Saturday, April 30, 2016

မန်ယူမန်နေဂျာရာထူးအတွက်လောရင့်ဘလန်ထင်ကြေးပေးခံလာရ


ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနည်းပြ လောရင့်ဘလန့်သည် မန်ယူအသင်း မန်နေဂျာသစ်ဖြစ်လာနိုင်ကြောင်း The Sunသတင်းစာ က ရေးသားဖော်ပြခဲ့သည်။ မန်ယူအသင်းသည် အက်ဖ်အေဖလားပြိုင်ပွဲ တွင် ဗိုလ်လုပွဲအဆင့် တက်ရောက်ထားနိုင်ခဲ့သော်လည်း လာမည့် ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရေးအတွက် ရုန်းကန် နေရမှုကြောင့် မန်နေဂျာလူးဝစ်ဗန်ဟားလ်အပေါ် ဝေဖန်မှုများထွက်ပေါ် နေပြီး လာမည့်နွေရာသီအတွင်း ဗန်ဟားလ်၏နေရာတွင် ချယ်လ်ဆီး မန်နေဂျာဟောင်း မော်ရင်ညိုအား အစားထိုးခန့်အပ်လိမ့်မည်ဟု ထင်ကြေးပေးမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

သို့သော်လည်း မန်ယူအသင်းဘုတ်အဖွဲ့ဝင်အချို့သည် ပြင်သစ် ခံစစ်မှူးဟောင်း လောရင့်ဘလန့်အား မန်ယူမန်နေဂျာသစ်အဖြစ် ခန့်အပ် သွားရန် လိုလားလျက်ရှိကြောင်းThe Sun သတင်းစာက ဖော်ပြခဲ့ သည်။ အသက် ၅ဝ နှစ်အရွယ်ရှိ လောရင့်ဘလန့်သည် ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ မန်ယူအသင်းတွင် ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး မန်ယူ အသင်းနှင့်အတူ ပရီမီယာလိဂ်ဆုဖလားတစ်ကြိမ် ရယူနိုင်ခဲ့သူဖြစ်သည်။ 

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ ကဟီလာဖီကမူနည်းပြ လောရင့်ဘလန့် သည် လာမည့်ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အတည်ပြု ပြောဆိုထားသည်။

အခြားသတင်းတစ်ပုဒ်တွင်မူ မော်ရင်ညိုသည် မန်ယူအသင်းနှင့် နှစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိထားပြီဟု သတင်းများထွက်ပေါ်နေသော်လည်း မန်ယူအသင်းအနေဖြင့် မန်နေဂျာ ရာထူးနေရာကို အပြောင်းအလဲပြုလုပ်သွားရန် အစီအစဉ်မရှိကြောင်း ရေးသားဖော်ပြထားသည်။ မန်ယူအသင်း ဘုတ်အဖွဲ့အနေဖြင့် ဝေဖန်မှု များနှင့် ရင်ဆိုင်နေရသည့် မန်နေဂျာဗန်ဟားလ်အပေါ် ထောက်ခံမှု အပြည့်အဝရှိနေဆဲဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်၌ မန်ယူ အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်မရရှိခဲ့ဘဲ အက်ဖ်အေချန်ပီယံ ဆုဖလားကို မရယူနိုင်ခဲ့သည့်တိုင် ဗန်ဟားလ်သည် မန်ယူနှင့် စာချုပ် သက်တမ်းကုန်ဆုံးချိန်အထိ ဆက်လက်တာဝန်ယူခွင့်ရရှိလိမ့်မည် ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဆက်လက်ရေးသားထားသည်။
မန်နေဂျာ ဗန်ဟားလ်နှင့် မန်ယူအသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ လာမည့်ဘောလုံးရာသီအကုန်တွင် ပြီးဆုံးမည် ဖြစ်သည်။ အောင်က

အာဆီယံနိုင်ငံများစက်ဘီးစီးပွဲတော်မြန်မာနိုင်ငံ၌ပထမဆုံးကျင်းပမည်

သတင်း- မောင်စိန်လွင်

ရန်ကုန် ဧပြီ ၂၉

အာဆီယံနိုင်ငံများ အချင်းချင်းစည်းလုံး ညီညွတ်ရေးနှင့် စက်ဘီးအားကစား ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ကျင်းပမည့် အာဆီယံနိုင်ငံများ စုပေါင်းစက်ဘီးစီး ပွဲတော်ကြီးကို ယခုလာမည့် မေ ၂၂ ရက်တွင် မြန်မာနိုင်ငံက ပထမဆုံး အကြိမ်အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ် ကြောင်း မြန်မာနိုင်ငံစက်ဘီးအားကစား အဖွဲ့ချုပ်မှ သိရသည်။
''အခုကျင်းပမယ့် အာဆီယံနိုင်ငံ များ စက်ဘီးစီးပွဲတော်ဟာ ကျွန်တော်တို့နိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲတော်က အာဆီယံနိုင်ငံတွင် နှစ်စဉ်အလှည့်ကျ ကျင်းပလာတာ ခုဆိုရင် ကျွန်တော်တို့နိုင်ငံဟာကိုးနိုင်ငံမြောက်ပါ။ အဓိကရည်ရွယ်ကျင်းပတာကတော့ စက်ဘီးအားကစားသမား အချင်းချင်းစည်းလုံးညီညွတ်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အရှေ့တောင်အာရှစက်အဖွဲ့ချုပ် ဦးဆောင်ကျင်းပတာဖြစ်ပါတယ်''ဟု မြန်မာ နိုင်ငံ စက်ဘီးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်မင်းသန်းကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပမည့် အဆိုပါ စက်ဘီးစီးအားကစားပွဲတော်ကြီးကို အရှေ့ တောင်အာရှ စက်ဘီးအဖွဲ့ချုပ်က ဦးစီးကျင်းပခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများတွင်မှ နိုင်ငံကိုယ်စားပြုအားကစားသမား ၁ဝ ဦးစီ ဝင်ရောက်မည်ဖြစ်ပြီးအိမ်ရှင်မြန်မာနိုင်ငံအနေဖြင့် စက်ဘီးစီးအားကစားသမား၂ဝဝ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် စုစုပေါင်းအားကစားသမား ၂၉ဝ ဝင်ရောက်စီးနင်းမည်ဖြစ်သည်။ ယင်းပွဲတော်တွင် အသက်အရွယ်မရွေး အမျိုးသား၊ အမျိုး သမီး မည်သူမဆိုဝင်ရောက်ပါဝင်နိုင်မည်ဖြစ်ကြောင်းနှင့် ကျင်းပမည့် မေ၂၂ ရက် နံနက် ၆ နာရီခွဲတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝ္ဏရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး ဝေဇယ္တာလမ်းအတိုင်း ကျောက်ရေတွင်း သို့ ရောက်လျှင် ပြန်ကွေ့၍ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင် ပြန်လည်ပန်းဝင်မည်ဖြစ်ကြောင်း သိရသည်။
(မြန်မာ့အလင်း)

ဧဝရက်တောင်တက်လမ်းရေခဲပြိုကျ၍မြန်မာတောင်တက်သမား များစောင့်ဆိုင်းခဲ့ရ

မျိုးမင်းသိန်း(မရမ်းကုန်း)

ရန်ကုန် ဧပြီ ၂၉

က္ဘာ့အမြင့်ဆုံး ဧဝရက်တောင်၏ Base Camp ၌ ရောက်ရှိနေသော မြန်မာတောင်တက်သမားအဖွဲ့သည် အမြင့် ၂၃၆၂၅ ပေမြင့်သော Camp-3 သို့ တက်ရောက်ရန် ယနေ့ ဒေသ စံတော်ချိန် နံနက် ၁ နာရီခွဲတွင် စတင်ထွက်ခွာခဲ့ရာ တောင်ပေါ် ရာသီ ဥတု၏ ရေခဲပြိုကျမှုများ မကြာခဏဆို သလို ဖြစ်ပေါ်နေ၍ အခြေစိုက်စခန်း Base Camp သို့ ပြန်လည်ဆင်းသက် ခဲ့ရကြောင်း မြန်မာနိုင်ငံ ခြေလျင် တောင်တက်အဖွဲ့ချုပ်မှ သိရသည်။
မြန်မာတောင်တက်သမားသုံးဦး သည် ဒေသစံတော်ချိန် နံနက် ၁ နာရီ တွင် သတ်မှတ်တောင်တက်လမ်း ကြောင်းများအတိုင်း တက်ရောက်ခဲ့ သည်။ Camp-1 သို့မရောက်မီ နံနက် ၃ နာရီခွဲတွင် တောင်တက်လမ်း ကြောင်း တစ်လျှောက်၌ ရေခဲပြိုကျ သဖြင့် ရှေ့ဆက်မတက်နိုင်ဘဲ လမ်းပိတ် ဆို့မှုများ တွေကြုံခဲ့ရသည်။ ယင်းဖြစ် စဉ်အပေါ် မြန်မာတောင်တက်သမား ကိုပြည့်ဖြိုးအောင်၊ ကိုညီညီအောင် နှင့် ကိုဝင်းကိုကို တို့သည် ရှေ့ဆက်မတက်တော့ဘဲ တောင်ပေါ်အခြေစိုက်စခန်းBase Camp သို့ ပြန်လည် ဆင်းသက်ကာ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
ယခုနှစ်တွင် ဧဝရက်တောင်သို့တက်ရောက်ရန် နီပေါအစိုးရ အနေဖြင့် အဖွဲ့လိုက် ပြည်ပတောင်တက်သမား ၂၈၉ ဦးအား ခွင့်ပြုထားကြောင်း သိရသည်။ ယခု တောင်ပေါ် ရေခဲပြိုကျမှု များ ကြုံတွေ့နေရချိန်တွင် မြန်မာတောင်တက်အဖွဲ့နှင့်အတူ မရှေးမနှောင်းတွင် အခြားတောင်တက်အဖွဲ့တစ်ဖွဲ့လည်းရှိနေ ကြောင်း မြန်မာနိုင်ငံခြေ
လျင်တောင်တက်အဖွဲ့ ချုပ်မှ သိရသည်။ 

မြန်မာတောင်တက်အဖွဲ့သည် တောင်ခြေစခန်း Base Camp ၌ ဘေးကင်းလုံခြုံစွာရောက်ရှိနေပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ကာ အဖွဲ့ သားအားလုံး ကောင်းမွန်ကြောင်း သိရသည်။ Base Camp မှ တောင်တက် စခန်း(၁)သို့ တက်ရောက်ရာ လမ်းတစ်လျှောက်၌ ပိတ်ဆို့ သွားသော ရေခဲများအား ဖယ်ရှားရန် ICE FALL DOCTOR နှစ်ဦးသည် ယင်းနေ့နံနက် ၅ နာရီခွဲက တက် ရောက်သွားခဲ့သည်။ တောင်တက်ရှင်းလင်းရေးအဖွဲ့များ လမ်း ကြောင်း ရှင်းလင်းပြီးလျှင် မြန်မာတောင်တက်အဖွဲ့အနေဖြင့် မူလအစီအစဉ်အတိုင်း ပြန်လည်တက်ရောက်မည်ဖြစ်သည်။

''မြန်မာတောင်တက်သမားသုံးဦးကတော့ တောင်ပေါ်မှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရပါစေ၊ မြန်မာနိုင်ငံအလံကို က္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်မှာ စိုက်ထူသွားဖို့ သန္နိဋ္ဌာန် ချပြီးဖြစ်ပါတယ်။ သူတို့ ရောက်အောင် ဇွဲ လုံ့လ ဝီရိယ အပြည့်နဲ့ ကြိုးစားတက်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် တောင် တက်အားကစားရဲ့ အဓိကပြိုင်ဘက်က ခန့်မှန်းရခက်ခဲလှတဲ့ သဘာဝတရား တောင်ပေါ်ရာသီဥတုဖြစ်တယ်။ ဒါကတော့ တောင်တက်အားကစားသမားတွေရဲ့ ရည်ရွယ်ချက်၊ မျှော်လင့် ချက်တွေကို ရိုက်ချိုးဖို့အတွက် အချိန်နေရာဒေသ ဘာမျှမသိရဘဲ ရောက်လာတတ်တဲ့အရာပါ။ ဒါကို ကြံ့ကြံ့ခံပြီး ခိုင်မာတဲ့စိတ်ဓာတ် တွေအပြည့်နဲ့ တွန်းလှန်နိုင်မှ အောင်မြင်မှု ပန်းတိုင်ကို ရရှိမှာ ပါ။ မြန်မာတောင်တက်အဖွဲ့သားတွေ အောင်မြင်ပါစေ''ဟု မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဧဝရက်တောင်တက်ခရီးစဉ်အတွက် ထူးဖောင်ဒေးရှင်း၊ ထူးကုမ္ပဏီများအုပ်စုက ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။ ဧဝရက်တောင်တက်ခရီးစဉ်များသမိုင်းတွင် လူအများဆုံးသေဆုံးခဲ့သည်မှာ ၁၉၉၆ ခုနှစ်တွင် တောင်တက် သမား ၁၅ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် တောင်တက်သမား ၁၁ ဦး ရှိပြီး ၂ဝ၁၄ ခုနှစ် တောင်တက်ရာသီတွင် ရေခဲများ ရုတ်တရက် ပြိုကျမှု၊ ဆီးနှင်းများ ပျော်ကျမှုကြောင့် တောင်တက်သမား ၁၆ ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် နီပေါအစိုးရက ၂ဝ၁၄ ခုနှစ် တောင်တက်ရာသီခရီးစဉ်ကို ပိတ်သိမ်းလိုက် ကြောင်း မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်မှ သိရသည်။
ဧဝရက်တောင်၏ အ္တရာယ်အကြီးဆုံးဧရိယာသည် ရေခဲပိုကျသည့်ု့ာကဘေ ဒေသဖြစ်ပြီး
မျှော်မှန်းမထားနိုင်သော ရေခဲကျဆင်းမှုများသည် အ္တရာယ် အကြီးမားဆုံးဖြစ်သည်။ ဧဝရက်တောင်ထိပ်၏ အပူချိန်သည် အေးခဲသည့် ပမာဏထက် မည်သည့်အခါမျှ မြင့်မားလေ့မရှိဘဲ ဆောင်းရာသီတွင် - ၃၆ ဒီဂရီစင်တီဂရိတ်၊ ယခုနွေရာသီတွင် - ၁၉ ဒီဂရီစင်တီဂရိတ် ပျမ်းမျှရှိကြောင်း သိရသည်။

ဧဝရက်တောင်တွင် ရေခဲပြိုကျမှုကြောင့် မြန်မာတောင်တက်သမားသုံးဦး အခြေစိုက်စခန်းသို့ ပြန်လည်ဆင်းသက်




The Mirror Daily's photo.


ရန်ကုန် ဧပြီ ၂၉

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်သို့တက်ရောက်နိုင်ရန် ကြိုးစားလျက်ရှိသော မြန်မာတောင်တက်သမားသုံးဦးဖြစ်သည့် ကိုညီညီအောင်၊ ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီ မိနစ် ၂ဝခန့်တွင် တောင်ခြေစခန်းမှ အမြင့် ၂၃၆၂၅ ပေရှိ စခန်းအမှတ်(၃)ထိ တက်ရောက်ရန်ထွက်ခွာခဲ့ရာ ရေခဲပြိုကျလာမှုကြောင့် အခြေစိုက်စခန်းသို့ ပြန်လည်ဆင်းသက်ခဲ့ရသည်ဟု ၎င်းတို့၏ Myanmar Flag on Everest လူမှုကွန်ရက်စာမျက်နှာမှ သိရသည်။

''နံနက် ၃ နာရီခွဲက Camp 1 မရောက်ခင်လမ်းမှာ ရေခဲပြိုကျပြီးရှေ့ကိုတက်ရမယ့်လမ်းပိတ်သွားတာမျိုး ကြုံလိုက်ရပါတယ်။ မိမိတို့ မြန်မာတောင်တက်အဖွဲ့ရဲ့ ရှေ့မှာအဖွဲ့တစ်ဖွဲ့ရှိနေပါသေးတယ်။ ice falling ဖြစ်တဲ့ ယခုဖြစ်စဉ်မှာ နှစ်ဖွဲ့လုံးဘေးအန္တရာယ်မရှိ ခဲ့ပါ။ ယခုဧဝရက်တောင်ခြေစခန်းကို ပြန်လှည့်ခဲ့ပြီးအခြေချပြီးဖြစ်ပါတယ်။ အဖွဲ့ဝင်အားလုံးရဲ့ ကျန်းမာရေးအခြေအနေအထူးကောင်းမွန်ပါတယ်။ မနက် ၅ နာရီခွဲမှာတော့ တောင်ခြေစခန်းကနေ Camp 1 သွားရာလမ်းကြောင်းမှာပိတ်ဆို့သွားတဲ့ ရေခဲတွေ ဖယ်ရှားဖို့အတွက် ice fall doctor နှစ်ယောက် တက်သွားပါတယ်''ဟုယင်းစာမျက်နှာတွင် ရေးသားထားသည်။

မြန်မာတောင်တက်အဖွဲ့သည် မတ် ၂၆ ရက့်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နီပေါ နိုင်ငံ ခတ္တမန္ဒူမြို့သို့ ထွက်ခွာခဲ့ပြီး ဧပြီ ၁၁ ရက် ညနေ ၃ နာရီခန့်တွင် ဧဝရက်တောင်၏ အမြင့်ပေ ၁၇၅ဝဝ ရှိသောတောင်ခြေစခန်းသို့ ရောက်ရှိခဲ့ကြသည်။ ဧပြီ ၁၇ ရက်တွင် အမြင့်ပေ ၁၉ဝဝဝ အထိ တက်ရောက်ခဲ့ကြပြီးဧပြီ ၁၈ရက်မှ ၂ဝ ရက်အထိ တောင်ခြေစခန်းတွင် စခန်းချ ညပြန်အိပ်ခဲ့သည်။၊

ဧပြီ ၂၁ ရက်တွင် တောင်တက်စခန်းအမှတ် - ၁ အမြင့်ပေ ၁၉၅ဝဝ ထိတက်ရောက်ခဲ့ပြီး ၂၂ ရက်တွင် စခန်းအမှတ်-၂ အမြင့်ပေ ၂၁ဝဝဝ ထိ ဆက်လက် တက်ရောက်ခဲ့ကြသည်။ ထို့နောက် ၂၃ ရက်တွင် တောင်ခြေစခန်းသို့ ပြန်လည်ဆင်းသက်ခဲ့ပြီး လိုအပ်သည့် လေ့ကျင့်မှုများကို ပြုလုပ်ကာ ဧပြီ ၂၉ ရက်တွင် စခန်းအမှတ်-၃ အမြင့်ပေ ၂၃၆၂၅ပေထိ တက်ရောက်ရန် ထွက်ခွာခဲ့ရာမှ ယခုကဲ့သို့ ရေခဲပြိုကြမှုနှင့်တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် တောင်တက်အဖွဲ့သည် ဧပြီ ၃ဝ ရက် တွင် စခန်းအမှတ် -၁ သို့ ထပ်မံတက်ရောက်ကာ တောင်ခြေသို့ ပြန်ဆင်းသက်ပြီး ရက်သတ္တပတ်ခန့် လေ့ကျင့်မှုများထပ်မံပြုလုပ်ကာ ဧဝရက်တောင်ထိပ် သို့ တက်ရောက်ရန် ပြင်ဆင်သွားမည်ဟုသိရသည်။
သတင်း - ခင်ဇာလီ
ဓာတ်ပုံ-Myanmar Flag on Everest

ဂျပန်နိုင်ငံတွင် ခြေစမ်းပွဲများကစားရန်မြန်မာအမျိုးသမီးအသင်း လူရွေးချယ်



The Mirror Daily's photo.


သတင်း၊ဓာတ်ပုံ-ရှိုင်းထက်ဇော်

ရန်ကုန် ဧပြီ ၂၉

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ် နယ်သာလန်နိုင်ငံသား ရော်ဂျာရိုင်နာသည် ဂျပန်နိုင်ငံတွင် ခြေစမ်းပွဲများယှဉ်ပြိင်ကစားရန် အတွက် အပြီးသတ်ကစားသမား ၂၃ ဦးကို ရွေးချယ်ထုတ်ပြန်လိုက်ပြီဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် ဂျပန်ခြေစမ်းခရီးစဉ်အတွက် ရွေးချယ်လေ့ကျင့်ပေး နေသည့် ပဏာမကစားသမား ၂၆ ဦးအနက် သုံးဦးလျှော့ချကာ အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် မေ ၆ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဂျပန်အမျိုးသမီးကလပ် အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။ ယခုဂျပန်ခြေစမ်းခရီးစဉ်မှာ မြန်မာအမျိုးသမီးအသင်း၏ အာဆီယံ အမျိုးသမီးပြိုင်ပွဲမတိုင်မီ ပထမဆုံးပြုလုပ်သည့် ပြည်ပလေ့ကျင့်ရေးခရီးစဉ်နှင့် ခြေစမ်းပွဲလည်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဂျပန်ခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲအနည်းဆုံး လေးပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဂျပန်ခြေစမ်းခရီးစဉ်သွားရောက်မည့် မြန်မာအမျိုးသမီးအသင်းတွင် အုပ်ချုပ်သူအဖြစ် ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်အဖြစ် ရော်ဂျာရိုင်နာ (နယ်သာလန်)၊ လက်ထောက် နည်းပြများအဖြစ် ဦးအောင်နိုင်နှင့် ဒေါ်သက်သက်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုးသမား-ခင်သီတာအေး၊ မေဇင်နွယ်၊ သန္တာဦး၊ နောက်တန်း-ဖူးပွင့်ခိုင်၊ ဝေဝေအောင်၊ ဇင်မာဝင်း၊ အေးအေးမိုး၊ လဲ့လဲ့လှိုင်၊ ဇင်မာထွန်း၊ ငယ်ငယ်ထွေး၊ ခင်သန်းဝေ၊ အလယ်တန်း-ခင်မာလာထွန်း၊ အေးမျိုးမြတ်၊ ရူပါခိုင်၊ မေစံပယ်ဖူး၊ ခင်မိုမိုထွန်း၊ ရှေ့တန်း-ခင်မိုးဝေ၊ ရီရီဦး၊ နော်အားလိုဝါးဖော၊ လှယဉ်ဝင်း၊ ဝင်းသီင်္ဂီ ထွန်း၊ မေသူကျော်နှင့် နီလာဝင်းတို့ပါဝင် သည်။ အပြီးသတ်ရွေးချယ်ရာတွင် ဇာခြည်ဦး၊ ငုဝါသဲနှင့် ဂိုးသမား ဇာဇာမြင့်တို့ကျန်ရစ်ခဲ့သည်။

အာဆီယံနိုင်ငံများ စုပေါင်းစက်ဘီးစီးသရုပ်ပြပွဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်




The Mirror Daily's photo.


နေပြည်တော် ဧပြီ ၂၉

အာဆီယံနိုင်ငံများ စုပေါင်းစက်ဘီးစီးသရုပ်ပြပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး ကျန်းမာရေး ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ကျင်းပသွား မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို မေ ၂၂ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှေ့မှ စတင် တာလွှတ်ပြီး ဝေဇယန္တာလမ်းအတိုင်း ကျောက်ရေ တွင်းထိ၊ ၎င်းမှပြန်ကွေ့၍ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှေ့၌ ပန်းဝင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အာဆီယံ(၁ဝ)နိုင်ငံမှ အားကစား သမား ဦးရေ ၂၉ဝ ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။
(ကြေးမုံ)

လီဗာပူးရှုံးနိမ့်ခဲ့ပြီး လက်ရှိချန်ပီယံ သရေရလဒ်ထွက်ပေါ်ခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

The Mirror Daily's photo.
ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို ဧပြီ ၂၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန် ပရီမီယာလိဂ်ကလပ်အသင်းဖြစ်သည့် လီဗာပူးအသင်းမှာ အဝေးကွင်းတွင် ရှုံးပွဲကြုံခဲ့ပြီး လက်ရှိချန်ပီယံ ဆီဗီလာ အသင်းမှာ သရေရလဒ်သာထွက်ပေါ်ခဲ့သည်။
ဗီလာရီးယဲလ်အသင်းနှင့် လီဗာပူးအသင်းတို့၏ ပွဲစဉ်တွင် လီဗာပူးအသင်းသည် ယူရိုပါလိဂ်နောက်ဆုံးဗိုလ်လုပွဲ သို့ တက်လှမ်းနိုင်ရေးအတွက် အကြိတ်အနယ်ကြိုးစားခဲ့ သော်လည်း အဝေးကွင်းတွင် တစ်ဂိုး-ဂိုးမရှိဆိုသည့် ရလဒ်ဖြင့် ရှုံးပွဲကြုံခဲ့ရသည်။
ထိုသို့ လီဗာပူးအသင်း ရှုံးပွဲဖြင့်ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းမှာမူ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ ဆီဗီလာ အသင်းသည် ၂ဝ၁၄ နှင့် ၂ဝ၁၅ တို့တွင် ယူရိုပါလိဂ်ပြိုင်ပွဲ ၌ ဆက်တိုက်ဗိုလ်စွဲခဲ့သည့် အသင်းဖြစ်ပြီး ယခုနှစ်တွင် လည်း ဆုဖလားဆွတ်ခူးရန် ရေပန်းစားနေသည့်အသင်း ဖြစ်သည်။
လီဗာပူးအသင်းသည် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်တွင် နာကျင်အချိန်ပို၌ ဗီလာရီးယဲလ် ကစားသမား အက်ဒရီယန်၏ သွင်းဂိုးကို ခွင့်ပြုပေးလိုက် ရခြင်းကြောင့် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ဆီဗီလာအသင်းမှာမူ ရှက်ခ်တာဒိုးနက်စ်ခ်အသင်းနှင့် ပွဲစဉ်တွင် ပွဲကစားချိန် ၆ မိနစ်တွင် ပီရက်ဇ်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ပွဲကစားချိန် ၂၃ မိနစ်နှင့် ၂၅ မိနစ်တို့တွင် နှစ်ဂိုးဆက်တိုက်ခွင့်ပြုပေးခဲ့ရသည်။
သို့ရာတွင် ပွဲကစားချိန် ၈၂ မိနစ်တွင် ဂါမီယို၏ သွင်းဂိုး ကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ သည်။
ထို့ကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဆုဖလားဆွတ်ခူး ရန် ရေပန်းစားနေသည့် လီဗာပူးအသင်းနှင့် လက်ရှိ ချန်ပီယံ ဆီဗီလာအသင်းတို့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် အကောင်းဆုံးရလဒ်ထွက်ပေါ်မည် လားဆိုသည်မှာ စောင့်ကြည့်ရဦးမည်လည်းဖြစ်သည်။
ငွေကြယ် ရေးသားသည်

ကြမ်းတမ်းစွာကစားမှုကြောင့်ရာသီကုန်အထိ ဒီလီအယ်လ်လီ အနားယူရမည်


The Mirror Daily's photo.
ပရီမီယာလိဂ်ကလပ် စပါးအသင်းမှ ကွင်းလယ်ကစားသမား ဒီလီအယ်လ်လီသည် ကြမ်းတမ်းစွာကစားခဲ့မှုကြောင့် စပါးအသင်း၏ လက်ကျန်ပွဲစဉ်များတွင် လွဲချော်မည် ဖြစ်ကြောင်းသိရသည်။
စပါးအသင်းကွင်းလယ်ကစားသမား အယ်လ်လီသည် ဝက်စ်ဘရွန်းအသင်းနှင့် ပွဲစဉ်တွင် ဝက်စ်ဘရွန်းကစားသမား ကလောဒီယိုယာကော့ဘ်အား ကြမ်းတမ်းစွာ ကစားခဲ့မိကြောင်း ဝန်ခံခဲ့သူဖြစ်သည်။ ထို့ကြောင့် ကွင်းလယ်ကစားသမား အယ်လ်လီသည် ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပြီး စပါးအသင်းနှင့် လက်ကျန်ပွဲစဉ်များတွင် ပါဝင်ခွင့်ရရှိမည်မဟုတ်ကြောင်း သိရသည်။
စပါးအသင်းနှင့် ဝက်စ်ဘရွန်းအသင်းတို့ တစ်ဖက် တစ်ဂိုးစီသရေပွဲဖြစ်ခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်တွင် ပွဲကစားချိန် ၂၆ မိနစ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ် နှင့်စပ်လျဉ်း၍ ကွင်းလယ်ဒိုင်ဖြစ်သူက မည်သို့မျှ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းမရှိသော်လည်း ကင်မရာများ၏ ပြကွက် ကြောင့် ယခုကဲ့သို့ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရခြင်းဖြစ်သည်။
အင်္ဂလန်ကြယ်ပွင့် ဒီလီအယ်လ်လီသည် စပါးအသင်း နှင့် ပါဝင်လာရန်မရှိတော့သော်လည်း အင်္ဂလန်အသင်း က ရွေးချယ်မည်ဆိုပါက ဇွန်လ ၁၁ ရက်တွင် ယှဉ်ပြိုင် ကစားမည့် ရုရှားအသင်းနှင့် ပွဲစဉ်တွင် အင်္ဂလန်အသင်း နှင့်အတူ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
ကွင်းလယ်ကစားသမားအယ်လ်လီသည် စပါးအသင်း နှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် သွင်းဂိုး ၁ဝ ဂိုးသွင်း ယူပေးနိုင်ခဲ့ပြီး လက်ကျန်သုံးပွဲကစားရန်အလိုတွင် စပါး အသင်းအား အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် လက်စတာအသင်းနှင့် ခုနစ်မှတ်အကွာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ငွေကြယ် စုစည်းရေးသားသည်

ထင်သာမြင်သာ ပြုပြင်စရာ



တောင်ငူမြို့ လေးကျွန်းကန်တော်ကြီး အချိန်ပြည့်ဖွင့်ပေးရန် ဒေသခံများလိုလား







Myanmaalinn's photo.

 
 တောင်ငူမြို့ လေးကျွန်းကန်တော်ကြီးတွင် အများပြည်သူများ အပန်းဖြေသည့်နေရာ စံပယ်ကျွန်း၊ အုန်းကျွန်း၊ လိမ္မော်ကျွန်း၊ ငှက်ပျောကျွန်းဟူ၍ လေးကျွန်းရှိရာ ယခင်ကနှင့်မတူ ကွဲပြားခြားနားစွာ သန့်ရှင်းသာယာလှပအောင် ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ ကန်တော်ကြီး ပတ်ပတ်လည်ကိုလည်း ကျွဲ၊ နွား တိရ္ဆာန် များ အ္တရာယ်ကင်းရှင်းအောင် သံဆန်ခါ များ ကာရံထားသည်။ လူသွားလမ်းစင်္ကြံ များ လျှောက်ချင်စဖွယ် လှပသေသပ်စွာ မွမ်းမံပြုပြင်ထားပြီး ရောင်စုံပန်းပင်များ ကို လှပဝေဆာအောင် အဆင့်မြင့် စိုက်ပျိုးထားရှိသည်။ ကန်တော်ကြီး ရေပြင်သည်လည်း ကြည်လင်နေပြီး အနံ့အသက်မရှိအောင် ထိန်းသိမ်း စောင့်ရှောက်ထားသည်ကို တွေ့ရ သည်။
ယခုအခါ လေးကျွန်းကန်တော်ကြီး ပန်းခြံကို အများပြည်သူသွားလာချိန် နံနက် ၄ နာရီမှ ၈ နာရီတစ်ကြိမ်၊ ညနေ ၄ နာရီမှ ၆ နာရီခွဲ တစ်ကြိမ်သာ ဝင်ကြေးအခမဲ့ ဖွင့်လှစ်ပေးထား ကြောင်း သိရသည်။ ယခုအချိန်သည် သာမန်ထက် အလွန်ပူပြင်းသော အချိန်ဖြစ်သောကြောင့် အပူရှောင်စရာ သစ်ပင်သစ်ရိပ် လေကောင်းလေသန့် ရနိုင်သည့် အကျယ်အဝန်းနှင့် ကလေး ကစားကွင်းများ၊ ရုပ်ရှင်ရုံများ တောင်ငူ မြို့တွင် ပျောက်ဆုံးနေခဲ့သည်မှာ ကြာမြင့် နေပြီဖြစ်သည်။
ကန်တော်ကြီးအတွင်းသို့ လမ်း လျှောက်ထွက်သည့် ဦးသူရိန်က ''ဦးက အိမ်ကနေ လမ်းလျှောက်ထွက်လာတာ ကန်တော်ကြီးအထိ နံနက်တိုင်း ကန်တော်ကြီးတစ်ပတ် လမ်းလျှောက် တယ်။ နည်းနည်းနေမြင့်သွားရင် တံခါး ပိတ်သွားလို့ မလျှောက်လိုက်ရဘူး။ အချိန် ပြည့်ဖွင့်ပေးထားရင် ပိုကောင်းတာ ပေါ့''ဟု ပြောကြားခဲ့သည်။ တောင်ငူ မြို့တွင်း သွားလာလည်ပတ်စရာ ရှားပါး၍ တောင်ငူမြို့သည် ခရိုင်မြို့ဖြစ်သည့် အလျောက် မိသားစုလည်ပတ်စရာ နေရာတစ်ခုအဖြစ် လေးကျွန်း ကန်တော် ကြီးကို အချိန်ပြည့် ဖွင့်လှစ်ပေးထား စေချင်ကြောင်း ဒေသခံများက လိုလား လျက် ရှိကြသည်။


သူရ(တောင်ငူ)

ညစ်ညမ်းမှု

မြန်မာ့အလင်း

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ဆုတ်ယုတ်ပျက်စီးစေသော အညစ် အကြေးများက လူတို့၏ပယောဂကြောင့် ထွက်ပေါ်လာကာ လူတို့ နေထိုင်ရာ ပတ်ဝန်းကျင်များကို ထိခိုက်စေလျက်ရှိသည်။ အဆိုပါ အညစ်အကြေးများသည် လူတို့၏ ကိုယ်ကျန်းမာရေးနှင့် စိတ် ကျန်းမာရေးတို့ကိုပါ တစ်နည်းတစ်ဖုံ သက်ရောက်စေလျက် ရှိသည်။
ကာဗွန်မိုနောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ ကလိုရို ဖလူရိုကာဗွန်(စီအက်ဖ်စီ)နှင့် နိုက်ထရိုဂျင်အောက်ဆိုက် စသော ဓာတ်ငွေ့များသည် စက်မှုလုပ်ငန်းများ၊ ရေခဲသေတ္တာနှင့် မော်တော် ယာဉ်များမှ ထုတ်လွှတ်သော ဓာတ်ငွေ့များဖြစ်ပြီး ယင်းဓာတ်ငွေ့ များကြောင့် လေထုညစ်ညမ်းစေသည့်အပြင် မော်တော်ယာဉ်များ မောင်းနှင်ရာမှ ဖြစ်ပေါ်လာသော ဖုန်မှုန့်များကြောင့်လည်း လေထု ညစ်ညမ်းစေသည်။
ထို့ပြင် ရောင်ပြန်ပြားများ၊ သတ္တုများ၊ မှန်များမှ ထွက်ပေါ် လာသည့် အလင်းညစ်ညမ်းမှု၊ လမ်းပေါ်မှကားများ၊ လေယာဉ် ပျံသန်းမှုများ၊ စက်ရုံမှ စက်မောင်းနှင်မှုများ စသည်တို့မှ ထွက်ပေါ် လာသည့် အသံညစ်ညမ်းမှု၊ ဓာတုပစ္စည်းများ၊ သတ္တုပြင်းများ ဖိတ်လျှံရာမှ ဖြစ်ပေါ်သည့် မြေဆီလွှာညစ်ညမ်းမှု၊ အဏုမြူ စွမ်းအင်သုံး စက်ကိရိယာများ၊ ဓာတ်ပေါင်းဖိုများမှ ထွက်ပေါ်လာ သည့် ဓာတ်ရောင်ခြည်ညစ်ညမ်းမှု၊ ဓာတ်အားပေးစက်ရုံကဲ့သို့သော စက်များမှ ထွက်ပေါ်လာသည့်အပူ ညစ်ညမ်းမှု၊ ရှုပ်ထွေးနေသော ဓာတ်ကြိုးများ၊ ဖုန်းကြိုးများ၊ မြင်ကွင်း ပိတ်ဆို့ကာဆီးထားသည့် ကြော်ငြာဆိုင်းဘုတ်များ၊ တာဝါတိုင်များကြောင့် ဖြစ်ပေါ်လာသည့် မြင်ကွင်းညစ်ညမ်းမှု၊ ရေအရင်းအမြစ်များကို ပျက်စီးစေသည့် စက်မှုလုပ်ငန်းစွန့်ပစ်ရေများ၊ မိလ္လာရေများ၊ ဓာတုဒြပ်ပေါင်းများ ပျော်ဝင်နေသည့် ရေများကြောင့် ဖြစ်ပေါ်လာသည့် ရေထုညစ်ညမ်း မှု၊ ပလတ်စတစ်ပစ္စည်း အဟောင်းအပျက်များကို မဆင်မခြင် စွန့်ပစ်ရာမှ ဖြစ်ပေါ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှု၊ ကွန်ပျူတာ အဟောင်းများ၊ ရုံးသုံးမိတ္တူကူးစက်အဟောင်းများ၊ ရေခဲသေတ္တာ၊ လေအေးစက်အဟောင်းများကို စုပြုံစွန့်ပစ်ရာမှ ဖြစ်ပေါ်လာသည့် အဖြူရောင်ညစ်ညမ်းမှု စသည်ဖြင့် ညစ်ညမ်းမှုပေါင်းများစွာက မြို့ပြတွင်နေထိုင်သူတို့ကို ခြိမ်းခြောက်နေကြသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ၁၁၅ မိုင် ယာဉ် ရပ်နားစခန်းသည် အမြန်လမ်းမကြီးပေါ်တွင် အကြီးဆုံးနှင့် အစည် ကားဆုံး ယာဉ်ရပ်နားစခန်းကြီးဖြစ်သည်။ ယာဉ်ရပ်နားစခန်းကြီး တည်ဆောက်ထားပုံလှပခြင်းနှင့် သဘာဝပတ်ဝန်းကျင် သာယာ လှပခြင်းတို့ကြောင့်လည်း ခရီးသွားပြည်သူများ နှစ်သက်သဘော ကျသည့် နေရာတစ်ခုဖြစ်သည်။ ယာဉ်ရပ်နားစခန်းကြီး တည် ဆောက်ပြီးစီးစအချိန်ကဆိုလျှင် အဆိုပါစခန်းရှိ စားသောက်ဆိုင် များတွင် အနားယူရင်း အနောက်ဘက်သို့ မျှော်ကြည့်လိုက်ပါက ဖြောင့်တန်းနေသော အမြန်လမ်းမကြီးနှင့်အပြိုင် လှပသော ပဲခူး ရိုးမတောင်တန်းကြီးကိုပါ ကြည့်ရှုခံစားရင်း အပန်းဖြေနိုင်ခဲ့ကြ သည်။
ယခု ဤသို့မဟုတ်တော့။ အနောက်ဘက်သို့ မျှော်ကြည့် လိုက်ပါက ပဲခူးရိုးမ တောင်စဉ် တောင်တန်းကြီးအစား ကြော်ငြာ ဆိုင်းဘုတ်အတန်းလိုက်ကြီး ပိတ်ဆို့နေသည်ကိုသာ တွေ့ရတော့ သည်။ မှန်လုံဘတ်စ်ကားကြီးများကလည်း သတ်မှတ်နေရာတွင် မရပ်တော့ဘဲ စားသောက်ဆိုင်များအနီးထိ ဝင်ရပ်လာကြသည်။ မြင်ကွင်းညစ်ညမ်းမှု၏ သာဓကတစ်ခုပင် ဖြစ်သည်။
ညစ်ညမ်းမှုအားလုံးမှာ လူတို့၏ ပယောဂကြောင့်ဖြစ်သည်။ မဆင်မခြင်နှင့် ပြုလုပ်လိုက်သော ညစ်ညမ်းမှုများကြောင့် ထိခိုက် ခံစားရသည်မှာ သဘာဝပတ်ဝန်းကျင်နှင့်အတူ လူသား အားလုံးတို့လည်း ပါဝင်သည်။ အဆိုပါ ညစ်ညမ်းမှုများကို ပြန်လည်ရှင်းလင်းရာတွင်မူ ပေးဆပ်ရမှုများစွာတို့ ရှိတတ်ကြောင်း တင်ပြအပ်ပါသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးကိစ္စရပ်များ ဆွေးနွေး


Myanmaalinn's photo. 
Myanmaalinn's photo.
 နေပြည်တော် ဧပြီ ၂၉

မြန်မာနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်နေရာတွင် ဆွီဒင်နိုင်ငံက ပါဝင်ရွေးချယ်ခံမည့်ကိစ္စများနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွီဒင်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Ms. Isabella Lovin တို့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနဧည့်ခန်းမ၌ တွေ့ဆုံစဉ် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့အလန် မာရှယ်သည် နံနက် ၁ဝ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ တက်စ်ဘီလ်ဂူအန်း တူမာကူလာဒ်သည် နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် လည်းကောင်း သီးခြားစီ လာရောက်တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးကိစ္စရပ်များ၊ အခြား အကျိုးတူကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး၊အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာကိစ္စရပ်များ၊နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး



Myanmaalinn's photo.
 နေပြည်တော် ဧပြီ ၂၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့အလန် မာရှယ်အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jurg Montani အား ယနေ့ မွန်းလွဲ ၁ နာရီတွင် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallien အား ယနေ့ မွန်းလွဲ ၂ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အလားတူ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Ms. Isabella
Lovin နှင့် အဖွဲ့အား ညနေ ၃ နာရီတွင် လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

ကိုရီးယားလူမျိုး အမေရိကန်တစ်ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်မြောက်ကိုရီးယားချမှတ်


Myanmaalinn's photo.
ပြုံယမ်း ဧပြီ ၂၉

သူလျှိုမှုဖြင့် ပြီးခဲ့သော အောက်တို ဘာလကတည်းက ဖမ်းဆီးထား သော ကိုရီးယားလူမျိုး အမေရိကန်တစ်ဦးကို သောကြာနေ့က မြောက်ကိုရီးယား အမြင့်ဆုံးတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထား သည်။
အမေရိကန်နှင့် တောင်ကိုရီး ယားနှစ်နိုင်ငံ၏ညွှန်ကြားမှုဖြင့် ကင်ဒုံ ချူးသည် နိုင်ငံရေးနှင့် စစ်ရေး လျှို့ဝှက်ချက်များကို စုဆောင်းထားပြီး မြောက်ကိုရီးယား ဆန့်ကျင်သည့် မူဝါဒများ ချမှတ်လှုံ့ဆော်ခဲ့သည်ဟု တရားရုံးက ဆုံးဖြတ်သည်။ မတ်လ နှောင်းပိုင်းက မြောက်ကိုရီးယားတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပ စဉ်အတွင်း အမေရိကန်နိုင်ငံသား ခံယူထားသော အသက် ၆၂ နှစ်အရွယ် အဆိုပါ ပုဂ္ဂိုလ်သည် မြောက်ကိုရီးယား၏ ထိပ်တန်း သတင်းအချက်အလက်များ၊ နိုင်ငံ၏စစ်ရေး လူနေမှုဆိုင်ရာ အခြေအနေများကို တောင်ကိုရီးယားနိုင်ငံသားများ၏ တောင်းဆိုမှု အရ ရှာဖွေစုဆောင်းရခြင်းဖြစ်ကြောင်း ၄င်း၏ အမှားအတွက် တောင်းပန်ခဲ့သည်။
အဆိုပါအချက်အလက်များကို အစိုးရရုံး ဌာနများအပါအဝင် သတင်းစာဆရာများက တောင်းဆိုကြခြင်းဖြစ်ပြီး ယင်းအတွက် ငွေကြေး မြောက်မြားစွာရရှိခဲ့ကြောင်း သိရသည်။

(ကျိုဒို)

ရုရှားကိုဟန့်တားရာတွင် နေတိုးတပ်ဖွဲ့နှင့်ဂျာမနီပူးပေါင်းရန်ဆန္ဒရှိ



Myanmaalinn's photo.
ဘာလင် ဧပြီ ၂၉

မဟာမိတ်တပ်များ၏ အရှေ့ပိုင်း နယ်စပ်၌ ရုရှားကိုဟန့်တားနေသည့် နေတိုးတပ်ဖွဲ့များနှင့် ဂျာမနီက ပိုမို ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိ ကြောင်း ဂျာမနီ အွန်လိုင်းသတင်း ဌာနတစ်ခုဖြစ်သော စပီးဂဲလ်က ကြာသပတေးနေ့တွင် ထုတ်ပြန် ခဲ့သည်။
ဇူလိုင်လတွင် ဝါဆော၌ နေတိုး အစည်းအဝေး ကျင်းပမည်ဖြစ်ရာ ဂျာမနီတပ်ဖွဲ့ဝင်များကို လစ်သူး ယေးနီးယားသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း၊ လက်ရှိနေတိုးတပ်ဖွဲ့ကို အင်အားဖြည့်တင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နေတိုးအဖွဲ့တွင် ပါဝင်ရေးကို အစည်းအဝေး၌ ဂျာမနီဘက်က ကမ်းလှမ်းမည်ဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ကြေညာသည်။
ဟန်နိုဗာ၌ ဗြိတိန်၊ ပြင်သစ် အီတလီခေါင်းဆောင်များနှင့် အမေ ရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အစည်းအဝေး ကျင်းပနေစဉ်အတွင်း တံခါးပိတ်ဆွေးနွေးမှု နောက်ကွယ်တွင် မာကယ်သည် နေတိုးတပ်ဖွဲ့အတွက် အမျိုးသား ကာကွယ်ရေးတပ်မတော်မှ ကူညီ ထောက်ပံ့မှုများ ပြုလုပ်လိုကြောင်း သဘောတူညီခဲ့သည်ဟု သိရသည်။
ဟန်နိုဗာ အစည်းအဝေးကို အိုဘားမားကဦးဆောင်ပြီး ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့မှ စစ်ရေးအရ အကူ အညီ အထောက်အပံ့များပေးရေးကို အဓိကဆွေးနွေးခဲ့ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။
ရိုမေးနီးယား၊ ပိုလန်နှင့်ဘောလ်တစ် နိုင်ငံများရှိ မဟာမိတ်တပ်များအတွက် စစ်ဆင်ရေးအသစ်များကို နေတိုး အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းမှ တပ်ဖွဲ့ဝင်ပေါင်း ၁ဝဝဝ ခန့် ပါဝင် သည့် တပ်ရင်းတစ်ခုပို့ဆောင်ပေး ရဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

