Saturday, April 30, 2016

မန္တလေး ခုတင်(၅၅ဝ)ကလေးဆေးရုံကြီးတွင် လေးမြွှာပူးကလေးငယ်များ ကုသမှုခံယူ




The Mirror Daily's photo.


စစ်ကိုင်း ဧပြီ ၂၉

စစ်ကိုင်းမြို့ဆေးရုံတွင် ဧပြီ ၂၈ ရက်က ဓမ္မတာအတိုင်း မွေးဖွားခဲ့သည့် ယောက်ျားလေး လေးမြွှာပူးကလေးငယ်များကို မန္တလေး (ခုတင်-၅၅ဝ)ကလေးဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေကြောင်း ၎င်းဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေက ပြောသည်။

စစ်ကိုင်းမြို့ ဇေယျာကွက်သစ်ရပ်ကွက်တွင် နေထိုင်ကြသည့် ကိုကျော်မင်းလတ်နှင့် မမြင့်မြင့်အေးတို့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များ၏ ကျန်းမာရေးအတွက် မန္တလေးသို့ ပို့ဆောင်ထားပြီး မိခင်မှာအသက်(၂၉)နှစ် အရွယ်သာရှိကာ စစ်ကိုင်းဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိသည်။

''များသောအားဖြင့် နှစ်မြွှာပူးတွေနဲ့သုံးမြွှာပူးတွေသာ အမွေးများပါတယ်။ အခုလို လေးမြွှာပူးက အတော်လေးရှားတယ်။ ခုမွေးဖွားတဲ့ လေးမြွှာပူးကတော့ အသက်ရှင်လျက် မိရိုးဖလာအတိုင်းမွေးတာကြောင့် မိခင်ကအင်အား နည်းသွားလို့ စစ်ကိုင်းဆေးရုံမှာပဲ ရှိသေးတယ်။ ကလေးတွေကို အထူးစောင့်ကြပ်ကုသပေးနေပါတယ်'' ဟု မန္တလေး (ခုတင်-၅၅ဝ)ဆေးရုံအုပ်ကြီးက ပြောသည်။

အဆိုပါ လေးမြွှာပူးကလေးငယ်များမှ ပထမမွေးဖွား လာသည့် ကလေးငယ်မှာ ၁ ဒသမ ၂ ကီလိုဂရမ်၊ ဒုတိယ မှာ ၁ ကီလိုဂရမ်၊ တတိယမှာ ၁ ကီလိုဂရမ်နှင့် စတုတ္ထ ကလေးငယ်မှာ ၁ ဒသမ ၃ ကီလိုဂရမ် အသီးသီးရှိကြပြီး ပထမနှင့် ဒုတိယကလေးငယ်များမှာ အခြေအနေဆိုးရွား မှုမရှိဘဲ တတိယကလေးမှာ အဆုတ်ထဲသို့လေအမြဲတမ်း ဝင်နေစေရန်အတွက် ပြုလုပ်ပေးထားရပြီး စတုတ္ထ ကလေးငယ်မှာ အသက်ရှူစက်ဖြင့် ကူညီပေးနေရကြောင်း သိရသည်။

ကလေးမိဘဖြစ်သူသည် လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး ယခုမွေးဖွားခြင်းမှာ ဒုတိယ ကိုယ်ဝန်ဆောင်မွေးဖွားခြင်းဖြစ်ကြောင်း၊ အမြွှာပူးမွေးဖွား ခြင်းသည် ဖခင်ဘက်ကမျိုးရိုးနှင့် ပို၍သက်ဆိုင်မှုရှိကြောင်း သိရသည်။
''မိဘတွေက ကိုယ်ဝန်ရှိစဉ်မှာ ကိုယ်ဝန်အပ်ထားတာ။ Ultrasound ရိုက်တာတွေမရှိတော့ လေးမြွှာပူးဆိုတာ မသိကြဘူး။ မွေးတော့မှသိကြတယ်။ ကိုယ်ဝန်အရွယ် အစားကလည်း ပုံမှန်ထက်ပိုပြီးကြီးမားတာပေါ့။ ဆေးပညာအရ အမြွှာပူးကလေးငယ်တွေမှာ အလေးချိန်မပြည့်တတ် ကြသလို လမစေ့ဘဲမွေးတတ်ပါတယ်''ဟု ဆေးရုံအုပ်ကြီးက ပြောသည်။

ပုံမှန်မွေးဖွားကြသည့် မွေးကင်းစကလေးငယ်များတွင် ၂ ဒသမ ၅ ကီလိုဂရမ် အထက်ရှိ၍ယင်းထက် နည်းသွားပါက ကိုယ်အလေးချိန်မပြည့်သည့် စာရင်းဝင်ပြီး ၁ ဒသမ ၅ ကီလိုဂရမ်ထက်လျော့နည်းပါက သတိထားရမည့် အခြေ အနေဖြစ်ကာ ၁ ကီလိုဂရမ်ထက် နည်းခြင်းများလည်းရှိ၍ အသက်ရှင်သန်မှုရာနှုန်းနည်းသည်ဟု ဆိုသည်။

ယင်းကလေးငယ်များအတွက် စစ်ကိုင်းမြို့ သုခကာရီ လူမှုကူညီရေးအသင်းမှ မွေးဖွားစရိတ်အဖြစ် ကျပ်တစ် သိန်းနှင့် နိုင်ငံကျော်ကလေးအဆိုတော် မေ့ချစ်သက် မိသားစုတို့က ကလေးတစ်ယောက်လျှင် ကျပ်တစ်သောင်း နှုန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment