Saturday, April 30, 2016

ဒသမတန်း ဘက်စုံပညာထူးချွန် လူငယ်အပန်းဖြေစခန်း(ငွေဆောင်) ဖွင့်လှစ်




The Mirror Daily's photo.


ငွေဆောင် ဧပြီ ၂၉

၂ဝ၁၆ ခုနှစ် ဒသမတန်း ဘက်စုံပညာထူးချွန် လူငယ်အပန်းဖြေစခန်း(ငွေဆောင်)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီက နှစ်သစ်တွင် အစိုးရအဖွဲ့သစ် ၏နွေးထွေးစွာ ကြိုဆိုမှုနှင့်အတူ ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့်ကာလအတွင်း ကျန်းမာရွှင်လန်းစွာ အပန်းဖြေနိုင်ပြီး ဒေသန္တရဗဟုသုတ များရကြပါစေကြောင်းနှင့် ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးကြပြီး နိုင်ငံတော်၏အကျိုးအတွက် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ပညာရေး ကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူများယုံကြည် မျှော်လင့်ထားသည့်အတိုင်း အောင်မြင်စွာ စွမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဘက်စုံပညာ ထူးချွန်တံဆိပ်များကို ကျောင်းသား ကျောင်းသူများအား ချီးမြှင့်အပ်နှင်းသည်။

ထို့နောက် ဘက်စုံပညာထူးချွန်အပန်းဖြေစခန်း (ငွေဆောင်)စခန်းမှူး ဦးဝင်းမောင်က ဘက်စုံပညာထူးချွန် အပန်းဖြေစခန်းဖွင့်ပွဲအမှတ်တရ မော်ကွန်းတံဆိပ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်သို့ ပေးအပ်ခဲ့သည်။ လူရည်ချွန် ဟောင်းများအဖွဲ့ကလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အမှတ်တရတံဆိပ်ပေးအပ်ခဲ့သည်။

ချင်းပြည်နယ် မင်းတပ်မြို့ အထက ကန်ပက်လက်မှ သုံးထပ်ကွမ်းလူရည်ချွန် မောင်ဟာရှိန်းကီးက ဘက်စုံထူးချွန် မောင်မယ်များကိုယ်စား ကျေးဇူးတင်စကားပြောကြား သည်။ ထို့နောက် အလက(၅)ပုသိမ်မှ ကျောင်းသားလေး တစ်ဦးက ကျွန်တော့်ရည်မှန်းချက်သီချင်းဖြင့် သီဆိုဖျော်ဖြေ ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘက်စုံပညာ ထူးချွန်မောင်မယ်များက မြန်မာ့ကျောင်းသီချင်း၊ ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြု သီဆိုခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးပညာရေးဌာနမှ ဖွဲ့စည်းထားသော ပညာလင်္ကာတေးဂီတအဖွဲ့မှ တေးရေး ဟင်္သာတမြင့်ငွေ ရေးစပ်သီကုံးထားသည့် ''ဧရာဝတီရဲ့ အလှ'' သီချင်းဖြင့် သီဆိုကပြသရုပ်ဖော်ခဲ့ကြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များသည် ဘက်စုံပညာထူးချွန် မောင်မယ်များနှင့်အတူ ခင်မင်ရင်းနှီးစွာဖြင့် ဂုဏ်ပြု နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြောင်းသိရသည်။
(သတင်းနှင့်ဓာတ်ပုံ - သီသီမင်း)

No comments:

Post a Comment