Saturday, April 30, 2016

ဂျီ-၇ သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး



The Mirror Daily's photo.

ကျိုတို ဧပြီ ၂၉


ဂျီ-၇ နိုင်ငံများမှ သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီးများက (၄၂)ကြိမ်မြောက် ဂျီ-၇ ထိပ်သီးအစည်းအဝေးမတိုင်မီ နှစ်ရက်ကြာအစည်းအဝေးတစ်ရပ်ကို တာကာမတ်ဆု မြို့တွင် ယနေ့ကျင်းပခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်အရသိရသည်။
အဆိုပါအစည်းအဝေးတွင် အင်တာနက်အခြေခံသည့် ခေတ်မီနည်းပညာများအသုံးပြုပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့်နည်းလမ်းကောင်းများကို ဝန်ကြီးများက တိုင်ပင်ဆွေးနွေးခဲ့သည်။
ယင်းအစည်းအဝေးကို ဂျပန်ပြည်ထဲရေးနှင့်ဆက် သွယ်ရေးဝန်ကြီး ဆာနေးတာကိုင်ချီက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မိုတူးဟာရာရှီလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အင်တာနက်အခြေပြု ခေတ်မီနည်းပညာများသည် ယနေ့ခေတ် လူမှုစီးပွားလုပ်ငန်းမူဘောင်များတွင် အခြေခံကျသည့်နေရာမှ ပါဝင်ပတ်သက်လာပြီဖြစ်ကြောင်း ဂျပန်ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဆာနေး တာကိုင်ချီက ဆိုသည်။
ပြည်သူ့အကျိုးစီးပွားများ ပိုမိုတိုးတက်မြင့်မားရေးအတွက် ခေတ်မီနည်းပညာများကို မည်သို့အသုံးချရ မည်ဆိုသည့် နည်းလမ်းကောင်းများကို တက်ရောက်လာသော ဝန်ကြီးများက တိုင်ပင်ညှိနှိုင်းပြီး အဖြေရှာနိုင်မည်ဟု ယုံကြည်ပါကြောင်း တာကိုင်ချီက ဆက်လက် ပြောကြားသည်။
နည်းပညာအခြေခံသည့် စုံစမ်းထောက်လှမ်းမှုများနှင့်ပတ်သက်သော နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရေးအတွက် တာကိုင်ချီက ဝန်ကြီးများအား တိုက်တွန်း ပြောကြားခဲ့သည်။
(၄၂) ကြိမ်မြောက် ဂျီ-၇ ထိပ်သီးအစည်းအဝေးကို မေ ၂၆-၂၇ ရက်တွင် ဂျပန်နိုင်ငံ ကာရှီကိုကျွန်းရှိ ရှီးမားကန်ကို ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment