတ်အား လိုင်းပြင်ပကျေးလက်မီးလင်းရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ၍ မီးလင်းသည့် ကျေးရွာ အရေအတွက် တိုးပွားများပြားလာသည်ကို တွေ့မြင်နေရပြီဖြစ် ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏ လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ၏ မူဝါဒများနှင့်အညီ မူဝါဒအသစ်များ ရေးဆွဲချမှတ် အကောင် အထည်ဖော်ခဲ့ပါကြောင်း၊ ကျေးလက်လမ်းတံတားဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်နေပြီဖြစ်သည့်အတွက် ကျေးလက်ဒေသများ၏ လမ်းပန်းဆက်သွယ်ရေးအခြေအနေ သည် တိုးတက်ကောင်းမွန်ပြီး စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်ဆီသို့ အချိန်တိုအတွင်း ရောက်ရှိစေတော့မည် ဖြစ် ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုနှင့်အတူ ပညာ ရေး၊ ကျန်းမာရေး စသည့် လူမှုဖွံ့ဖြိုးရေးများကိုလည်း ပူးတွဲရရှိ ခံစားနိုင်မည် ဖြစ်ပါကြောင်း။

ကျေးလက်ပြည်သူများ၏ စွမ်းဆောင်ရည်တိုးမြှင့်လာစေ ရေးကို ဆောင်ရွက်ပေးနေသည့် မိမိတို့ဝန်ထမ်းများ၏စွမ်းဆောင် ရည်လည်း မြင့်မားနေရန်အထူးလိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ပြည်သူ့အကျိုးကိုအစဉ်ရှေးရှုပြီး ပြည်သူ့အသံ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့လိုအပ်ချက်များကို ဥပဒေစည်းမျဉ်းစည်းကမ်းများ နှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ထုံမွမ်းနေသည့် အဖွဲ့ အစည်းဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်ကို စတင်ကျင့်သုံးနေပြီဖြစ် ပါကြောင်း၊ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ပေးနေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကိုရယူပြီး ပြည်သူနှင့်အတူ ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်းဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပသော လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ 

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ဦးစီးဌာန၏လုပ်ငန်းဆောင် ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက် များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။

နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူး များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက် မှုများကို အသီးသီးရှင်းလင်းတင်ပြကြပြီး ဒုတိယ ညွှန်ကြားရေး မှူးချုပ်များက ဘဏ္ဍာရေး၊ ဆင်းရဲမှုလျှော့ချရေး၊ လမ်းတံတား၊ မီးလင်းရေး၊ ရေပေးဝေရေးကဏ္ဍများကို ရှင်းလင်းတင်ပြကြ ကာ တက်ရောက်လာကြသူများက တင်ပြချက်များနှင့်ပတ်သက် ၍ ညှိနှိုင်းဆွေးနွေးကြသည်။ (သတင်းစဉ်)

မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေး



ရန်ကုန် ဧပြီ ၂၉



 မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည်။ 

 ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်မှုဟု ဆိုရာတွင် ယနေ့တွင် မည်သည့်အတိုင်း အတာအထိ အဖြေရလဒ်များပေးနိုင် သည်ကို မသိသော်လည်း အပြန်အလှန် ဆွေးနွေးမှုများစွာရှိလိမ့်မည်ဟု မျှော်လင့် ကြောင်း၊ ယခုဆွေးနွေးခြင်းသည် အဖြေရလဒ်များ ထွက်ပေါ်မည်ဟု ယုံကြည်ကြောင်း၊ ရုပ်ရှင်လောက တိုးတက်ရေးကို အဓိကခေါင်းစဉ်တင်ထား သော်လည်း ဆွေးနွေးမည့်အကြောင်း သည် ရုပ်ရှင်လောက၌ ပြောဆိုနေကြ သည့် ရုပ်ရှင်လောကသားများက လွတ်လပ်စွာ ရိုက်ကူးတင်ဆက်ပြသလို သော်လည်း ဆင်ဆာအဖွဲ့က ဆောင်ရွက် ချက်များနှင့် အနည်းငယ်အငြင်းပွားနေမှုရှိကြောင်း၊ မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆွေးနွေး အဖြေရှာနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ရုပ်ရှင်လောကသားများနှင့် ဆင်ဆာအဖွဲ့ များက ယခုဆွေးနွေးပွဲကို ကျင်းပရေး အတွက် အကြံပြုထားကြောင်း၊ ယခု ဆွေးနွေးပွဲတွင် လွတ်လွတ်လပ်လပ် ဆွေးနွေးကြရန်နှင့် ထိုမှတစ်ဆင့် မြန်မာ့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် ဆုံးဖြတ်ချက်များ ရရှိပါ စေကြောင်း ပြောကြားသည်။
ထို့နောက် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့ အတွင်းရေးမှူး ဦးသိန်းနိုင်က ရုပ်ရှင် နှင့်ဗီဒီယိုဇာတ်ကားများတွင် အငြင်းပွား ဖွယ်ဖြစ်နေသည့် အပြော၊ အပြများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း၊ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်တို့က ပြန်လည်ဆွေးနွေး ကြသည်။

ယင်းနောက် ဦးသူရ(ဇာဂနာ)က မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး နှင့်စပ်လျဉ်း၍ ဆွေးနွေးကြရန် ဖိတ်ခေါ် ရာ တက်ရောက်လာကြသူများက အကြံ ပြုဆွေးနွေးကြသည်။

ဆက်လက်၍ ရုပ်ရှင်နှင့် ဗီဒီယို ဆင်ဆာအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ဖေက မြန်မာ့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက် များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စား လှယ်များ၊ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းနှင့် သတင်းမီဒီယာအဖွဲ့အစည်း များမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။ (သတင်းစဉ်)

ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲကျင်းပ




ရန်ကုန် ဧပြီ ၂၉


ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံရှေ့၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဘာသာပြန် စာတမ်းဖတ်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)နှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာ သာထွန်းဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြပြီး စာအုပ်အရောင်းဆိုင် များကို လှည့်လည်ကြည့်ရှုကြသည်။

ဘာသာပြန်စာပေစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားရာ၌ စာတမ်းဖတ်ပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကျင်းပလာသည်မှာ ယခုအကြိမ်ဆိုပါက တတိယအကြိမ် မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲ နှင့် စာပေဆွေးနွေးပွဲတို့ကဲ့သို့ ယဉ်ကျေး မှုဓလေ့များ ထွန်းကားစေရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း။
စာပေသမားများအချင်းချင်း တစ်ဦး နှင့်တစ်ဦး ရေးသားထားကြသည်များကို ဝေဖန်သုံးသပ်ဖြည့်စွက်သည့် ဓလေ့ရှိရန် လိုကြောင်း၊ သို့မှသာ စာပေဖွံ့ဖြိုးတိုးတက် နေမည်သာဖြစ်ကြောင်း၊ ယင်းဓလေ့ကို ခုံမင်သောမိတ်ဆွေများနှင့်တွဲ၍ ယခု ကဲ့သို့ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပခြင်းဖြစ်ကြောင်း။
ပထမအကြိမ်က နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲကျင်းပခဲ့ကြောင်း၊ နိုင်ငံရေး စာပေ(သို့) နိုင်ငံရေးအကြောင်းကို စာပေ သမားများဆွေးနွေးခဲ့သည်ဆိုရာ၌ ယခင် က မရှိခဲ့ကြောင်း၊ ထို့နောက် ခေတ်ပြိုင် သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပခဲ့ ကြောင်း၊ ဤသည်မှာ စာပေနှင့် နိုင်ငံရေး နှီးနွှယ်သောခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့ကြကြောင်း၊ စာပေသမား၌ တူညီသော ဆန္ဒသည် စာပေအကြောင်းအရာများကို လွတ်လပ်စွာ ဆွေးနွေးလိုပြီး ဓလေ့ထွန်း ကားပြန့်ပွားရေးအတွက် တူညီသောဆန္ဒ များရှိကြခြင်း ဖြစ်ကြောင်း။

မြန်မာစာပေသမိုင်းကို ကြည့်ပါက ပထမဆုံးမြစေတီကျောက်စာသည် ပျူ၊ ပါဠိ၊ မွန်၊ မြန်မာဘာသာလေးမျိုးဖြင့် ရေးထိုးထားသည်ကို ကြည့်ခြင်းအားဖြင့် ထိုခေတ်ကတည်းက ဘာသာပြန်ဆိုခြင်း ရှိနေပြီဟု ပြော၍ရပါကြောင်း၊ ဘာသာ လေးရပ်စလုံးဖြင့် ရေးထိုးရန်လိုအပ် သည်ဟု ယူဆခြင်းကြောင့် ရေးထိုးခဲ့ပြီး ဘာသာလေးမျိုးစလုံး သုံးစွဲကြကြောင်း။

မြန်မာစာပေ မြစ်ဖျားခံထွန်းကား ခဲ့ပုံကို သုံးသပ်ကြည့်လျှင် ဘာသာပြန် စာပေများပေါ်၌ အမှီပြုသည်ဟု ဆိုရ လောက်အောင် နိုင်ငံတကာ စာပေများ နှင့် ရင်းနှီးမှုက စတင်လာခဲ့သည်ကို တွေ့ရကြောင်း၊ မြန်မာစာပေသည် အိန္ဒိယ ဘက်မှ ဆင်းသက်လာသည့် ဗုဒ္ဓဘာသာ စာပေ၊ ပါဠိ၊ သက္ကတစာပေများနှင့် နီးစပ် ကြောင်း၊ ထိုစာကြီး ပေကြီးများကို ဘာသာပြန်ပြီးနောက် စိတ်ကူးဉာဏ် ထပ်မံကွန့်မြူးလျက် မြန်မာ့စာပေဖန်တီး သူ ပညာရှင်ပုဂ္ဂိုလ်ကြီးများက စာပေများ ရေးဖွဲ့ခဲ့ကြသည်ကို တွေ့ရကြောင်း၊ ရှေးဆရာကြီးများပြောချက်အရ မြန်မာ စာပေသည် မိမိတို့ကိုယ်တိုင် အသိဉာဏ် ကွန့်မြူးကာ ရေးသားခြင်းများရှိသကဲ့သို့ ကိုယ်တိုင်ရှိသည့် လမ်းထက် အိန္ဒိယ နိုင်ငံဘက်မှ စာပေများပေါ်အခြေခံပြီး မြန်မြန်ဆန်ဆန် ကွန့်မြူးခဲ့ကြောင်း၊ နောက်ပိုင်းခေတ်များတွင် ဥရောပတိုက် သားများ မိမိတို့တိုင်းပြည် ရောက်ရှိလာ ချိန်တွင် ၄င်းတို့ဘာသာစကားရှိသည့် စာပေများကို ဘာသာပြန်ဆိုခြင်းများရှိ ခဲ့ပြီး အထူးသဖြင့် အင်္ဂလိပ်ဘာသာ စာအုပ်စာပေများကို ဘာသာပြန်ခဲ့ ကြောင်း။

ဗြိတိသျှကိုလိုနီခေတ်တွင်လည်း မြန်မာပညာရှိများ၊ စာတတ်ပေတတ် ပုဂ္ဂိုလ်များသည် နိုင်ငံခြားသားများနှင့် တွဲဖက် ဘာသာပြန်ဆိုခြင်းများရှိခဲ့ ကြောင်း၊ သခင်ဘသောင်းသည် ဘာသာ ပြန်ဆိုခြင်းအလုပ်ဖြင့် တိုင်းပြု ပြည်ပြု မြန်မာများကို ဘာသာပြန်ဆိုမှုနှင့် နားမျက်စိဖွင့်ပေးကာြေ<ွကးကြော်၍ လုပ်ဆောင်ခဲ့ကြကြောင်း၊ ယင်းနှင့် မရှေးမနှောင်း ထိုကဲ့သို့ပေါ်ပေါက်လာ သည့် အသင်းအဖွဲ့ဖြစ်သည့် နဂါးနီ စာအုပ်အသင်းဖြစ်ကာ မြန်မာလူငယ်/ လူရွယ်များကို နိုင်ငံရေးအသိပေးရန် နိုင်ငံတကာ၊ နိုင်ငံရေးသဘောတရား စာပေ၊ နိုင်ငံတကာရှိ နိုင်ငံရေးလှုပ်ရှားမှု၊ လွတ်လပ်ရေးလှုပ်ရှားမှုအတွေ့အကြုံ၊ အတ္ထုပ္ပတ္တိများကို အင်တိုက်အားတိုက် ဘာသာပြန်ဆိုခဲ့ကြောင်း။

နောက်ပိုင်းတွင် ဝန်ကြီးချုပ်ဦးနု သည် နဂါးနီစာအုပ်တိုက်ကို စတင် ထူထောင်ခဲ့သူဖြစ်ပြီး ဘာသာပြန်စာပေ အသင်းဖွဲ့စည်းထူထောင်ခဲ့ကာ လက်စွဲ ဆောင်ပုဒ်သည် ''အမှောင်ခွင်း၍ အလင်း ဆောင်အံ့''ဖြစ်ကြောင်း၊ တကယ်ြေ<ွကး ကြော်ခဲ့သလိုပင် ဘာသာပြန်စာအုပ် စာတမ်းများ များစွာထွက်ရှိခဲ့ကြောင်း၊ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေး ရပြီးခေတ်များ၌ ထင်ရှားသည့် မြန်မာ စာရေးဆရာကြီးများကို ကြည့်ပါက အများစုသည် ဘာသာပြန်သည့်အလုပ် များကို လုပ်ဆောင်ခဲ့ကြကြောင်း၊ စာရေး ဆရာကြီးဖြစ်သည့် ဒဂုံရွှေမျှား၊ ရွှေဥ ဒေါင်း၊ သခင်ဘသောင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ ဘာသာပြန်ဆိုခဲ့ကြ ကြောင်း။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရန် ဘာသာပြန်မှုသည် များစွာလိုအပ်နေ ကြောင်း၊ ယနေ့ခေတ်ကူးလူးဆက်ဆံမှု၊ အသိပညာ၊ ဆက်သွယ်ရေးကွန်ရက် များ တိုးတက်မြန်ဆန်လာသည်နှင့်အမျှ ဘာသာပြန်လုပ်ငန်းကို ပိုမိုကာ များများ ပြားပြား မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ နိုင်ငံတကာတွင် စာအုပ်စာတမ်းထွက်ရှိမှု အင်မတန် များပြားလာပြီး ယခုအခါ ပြောင်းလဲမှု မြန်ဆန်လာသကဲ့သို့ ပြောင်းလဲမှုကို သုံးသပ် ရေးသားထားမှုများလည်း အလျင်အမြန်ထွက်ပေါ်လျက်ရှိကြောင်း၊ အယူအဆအသစ်များနှင့် စပ်လျဉ်း၍ သုံးသပ်သည့်စာအုပ်စာတမ်းများ ထွက် ပေါ်လျက်ရှိပြီး ကမ္ဘာတွင် လတ်တလော ပေါ်ပေါက်နေသည့် အယူအဆ၊ သုံးသပ် မှုစဉ်းစားတွေးတောနေသည့်အမြင်များ ကို က္ဘာနှင့်အမီ လိုက်လံဘာသာပြန်ဆို မှုလိုအပ်နေသည်ဟု ယူဆကြောင်း။ 

နိုင်ငံတော်တော်များများကို ကြည့် ပါက ဂျပန်နိုင်ငံသည် ဘာသာပြန်လုပ်ငန်း ထွန်းကားခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံ သည်လည်း လတ်တလောရောင်းအား အကောင်းဆုံးစာအုပ်များကို အမြန်ဆုံး ဘာသာပြန်ထုတ်ဝေလျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတွင် ဘာသာပြန်နှုန်းအသင့်အတင့် ရှိသော်လည်း ထိုအတိုင်းအတာရှိရန် လူအင်အား လိုအပ်နေကြောင်း၊ ထို့ကြောင့် စာပေဦးဆောင်ရေးသား နေသည့် ပုဂ္ဂိုလ်များအနေဖြင့် ဘာသာ ပြန်မှုကို အမှီပြုဆောင်ရွက်ရန် လိုအပ်နေ သည်ဟု ယူဆပါကြောင်း။

ယခုစာတမ်းဖတ်ပွဲမှတစ်ဆင့် စာပေ တိုးတက်ထွန်းကားရေး၊ ထိုမှတစ်ဆင့် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ထွန်းကား ရေးအတွက် မျှော်လင့်ယုံကြည်ပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် စာတမ်းဖတ်ပွဲကိုကျင်းပ ရာ သဘာပတိများအဖြစ် ဒေါက်တာ တင်လှိုင်(ဘိုးလှိုင်)နှင့် ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)တို့က ဆောင် ရွက်ကြပြီး စာတမ်းရှင် ဒေါက်တာ အောင်ကြီးက ''ယဉ်ကျေးမှုကို ဘာသာ ပြန်ခြင်း''” စာတမ်းနှင့် စာတမ်းရှင် ဦးအေးကျော် (မောင်ကြည်သစ်)က ''ဒဿနဝေါဟာရ ဘာသာပြန်ပြဿနာ''စာတမ်းများကို ဖတ်ကြားကြကာ တက်ရောက်လာကြသူများ၏ မေးမြန်း ချက်များကို ပြန်လည်ဆွေးနွေးဖြေကြား ကြသည်။

မွန်းလွဲပိုင်းတွင် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ သဘာပတိများ အဖြစ် ဦးအောင်ရှင်(မုံရွာအောင်ရှင်)နှင့် ဒေါက်တာအောင်ကြီးတို့က ဆောင်ရွက် ကြပြီး စာတမ်းရှင် ဒေါက်တာသန့်လွင် မောင်(ကိုတာ)က “''ဦးကြည်မောင်၏ ဘာသာပြန်''စာတမ်း၊ စာတမ်းရှင် ဒေါက်တာမြင့်ဇံက ''ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ မြန်မာဘာသာပြန်ဆိုမှု နှင့်စပ်လျဉ်းသည့် သုံးသပ်ချက်အချို့ စာတမ်းနှင့် စာတမ်းရှင် ဒေါက်တာ ဇော်ထွန်း(မောင်ဇော်ထွန်း)က ''မြန်မာ ကဗျာကို အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း''စာတမ်းများကိုဖတ်ကြားကြကာ တက် ရောက်လာကြသူများ၏ မေးမြန်းချက် များကို ပြန်လည်ဆွေးနွေးဖြေကြားကြ သည်။

ဘာသာပြန်စာပေစာတမ်းဖတ်ပွဲကို ဧပြီ ၃ဝ ရက် နံနက် ၉ နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ရာ စာတမ်းရှင် များဖြစ်ကြသည့် ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို)၊ ဦးဝင်းထွန်း (မောင်ဝင့်သူ)၊ မင်းတင်၊ ဒီနိုဗိုနှင့် ဦးခင်မောင်မြင့် (ပန်းတနော်ခင်မောင် မြင့်)တို့က သက်ဆိုင်ရာကဏ္ဍအလိုက် စာတမ်းများကို ဖတ်ကြားကြမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

Pansoedan Business တာဝါ၌ ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

Image may contain: one or more people and outdoor
ရန်ကုန် ဧပြီ ၂၉
ရန်ကုန်မြို့လယ်ကောင် ဖြစ် သော ကျောက်တံတားမြို့နယ်ရှိ Pansoedan Business တာဝါ ၌ ဧပြီ ၂၉ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီ ၃၆ မိနစ်က ကျောက်တံတားမြို့နယ် အမှတ် (၃)ရပ်ကွက် (၃၆) လမ်းနှင့် ပန်းဆိုးတန်းကြား အနော်ရထာ လမ်းမပေါ် အမှတ်(၁၂၃/ ၁၃၃)Pansoedan Business တာဝါ တိုက်အကျယ်အဝန်း (ပေ၁၁ဝxပေ၅ဝ)၊RCC(၁၂)ထပ်တိုက် (၁၁)လွှာရှိ အခန်း အမှတ်(၁၁/B) ရုံးခန်း အကျယ်အဝန်း(ပေ၅ဝx ပေ ၅ဝ)MIL Managementကုမ္ပဏီ လီမိတက် အခန်းအကျယ် (ပေ၁ဝx ၁၂ပေ)၊ အုတ်ကာထား သည့် အစည်းအဝေးခန်း၌LG အမျိုးအစား 1.5 hp Indoor အဲကွန်းအတွင်းရှိ ဝါယာကြိုး အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကြည်ဝင်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ် စခန်းမှ မီးသတ်ယာဉ် လေးစီး၊ အခြားမြို့နယ်များမှ မီး သတ်ယာဉ် ခုနစ်စီး၊ လှေကား တင်ယာဉ် နှစ်စီး၊ အထောက် အကူပြုယာဉ် တိုင်းကြက်ခြေနီမှ လူနာတင်ယာဉ် ငါးစီး၊ ကွပ်ကဲ မှုယာဉ် သုံးစီးတို့ဖြင့် မီးငြှိမ်း သတ်နိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် များကDCP (2kg) မီးသတ် ဆေးဘူးတစ်ဘူးဖြင့် ကနဦး မီးငြှိမ်းသတ်ကြရာ နံနက် ၁၁ နာရီ မိနစ် ၅ဝတွင် မီးထိန်း နိုင်ခဲ့ပြီး ၅ မိနစ်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရ သည်။
မီးလောင်မှုကြောင့် မန် နေဂျာ မစဝ်သီရိနှင်းအား ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၁၆၃/၂ဝ၁၇/ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ (စိုးဝင်း-MLA)

မန္တလေး-လားရှိုး-မူဆယ်လမ်းရှိ ကုံးမုံရွာအနီးတွင် ကုန်တင်ယာဉ် တိမ်းမှောက်၊ တစ်ဦးသေ ကိုးဦး ဒဏ်ရာရ

Image may contain: outdoor
သီပေါ ဧပြီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ကွန်ခိုက်ကျေးရွာ အုပ်စု ကုံးမုံကျေးရွာအနီး မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၁၄၉/၂-၃)အကြား၌ ဧပြီ ၂၉ ရက် နံနက် ၄ နာရီခွဲက မန္တလေးမှ မူဆယ်သို့ သရက်သီး များတင်ဆောင်ပြီး ယာဉ်မောင်း ကိုမင်း မောင်းနှင်သော ခြောက်ဘီးကုန်တင်ယာဉ်သည် လမ်းကုန်းဆင်းတွင် အရှိန် မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်သွားသည်။
အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်တွင် လိုက်ပါလာသော သိန္နီမြို့နယ်၌ နေထိုင်သူများ ဖြစ်သည့် ဒေါ်မာမာ(၄၃)နှစ် မှာ သေဆုံးသွားပြီး ညီညီအောင် (၃၂) နှစ်၊ ရဲအောင် (၃၂) နှစ်၊ ကျော်ကျော်နိုင်(၁၉)နှစ်၊ အောင် ရဲကို (၂၄)နှစ်၊ သက်ကိုဦး(၁၈) နှစ်၊ ကျော်ဝဏ္ဏ(၁၇)နှစ်၊ စိုင်းဟွန်း (၁၈) နှစ်နှင့် စိန်မင်း (၂၃)နှစ်တို့မှာ ထိခိုက်ဒဏ်ရာ များရရှိသဖြင့် ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသနေရသည်။
အခင်းဖြစ်ပွားရာသို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများ၊ အမှတ်(၁၂ဝ) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(သီပေါ) တပ်စိတ် ယာဉ်ထိန်းတာဝန်ခံ တပ်ကြပ် ကြီး ဝင်းဇော်လတ်နှင့်အဖွဲ့တို့က လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးကြပြီး ယာဉ် မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း ကိုမင်းအား သီပေါရဲတပ်ဖွဲ့စခန်းမှ အရေးယူ အမှုဖွင့်ထားကြောင်း သိရသည်။
စိုင်း(သီပေါ)

ရုပ်သံလွှင့်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသူ ပုဂ္ဂလိက ကုမ္ပဏီငါးခုနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး



ရန်ကုန် ဧပြီ ၂၉

 

 ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် ရုပ်သံလွှင့်လုပ်ငန်း များတွင် လုပ်ကိုင်ခွင့်ရရှိသူ ပုဂ္ဂလိက ကုမ္ပဏီငါးခုနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်း ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် အဆိုပါကုမ္ပဏီငါးခုမှ တာဝန်ရှိသူများသည် ရုပ်သံလွှင့်မှု နည်းပညာပိုင်းဆိုင်ရာများ၊ မူဝါဒပိုင်း ဆိုင်ရာလိုအပ်ချက်များ၊ ရုပ်သံလွှင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ထုတ်လွှင့်နိုင်ရေးတို့ အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြ သည်။

အဆိုပါလုပ်ကိုင်ခွင့်ရရှိသူ ကုမ္ပဏီ ငါးခုမှာMizzima Media Co., Ltd.၊ Young Investment Group Co., Ltd၊ Kaung Myanmar Aung Co., Ltd၊ Fortune International Ltd၊ DVB Multi Media Group Co., Ltd တို့ဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ Multi Channel Playout Systemတွင် ရုပ်သံလွှင့်လုပ်ငန်း Di-gital Free- to- Air လုပ်ကိုင်ခွင့်ရရှိ သူ Content Provider များအဖြစ် ဧပြီ ၁၁ ရက်က ကြေညာခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)

ကလေးမွေးစာရင်းထုတ်ပေးခြင်း အရှိန်မြှင့်တင်ဆောင်ရွက်





 
နေပြည်တော် ဧပြီ ၂၉
 
 
ကလေးမွေးစာရင်းထုတ်ပေးခြင်းသည် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် လုံးဝ မသက်ဆိုင်ပါကြောင်း၊ ကလေးသူငယ် ဥပဒေအရ ကလေးမွေးဖွားရာနေရာ တွင် မွေးစာရင်းရပိုင်ခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး/ ပြည်နယ်ခုနစ်ခု၌ Campaignအသွင် မွေးစာရင်းထုတ်ပေးမှု ဆောင်ရွက်ခဲ့ရာ ကျန်ရှိသော တိုင်းဒေသကြီး/ ပြည်နယ် များတွင် ဆက်လက်ဆောင်ရွက်ရန်ရှိ ကြောင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် မကြာမီဆောင် ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် Door to Door စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် ဧပြီ ၂၈ ရက် နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၌ ကျင်းပသော မွေးဖွားမှု မှတ်ပုံတင်ရေး အရှိန်မြှင့်ဆောင်ရွက်ရေး အစည်းအဝေးတွင် တက်ရောက်လာကြ သူများက ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူး ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြ ပြီး ကလေးမွေးဖွားမှုမှတ်ပုံတင်ခြင်း၏ အရေးပါပုံ၊ ဆောင်ရွက်ထားရှိမှုနှင့် ဆက် လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

ဂျာမနီနှင့် မြန်မာတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်တည်ဆောက်နိုင်ရန် ဆွေးနွေး




 နေပြည်တော် ဧပြီ ၂၉


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဂျာမနီနိုင်ငံ Federal For-eign Office \ State Secretary ဖြစ်သူ Dr. Markus EDERER နှင့် ဘာလင်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ တွေ့ဆုံဆွေးနွေးသည်။ 

 တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂျာမနီနှင့် မြန်မာတပ်မတော် နှစ်ရပ်အကြားဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်တည် ဆောက်နိုင်ရန်ဖြစ်ပြီး တပ်မတော် နှစ်ရပ်ဆက်ဆံရေးအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အထောက်အကူဖြစ်စေ ရန်ဖြစ်ပါကြောင်း ပြောကြားကာ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုအခြေ အနေများနှင့် ငြိမ်းချမ်းရေးတည်ဆောက် မှုအခြေအနေများ၊ နယ်စပ်ဒေသအခြေ အနေများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဂျာမနီနိုင်ငံ၏ State Secretary ဖြစ်သူ Dr. Markus EDERERက နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန် လာမည်ဟုလည်း ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လိုအပ်သည့် နယ်ပယ်များတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်လည်း အစီအစဉ်များရှိပါ ကြောင်း ပြန်လည်ပြောကြားသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ဘာလင်မြို့ Tegel လေဆိပ် တပ်မတော်လေယာဉ် ကွင်းမှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာLetzlingenကျေးရွာရှိ ဂျာမနီတပ်မ တော်လေ့ကျင့်ရေး သင်တန်းကျောင်း (Army Combat Training Cent-er)သို့ရောက်ရှိပြီး အဆင့်မြင့်နည်းပညာ သုံး လေ့ကျင့်မှုနည်းစနစ်များ၊Simula-tor အသုံးပြုလေ့ကျင့်မှုစနစ်များ၊ မြို့ပြ ပုံစံ တည်ဆောက်လေ့ကျင့်ရေးကွင်းများ သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။

ညပိုင်းတွင် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနေအိမ်၌ သံရုံး၊ စစ်သံရုံးမိသားစုများနှင့် တွေ့ဆုံပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က လက်ဆောင်ပစ္စည်းများ၊ အစားအသောက်၊ အဝတ်အထည်များ ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

မြန်မာ့မီးရထား ၂ဝ၁၆-၂ဝ၁၇ ခုနှစ် တတိယလေးလပတ် လုပ်ငန်းညှိနှိုင်းစည်းဝေး



 
နေပြည်တော် ဧပြီ ၂၉
 
 
မြန်မာ့မီးရထား ၂ဝ၁၆-၂ဝ၁၇ ခုနှစ် တတိယလေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော် ဘူတာကြီး မြန်မာ့မီးရထားရုံးချုပ်၌ ကျင်းပရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်အမှာစကား ပြောကြားသည်။
 
ပြည်ထောင်စုဝန်ကြီးက ပြည်သူကို အကျိုးပြုနိုင်ရေးအတွက် ရထားလမ်းများ ကောင်းမွန်ရေး၊ စက်ခေါင်းနှင့် ရထားတွဲ များ ကောင်းမွန်ရေး၊ ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပြေပြစ်စွာ ဆက်ဆံရေး၊ ဝန်ထမ်းများ ဆက်ဆံရေး ကောင်းမွန်ရေး၊ ရထားဥပဒေနှင့် နည်း ဥပဒေများကို နားလည်သဘောပေါက်ပြီး လိုက်နာရေး၊ ခရီးသည်နှင့် ကုန်စည်ပို့ ဆောင်ရေး၊ ဈေးကွက်၌ အခြားသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင် အောင် ကြိုးစားကြရန်နှင့် စိတ်ဓာတ်နှင့် ခံယူချက်များပြောင်းလဲပြီး ပြည်သူလူထု အတွက် အမြဲစဉ်းစားလုပ်ဆောင် သွားကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အင်ဒိုနီးရှားသမ္မတနှင့် ဘရူနိုင်းဘုရင်တို့အား သီးခြားစီတွေ့ဆုံ



Image may contain: 2 people, people sitting and indoor
မနီလာ ဧပြီ ၂၉


အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် Sofitel Philippines Palaza Hotel ၌ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုနှင့်လည်းကောင်း၊ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ မိနစ် ၂ဝ တွင် ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတွင် ယခုနှစ်အတွင်း ပိုမိုတိုးတက်လာလျက်ရှိပြီး စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍများ၌ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ (သတင်းစဉ်)

ကြည်ကြည်လင်လင် ရေကိုမြင်လျက်


မြန်မာ့အလင်းအယ်ဒီတာအာဘော်


ဧရာဝတီမြစ်ရေကို သောက်သုံးရန် သင့်မသင့် ကွင်းဆင်းစစ်ဆေးသွားတော့ မည်ဟု သတင်းတစ်ခုက ဆိုသည်။ စစ်ဆေးမည့် နေရာမှာ မြစ်ညာဒေသ ကချင်ပြည်နယ်အတွင်းဖြစ်ပြီး ဧရာဝတီမြစ်ကို ပေါင်းဆုံမွေးဖွားပေးခဲ့သည့် မြစ် နှစ်သွယ်ဖြစ်သော မေခနှင့် မလိခမြစ်များတစ်လျှောက် တရားမဝင်ရွှေတူးဖော်မှုများပြုလုပ်နေကြခြင်းကြောင့် မြစ်ရေများနောက်ကျိနေသည့် အပြင် စွန့်ပစ်ရေများကြောင့် မြစ်ရေကို သုံးစွဲနေရသည့် ပြည်သူလူထု၏ကျန်းမာရေးဆိုင်ရာပြဿနာများ မဖြစ်ပွားရအောင် ရည်ရွယ်ခြင်းဖြစ် သည်ဟုလည်း သိရသည်။

ဧရာဝတီမြစ်ရေသည် အရှည်မိုင်ပေါင်း ၁၃ဝဝ ကျော် ၁၄ဝဝ နီးပါးခန့် ရှိပြီး မြစ်အစမှသည် အဆုံးထိအောင် မြန်မာနိုင်ငံ၏ပင်မအသက်သွေး ကြောကြီးသဖွယ် စီးဆင်းနေသောမြစ်တစ်စင်းဖြစ်သည်။ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ် တို့အပါအဝင် ဧရာဝတီမြစ်အတွင်းစီးဝင်သော မြစ်များရှိသလို ဧရာဝတီမြစ်ရေကို စိုက်ရေးပျိုးရေးအတွက်ရော သောက်ရေသုံးရေအတွက်ပါ အမှီပြုသုံးစွဲကြရသည့် မြို့ရွာများစွာတို့မှာ မြစ်တစ်လျှောက်တည်ရှိကြသည်။ မြစ်ကြောင်း တစ်လျှောက် ရွှေရှာသည့်လုပ်ငန်းများမှာ ဧရာဝတီမြစ်ညာ ဒေသတွင်သာမက ချင်းတွင်းမြစ်နှင့် ၄င်း၏မြစ်လက်တက်၊ မြစ်ချောင်းများ တွင်ပါ ပျံ့နှံ့လုပ်ကိုင်လျက်ရှိနေကြခြင်းဖြစ်သည်။ လူသားတို့တန်ဖိုးထားကြ သည့် ရွှေဟူသော သတ္တုအောင်စအနည်းငယ်ခန့်ကိုရရှိရန် မြေလှန်ခံလိုက် ရသည့် သစ်ပင်သစ်တောများ၊ ဖြိုချဖဲ့ချခံလိုက်ရသည့် မြစ်ကမ်းပါးများနှင့် မူလသဘာဝဖျက်ဆီးခံလိုက်ရသည့် မြစ်ချောင်းအင်းအိုင် ရေနေရေထိုင် များ၊ မူလသဘာဝ ပတ်ဝန်းကျင်တွင် ပေါက်ရောက် ရှင်သန်ကျက်စားနေထိုင် ကြသည့် သားငှက်တိရစ္ဆာန်အပင်သတ္တဝါများစသည့် ဇီဝမျိုးစုံမျိုးကွဲများ၏ တန်ဖိုးမှာ ရွှေထက် အဆပေါင်းများစွာ တန်ဖိုးကြီးမားကြသည်ကို ဂရုပြုသူ နည်းပါးလှသည်။

