Saturday, April 30, 2016

စည်းလုံးညီညွတ်မှုအင်အား တစ်နိုင်ငံလုံး ပါဝင်ပြသကြရမည့်အချိန်


The Mirror Daily's photo.

(နန္ဒဝန်)
လာမည့် တစ်လ၊ နှစ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံကို စတင်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) အဖွဲ့ဝင် များနှင့် ဧပြီ ၂၇ ရက်က တွေ့ဆုံ ဆွေးနွေးရာတွင် တိုက်တွန်းခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် တိုင်းရင်းသားသွေးစည်း ညီညွတ်မှု၏ အမြင့်ဆုံးအမှတ် သင်္ကေတအဖြစ် တောင်တန်းဒေသများက ပြည်မကြီးနှင့်ပူးပေါင်းရန် သဘောတူညီသော 'ပင်လုံစာချုပ်'ကြီးကို အောင်မြင်စွာလက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းသည် ကျွန်ုပ်တို့နိုင်ငံသမိုင်း ၏ အထင်ကရမော်ကွန်းမှတ်တမ်းဖြစ် ခဲ့လေသည်။ဤနေရာတွင် သမိုင်းဝင်မော်ကွန်း တင်ခဲ့သော 'ပင်လုံစာချုပ်'နှင့်ပတ် သက်၍ မျိုးဆက်သစ်တို့သိစေနိုင်ရန် သမိုင်းကြောင်းနှင့်ယှဉ်တွဲနေသော ဗဟုသုတကို မျှဝေလိုပါသည်။သမိုင်းကြောင်းကို ချုံ့ကြည့်လျှင် ၁၉၄၅ ခုနှစ်အရောက်တွင် အင်္ဂလိပ် အစိုးရစစ်တပ်များ မြန်မာနိုင်ငံ အတွင်းသို့ပြန်ဝင်လာခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။ စက္ကူဖြူစာတမ်း အရ မြန်မာပြည်ကို ဒိုမီနီယန်အဆင့် အတန်းပေး၍ အုပ်ချုပ်ရန် မြန်မာ ပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ်(Sir Dormansmith) စီစဉ်နေချိန်ဖြစ်သည်။သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဖ၊ ဆ၊ ပ၊ လ အဖွဲ့ကြီး (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ် မြောက်ရေးအဖွဲ့)သည် ပြည်သူ့ အင်အား လူထုလှုပ်ရှားမှုများဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ယင်းနောက်တွင် ဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) မြန်မာပြည်သို့ ရောက်ရှိလာသည်။ မကြာမတင်မှာပင် ပုလိပ် သပိတ်ကြီးပေါ်ပေါက်လာခဲ့သည်။ ယင်းသပိတ်ကြီးသည် မကြုံစဖူး ထူးခြားလှသောကန့်ကွက်ဆန္ဒပြမှုဖြစ်ခဲ့ပြီး မရှေးမနှောင်းမှာပင် ကြေးနန်းနှင့် စာတိုက် အမှုထမ်းများ၏သပိတ်၊ အစိုးရစာပုံနှိပ်စက် အလုပ်သမားများ ၏သပိတ်၊ အစိုးရအမှုထမ်းပေါင်းစုံ သပိတ်စသည်ဖြင့် သပိတ်များဆင့်ကဲ ဆင့်ကဲ ပေါ်ပေါက်ခဲ့လေသည်။ အကျိုးရလဒ်အဖြစ် အစိုးရယန္တရား ကြီးတစ်ခုလုံး ရပ်တန့်သွားခဲ့သည်။ သို့ရာတွင် ဆာဟူးဘတ်ရန့်စ်သည် ဖ၊ ဆ၊ ပ၊ လ ခေါင်းဆောင်ကြီးများအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အဖွဲ့ကို ဖွဲ့စည်းစေခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော အဖွဲ့ အစည်းပေါ်ပေါက်လာရာ အစိုးရ အဖွဲ့ကိုထောက်ခံသည့်အနေဖြင့် သပိတ်လှန်ခဲ့ကြသည်။ ယင်းနောက်တွင် မြန်မာကိုယ်စား လှယ်အဖွဲ့ လန်ဒန်သို့ထွက်ခွာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် တွင် လန်ဒန်မြို့၌ အောင်ဆန်း- အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ ကြလေသည်။ယင်းစာချုပ်၏အခြေခံစည်းကမ်းသတ်မှတ်ချက်တစ်ရပ်အဖြစ် တောင်တန်းဒေသများက ပြည်မကြီးနှင့်ပေါင်းရန် သဘောတူရမည်ဖြစ်သည်။ ပြည်မ၊ တောင်တန်းပူးပေါင်းထားသော မြန်မာပြည်ကို လွတ်လပ်ရေး ပေးမည်ဟု အင်္ဂလိပ်အစိုးရက သဘောတူခဲ့လေသည်။ ဤတွင် ပြည်မနှင့်တောင်တန်း ပူးပေါင်းရေးကို အစွမ်းကုန်ဆောင် ရွက်နိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသောခေါင်းဆောင်များက လုံ့လဥဿဟပြုကြလေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်များ၏ ညီညာဖြဖြ အား ထုတ်မှုကြောင့် ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းပင်ဖြစ်လေသည်။
'ပင်လုံစာချုပ်' နိုင်ငံ့ဂုဏ်ဒြပ်'ပင်လုံစာချုပ်'သည် ကျွန်ုပ်တို့နိုင်ငံ ၏ ဂုဏ်ဒြပ်ကိုထည်ဝါစေခဲ့သည်။ တိုင်းရင်းသားသွေးစည်းညီညွတ်မှု၏ အထူးခြားဆုံးအမှတ်သင်္ကေတလည်း ဖြစ်သည်။ ရှမ်းဘာသာစကားဖြင့် 'ပန်လုံ'သည် 'လွင်ပြင်ကြီး'ဟုအဓိပ္ပာယ်ရရှိပြီး ပင်လုံသည် ရှမ်းပြည်နယ်(တောင်ပိုင်း)လဲချားစော်ဘွားအပိုင် နယ်အတွင်း၌တည်ရှိသည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြု သော မြန်မာကိုယ်စားလှယ်များသည် 'ပင်လုံစာချုပ်'ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။ဗြိတိသျှတို့ သွေးခွဲခြေထိုးခဲ့လင့်ကစား သမိုင်းဝင်စာချုပ်ကြီးကို သဘောတူညီ လက်မှတ်ရေးထိုးနိုင်ခဲ့ ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကချင်ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွား ကိုယ်စားလှယ်များ၊ ရှမ်းပြည်သူ့ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်တို့သည် သဘော တူညီချက်တွင် လက်မှတ်ရေးထိုးနိုင် ခဲ့ကြလေသည်။ပင်လုံမြို့၌ကျင်းပခဲ့သော အစည်းအဝေးကြီးတစ်ရပ်တွင် ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်း ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့ သည် လွတ်လပ်ရေးကို လျင်လျင် မြန်မြန် ရရှိလာလိမ့်မည်ဟု သဘော တူညီခဲ့ကြလေသည်။ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဖ၊ ဆ၊ ပ၊ လ အစိုးရသည် လွတ်လပ်တော့မည်ဖြစ်သော မြန်မာပြည်ကို ပြည်မသား၊ တောင်တန်းသားတို့၏ဆန္ဒနှင့်အညီ မည်သို့ဖွဲ့စည်းသင့်သည်၊ အုပ်ချုပ်သင့်သည်ကို ပြည်မဒေသ၊ တောင်တန်းဒေသတို့မှ ပြည်သူ့ကိုယ် စားလှယ်များနှင့် ဆွေးနွေးနိုင်ရန် ထိုနှစ် ဧပြီလတွင် တိုင်းပြည်ပြုလွှတ် တော်အတွက် ရွေးကောက်ပွဲကျင်းပ ပေးခဲ့သည်။ရွေးကောက်ပွဲအပြီးတွင် ပြည်သူများရွေးကောက်တင်မြှောက်လိုက်သော ပြည်မ၊ တောင်တန်း ကိုယ်စား လှယ်အမတ်များပါဝင်သည့် တိုင်း ပြည်ပြုလွှတ်တော်ကို ခေါ်ယူနိုင်ခဲ့ ပေသည်။ ထိုစဉ်က တိုင်းပြည်ကိုတရား ဥပဒေနှင့်အညီသာ အုပ်ချုပ်ရန် ရည်မှန်းဆောင်ရွက်ခဲ့ကြသည်။ ကချင်၊ ကယား၊ ကရင်၊ ရှမ်း တိုင်းရင်း သားလူမျိုးများသည် ပြည်နယ်အသီး သီးကိုဖွဲ့စည်းကာ ပြည်မနှင့်ပူးပေါင်း ၍ ပြည်ထောင်စုမြန်မာနိုင်ငံတည် ထောင်ရန် ရည်မှန်းခဲ့ကြသည်။ငါးနှစ်သက်တမ်းရှိ သမ္မတကို ရွေးချယ်တင်မြှောက်ကာ သမ္မတနိုင်ငံ အဖြစ်ထူထောင်ရန် မျှော်မှန်းခဲ့ကြသည်။တောင်သူလယ်သမားများနှင့် အလုပ်သမားများအပါအဝင် နိုင်ငံ သားအားလုံး၏ အကျိုးစီးပွားအလို့ ငှာ ပြည်သူ့ဆန္ဒနှင့်အညီ နိုင်ငံကို အုပ်ချုပ်ရန် မျှော်မှန်းခဲ့ကြသည်။ ဤမျှော်မှန်းချက်များကို ထင်ဟပ် လျက်ရှိသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို အများ သဘောတူဆုံးဖြတ်ချက်နှင့်အညီ ရေးဆွဲခဲ့ကြလေသည်။နိုင်ငံတော်အလံ၊ နိုင်ငံတော် သီချင်း၊ နိုင်ငံတော်တံဆိပ်တို့ကိုလည်း အများဆန္ဒဖြင့် သတ်မှတ်ခဲ့ကြလေ သည်။ ပြည်ထောင်စုအခြေခံဥပဒေကို ရေးဆွဲနေစဉ်ကာလအတွင်း ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ မသမာသူ တို့၏လက်ချက်ဖြင့် အသက်ပေး လှူခဲ့ကြရရှာသည်။
သို့ရာတွင် ဖ၊ ဆ၊ ပ၊ လ ဒုတိယ ဥက္ကဋ္ဌဖြစ်သော ဦးနုက ဆက်လက် ဆောင်ရွက်ခဲ့ရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကို တည်ထောင်ပြီဟု ကမ္ဘာသို့ ကြေညာနိုင်ခဲ့သည်။
ထိုမှအစပြု၍ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော ပြည်ထောင်စုသားများ၏အချုပ်အခြာ အာဏာပိုင်စိုးသော လွတ်လပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဝင့်ဝင့်ထည် ထည် ပေါ်ထွန်းခဲ့ပေသည်။'ပင်လုံစာချုပ်'ပေါ်ထွန်းလာမှု (၆၉) နှစ်ပြည့်မြောက်ချိန် ယနေ့ကာလတွင် စည်းလုံးညီညွတ်မှု အင်အားကို တစ်နိုင်ငံလုံးက ပါဝင်ပြသကြရမည့် ၂၁ ရာစု ပင်လုံညီလာခံကြီး မကြာမီ ပေါ်ထွန်းလာတော့မည်ဟု ရဟန်း ရှင်လူပြည်သူအပေါင်းတို့က အလေး အနက် ယုံကြည်လျက်ရှိကြကြောင်း လေ့လာတင်ပြအပ်ပါသည်။ ။
ရည်ညွှန်း။ ။(၁) တို့ချစ်သည့် တို့နိုင်ငံတော်၊ ဒေါက်တာ ကျော်စိန်၊ ၁၉၉၃ ခုနှစ်၊ စာပေဗိမာန်။
(၂) မြန်မာ့စွယ်စုံကျမ်း(အတွဲ ၁ဝ)။

No comments:

Post a Comment