Saturday, April 30, 2016

ဧဝရက်တောင်တွင် ရေခဲပြိုကျမှုကြောင့် မြန်မာတောင်တက်သမားသုံးဦး အခြေစိုက်စခန်းသို့ ပြန်လည်ဆင်းသက်




The Mirror Daily's photo.


ရန်ကုန် ဧပြီ ၂၉

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်သို့တက်ရောက်နိုင်ရန် ကြိုးစားလျက်ရှိသော မြန်မာတောင်တက်သမားသုံးဦးဖြစ်သည့် ကိုညီညီအောင်၊ ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီ မိနစ် ၂ဝခန့်တွင် တောင်ခြေစခန်းမှ အမြင့် ၂၃၆၂၅ ပေရှိ စခန်းအမှတ်(၃)ထိ တက်ရောက်ရန်ထွက်ခွာခဲ့ရာ ရေခဲပြိုကျလာမှုကြောင့် အခြေစိုက်စခန်းသို့ ပြန်လည်ဆင်းသက်ခဲ့ရသည်ဟု ၎င်းတို့၏ Myanmar Flag on Everest လူမှုကွန်ရက်စာမျက်နှာမှ သိရသည်။

''နံနက် ၃ နာရီခွဲက Camp 1 မရောက်ခင်လမ်းမှာ ရေခဲပြိုကျပြီးရှေ့ကိုတက်ရမယ့်လမ်းပိတ်သွားတာမျိုး ကြုံလိုက်ရပါတယ်။ မိမိတို့ မြန်မာတောင်တက်အဖွဲ့ရဲ့ ရှေ့မှာအဖွဲ့တစ်ဖွဲ့ရှိနေပါသေးတယ်။ ice falling ဖြစ်တဲ့ ယခုဖြစ်စဉ်မှာ နှစ်ဖွဲ့လုံးဘေးအန္တရာယ်မရှိ ခဲ့ပါ။ ယခုဧဝရက်တောင်ခြေစခန်းကို ပြန်လှည့်ခဲ့ပြီးအခြေချပြီးဖြစ်ပါတယ်။ အဖွဲ့ဝင်အားလုံးရဲ့ ကျန်းမာရေးအခြေအနေအထူးကောင်းမွန်ပါတယ်။ မနက် ၅ နာရီခွဲမှာတော့ တောင်ခြေစခန်းကနေ Camp 1 သွားရာလမ်းကြောင်းမှာပိတ်ဆို့သွားတဲ့ ရေခဲတွေ ဖယ်ရှားဖို့အတွက် ice fall doctor နှစ်ယောက် တက်သွားပါတယ်''ဟုယင်းစာမျက်နှာတွင် ရေးသားထားသည်။

မြန်မာတောင်တက်အဖွဲ့သည် မတ် ၂၆ ရက့်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နီပေါ နိုင်ငံ ခတ္တမန္ဒူမြို့သို့ ထွက်ခွာခဲ့ပြီး ဧပြီ ၁၁ ရက် ညနေ ၃ နာရီခန့်တွင် ဧဝရက်တောင်၏ အမြင့်ပေ ၁၇၅ဝဝ ရှိသောတောင်ခြေစခန်းသို့ ရောက်ရှိခဲ့ကြသည်။ ဧပြီ ၁၇ ရက်တွင် အမြင့်ပေ ၁၉ဝဝဝ အထိ တက်ရောက်ခဲ့ကြပြီးဧပြီ ၁၈ရက်မှ ၂ဝ ရက်အထိ တောင်ခြေစခန်းတွင် စခန်းချ ညပြန်အိပ်ခဲ့သည်။၊

ဧပြီ ၂၁ ရက်တွင် တောင်တက်စခန်းအမှတ် - ၁ အမြင့်ပေ ၁၉၅ဝဝ ထိတက်ရောက်ခဲ့ပြီး ၂၂ ရက်တွင် စခန်းအမှတ်-၂ အမြင့်ပေ ၂၁ဝဝဝ ထိ ဆက်လက် တက်ရောက်ခဲ့ကြသည်။ ထို့နောက် ၂၃ ရက်တွင် တောင်ခြေစခန်းသို့ ပြန်လည်ဆင်းသက်ခဲ့ပြီး လိုအပ်သည့် လေ့ကျင့်မှုများကို ပြုလုပ်ကာ ဧပြီ ၂၉ ရက်တွင် စခန်းအမှတ်-၃ အမြင့်ပေ ၂၃၆၂၅ပေထိ တက်ရောက်ရန် ထွက်ခွာခဲ့ရာမှ ယခုကဲ့သို့ ရေခဲပြိုကြမှုနှင့်တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် တောင်တက်အဖွဲ့သည် ဧပြီ ၃ဝ ရက် တွင် စခန်းအမှတ် -၁ သို့ ထပ်မံတက်ရောက်ကာ တောင်ခြေသို့ ပြန်ဆင်းသက်ပြီး ရက်သတ္တပတ်ခန့် လေ့ကျင့်မှုများထပ်မံပြုလုပ်ကာ ဧဝရက်တောင်ထိပ် သို့ တက်ရောက်ရန် ပြင်ဆင်သွားမည်ဟုသိရသည်။
သတင်း - ခင်ဇာလီ
ဓာတ်ပုံ-Myanmar Flag on Everest

No comments:

Post a Comment