''ကြည်ကြည်လင်လင်၊ ရေကိုမြင်လျက်၊ ရေတွင်ဆိပ်ခိုး၊ ပါလေနိုးဖြင့်၊ စိုးရွံ့မသောက်သာပြီတကား''။ အရှေ့နှင့် အနောက် က္ဘာ့နိုင်ငံကြီးနှစ်ခုနှင့် အုပ်စုကြီးနှစ်စုတို့ အင်အားပြိုင်ဆိုင်ခဲ့ကြသည့် စစ်အေးခေတ်အရှိန်မြင့် စဉ်ကာလက ရေးဖွဲ့ခဲ့သော ကဗျာလေးတစ်ပိုဒ်က ထိုခေတ် အဏုမြူ လက်နက်များစမ်းသပ်ဖောက်ခွဲမှုနှင့် အဏုမြူလက်နက်ပြိုင်ပွဲများ၏ အန္တရာယ်၊ ကမ္ဘာ့လူသားတို့၏ စိုးရိမ်ကြောင့်ကြမှုတို့ကို ကွက်ကွက်ကွင်းကွင်းဖော်ပြနိုင်သကဲ့သို့ ယနေ့တိုင်လည်း ဆက်လက်၍ မှန်ကန်ခေတ်မီ နေဆဲဟုပင် ဆိုရမည်ဖြစ်သည်။

ရွှေရှာဖွေသည့်လုပ်ငန်းများတွင် အသုံးပြုကြသည့် ဆိုင်ယာနိုက်၊ မာကျူရီစသည့် အဆိပ်ပြင်းဓာတုပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ၊ လောဘကြီးသလောက်ပညာနည်းသူတို့က ငါးဖမ်းရာတွင် အသုံးပြုသည့် အဆိပ်များ၊ စက်မှုဇုန်စက်ရုံအလုပ်ရုံများမှ မဆင်မခြင်စွန့် ထုတ်ထားသည့် ဓာတုဒြပ်ပေါင်းများစွာ ပျော်ဝင်နေသော ရေဆိုးများ၊ စည်းကမ်းမဲ့သူတို့က စွန့်ပစ်လိုက်သည့် အိမ်တွင်းအညစ်အကြေးများနှင့် အမှိုက်သရိုက်များက ဧရာဝတီမြစ်ကြီးနှင့်တကွ မြစ်အတွင်းသို့စီးဝင်သည့် မြစ်များ၊ ချောင်းများ၏ရေများတွင်ပါ ပါဝင်လျက်ရှိနေခြင်းကြောင့် မြစ်ရေ ၏ အရည်အသွေး၊ သောက်သုံးရန် သင့်မသင့်စသည်တို့အတွက် စစ်ဆေးမှု များကို မြစ်တစ်လျှောက်လိုအပ်သည့်နေရာများတွင် ပုံမှန်စစ်ဆေးမှု ပြုလုပ်ခြင်း၊ တရားမဝင်ရွှေရှာတူးဖော်သည့်လုပ်ငန်းများကို ထိထိရောက် ရောက် အရေးယူပိတ်သိမ်းခြင်း၊ သဘာဝပတ်ဝန်းကျင်မပျက်စီးအောင် ထိန်းသိမ်းခြင်း၊ ရေထုမြေထုညစ်ညမ်းမှုမရှိအောင် ဆောင်ရွက်ခြင်းတို့ အတွက် အလေးအနက်ထားကြဖို့ အချိန်ကျရောက်နေပြီဖြစ်သည်။

သဘာဝအလျောက်မဟုတ်သည့် ဓာတုပစ္စည်းများကို လူတို့ဖန်တီးကာ ပမာဏများစွာထုတ်လုပ်မှုများမှာ ဒုတိယကမ္ဘာစစ်ကာလများအတွင်း စတင်ခဲ့ခြင်းဖြစ်သည်။ လူလုပ်ဓာတုပစ္စည်းများ၏ ရေထုမြေထုများအတွင်း ပျော်ဝင်ပေါင်းစပ်သွားမှုများနှင့် အန္တရာယ်တို့၏အတိုင်းအဆပမာဏများမှာ သုတေသီပညာရှင်တို့ပင် ကြိုတင်မသိမြင် မခန့်မှန်းနိုင်လောက်အောင် ကြောက်ခမန်းလိလိဖြစ်ကြောင်း စာပေများတွင်ဖတ်ရှုရသည်။ စည်းကမ်း မဲ့စွန့်ပစ်ရန်လွယ်ကူသလောက် ဖယ်ရှားသန့်စင်ရန် မလွယ်ကူသည့် ဓာတု အဆိပ်သင့်ပစ္စည်းများ မြစ်ချောင်းများထဲသို့ အလွယ်တကူမစွန့်ပစ်စေရေး ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှသာ ကြည်ကြည်လင်လင်ရေကို မြင်လျက် စိုးရွံ့စိတ်ဖြင့် မသောက်သုံးနိုင်သည့် အခြေအနေများမှ လွန်မြောက်နိုင်မည်ဖြစ်ပါကြောင်း။ ။

အမှိုက်ရှင်းသော်လည်း စွန့်ပစ်သူများကြောင့် အမြင်မတင့်တယ်သည့် အမှိုက်ပုံ















 Image may contain: 2 people, shoes and outdoor

ထင်သာမြင်သာပြုပြင်စရာ

စစ်ကိုင်း ဧပြီ ၂၉

စစ်ကိုင်းမြို့ စစ်ကိုင်းတံတား ( ရတနာပုံ)စစ်ကိုင်းမှ ကိုးပေအတက် မန္တလေးသို့ အသွားလမ်း စစ်ကိုင်းဘက်ခြမ်း လမ်း ဘေးတွင် စည်းကမ်းမဲ့သူများပစ်ထား သည့် အမှိုက်များကြောင့် အမှိုက်ပုံကြီး ဖြစ်နေပြီး နေ့စဉ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သန့်ရှင်းပေးနေသော်လည်း
ပြန်လည် စွန့်ပစ်နေကြခြင်းကြောင့် ရှင်းမနိုင်ဖြစ်နေပြီး အနံ့အသက်ဆိုး များထွက်နေကာ အမြင်မတင့်တယ်သော မြင်ကွင်းတစ်ခုဖြစ်ပေါ်လျက်ရှိနေသဖြင့် တခြားတစ်နေရာသို့ ရွှေ့ပြောင်းပေးရန် လိုအပ်လျက်ရှိသည်။

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေကြခြင်း ကြောင့် အမှိုက်ပုံကြီးများရှိနေကာ ရှင်းမနိုင်ဖြစ်နေပြီး မြို့သာယာလှပရေး ဆောင်ရွက်နေသည့် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်ပြီး စနစ်တကျ အမှိုက်စွန့်ပစ်ကြရန်လိုအပ်နေသည်။

