Sunday, April 30, 2017

မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေး



ရန်ကုန် ဧပြီ ၂၉



 မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည်။ 

 ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်မှုဟု ဆိုရာတွင် ယနေ့တွင် မည်သည့်အတိုင်း အတာအထိ အဖြေရလဒ်များပေးနိုင် သည်ကို မသိသော်လည်း အပြန်အလှန် ဆွေးနွေးမှုများစွာရှိလိမ့်မည်ဟု မျှော်လင့် ကြောင်း၊ ယခုဆွေးနွေးခြင်းသည် အဖြေရလဒ်များ ထွက်ပေါ်မည်ဟု ယုံကြည်ကြောင်း၊ ရုပ်ရှင်လောက တိုးတက်ရေးကို အဓိကခေါင်းစဉ်တင်ထား သော်လည်း ဆွေးနွေးမည့်အကြောင်း သည် ရုပ်ရှင်လောက၌ ပြောဆိုနေကြ သည့် ရုပ်ရှင်လောကသားများက လွတ်လပ်စွာ ရိုက်ကူးတင်ဆက်ပြသလို သော်လည်း ဆင်ဆာအဖွဲ့က ဆောင်ရွက် ချက်များနှင့် အနည်းငယ်အငြင်းပွားနေမှုရှိကြောင်း၊ မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆွေးနွေး အဖြေရှာနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ရုပ်ရှင်လောကသားများနှင့် ဆင်ဆာအဖွဲ့ များက ယခုဆွေးနွေးပွဲကို ကျင်းပရေး အတွက် အကြံပြုထားကြောင်း၊ ယခု ဆွေးနွေးပွဲတွင် လွတ်လွတ်လပ်လပ် ဆွေးနွေးကြရန်နှင့် ထိုမှတစ်ဆင့် မြန်မာ့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် ဆုံးဖြတ်ချက်များ ရရှိပါ စေကြောင်း ပြောကြားသည်။
ထို့နောက် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့ အတွင်းရေးမှူး ဦးသိန်းနိုင်က ရုပ်ရှင် နှင့်ဗီဒီယိုဇာတ်ကားများတွင် အငြင်းပွား ဖွယ်ဖြစ်နေသည့် အပြော၊ အပြများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း၊ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်တို့က ပြန်လည်ဆွေးနွေး ကြသည်။

ယင်းနောက် ဦးသူရ(ဇာဂနာ)က မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး နှင့်စပ်လျဉ်း၍ ဆွေးနွေးကြရန် ဖိတ်ခေါ် ရာ တက်ရောက်လာကြသူများက အကြံ ပြုဆွေးနွေးကြသည်။

ဆက်လက်၍ ရုပ်ရှင်နှင့် ဗီဒီယို ဆင်ဆာအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ဖေက မြန်မာ့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက် များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စား လှယ်များ၊ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းနှင့် သတင်းမီဒီယာအဖွဲ့အစည်း များမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။ (သတင်းစဉ်)

No comments:

Post a Comment