(ဆင်ဟွာ)

၁၉၅၉ ခုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျူးဘားသို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး သွားရောက်လည်ပတ်


Myanmaalinn's photo.
လန်ဒန် ဧပြီ ၂၉

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖီးလစ် ဟာမွန်းသည် ရာစုနှစ်တစ်ဝက်ကျော် နီးပါးအကြာတွင် ကျူးဘားသို့ ဧပြီ ၂၈ ရက်က သွားရောက်လည်ပတ်ခဲ့သည့် ဗြိတိန်နိုင်ငံ၏ ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီးဖြစ်သည်ဟု ဗြိတိန်နိုင်ငံခြားရေး နှင့် ဓန သဟာယရုံးက ပြောခဲ့သည်။
လက်တင်အမေရိကသို့ သွား ရောက်လည်ပတ်နေသော ဟာမွန်း သည် ကျူးဘား၏ လူမှုရေးနှင့်စီးပွား ရေးဆိုင်ရာ ပြောင်းလဲမှုများကို ဆွေးနွေးရန် ကျူးဘားနိုင်ငံခြားရေး ဝန်ကြီး ဘရူနိုရိုဒီဂတ်နှင့်အတူ အခြား သော ကျူးဘားခေါင်းဆောင်များနှင့် လည်း တွေ့ဆုံလိမ့်မည်ဟု ဗြိတိန်နိုင်ငံ ခြားရေးနှင့် ဓနသဟာယရုံးက ပြောခဲ့သည်။
သွားရောက် လည်ပတ်စဉ်တွင် ဟာမွန်းအနေဖြင့် ပညာရေး၊ ယဉ်ကျေးမှု၊ စွမ်းအင်နှင့်ဘဏ္ဍာရေး ဆိုင်ရာဝန်ဆောင်မှုများတွင် ဗြိတိန် နှင့်ကျူးဘား ပူးပေါင်းဆောင်ရွက်မှု အတွက် အခြေခံအုတ်မြစ်ချရန်နှင့် ဗြိတိန်အပေါ်တင်ရှိနေသော ကျူးဘား ၏အကြွေးကို ပြန်လည်ဖွဲ့စည်းရာတွင် နှစ်နိုင်ငံသဘောတူညီမှုကို လက်မှတ် ရေးထိုးရန် မျှော်လင့်လျက်ရှိသည်။
ဗြိတိန်နှင့်ကျူးဘားသည် အစိုးရ ဖွဲ့စည်းပုံနှင့် က္ဘာ့နိုင်ငံရေးအပေါ် ရှုမြင်သုံးသပ်မှု မတူညီသော်လည်း ကျူးဘားအစိုးရ၏ အောင်မြင်မှုကို စောင့်မျှော်လျက်ရှိပြီး အတ္တလန္တိတ် ကိုဖြတ်ကျော်၍ ဆက်သွယ်မှုအသစ် ကိုရရှိရန် ဗြိတိန်အနေဖြင့် ဆန္ဒပြင်းပြ လျက်ရှိကြောင်းလည်း ဟာမွန်းက ပြောခဲ့သည်။
၁၉၅၉ခု ကျူးဘားတော်လှန်ရေး မတိုင်မီကတည်းက ကျူးဘားသို့ ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီး သွားရောက်လည်ပတ် မှုသည် လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် နောင်အနာဂတ် အတွက် ကျူးဘား၏ထင်မြင်ယူဆမှု တို့ကို ကြားသိရမည့်အခွင့်အရေး ဖြစ်သည်ဟုလည်း ပြောခဲ့သည်။
နှစ်ပေါင်း ၉ဝ အတွင်း ပထမဆုံး အကြိမ်ကျူးဘားသို့ သွားရောက် လည်ပတ်သူမှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဖြစ်ပြီး ယခု တစ်လကြာပြီးနောက် ပထမဆုံး အကြိမ်အဖြစ် ဟာမွန်းသွားရောက် လည်ပတ်ခြင်းဖြစ်သည်။

(ဆင်ဟွာ)

မန္တလေး ခုတင်(၅၅ဝ)ကလေးဆေးရုံကြီးတွင် လေးမြွှာပူးကလေးငယ်များ ကုသမှုခံယူ




The Mirror Daily's photo.


စစ်ကိုင်း ဧပြီ ၂၉

စစ်ကိုင်းမြို့ဆေးရုံတွင် ဧပြီ ၂၈ ရက်က ဓမ္မတာအတိုင်း မွေးဖွားခဲ့သည့် ယောက်ျားလေး လေးမြွှာပူးကလေးငယ်များကို မန္တလေး (ခုတင်-၅၅ဝ)ကလေးဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေကြောင်း ၎င်းဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေက ပြောသည်။

စစ်ကိုင်းမြို့ ဇေယျာကွက်သစ်ရပ်ကွက်တွင် နေထိုင်ကြသည့် ကိုကျော်မင်းလတ်နှင့် မမြင့်မြင့်အေးတို့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များ၏ ကျန်းမာရေးအတွက် မန္တလေးသို့ ပို့ဆောင်ထားပြီး မိခင်မှာအသက်(၂၉)နှစ် အရွယ်သာရှိကာ စစ်ကိုင်းဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိသည်။

''များသောအားဖြင့် နှစ်မြွှာပူးတွေနဲ့သုံးမြွှာပူးတွေသာ အမွေးများပါတယ်။ အခုလို လေးမြွှာပူးက အတော်လေးရှားတယ်။ ခုမွေးဖွားတဲ့ လေးမြွှာပူးကတော့ အသက်ရှင်လျက် မိရိုးဖလာအတိုင်းမွေးတာကြောင့် မိခင်ကအင်အား နည်းသွားလို့ စစ်ကိုင်းဆေးရုံမှာပဲ ရှိသေးတယ်။ ကလေးတွေကို အထူးစောင့်ကြပ်ကုသပေးနေပါတယ်'' ဟု မန္တလေး (ခုတင်-၅၅ဝ)ဆေးရုံအုပ်ကြီးက ပြောသည်။

အဆိုပါ လေးမြွှာပူးကလေးငယ်များမှ ပထမမွေးဖွား လာသည့် ကလေးငယ်မှာ ၁ ဒသမ ၂ ကီလိုဂရမ်၊ ဒုတိယ မှာ ၁ ကီလိုဂရမ်၊ တတိယမှာ ၁ ကီလိုဂရမ်နှင့် စတုတ္ထ ကလေးငယ်မှာ ၁ ဒသမ ၃ ကီလိုဂရမ် အသီးသီးရှိကြပြီး ပထမနှင့် ဒုတိယကလေးငယ်များမှာ အခြေအနေဆိုးရွား မှုမရှိဘဲ တတိယကလေးမှာ အဆုတ်ထဲသို့လေအမြဲတမ်း ဝင်နေစေရန်အတွက် ပြုလုပ်ပေးထားရပြီး စတုတ္ထ ကလေးငယ်မှာ အသက်ရှူစက်ဖြင့် ကူညီပေးနေရကြောင်း သိရသည်။

ကလေးမိဘဖြစ်သူသည် လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး ယခုမွေးဖွားခြင်းမှာ ဒုတိယ ကိုယ်ဝန်ဆောင်မွေးဖွားခြင်းဖြစ်ကြောင်း၊ အမြွှာပူးမွေးဖွား ခြင်းသည် ဖခင်ဘက်ကမျိုးရိုးနှင့် ပို၍သက်ဆိုင်မှုရှိကြောင်း သိရသည်။
''မိဘတွေက ကိုယ်ဝန်ရှိစဉ်မှာ ကိုယ်ဝန်အပ်ထားတာ။ Ultrasound ရိုက်တာတွေမရှိတော့ လေးမြွှာပူးဆိုတာ မသိကြဘူး။ မွေးတော့မှသိကြတယ်။ ကိုယ်ဝန်အရွယ် အစားကလည်း ပုံမှန်ထက်ပိုပြီးကြီးမားတာပေါ့။ ဆေးပညာအရ အမြွှာပူးကလေးငယ်တွေမှာ အလေးချိန်မပြည့်တတ် ကြသလို လမစေ့ဘဲမွေးတတ်ပါတယ်''ဟု ဆေးရုံအုပ်ကြီးက ပြောသည်။

ပုံမှန်မွေးဖွားကြသည့် မွေးကင်းစကလေးငယ်များတွင် ၂ ဒသမ ၅ ကီလိုဂရမ် အထက်ရှိ၍ယင်းထက် နည်းသွားပါက ကိုယ်အလေးချိန်မပြည့်သည့် စာရင်းဝင်ပြီး ၁ ဒသမ ၅ ကီလိုဂရမ်ထက်လျော့နည်းပါက သတိထားရမည့် အခြေ အနေဖြစ်ကာ ၁ ကီလိုဂရမ်ထက် နည်းခြင်းများလည်းရှိ၍ အသက်ရှင်သန်မှုရာနှုန်းနည်းသည်ဟု ဆိုသည်။

ယင်းကလေးငယ်များအတွက် စစ်ကိုင်းမြို့ သုခကာရီ လူမှုကူညီရေးအသင်းမှ မွေးဖွားစရိတ်အဖြစ် ကျပ်တစ် သိန်းနှင့် နိုင်ငံကျော်ကလေးအဆိုတော် မေ့ချစ်သက် မိသားစုတို့က ကလေးတစ်ယောက်လျှင် ကျပ်တစ်သောင်း နှုန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

(30.4.2016) ကြေးမုံကာတွန်း


ဒသမတန်း ဘက်စုံပညာထူးချွန် လူငယ်အပန်းဖြေစခန်း(ငွေဆောင်) ဖွင့်လှစ်




The Mirror Daily's photo.


