Sunday, April 30, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်



မနီလာ ဧပြီ ၂၉


 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့ ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၊ အကြိမ်(၃ဝ)မြောက် အာဆီယံမျက်နှာစုံညီ ထိပ်သီးအစည်းအဝေး၊ အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီး သီးသန့် အစည်းအဝေး၊ASEAN Declaration on the Role of the Civil Service as Catalyst for Achieving the ASEAN Community Vision 2025 လက်မှတ်ရေးထိုးပွဲအခမ်းအနား၊ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံ ပါလီမန်များ ညီလာခံကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ၊ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံလူငယ် ကိုယ်စားလှယ်များ မျက်နှာစုံညီတွေ့ဆုံပွဲ၊ အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီး အစည်းအဝေးပိတ်ပွဲ အခမ်းအနားများသို့ တက်ရောက်သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် အကြိမ် (၃ဝ) မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ရိုဝါ ဒူတာတေးနှင့် ဇနီးတို့က ဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရ အဖွဲ့ အကြီးအကဲများအား ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲ များ၊ အာဆီယံဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံစီးပွားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယ အာဆီယံအတွင်းရေးမှူးချုပ်များ၊ အာဆီယံ ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဖိတ် ကြားထားသည့် ဧည့်သည်တော်များ၊ ပြည် တွင်း၊ ပြည်ပမှ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ 

အခမ်းအနားဖွင့်လှစ်
ရှေးဦးစွာ အခမ်းအနားကို အာဆီယံ သီချင်းဖြင့် ဖွင့်လှစ်ပြီး ဖိလစ်ပိုင်ရိုးရာ အဆို၊ အက များဖြင့် ကပြသီဆိုဖျော်ဖြေ ကြသည်။
ယင်းနောက် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ရိုဝါ ဒူတာတေးက အဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက် အာဆီယံရိုးရာအက များကို စုပေါင်းကပြဖျော်ဖြေကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံနိုင်ငံ များမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အကြိမ်(၃ဝ)မြောက် အာဆီယံ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် အဆိုပါကွန်ဗင်းရှင်းစင်တာ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်သည်။
အစည်းအဝေးတွင် ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတက အဖွင့်မိန့်ခွန်း ပြောကြားသည်။ 

မိန့်ခွန်းပြောကြား
အာဆီယံမျက်နှာစုံညီ ထိပ်သီး အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့အကြီးအကဲများက မိန့်ခွန်း ပြောကြားကြသည်။
ဆက်လက်၍ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Coconut Palace ၌ ကျင်းပသည့် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီး သီးသန့် အစည်းအဝေးသို့ တက်ရောက်သည်။

လက်မှတ်ရေးထိုး
ယင်းနောက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ASEAN Declaration on the Role of the Civil Service as Catalyst for Achieving the ASEAN Community Vision 2025 လက်မှတ်ရေးထိုးပွဲ အခမ်းအနား သို့ တက်ရောက်ပြီး ကြေညာချက်တွင် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အတူ လက်မှတ်ရေးထိုးသည်။

လွှဲပြောင်းပေးအပ်
ထို့နောက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနိုင်ငံသမ္မတက အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ များ၊ အစိုးရအဖွဲ့အကြီးအကဲများ လက်မှတ်ရေးထိုးထားသည့် အာဆီယံ ကြေညာချက်ကို အာဆီယံအတွင်းရေးမှူး ချုပ်ထံ လွှဲပြောင်းပေးအပ်သည်။ 

ပိတ်ပွဲအခမ်းအနားတက်ရောက်
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာဆီယံပါလီမန် များ ညီလာခံကိုယ်စားလှယ်များ မျက်နှာ စုံညီတွေ့ဆုံပွဲ၊ အာဆီယံခေါင်းဆောင်များ နှင့် အာဆီယံလူငယ်ကိုယ်စားလှယ်များမျက်နှာစုံညီ တွေ့ဆုံပွဲနှင့် အကြိမ်(၃ဝ)မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားများသို့ တက်ရောက် သည်။ 

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် Nino Aquino International Airport မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာပြီး ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment