Saturday, April 30, 2016

ညစ်ညမ်းမှု

မြန်မာ့အလင်း

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ဆုတ်ယုတ်ပျက်စီးစေသော အညစ် အကြေးများက လူတို့၏ပယောဂကြောင့် ထွက်ပေါ်လာကာ လူတို့ နေထိုင်ရာ ပတ်ဝန်းကျင်များကို ထိခိုက်စေလျက်ရှိသည်။ အဆိုပါ အညစ်အကြေးများသည် လူတို့၏ ကိုယ်ကျန်းမာရေးနှင့် စိတ် ကျန်းမာရေးတို့ကိုပါ တစ်နည်းတစ်ဖုံ သက်ရောက်စေလျက် ရှိသည်။
ကာဗွန်မိုနောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ ကလိုရို ဖလူရိုကာဗွန်(စီအက်ဖ်စီ)နှင့် နိုက်ထရိုဂျင်အောက်ဆိုက် စသော ဓာတ်ငွေ့များသည် စက်မှုလုပ်ငန်းများ၊ ရေခဲသေတ္တာနှင့် မော်တော် ယာဉ်များမှ ထုတ်လွှတ်သော ဓာတ်ငွေ့များဖြစ်ပြီး ယင်းဓာတ်ငွေ့ များကြောင့် လေထုညစ်ညမ်းစေသည့်အပြင် မော်တော်ယာဉ်များ မောင်းနှင်ရာမှ ဖြစ်ပေါ်လာသော ဖုန်မှုန့်များကြောင့်လည်း လေထု ညစ်ညမ်းစေသည်။
ထို့ပြင် ရောင်ပြန်ပြားများ၊ သတ္တုများ၊ မှန်များမှ ထွက်ပေါ် လာသည့် အလင်းညစ်ညမ်းမှု၊ လမ်းပေါ်မှကားများ၊ လေယာဉ် ပျံသန်းမှုများ၊ စက်ရုံမှ စက်မောင်းနှင်မှုများ စသည်တို့မှ ထွက်ပေါ် လာသည့် အသံညစ်ညမ်းမှု၊ ဓာတုပစ္စည်းများ၊ သတ္တုပြင်းများ ဖိတ်လျှံရာမှ ဖြစ်ပေါ်သည့် မြေဆီလွှာညစ်ညမ်းမှု၊ အဏုမြူ စွမ်းအင်သုံး စက်ကိရိယာများ၊ ဓာတ်ပေါင်းဖိုများမှ ထွက်ပေါ်လာ သည့် ဓာတ်ရောင်ခြည်ညစ်ညမ်းမှု၊ ဓာတ်အားပေးစက်ရုံကဲ့သို့သော စက်များမှ ထွက်ပေါ်လာသည့်အပူ ညစ်ညမ်းမှု၊ ရှုပ်ထွေးနေသော ဓာတ်ကြိုးများ၊ ဖုန်းကြိုးများ၊ မြင်ကွင်း ပိတ်ဆို့ကာဆီးထားသည့် ကြော်ငြာဆိုင်းဘုတ်များ၊ တာဝါတိုင်များကြောင့် ဖြစ်ပေါ်လာသည့် မြင်ကွင်းညစ်ညမ်းမှု၊ ရေအရင်းအမြစ်များကို ပျက်စီးစေသည့် စက်မှုလုပ်ငန်းစွန့်ပစ်ရေများ၊ မိလ္လာရေများ၊ ဓာတုဒြပ်ပေါင်းများ ပျော်ဝင်နေသည့် ရေများကြောင့် ဖြစ်ပေါ်လာသည့် ရေထုညစ်ညမ်း မှု၊ ပလတ်စတစ်ပစ္စည်း အဟောင်းအပျက်များကို မဆင်မခြင် စွန့်ပစ်ရာမှ ဖြစ်ပေါ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှု၊ ကွန်ပျူတာ အဟောင်းများ၊ ရုံးသုံးမိတ္တူကူးစက်အဟောင်းများ၊ ရေခဲသေတ္တာ၊ လေအေးစက်အဟောင်းများကို စုပြုံစွန့်ပစ်ရာမှ ဖြစ်ပေါ်လာသည့် အဖြူရောင်ညစ်ညမ်းမှု စသည်ဖြင့် ညစ်ညမ်းမှုပေါင်းများစွာက မြို့ပြတွင်နေထိုင်သူတို့ကို ခြိမ်းခြောက်နေကြသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ၁၁၅ မိုင် ယာဉ် ရပ်နားစခန်းသည် အမြန်လမ်းမကြီးပေါ်တွင် အကြီးဆုံးနှင့် အစည် ကားဆုံး ယာဉ်ရပ်နားစခန်းကြီးဖြစ်သည်။ ယာဉ်ရပ်နားစခန်းကြီး တည်ဆောက်ထားပုံလှပခြင်းနှင့် သဘာဝပတ်ဝန်းကျင် သာယာ လှပခြင်းတို့ကြောင့်လည်း ခရီးသွားပြည်သူများ နှစ်သက်သဘော ကျသည့် နေရာတစ်ခုဖြစ်သည်။ ယာဉ်ရပ်နားစခန်းကြီး တည် ဆောက်ပြီးစီးစအချိန်ကဆိုလျှင် အဆိုပါစခန်းရှိ စားသောက်ဆိုင် များတွင် အနားယူရင်း အနောက်ဘက်သို့ မျှော်ကြည့်လိုက်ပါက ဖြောင့်တန်းနေသော အမြန်လမ်းမကြီးနှင့်အပြိုင် လှပသော ပဲခူး ရိုးမတောင်တန်းကြီးကိုပါ ကြည့်ရှုခံစားရင်း အပန်းဖြေနိုင်ခဲ့ကြ သည်။
ယခု ဤသို့မဟုတ်တော့။ အနောက်ဘက်သို့ မျှော်ကြည့် လိုက်ပါက ပဲခူးရိုးမ တောင်စဉ် တောင်တန်းကြီးအစား ကြော်ငြာ ဆိုင်းဘုတ်အတန်းလိုက်ကြီး ပိတ်ဆို့နေသည်ကိုသာ တွေ့ရတော့ သည်။ မှန်လုံဘတ်စ်ကားကြီးများကလည်း သတ်မှတ်နေရာတွင် မရပ်တော့ဘဲ စားသောက်ဆိုင်များအနီးထိ ဝင်ရပ်လာကြသည်။ မြင်ကွင်းညစ်ညမ်းမှု၏ သာဓကတစ်ခုပင် ဖြစ်သည်။
ညစ်ညမ်းမှုအားလုံးမှာ လူတို့၏ ပယောဂကြောင့်ဖြစ်သည်။ မဆင်မခြင်နှင့် ပြုလုပ်လိုက်သော ညစ်ညမ်းမှုများကြောင့် ထိခိုက် ခံစားရသည်မှာ သဘာဝပတ်ဝန်းကျင်နှင့်အတူ လူသား အားလုံးတို့လည်း ပါဝင်သည်။ အဆိုပါ ညစ်ညမ်းမှုများကို ပြန်လည်ရှင်းလင်းရာတွင်မူ ပေးဆပ်ရမှုများစွာတို့ ရှိတတ်ကြောင်း တင်ပြအပ်ပါသည်။

No comments:

Post a Comment