ငွေဆောင် ဧပြီ ၂၉

၂ဝ၁၆ ခုနှစ် ဒသမတန်း ဘက်စုံပညာထူးချွန် လူငယ်အပန်းဖြေစခန်း(ငွေဆောင်)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီက နှစ်သစ်တွင် အစိုးရအဖွဲ့သစ် ၏နွေးထွေးစွာ ကြိုဆိုမှုနှင့်အတူ ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့်ကာလအတွင်း ကျန်းမာရွှင်လန်းစွာ အပန်းဖြေနိုင်ပြီး ဒေသန္တရဗဟုသုတ များရကြပါစေကြောင်းနှင့် ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးကြပြီး နိုင်ငံတော်၏အကျိုးအတွက် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ပညာရေး ကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူများယုံကြည် မျှော်လင့်ထားသည့်အတိုင်း အောင်မြင်စွာ စွမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဘက်စုံပညာ ထူးချွန်တံဆိပ်များကို ကျောင်းသား ကျောင်းသူများအား ချီးမြှင့်အပ်နှင်းသည်။

ထို့နောက် ဘက်စုံပညာထူးချွန်အပန်းဖြေစခန်း (ငွေဆောင်)စခန်းမှူး ဦးဝင်းမောင်က ဘက်စုံပညာထူးချွန် အပန်းဖြေစခန်းဖွင့်ပွဲအမှတ်တရ မော်ကွန်းတံဆိပ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်သို့ ပေးအပ်ခဲ့သည်။ လူရည်ချွန် ဟောင်းများအဖွဲ့ကလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အမှတ်တရတံဆိပ်ပေးအပ်ခဲ့သည်။

ချင်းပြည်နယ် မင်းတပ်မြို့ အထက ကန်ပက်လက်မှ သုံးထပ်ကွမ်းလူရည်ချွန် မောင်ဟာရှိန်းကီးက ဘက်စုံထူးချွန် မောင်မယ်များကိုယ်စား ကျေးဇူးတင်စကားပြောကြား သည်။ ထို့နောက် အလက(၅)ပုသိမ်မှ ကျောင်းသားလေး တစ်ဦးက ကျွန်တော့်ရည်မှန်းချက်သီချင်းဖြင့် သီဆိုဖျော်ဖြေ ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘက်စုံပညာ ထူးချွန်မောင်မယ်များက မြန်မာ့ကျောင်းသီချင်း၊ ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြု သီဆိုခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးပညာရေးဌာနမှ ဖွဲ့စည်းထားသော ပညာလင်္ကာတေးဂီတအဖွဲ့မှ တေးရေး ဟင်္သာတမြင့်ငွေ ရေးစပ်သီကုံးထားသည့် ''ဧရာဝတီရဲ့ အလှ'' သီချင်းဖြင့် သီဆိုကပြသရုပ်ဖော်ခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များသည် ဘက်စုံပညာထူးချွန် မောင်မယ်များနှင့်အတူ ခင်မင်ရင်းနှီးစွာဖြင့် ဂုဏ်ပြု နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြောင်းသိရသည်။
(သတင်းနှင့်ဓာတ်ပုံ - သီသီမင်း)

ဆူးရစ်တန်းကျေးရွာ ရေတွင်းများမှရေများ အရောင်ပြောင်းလဲ




The Mirror Daily's photo.


မိတ္ထီလာ ဧပြီ ၂၉

မိတ္ထီလာမြို့အနောက်ဘက် မိုင် ၃ဝ ကျော်ခန့်ကွာဝေးသည့် ဇရပ်ကုန်း ကျေးရွာအုပ်စု ဆူးရစ်တန်းကျေးရွာ တွင် ကျေးရွာဒေသခံများ နှစ်ပေါင်းများစွာ အသုံးပြုလာသည့် ရေတွင်း သုံးတွင်းမှ ရေများ၏အရောင်မှာ ဧပြီ ၂၄ ရက် နံနက် ၆ နာရီခန့်တွင် ထူးဆန်းစွာ ပြောင်းလဲခဲ့သည်။

ရေတွင်းများမှ ရေများအရောင် ပြောင်းလဲသည့် ဆူးရစ်တန်းကျေးရွာသို့ မိတ္ထီလာမဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၏ အစီအစဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းသည့် အဖွဲ့ဖြင့် ဧပြီ ၂၈ ရက် နံနက်ပိုင်းကလိုက်ပါ၍ လေ့လာဖြစ်ခဲ့သည်။

သောက်သုံးရေလာရောက်လှူဒါန်းသည့် အဖွဲ့တွင်ပါလာသည့် လူငယ်များနှင့် ကျေးရွာဒေသခံလူငယ်၊ လူကြီးများက မော်တော်ယာဉ်ပေါ်ရှိ ရေပုံးများမှ ရေများကို ကျေးရွာဒေသခံ များ၏ ရေပုံး၊ ရေအိုးများထဲသို့ လှယ်ထည့်ပေးပါသည်။

မိမိအနီးရှိ ကျေးရွာဒေသခံတစ်ဦးဖြစ်သည့် ဦးဂျပန်ဆိုသူအား ရွာမှရေတွင်းများ အရောင်ပြောင်းလဲသည့် အကြောင်းရင်းကို မေးမြန်းကြည့်ခဲ့သည်။

''ဧပြီလ ၂၃ ရက်ည ၇ နာရီ ၊ ၈ နာရီလောက်အထိကို ရေတွင်းတွေက ရေတွေ အရောင်မပြောင်းသေးဘူး။ အဲဒီအချိန်အထိ ရေခပ်တဲ့သူတွေရှိသေးတယ်။ မနက်စောစောအချိန်ရောက်တော့မှ ရွာထဲက ကလေးငယ်တွေ ရေသွားခပ်ကြမှ အလယ်ရေတွင်းက ရေတွေ အရောင်ပြောင်းနေတာတွေ့ရတယ်။ အရောင်က နီကြန့်ကြန့်အရောင်ဖြစ်နေတာတွေ့တော့ ရွာကလူကြီးတွေကို လာပြောတယ်။ ကျေးရွာက လူကြီးတွေအားလုံး သွားရောက်စစ်ဆေး ကြည့်တော့ အလယ်တွင်း၊ ကန်ဖျားကတွင်းနဲ့ အောက်တွင်း စုစုပေါင်း ရေတွင်းသုံးတွင်းစလုံးကရေတွေ အရောင်ပြောင်းလဲနေတာတွေ့ရတယ်။ ဒါကြောင့် အန္တရာယ်ဖြစ်မှာစိုးလို့ ရေတွင်းတွေကို ဆူးခတ်တွေနဲ့ ကာရံပြီးတော့ ဘယ်သူမှ မသုံးစွဲဖို့ သတိပေးတားမြစ်ထားတယ်။ပြီးတော့ မြို့က တာဝန်ရှိတဲ့သူတွေကို လှမ်းပြီးအကြောင်းကြားတယ်။ သူတို့ရောက်တော့ ဆိတ်နှစ်ကောင်ကို အရောင်ပြောင်းနေတဲ့ ရေတွေတိုက်ကြည့်တယ်။ နည်းနည်းပဲသောက်တယ်။ ဆိတ်တွေတော့ ဘာမှမဖြစ်ဘူး။ ရေတွင်းသုံးတွင်းစလုံးက ရေတွေအရောင်ပြောင်းသွားတာထူးခြားမှုရှိတယ်ဆိုပြီး တာဝန်ရှိသူတွေက သေသေချာချာ စစ်ဆေးတော့ ကန်ဖျားက ရေတွင်းနံရံတွေမှာ ဆေးစက်တွေ ပေကျံနေတာကိုတွေ့ရတယ်။ ရေတွင်းတွေထဲ ရေအရောင်က နီကြန့်ကြန့်အရောင်နဲ့ ဝါကြန့်ကြန့်အရောင်တွေ ဖြစ်ပြီးတော့ အနံ့အသက်က ဝါဆေး ( ပိုးသတ်ဆေး) လိုမျိုးအနံ့အသက်ရတယ်။ ခုတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ အဲဒီ အရောင်ပြောင်းရေတွေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးနေတယ်။ ဒီနေ့အထိတော့ အဖြေမထွက်သေးဘူး''ဟု ဦးဂျပန် အသက် (၅၉) နှစ် ခန့်က ပြောသည်။

ဆူးရစ်တန်းကျေးရွာဒေသခံများ သောက်သုံးရေအခက်အခဲဖြစ် နေသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံး ရေများလှူဒါန်းသကဲ့သို့ မိတ္ထီလာမြို့ပေါ်မှ မြတ်နိုးပီတိလူမှုရေးအသင်း၊ ဒေသခံ စေတနာရှင်များ၊ ရေအရင်းအမြစ်ဌာနမီးသတ်ဦးစီးဌာန၊ ရွာတန်းရှည်ကျေးရွာ ဒေသခံများအပြင် ကျောက်ပန်းတောင်းမြို့နယ် ကန်နှစ်ဆင့်ကျေးရွာမှ စေတနာရှင်အလှူရှင်များကလည်း မော်တော်ယာဉ်ဖြင့် သောက်သုံးရေများ သယ်ဆောင်ကာ ကျေးရွာအရောက် နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိ ကြောင်းသိရသည်။

''ကျွန်တော်က ကျောက်ပန်းတောင်းမြို့နယ် ကန်နှစ်ဆင့်ကျေးရွာကနေ ဆူးရစ်တန်းကျေးရွာကို သောက်သုံးရေလာရောက်လှူဒါန်းနေတာပါ။ အင်တာနက်စာမျက်နှာပေါ်ကနေတစ်ဆင့် ဇရပ်ကုန်းကျေးရွာအုပ်စု ဆူးရစ်တန်း ကျေးရွာမှ ဒီလိုသောက်သုံးရေအခက်အခဲဖြစ်နေတဲ့အကြောင်း ဖတ်မိရာကနေ နေ့စဉ် သောက်သုံးရေလာရောက်လှူဒါန်းနေတာပါ။ နောင်လည်း အခုလို သောက်သုံးရေအခက်အခဲဖြစ်တယ်ဆိုရင် ဆက်လက်လှူဒါန်းဦးမှာပါ''ဟု ကျောက်ပန်းတောင်းမြို့နယ် ကန်နှစ်ဆင့်ကျေးရွာမှ ရေအလှူရှင် ဦးစိုးသိန်းက ပြောသည်။

ဆူးရစ်တန်းကျေးရွာရှိ ရေတွင်းသုံးတွင်းမှ ရေများအရောင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းဆောင်က ၎င်း၏ အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။ ''အဲဒီနေ့က ည ၇ နာရီ ၈နာရီလောက်အထိ ရေတွင်းကရေတွေ အရောင်မပြောင်းဘဲ မနက်စောစောကျမှ အရောင်ပြောင်း တာတွေ့ရတော့ တော်တော်ထူးခြားတယ်ဆိုပြီး ရေတွင်းသုံးတွင်းလုံးမှ ရေကို ကျေးရွာဒေသခံတွေ မသုံးစွဲဖို့ တားမြစ်ခဲ့ပါတယ်။ ပြီးတော့ မြို့နယ်က တာဝန်ရှိသူတွေကိုလှမ်းပြီးတော့ အကြောင်းကြားပါတယ်။

အရောင်ပြောင်းတဲ့ရေတွေထဲကို ဘုန်းကြီးကျောင်းရေကန်ထဲက ငါး (၅) ကောင် ထည့်ကြည့်တာ။ နှစ်ကောင်က ချက်ချင်းသေသွားပါတယ်။ သုံးကောင် ကတော့မသေဘူး။ ဆိတ်နှစ်ကောင်ကို အဲဒီရေတိုက်ကြည့်တော့ ဘာမှမဖြစ်ပါဘူး။ အခုတော့ ကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော်နဲ့ ကျေးရွာလူငယ် တွေစုပေါင်းပြီး ရွာတန်းရှည်ကျေးရွာက ပေးပို့ကူညီတဲ့ ရေစုပ်စက်နဲ့ ရေတွင်း သုံးတွင်းထဲ ရေတွေကို စုပ်ယူလှယ်ထုတ်နေပါပြီ။ ရေတွေရဲ့အရောင်ကလည်း တဖြည်းဖြည်း မူလအရောင်နီးပါးပြောင်းလဲနေပါပြီ ''ဟု ပြောသည်။

ဆူးရစ်တန်းကျေးရွာဒေသခံများအနေဖြင့် နေ့စဉ်သုံးသောက်ရေလာရောက် လှူဒါန်းပေးပို့သည့် ဌာနဆိုင်ရာများ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင် များကို များစွာ ကျေးဇူးတင်လျက်ရှိကြောင်းလည်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
''အခုလို ဆူးရစ်တန်းကျေးရွာကို နေ့စဉ် သောက်သုံးရေ လာရောက်လှူဒါန်း သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ဌာနဆိုင်ရာ တွေရော ၊ ရပ်နီးရပ်ဝေးက စေတနာရှင်အလှူရှင်တွေရော အားလုံးကို ကျေးဇူး တင်ပါတယ်ရှင်''ဟု ယင်း အမျိုးသမီးက သောက်သုံးရေ လာရောက်သယ်ဆောင်ရင်း ပြောသည်။

ဇရပ်ကုန်းကျေးရွာအုပ်စု ဆူးရစ်တန်းကျေးရွာတွင် အိမ်ခြေ ၈၅ အိမ်၊ လူဦးရေ ၆၅ဝ ခန့်နှင့် နွား၊သိုး၊ဆိတ် တိရစ္ဆာန်ကောင်ရေ ၅ဝဝဝ ကျော်ရှိသည့် အတွက် ယခုကဲ့သို့ သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့သည့်အခါ လူများအတွက် သောက်သုံးရေထက် တိရစ္ဆာန်များအတွက် သောက်သုံးရေက ပိုမိုအရေးကြီးလိုအပ်ကြောင်း ကျေးရွာဒေသခံများက ပြောသည်။ ''ကျွန်တော်တို့ ဆူးရစ်တန်းကျေးရွာမှာ ပုံမှန်နှစ်တွေဆို ဒီအချိန်မှာ ရေတွင်းသုံးတွင်းက မြေအောက်စိမ့်ရေတွေကို ခပ်ယူသုံးစွဲလို့ ရနေတုန်းဖြစ်ပါတယ်။ အခုလို ရေတွင်းတွေထဲက ရေတွေအရောင်ပြောင်းအောင် ပြုလုပ်တဲ့အတွက် ရေတွင်းသုံးတွင်းက ရေတွေက အလဟဿ ဖြစ်သွားပြီး အလွန်နှမြောစရာကောင်းပါ တယ်။ အခုတော့ ရေတွင်းသုံးတွင်းစလုံးကရေတွေကို ရေစုပ်စက်နဲ့ စုပ်ထုတ် ဖယ်ရှားနေပါတယ်။ ရေအရောင်ကလည်း ပုံမှန်နီးပါးတော့ ပြန်ဖြစ်သွားပါပြီ'' ဟု ကျေးရွာဒေသခံ ကိုနေဝင်းက ပြောသည်။

ဆူးရစ်တန်းကျေးရွာမှ အပြန်လမ်းတွင် ဆူးရစ်တန်းကျေးရွာ ဒေသခံများ၏ ဘိုးစဉ်ဘောင်ဆက်တူးဖော်ပြုပြင်အသုံးပြုခဲ့သည့် ရွာဦးရေကန်ကြီးသည် ရေများခန်းခြောက်လျက် ရေအိုင်ငယ်တစ်ခုအသွင် ရေအနည်းငယ်ကျန်ရှိနေသည် ကိုလည်းကောင်း၊ ၎င်း ရေအနည်းငယ်အား ကျေးရွာဒေသခံများမွေးမြူထားသည့် နွားများထဲမှ နွားကြီးနွားငယ်တချို့ လာရောက်သောက်သုံးနေသည်ကိုလည်းကောင်း၊ မိမိတို့ကျေးရွာတွင် နေထိုင်သူများအသုံးပြုသည့် ရေတွင်းသုံးတွင်းထဲမှ ရေဆိုးများအား ဖယ်ရှားရှင်းလင်းနေသော ရွာဦးကျောင်းဆရာတော်နှင့် ကျေးရွာသားများအားလည်းကောင်း၊ ဆူးရစ်တန်းကျေးရွာသို့ ရပ်နီးရပ်ဝေးမှ သောက်သုံးရေလာရောက်လှူဒါန်းထောက်ပံ့သူများနှင့် ရေအလှူခံကျေးရွာသူကျေးရွာသားများအားလည်းကောင်း ကြည့်ကာ ဝမ်းနည်းခြင်း၊ဝမ်းသာခြင်း၊ ပီတိဖြစ်ခြင်း၊စိတ်မကောင်းဖြစ်ခြင်း စသည့် စိတ်ခံစားမှုများဖြစ်မိပါသည်။ ထိုအတူ ဆူးရစ်တန်းကျေးရွာဒေသခံများ ကြုံတွေ့နေရသည့် သောက်သုံးရေ အခက်အခဲများ အမြန်ဆုံးအဆင်ပြေပြီး ကျေးရွာဒေသခံများနှင့် နွား၊သိုး၊ဆိတ် စသည့် တိရစ္ဆာန်များသည်လည်း သောက်သုံးရေရှားပါးမှုဒဏ်မှ ကင်းလွတ်ပါ စေကြောင်း ဆန္ဒပြုမိပါသည်။ ။
ချမ်းသာ (မိတ္ထီလာ)

စည်းလုံးညီညွတ်မှုအင်အား တစ်နိုင်ငံလုံး ပါဝင်ပြသကြရမည့်အချိန်


The Mirror Daily's photo.

(နန္ဒဝန်)
လာမည့် တစ်လ၊ နှစ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံကို စတင်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) အဖွဲ့ဝင် များနှင့် ဧပြီ ၂၇ ရက်က တွေ့ဆုံ ဆွေးနွေးရာတွင် တိုက်တွန်းခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် တိုင်းရင်းသားသွေးစည်း ညီညွတ်မှု၏ အမြင့်ဆုံးအမှတ် သင်္ကေတအဖြစ် တောင်တန်းဒေသများက ပြည်မကြီးနှင့်ပူးပေါင်းရန် သဘောတူညီသော 'ပင်လုံစာချုပ်'ကြီးကို အောင်မြင်စွာလက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းသည် ကျွန်ုပ်တို့နိုင်ငံသမိုင်း ၏ အထင်ကရမော်ကွန်းမှတ်တမ်းဖြစ် ခဲ့လေသည်။ဤနေရာတွင် သမိုင်းဝင်မော်ကွန်း တင်ခဲ့သော 'ပင်လုံစာချုပ်'နှင့်ပတ် သက်၍ မျိုးဆက်သစ်တို့သိစေနိုင်ရန် သမိုင်းကြောင်းနှင့်ယှဉ်တွဲနေသော ဗဟုသုတကို မျှဝေလိုပါသည်။သမိုင်းကြောင်းကို ချုံ့ကြည့်လျှင် ၁၉၄၅ ခုနှစ်အရောက်တွင် အင်္ဂလိပ် အစိုးရစစ်တပ်များ မြန်မာနိုင်ငံ အတွင်းသို့ပြန်ဝင်လာခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။ စက္ကူဖြူစာတမ်း အရ မြန်မာပြည်ကို ဒိုမီနီယန်အဆင့် အတန်းပေး၍ အုပ်ချုပ်ရန် မြန်မာ ပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ်(Sir Dormansmith) စီစဉ်နေချိန်ဖြစ်သည်။သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဖ၊ ဆ၊ ပ၊ လ အဖွဲ့ကြီး (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ် မြောက်ရေးအဖွဲ့)သည် ပြည်သူ့ အင်အား လူထုလှုပ်ရှားမှုများဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ယင်းနောက်တွင် ဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) မြန်မာပြည်သို့ ရောက်ရှိလာသည်။ မကြာမတင်မှာပင် ပုလိပ် သပိတ်ကြီးပေါ်ပေါက်လာခဲ့သည်။ ယင်းသပိတ်ကြီးသည် မကြုံစဖူး ထူးခြားလှသောကန့်ကွက်ဆန္ဒပြမှုဖြစ်ခဲ့ပြီး မရှေးမနှောင်းမှာပင် ကြေးနန်းနှင့် စာတိုက် အမှုထမ်းများ၏သပိတ်၊ အစိုးရစာပုံနှိပ်စက် အလုပ်သမားများ ၏သပိတ်၊ အစိုးရအမှုထမ်းပေါင်းစုံ သပိတ်စသည်ဖြင့် သပိတ်များဆင့်ကဲ ဆင့်ကဲ ပေါ်ပေါက်ခဲ့လေသည်။ အကျိုးရလဒ်အဖြစ် အစိုးရယန္တရား ကြီးတစ်ခုလုံး ရပ်တန့်သွားခဲ့သည်။ သို့ရာတွင် ဆာဟူးဘတ်ရန့်စ်သည် ဖ၊ ဆ၊ ပ၊ လ ခေါင်းဆောင်ကြီးများအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အဖွဲ့ကို ဖွဲ့စည်းစေခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော အဖွဲ့ အစည်းပေါ်ပေါက်လာရာ အစိုးရ အဖွဲ့ကိုထောက်ခံသည့်အနေဖြင့် သပိတ်လှန်ခဲ့ကြသည်။ ယင်းနောက်တွင် မြန်မာကိုယ်စား လှယ်အဖွဲ့ လန်ဒန်သို့ထွက်ခွာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် တွင် လန်ဒန်မြို့၌ အောင်ဆန်း- အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ ကြလေသည်။ယင်းစာချုပ်၏အခြေခံစည်းကမ်းသတ်မှတ်ချက်တစ်ရပ်အဖြစ် တောင်တန်းဒေသများက ပြည်မကြီးနှင့်ပေါင်းရန် သဘောတူရမည်ဖြစ်သည်။ ပြည်မ၊ တောင်တန်းပူးပေါင်းထားသော မြန်မာပြည်ကို လွတ်လပ်ရေး ပေးမည်ဟု အင်္ဂလိပ်အစိုးရက သဘောတူခဲ့လေသည်။ ဤတွင် ပြည်မနှင့်တောင်တန်း ပူးပေါင်းရေးကို အစွမ်းကုန်ဆောင် ရွက်နိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသောခေါင်းဆောင်များက လုံ့လဥဿဟပြုကြလေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်များ၏ ညီညာဖြဖြ အား ထုတ်မှုကြောင့် ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းပင်ဖြစ်လေသည်။
'ပင်လုံစာချုပ်' နိုင်ငံ့ဂုဏ်ဒြပ်'ပင်လုံစာချုပ်'သည် ကျွန်ုပ်တို့နိုင်ငံ ၏ ဂုဏ်ဒြပ်ကိုထည်ဝါစေခဲ့သည်။ တိုင်းရင်းသားသွေးစည်းညီညွတ်မှု၏ အထူးခြားဆုံးအမှတ်သင်္ကေတလည်း ဖြစ်သည်။ ရှမ်းဘာသာစကားဖြင့် 'ပန်လုံ'သည် 'လွင်ပြင်ကြီး'ဟုအဓိပ္ပာယ်ရရှိပြီး ပင်လုံသည် ရှမ်းပြည်နယ်(တောင်ပိုင်း)လဲချားစော်ဘွားအပိုင် နယ်အတွင်း၌တည်ရှိသည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြု သော မြန်မာကိုယ်စားလှယ်များသည် 'ပင်လုံစာချုပ်'ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။ဗြိတိသျှတို့ သွေးခွဲခြေထိုးခဲ့လင့်ကစား သမိုင်းဝင်စာချုပ်ကြီးကို သဘောတူညီ လက်မှတ်ရေးထိုးနိုင်ခဲ့ ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကချင်ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွား ကိုယ်စားလှယ်များ၊ ရှမ်းပြည်သူ့ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်တို့သည် သဘော တူညီချက်တွင် လက်မှတ်ရေးထိုးနိုင် ခဲ့ကြလေသည်။ပင်လုံမြို့၌ကျင်းပခဲ့သော အစည်းအဝေးကြီးတစ်ရပ်တွင် ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်း ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့ သည် လွတ်လပ်ရေးကို လျင်လျင် မြန်မြန် ရရှိလာလိမ့်မည်ဟု သဘော တူညီခဲ့ကြလေသည်။ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဖ၊ ဆ၊ ပ၊ လ အစိုးရသည် လွတ်လပ်တော့မည်ဖြစ်သော မြန်မာပြည်ကို ပြည်မသား၊ တောင်တန်းသားတို့၏ဆန္ဒနှင့်အညီ မည်သို့ဖွဲ့စည်းသင့်သည်၊ အုပ်ချုပ်သင့်သည်ကို ပြည်မဒေသ၊ တောင်တန်းဒေသတို့မှ ပြည်သူ့ကိုယ် စားလှယ်များနှင့် ဆွေးနွေးနိုင်ရန် ထိုနှစ် ဧပြီလတွင် တိုင်းပြည်ပြုလွှတ် တော်အတွက် ရွေးကောက်ပွဲကျင်းပ ပေးခဲ့သည်။ရွေးကောက်ပွဲအပြီးတွင် ပြည်သူများရွေးကောက်တင်မြှောက်လိုက်သော ပြည်မ၊ တောင်တန်း ကိုယ်စား လှယ်အမတ်များပါဝင်သည့် တိုင်း ပြည်ပြုလွှတ်တော်ကို ခေါ်ယူနိုင်ခဲ့ ပေသည်။ ထိုစဉ်က တိုင်းပြည်ကိုတရား ဥပဒေနှင့်အညီသာ အုပ်ချုပ်ရန် ရည်မှန်းဆောင်ရွက်ခဲ့ကြသည်။ ကချင်၊ ကယား၊ ကရင်၊ ရှမ်း တိုင်းရင်း သားလူမျိုးများသည် ပြည်နယ်အသီး သီးကိုဖွဲ့စည်းကာ ပြည်မနှင့်ပူးပေါင်း ၍ ပြည်ထောင်စုမြန်မာနိုင်ငံတည် ထောင်ရန် ရည်မှန်းခဲ့ကြသည်။ငါးနှစ်သက်တမ်းရှိ သမ္မတကို ရွေးချယ်တင်မြှောက်ကာ သမ္မတနိုင်ငံ အဖြစ်ထူထောင်ရန် မျှော်မှန်းခဲ့ကြသည်။တောင်သူလယ်သမားများနှင့် အလုပ်သမားများအပါအဝင် နိုင်ငံ သားအားလုံး၏ အကျိုးစီးပွားအလို့ ငှာ ပြည်သူ့ဆန္ဒနှင့်အညီ နိုင်ငံကို အုပ်ချုပ်ရန် မျှော်မှန်းခဲ့ကြသည်။ ဤမျှော်မှန်းချက်များကို ထင်ဟပ် လျက်ရှိသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို အများ သဘောတူဆုံးဖြတ်ချက်နှင့်အညီ ရေးဆွဲခဲ့ကြလေသည်။နိုင်ငံတော်အလံ၊ နိုင်ငံတော် သီချင်း၊ နိုင်ငံတော်တံဆိပ်တို့ကိုလည်း အများဆန္ဒဖြင့် သတ်မှတ်ခဲ့ကြလေ သည်။ ပြည်ထောင်စုအခြေခံဥပဒေကို ရေးဆွဲနေစဉ်ကာလအတွင်း ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ မသမာသူ တို့၏လက်ချက်ဖြင့် အသက်ပေး လှူခဲ့ကြရရှာသည်။
သို့ရာတွင် ဖ၊ ဆ၊ ပ၊ လ ဒုတိယ ဥက္ကဋ္ဌဖြစ်သော ဦးနုက ဆက်လက် ဆောင်ရွက်ခဲ့ရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကို တည်ထောင်ပြီဟု ကမ္ဘာသို့ ကြေညာနိုင်ခဲ့သည်။
ထိုမှအစပြု၍ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော ပြည်ထောင်စုသားများ၏အချုပ်အခြာ အာဏာပိုင်စိုးသော လွတ်လပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဝင့်ဝင့်ထည် ထည် ပေါ်ထွန်းခဲ့ပေသည်။'ပင်လုံစာချုပ်'ပေါ်ထွန်းလာမှု (၆၉) နှစ်ပြည့်မြောက်ချိန် ယနေ့ကာလတွင် စည်းလုံးညီညွတ်မှု အင်အားကို တစ်နိုင်ငံလုံးက ပါဝင်ပြသကြရမည့် ၂၁ ရာစု ပင်လုံညီလာခံကြီး မကြာမီ ပေါ်ထွန်းလာတော့မည်ဟု ရဟန်း ရှင်လူပြည်သူအပေါင်းတို့က အလေး အနက် ယုံကြည်လျက်ရှိကြကြောင်း လေ့လာတင်ပြအပ်ပါသည်။ ။
ရည်ညွှန်း။ ။(၁) တို့ချစ်သည့် တို့နိုင်ငံတော်၊ ဒေါက်တာ ကျော်စိန်၊ ၁၉၉၃ ခုနှစ်၊ စာပေဗိမာန်။
(၂) မြန်မာ့စွယ်စုံကျမ်း(အတွဲ ၁ဝ)။

ကိုရီးယားနွယ်ဖွား အမေရိကန်တစ်ဦးကို မြောက်ကိုရီးယားတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ဝ နှစ် ချမှတ်




The Mirror Daily's photo.


ဆိုးလ် ဧပြီ ၂၉

အစိုးရအဖွဲ့အား အကြည်ညိုပျက်စေမှုဖြင့် ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသားတစ်ဦးကို မြောက်ကိုရီးယား တရားရုံးချုပ်က ဧပြီ ၂၉ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း၊ နိုင်ငံခြားသားတစ်ဦးအား ယခုကဲ့သို့ အလုပ်ကြမ်းဖြင့် ထောင်ဒဏ်ချမှတ်သော နောက်ဆုံးဖြစ်စဉ်ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာနက ဧပြီ ၂၉ ရက် တွင် သတင်းထုတ်ပြန်သည်။

အသက် (၆၂) နှစ်အရွယ်ရှိ ကင်ဒေါင်ချူးသည် ယမန်နှစ် အောက်တိုဘာလအတွင်း မြောက်ကိုရီးယားနိုင်ငံ၌ အဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ခိုးယူခဲ့မှုအပါအဝင် ခွင့်လွှတ်နိုင်ဖွယ် မရှိသော သူလျှိုလုပ်မှု ပြစ်ချက်များကို ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရ ကေစီအန်အေ သတင်းဌာနတွင် အစောပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား ကွန်မြူနစ်ပါတီ၊ အစိုးရအဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များကို ရရှိနိုင်ရန် သူလျှိုပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ကျူးလွန်ခဲ့သည်ဟု ၎င်းကဝန်ခံခဲ့သည်ဆို၏။ ယင်းမှာ နိုင်ငံတော် အကြည်ညိုပျက်စေသော လုပ်ရပ်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားအစိုးရရှေ့နေများက ၎င်းအား ပြစ်ဒဏ် ၁၅ နှစ် ချမှတ်ရန် တောင်းဆိုခဲ့သည်။ တရားခံ၏ ရှေ့နေကမူ ၎င်း၏အသက်ကို ထောက်ထားညှာတာကာ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် လျှောက်လဲခဲ့သည်။

လွန်ခဲ့သည့်နှစ်များအတွင်းက မြောက်ကိုရီးယားအစိုးရသည် လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှု စံချိန်တင်ခဲ့သည်ဟု ဝေဖန်ခံခဲ့ရသည်။ ယင်းနိုင်ငံက အမေရိကန်နိုင်ငံသားများကို ဖမ်းဆီးချုပ်နှောင်မှုများရှိခဲ့သည်။ မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့မှာ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်း မရှိပေ။

မြောက်ကိုရီးယားနိုင်ငံတွင် ထောင်ဒဏ်ကျခံရသူ နိုင်ငံခြားသားများအား ၎င်းတို့အပေါ်ချမှတ်ထားသည့် ပြစ်ဒဏ်များ ကုန်ဆုံးချိန်မတိုင်မီတွင် ပြန်လည်လွှတ်ပေးလေ့ရှိသည်။ ယခုပြစ်ဒဏ်ချမှတ်ခံရသူ အပါအဝင် နိုင်ငံခြားသားခြောက်ဦး ပြစ်ဒဏ်စီရင်ချမှတ်ခံခဲ့ရာတွင် တောင်ကိုရီးယားနိုင်ငံသား သုံးဦးပါဝင်သည်။
ရိုက်တာ။

ဂျီ-၇ သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး



The Mirror Daily's photo.

ကျိုတို ဧပြီ ၂၉


ဂျီ-၇ နိုင်ငံများမှ သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီးများက (၄၂)ကြိမ်မြောက် ဂျီ-၇ ထိပ်သီးအစည်းအဝေးမတိုင်မီ နှစ်ရက်ကြာအစည်းအဝေးတစ်ရပ်ကို တာကာမတ်ဆု မြို့တွင် ယနေ့ကျင်းပခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်အရသိရသည်။
အဆိုပါအစည်းအဝေးတွင် အင်တာနက်အခြေခံသည့် ခေတ်မီနည်းပညာများအသုံးပြုပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့်နည်းလမ်းကောင်းများကို ဝန်ကြီးများက တိုင်ပင်ဆွေးနွေးခဲ့သည်။
ယင်းအစည်းအဝေးကို ဂျပန်ပြည်ထဲရေးနှင့်ဆက် သွယ်ရေးဝန်ကြီး ဆာနေးတာကိုင်ချီက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မိုတူးဟာရာရှီလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အင်တာနက်အခြေပြု ခေတ်မီနည်းပညာများသည် ယနေ့ခေတ် လူမှုစီးပွားလုပ်ငန်းမူဘောင်များတွင် အခြေခံကျသည့်နေရာမှ ပါဝင်ပတ်သက်လာပြီဖြစ်ကြောင်း ဂျပန်ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဆာနေး တာကိုင်ချီက ဆိုသည်။
ပြည်သူ့အကျိုးစီးပွားများ ပိုမိုတိုးတက်မြင့်မားရေးအတွက် ခေတ်မီနည်းပညာများကို မည်သို့အသုံးချရ မည်ဆိုသည့် နည်းလမ်းကောင်းများကို တက်ရောက်လာသော ဝန်ကြီးများက တိုင်ပင်ညှိနှိုင်းပြီး အဖြေရှာနိုင်မည်ဟု ယုံကြည်ပါကြောင်း တာကိုင်ချီက ဆက်လက် ပြောကြားသည်။
နည်းပညာအခြေခံသည့် စုံစမ်းထောက်လှမ်းမှုများနှင့်ပတ်သက်သော နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရေးအတွက် တာကိုင်ချီက ဝန်ကြီးများအား တိုက်တွန်း ပြောကြားခဲ့သည်။
(၄၂) ကြိမ်မြောက် ဂျီ-၇ ထိပ်သီးအစည်းအဝေးကို မေ ၂၆-၂၇ ရက်တွင် ဂျပန်နိုင်ငံ ကာရှီကိုကျွန်းရှိ ရှီးမားကန်ကို ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။