ယခုအခါ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ မြို့ပေါ် ၊ ကျေးရွာရပ်ကွက်များတွင် ခေါင်းလောင်းတီးအသံပေး၍ အလှည့်ကျ အဖွဲ့ပိုင်ယာဉ်များဖြင့် အမှိုက်များသိမ်း ဆည်းပေးနေခြင်း ၊ အချက်အချာကျသည့် နေရာများ၌ အမှိုက်ပုံးများထားပေး ခြင်းဖြင့် မြို့သာယာလှပရေး အစဉ် တစိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ဝ၆၆)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်



မနီလာ ဧပြီ ၂၉


 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့ ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၊ အကြိမ်(၃ဝ)မြောက် အာဆီယံမျက်နှာစုံညီ ထိပ်သီးအစည်းအဝေး၊ အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီး သီးသန့် အစည်းအဝေး၊ASEAN Declaration on the Role of the Civil Service as Catalyst for Achieving the ASEAN Community Vision 2025 လက်မှတ်ရေးထိုးပွဲအခမ်းအနား၊ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံ ပါလီမန်များ ညီလာခံကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ၊ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံလူငယ် ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ၊ အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီး အစည်းအဝေးပိတ်ပွဲ အခမ်းအနားများသို့ တက်ရောက်သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် အကြိမ် (၃ဝ) မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ရိုဝါ ဒူတာတေးနှင့် ဇနီးတို့က ဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရ အဖွဲ့ အကြီးအကဲများအား ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲ များ၊ အာဆီယံဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံစီးပွားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယ အာဆီယံအတွင်းရေးမှူးချုပ်များ၊ အာဆီယံ ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဖိတ် ကြားထားသည့် ဧည့်သည်တော်များ၊ ပြည် တွင်း၊ ပြည်ပမှ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ 

အခမ်းအနားဖွင့်လှစ်
ရှေးဦးစွာ အခမ်းအနားကို အာဆီယံ သီချင်းဖြင့် ဖွင့်လှစ်ပြီး ဖိလစ်ပိုင်ရိုးရာ အဆို၊ အက များဖြင့် ကပြသီဆိုဖျော်ဖြေ ကြသည်။
ယင်းနောက် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ရိုဝါ ဒူတာတေးက အဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက် အာဆီယံရိုးရာအက များကို စုပေါင်းကပြဖျော်ဖြေကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံနိုင်ငံ များမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အကြိမ်(၃ဝ)မြောက် အာဆီယံ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် အဆိုပါကွန်ဗင်းရှင်းစင်တာ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်သည်။
အစည်းအဝေးတွင် ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတက အဖွင့်မိန့်ခွန်း ပြောကြားသည်။ 

မိန့်ခွန်းပြောကြား
အာဆီယံမျက်နှာစုံညီ ထိပ်သီး အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့အကြီးအကဲများက မိန့်ခွန်း ပြောကြားကြသည်။
ဆက်လက်၍ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Coconut Palace ၌ ကျင်းပသည့် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီး သီးသန့် အစည်းအဝေးသို့ တက်ရောက်သည်။

လက်မှတ်ရေးထိုး
ယင်းနောက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ASEAN Declaration on the Role of the Civil Service as Catalyst for Achieving the ASEAN Community Vision 2025 လက်မှတ်ရေးထိုးပွဲ အခမ်းအနား သို့ တက်ရောက်ပြီး ကြေညာချက်တွင် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အတူ လက်မှတ်ရေးထိုးသည်။

လွှဲပြောင်းပေးအပ်
ထို့နောက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနိုင်ငံသမ္မတက အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ များ၊ အစိုးရအဖွဲ့အကြီးအကဲများ လက်မှတ်ရေးထိုးထားသည့် အာဆီယံ ကြေညာချက်ကို အာဆီယံအတွင်းရေးမှူး ချုပ်ထံ လွှဲပြောင်းပေးအပ်သည်။ 

ပိတ်ပွဲအခမ်းအနားတက်ရောက်
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံပါလီမန် များ ညီလာခံကိုယ်စားလှယ်များ မျက်နှာ စုံညီတွေ့ဆုံပွဲ၊ အာဆီယံခေါင်းဆောင်များ နှင့် အာဆီယံလူငယ်ကိုယ်စားလှယ်များမျက်နှာစုံညီ တွေ့ဆုံပွဲနှင့် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားများသို့ တက်ရောက် သည်။ 

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် Nino Aquino International Airport မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာပြီး ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

ဘဂ္ဂဒက်တွင် ကားဗုံးခွဲတိုက်ခိုက် လူငါးဦးထက်မနည်း သေဆုံး



Image may contain: one or more people and outdoor
ဘဂ္ဂဒက် ဧပြီ ၂၉
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်၏မြို့လယ်ပိုင်း ကာရာဒါဒေသတွင် ဧပြီ ၂၈ ရက် ညနေပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူငါးဦးထက်မနည်းသေဆုံးပြီး ၁ဝ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။
ကာရာဒါ ဘာယူရိုယာဉ်ရပ်နားရာနေရာတွင် အဆိုပါကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးကာ ၁ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ကားရပ်နားရာနေရာရှိ မော်တော်ယာဉ်အချို့ ပျက်စီးခဲ့ပြီး အနီးနားရှိအဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
ကာရာဒါဒေသသည် တိုက်ဂရစ်မြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ၂ဝဝ၃ ခုနှစ် အီရတ် စစ်ပွဲမတိုင်မီက အထူးစည်ကားသော စီးပွားရေးဆိုင်ရာဒေသဖြစ်သည်။ ယင်းဒေသတွင် ၂ဝ၁၆ ခုနှစ်အတွင်းက ဗုံးဖောက်ခွဲတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂ဝဝ ခန့်မှာ သေဆုံး (သို့မဟုတ်)ထိခိုက်ဒဏ်ရာရခဲ့သည်။
ဆင်ဟွာ။