Thursday, August 31, 2017

အဝေးပြေးလမ်းများတွင် ယာဉ်ကျော်တက်သည့် အချက်ပြအမှားများကို မှန်ကန်သည်အထိပြုပြင်

Image may contain: one or more people, people sitting and indoor
နေပြည်တော် သြဂုတ် ၃ဝ
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(National Road Safety Council–NRSC)၏ တတိယအကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဦးသန့်စင်မောင်၊ ကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော် ဝန်များ၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆပ်ကော်မတီ ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတကNRSC ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက် အရေး ပါသကဲ့သို့ ပြည်သူလူထု၏အသက်အန္တရာယ်လုံခြုံမှုအပါအဝင် ဘေးအန္တရာယ် ကင်းရှင်းမှုအတွက်ပါ အထူးအလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်၊ ဒုတိယအကြိမ် အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းစဉ်များတင်ပြနိုင်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြုံတွေ့ရသည့်အခက်အခဲများ၊ ကန့်သတ် ချက်များနှင့် ဆောင်ရွက်လိုသည့် လုပ်ငန်းအစီအမံများကို တင်ပြဆွေးနွေးနိုင် စေရန်နှင့် ထပ်တိုးလုပ်ငန်းအစီအမံများကို ဆွေးနွေးချမှတ်နိုင်စေရန် ရည်ရွယ် ၍ ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety)ဆိုသည် မှာ ယာဉ်မတော်တဆဖြစ်မှုများနှင့် ယင်းမတော်တဆမှုများကြောင့် ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှုများနှင့် လူမှုစီးပွားဘဝ ထိခိုက်နစ်နာဆုံးရှုံးမှုများ လျော့နည်းကျဆင်းသွားစေရေးမှစတင်၍ လုံးဝပပျောက်သွားစေရေး ရှေ့ဆက် မည်သို့ဆောင်ရွက်ရမည်ဆိုသည့် အချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူတစ်ဦးချင်းစီက အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်ကြမှသာ တိုးတက်အောင်မြင်မှုရရှိနိုင်မည့် လုပ်ငန်း သဘာဝမျိုးဖြစ်သကဲ့သို့ ဘက်စုံကဏ္ဍစုံမှ မဖြစ်မနေဝိုင်းဝန်း ပူးပေါင်းပါဝင် လုပ်ဆောင်ကြရမည့် လုပ်ငန်းမျိုးလည်း ဖြစ်ပါကြောင်း။
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ မူလQuick-win အစီအမံ(၄)ရပ်ဖြစ်သည့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရေး၊ အသက်ကယ်ထိုင်ခုံခါးပတ်ပတ်ရေး၊ သောက်စားမူးယစ်၍ ယာဉ်မောင်းနှင်မှုမပြု ရေးနှင့် ယာဉ်မောင်းနှင်စဉ် လက်ကိုင်ဖုန်းအသုံးမပြုရေး လုပ်ငန်းစဉ်များအပြင် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှုမပြုရေးလုပ်ငန်းစဉ်များကိုပါ ကျယ်ပြန့်စွာ ကြိုးပမ်းဆောင်ရွက်နေသည်ကို အသိအမှတ်ပြုပါကြောင်း၊ သို့ရာတွင် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေသည့် ယာဉ်မတော်တဆမှုများ၊ ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများကို သတိပြုဆန်းစစ်ကြရမည်ဖြစ်ပါ ကြောင်း။
လမ်းသစ်များဖောက်လုပ် တည်ဆောက်ကြရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးကို အထူးအလေးထား ထည့်သွင်းတွက်ချက်ပြီး လမ်းဒီဇိုင်းစံနှုန်း သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ ပြန်လည် ပြုပြင်သည့်အခါတွင်လည်း တာဝန်ယူဆောင်ရွက်နေကြသည့်ဌာန၊ အဖွဲ့ အစည်းများအနေဖြင့် လုံခြုံရေးပိုင်းကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြစေလို ပါကြောင်း၊ ထို့အတူ လမ်းညွှန်၊ လမ်းအမှတ်အသားနှင့် အချက်ပြမီးတပ်ဆင် မှုများကို ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန်ပြည့်စုံ စွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
မိမိတို့ပတ်ဝန်းကျင်တွင် နှစ်ပေါင်းများစွာအရိုးစွဲခဲ့သည့် အဝေးပြေးလမ်းမ ကြီးများတွင် ယာဉ်ကျော်တက်နိုင်ရန် မှားယွင်းအချက်ပြနေသည့် အလေ့အကျင့် များနှင့် အယူအဆအမှားများကို လုံးဝပပျောက်စေပြီး မှန်ကန်တည့်မတ်လာ သည်အထိ ဝိုင်းဝန်းပြုပြင်ပေးကြရမည်ဖြစ်ကြောင်း။
ယာဉ်တိုက်ခိုက်မှုများ လျော့နည်းကျဆင်းစေရေး အရှိန်မြှင့်ဆောင်ရွက် ရာတွင် လိုအပ်သော ရန်ပုံငွေရရှိရေးအတွက် ယခုပြင်ဆင်ရေးဆွဲလျက်ရှိသော မော်တော်ယာဉ်ဥပဒေနှင့်အညီ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ကဏ္ဍစုံပါဝင်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အလုပ် ရုံဆွေးနွေးပွဲမှ ရရှိလာသည့် အကြံပြုချက်များကိုNRSCအဖွဲ့ဝင်များအနေဖြင့် သေချာစွာလေ့လာပြီး အလေးထားပူးပေါင်းဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း။
NRSC မှ ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်းအချက်အလက်များ မှန်ကန် ပြည့်စုံစွာ ထုတ်ပြန်ချပြခြင်းအားဖြင့် ပြည်သူလူထုအနေဖြင့်လည်း အခြေအနေ မှန်ကို သိမြင်လက်ခံပြီး ကြောင်းကျိုးသုံးသပ်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများအား ပိုမိုအလေးထား လိုက်နာလာကြမည်ဖြစ်ပါကြောင်း။
အခြေခံပညာကျောင်းများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေး ကျောင်းသင်ခန်းစာများကို စတင်ထည့်သွင်းပြဋ္ဌာန်းလျက်ရှိသကဲ့သို့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးလာသည့် အသိဥာဏ်အပေါ်မူတည်၍ ငယ်စဉ် ကလေးဘဝကတည်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုသည်မှာ မိမိ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ တစ်ပါးသူအတွက်သော်လည်းကောင်း အန္တရာယ်ဖြစ်စေနိုင်သည်ဆိုသည့် အခြေခံအသိတရားကို လေ့ကျင့်မွေးမြူပေး ကြရမည်ဖြစ်ပါကြောင်း။
လူတစ်ဦးချင်းအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကိုယ်စီ လိုက်နာထိန်းသိမ်းကြမည်၊ ယာဉ်များ၏ကြံ့ခိုင်မှု ကောင်းမွန်နေမည်၊ လမ်းများ လုံခြုံစိတ်ချရမှုရှိနေမည်၊ လမ်းအသုံးပြုသူများအားလုံး စည်းကမ်းလိုက်နာကြ မည်ဆိုလျှင် ယာဉ်မတော်တဆ ဖြစ်ပွားမှုသည် လျော့နည်းကျဆင်းသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဦးသန့်စင်မောင်တို့က အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်မင်းဦးက ၂ဝ၁၇ ခုနှစ်၊ ယာဉ်တိုက်ခိုက်မှုဆိုင်ရာ အခြေအနေ များနှင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဆပ်ကော်မတီအတွင်းရေးမှူး များက ဆပ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအတွင်းရေးမှူးက ပုဂ္ဂလိကယာဉ်မောင်းသင်တန်းကျောင်းများ စနစ် တကျ ဖွင့်လှစ်နိုင်ရေး စည်းကမ်းသတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းတင်ပြချက်များ နှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
(သတင်းစဉ်)

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်နိုင်ငံအလိုက် အဆင့်(၇)နေရာ မြန်မာအားကစားအဖွဲ့ရရှိ

Image may contain: one or more people and people standing
ကွာလာလမ်ပူ သြဂုတ် ၃ဝ
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၉)ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ယနေ့ညပိုင်းတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး မြန်မာ အားကစားအဖွဲ့က ဆုတံဆိပ် ၃၇ ခုဖြင့် နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် (၇) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
မြန်မာအားကစားအဖွဲ့သည် ယနေ့ကျင်းပသည့် ပြိုင်ပွဲနောက်ဆုံးရက်တွင် ဆုတံဆိပ်ရယူနိုင်ခြင်းမရှိတော့ဘဲ မြန်မာအမျိုးသားဟော်ကီအသင်းရယူပေး ခဲ့သည့် ငွေတံဆိပ်ဆုမှာ နောက်ဆုံးရခဲ့သည့်ဆုတံဆိပ်ဖြစ်ခဲ့သည်။ မြန်မာ အားကစားအဖွဲ့သည် ယခုပြိုင်ပွဲတွင် ရွှေခုနစ်ခု၊ ငွေ ၁ဝ ခု၊ ကြေး ၂ဝ ဆွတ်ခူးရရှိခဲ့ပြီး ရွှေတံဆိပ်ဆုများကို ပိုက်ကျော်ခြင်း/ခြင်းလုံး၊ ဝူရှူးနှင့် သေနတ်ပစ်အားကစားနည်းတို့က ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရွှေဆုများကို ခြင်းလုံးအမျိုးသားအသင်းက နှစ်ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုး သမီးလေးယောက်တွဲပြိုင်ပွဲမှ တစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲမှ တစ်ခု၊ ဝူရှူးအားကစားနည်းမှ မြတ်သက်စုဝေဖြိုးက ချန်းချွမ်ပြိုင်ပွဲမှတစ်ခု၊ သိန်းသန်း ဦးက နန်းကွန့်နှင့် နန်းတောင်းပြိုင်ပွဲနှစ်ခုပေါင်းမှတစ်ခု၊ သေနတ်ပစ်အားကစား နည်းမှ မေပိုးဝါက(၁ဝ)မီတာလေပစ္စတိုပြိုင်ပွဲမှ တစ်ခုတို့ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့သည် ယခုပြိုင်ပွဲတွင် ရွှေဆုရယူနိုင်ရန် အားသာသည့် လှေလှော်အားကစားနည်း မပါဝင်ခြင်းနှင့်အတူ အားကစားနည်းအချို့ မျှော်မှန်း ထားသလောက် အောင်မြင်မှုမရခဲ့သောကြောင့် ရွှေဆုရ နည်းသွားခဲ့ပြီး ၁၉၉၉ ခုနှစ်က ဘရူနိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ဆီးဂ
ိမ်းပြိုင်ပွဲတွင် ရွှေသုံးခုရပြီး နောက်ပိုင်း အနည်းဆုံးပြိုင်ပွဲဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုပြိုင်ပွဲတွင် အားကစားနည်း ၂၉ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၁၂ မျိုးကသာ ဆုတံဆိပ်ရယူနိုင်ခဲ့ပြီး အားကစားနည်းအများစု အောင်မြင်မှုနှင့် ဝေးကွာခဲ့ သည်။ ပြိုင်ပွဲအပြီးတွင် အိမ်ရှင်မလေးရှားနိုင်ငံက ရွှေတံဆိပ် ၁၄၅ ခုဖြင့် နိုင်ငံအလိုက်ပထမနေရာရရှိခဲ့သည်။ မြန်မာအားကစားအဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲ တွင် အားကစားသမား ၃၈၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများစွာ ကျဆင်းခဲ့သောကြောင့် မြန်မာ့အားကစားလောက တိုးတက်အောင်မြင်လာရန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။
(ရဲရင့်ရှိုင်း)

ပထမဆုံးတစ်ကိုယ်တော်ခွေကိုဒီဇင်ဘာလမှာထွက်ရှိနိုင်ဖို့ပြင်ဆင်နေတဲ့စွမ်း

Image may contain: one or more people
ဇာတ်သဘင်လောကမှာ နာမည်ကျော်တစ်ဦးဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးမှုရရှိထားတဲ့ စွမ်းက လာမယ့်ဒီဇင်ဘာလမှာတော့ နှလုံးသားကိုလက်ဖွဲ့မယ်လို့အမည်ပေးထားတဲ့ တစ်ကိုယ်တော်ခွေနဲ့အတူ ဂီတလောကကို ခြေချဖို့စိုင်းပြင်းနေပြီလို့ သိရပါတယ်။
''ကျွန်တော် ဒီအခွေကိုလုပ်နေတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကလည်း အဆိုတော် ဖြစ်ချင်တာပါ။ ဒါပေမယ့် အဆိုတော်မဖြစ်ဘဲ ဇာတ်မင်းသားနဲ့ ရုပ်ရှင်မင်းသား ဖြစ်လာတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ မူလရည်ရွယ်ချက် မပျောက်သွားအောင်လို့ မအားတဲ့ကြားထဲကနေ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်ခဲ့တဲ့ အခွေလေးပါ။ ဒီအခွေကို လာမယ့်ဒီဇင်ဘာလမှာထွက်နိုင်အောင်ကြိုးစားနေပါတယ်''ဆိုပြီး တစ်ကိုယ်တော်ခွေ စီစဉ် ဖြစ်ခဲ့တဲ့အပေါ် စွမ်းက ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဒီသီချင်းခွေထဲမှာ စွမ်းရေးသားထားတဲ့ ကိုယ်တိုင်ရေးသီချင်း နှစ်ပုဒ် ပါဝင်ပြီး သီချင်းအများစုက အသည်းကွဲသီချင်းတွေသာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ''ဒီအခွေထဲမှာ ကျွန်တော် ကိုယ်တိုင်ရေးအသည်းကွဲသီချင်း နှစ်ပုဒ်ပါပါတယ်။ ကျန်တဲ့သီချင်းတော်တော်များများကလည်း အသည်းကွဲသီချင်း တွေချည်းပါပဲ။ အချစ်သီချင်းကတော့ နှစ်ပုဒ်ပါမယ်။ ဒီအခွေလေးက ယောက်ျားလေးတွေအတွက် အကြိုက်တွေ့နိုင်မယ့် အခွေလို့ထင်ပါတယ်''လို့ စွမ်းက ပြောပြခဲ့ပါတယ်။ သီချင်းအမျိုးအစားတွေအနေနဲ့ ပေါ့ပ် နဲ့ ရော့ခ် တွေပါဝင်မယ့် စွမ်းရဲ့တစ်ကိုယ်တော်စီးရီးမှာ သီချင်းပုဒ်ရေ စုစုပေါင်း ၁ဝ ပုဒ်နဲ့ ၁၃ ပုဒ် ကြားပါဝင်မယ်လို့ သိရပါတယ်။
မေနှင်းဆီ

သရုပ်ဆောင်လုပ်ဖို့အစီအစဉ်မရှိသေးဘူးဆိုတဲ့ ပန်းရောင်ခြယ်

Image may contain: one or more people
နိုင်ငံကျော်တေးသံရှင် ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်က ဂီတပိုင်းကိုပဲ အချိန်ပေးချင်တာကြောင့် သရုပ် ဆောင်လုပ်ဖို့အစီအစဉ်မရှိသေးဘူးလို့ ပြောပါတယ်။
''ပန်းရောင်ကို ကြော်ငြာလေးတွေ၊ ဓာတ်ပုံလေးတွေရိုက်ပေးဖို့ ကမ်းလှမ်းတာလေးတွေကိုပဲ ကိုယ်တတ်နိုင် သလောက် ရိုက်ဖြစ်တာပါ။ ပန်းရောင်သရုပ်ဆောင်လုပ်ဖို့ကတော့ အစီအစဉ်မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ပန်းရောင်က ဂီတကို ပိုပြီးဝါသနာပါတဲ့အတွက် သီချင်းတွေကိုပဲ သေချာလေးစိတ်နှစ်ပြီးလုပ်သွားမှာပါ'' လို့ ပန်းရောင်ခြယ်က ပြောပြပါတယ်။
သူမအနေနဲ့ ဖခင်ဖြစ်သူကို အားကျသူပီပီ တေးဂီတပိုင်းကိုသာ အာရုံစိုက် ကြိုးစားသွားမှာ ဖြစ်သလို လတ်တလောမှာလည်း သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်စီးရီးအတွက် အကောင်းဆုံးဖြစ်အောင် ဖခင်နဲ့တိုင်ပင်ပြီး ပြင်ဆင်နေတယ်လို့ ထပ်မံပြောပြပါတယ်။
''ပန်းရောင်ရဲ့ တစ်ကိုယ်တော်ခွေမှာတော့ ကိုယ့်အသံနဲ့ လိုက်မယ်ထင်တဲ့ ပေါ့ပ် နဲ့ အာရန်ဘီ သီချင်းတွေကို အဓိကဆိုသွားမှာပါ။ အချစ်သီချင်း အများဆုံးပါပါမယ်။ ဒါက ပန်းရောင်ရဲ့ ပထမဆုံး အယ်လ်ဘမ်လေးဖြစ်တဲ့အတွက် သီချင်းရွေးချယ်မှု ပိုင်းကအစ သေချာလေးလုပ်ထားပါတယ်။ အယ်လ်ဘမ်ထွက်လာရင်လည်း ပန်းရောင်ကို အားပေးဝေဖန်ကြပါဦးလို့ ပြောချင်ပါတယ်''ဟု ပန်းရောင်ခြယ်က ထပ်မံပြောပြခဲ့ပါတယ်။
ဒီအယ်လ်ဘမ်မှာတော့ တေးသံရှင် ပန်းရောင် ခြယ်ရဲ့ ကိုယ်တိုင်ရေးတေးသီချင်းတွေ အများဆုံး ပါဝင်မှာဖြစ်ပြီး တေးရေး အောင်ကိုမြင့်နဲ့ အခြား တေးရေးဆရာတွေလည်း ပါဝင်ရေးသားပေးထား တဲ့အပြင် ဒီနှစ်အတွင်းမှာ ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မေနှင်းဆီ

ဆန်ဒရာဘူးလော့ဒ်က ဟာရီကိန်းဟာဗေးဒဏ်ခံခဲ့ရသူများအတွက် ဒေါ်လာတစ်သန်း လှူဒါန်း

Image may contain: one or more people and sunglasses
ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ဆန်ဒရာဘူးလော့ဒ်ဟာ လတ်တလော မှာတော့ အခြားသော အနုပညာကြယ်ပွင့်တွေဖြစ်ကြတဲ့ ဘီယွန်းစေးနိုးလက်စ်၊ အယ်ရော့ခ်၊ ကမ်ကာဒါးရှီးရန်းနဲ့ ဂျနီဖာလိုပက်ဇ်တို့နဲ့အတူလက်တွဲကာ ဟာရီကိန်းမုန်တိုင်း ဟာဗေး ဒဏ်သင့်ခဲ့ရသူတွေကို ကူညီထောက်ပံ့ပေးဖို့ အလှူငွေထည့်ဝင်ခဲ့ပါတယ်။ ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ခံထားရတဲ့ မင်းသမီး ဆန်ဒရာဘူးလော့ဒ်က ရုပ်ရည်လှပသူတစ်ဦး ဖြစ်တဲ့အပြင် စိတ်သဘောလှသူတစ်ဦးဖြစ်ကြောင်းပြသခဲ့ပြီး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့သူတွေ အတွက် အမေရိကန်ဒေါ်လာ တစ်သန်း ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဟာရီကိန်းဟာဗေးဟာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ တိုက်ခတ်ခဲ့ တာဖြစ်ပြီး လတ်တလောမှာ အသက်(၅၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်ဒရာဘူးလော့ဒ်ဟာ တက္ကဆက်ပြည်နယ်အတွင်းမှာ နေအိမ်တစ်လုံးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ်အတွင်းမှာရှိကြတဲ့ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့သူတွေနဲ့ မိသားစု ဝင်တွေအတွက် ထောက်ပံ့ပေးအပ်သွားမယ့် အလှူငွေကိုတော့ ဆန်ဒရာက အမေရိကန် နိုင်ငံ ကြက်ခြေနီအသင်းကနေတစ်ဆင့် လှူဒါန်းခဲ့တာဖြစ်ကြောင်းလည်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်း ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ဟောလိဝုဒ်နာမည်ကျော်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ကာဒါးရှီးရန်းမိသားစုဝင်တွေအနက် ခရစ်ဂျန်ဒါ၊ ကောင်တ်နေကာဒါးရှီးရန်း၊ ကမ်ကာဒါးရှီးရန်း၊ ကိုးလ်ကာဒါးရှီးရန်း၊ ကန်ဒဲလ် ဂျန်နာနဲ့ ကိုင်လီဂျန်နာတို့ကလည်း အမေရိကန်ဒေါ်လာ ငါးသိန်းထည့်ဝင်လှူဒါန်းသွားမှာ ဖြစ်ပြီး နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ ခရစ်ဘရောင်းကတော့ အလှူငွေအမေရိကန် ဒေါ်လာ တစ်သိန်းကို ကြက်ခြေနီအသင်းကနေတစ်ဆင့် မလှူဒါန်းဘဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

ယခုနှစ်အတွင်း လက်ထပ်တော့မယ့် ဂျန်ဂူဝင်

Image may contain: one or more people, stripes and closeup
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ ဂျန်ဂူဝင်ဟာ ယခုနှစ်နှစ်ကုန်ပိုင်းမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ သူ့ရဲ့ သတို့သမီး လောင်းကတော့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦး ဟာ လာမယ့်စက်တင်ဘာ ၃ဝ ရက်မှာ လက်ထပ်ပွဲဆင်နွှဲတော့မှာ ဖြစ်ပါတယ်။
ဂျန်ဂူဝင်ရဲ့ သတို့သမီးလောင်းဟာ စန္ဒရားပညာရှင်တစ်ဦးဖြစ်ပြီး သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ် လက်တွဲလာခဲ့ကြတာတစ်နှစ်ခန့် ကြာခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။ မင်္ဂလာပွဲကိုတော့ ခမ်းခမ်း နားနားကျင်းပဖို့ထက် ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ နှစ်ဖက်ဆွေမျိုးတွေနဲ့သာ အကျဉ်းချုံးကျင်းပဖို့အတွက် စီစဉ်ထားတာဖြစ်တယ်လို့လည်း သိရ ပါတယ်။
လာမယ့်စက်တင်ဘာလမှာ ကျင်းပမယ့် လက်ထပ်ပွဲဟာ ဂျန်ဂူဝင် အတွက်တော့ ပထမဆုံးသောလက်ထပ်ပွဲမဟုတ်ပါဘူး။ သူဟာ ၂ဝ၁၄ ခုနှစ်အတွင်းက လက်ထပ်ခဲ့ဖူးပြီး သူ့ရဲ့ပထမအိမ်ထောင်နဲ့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်အတွင်း တရားဝင်ကွာရှင်းခဲ့တာဖြစ်ပါတယ်။ ဂျန်ဂူဝင်ရဲ့ ဖျော်ဖြေရေးအေဂျင်စီကလည်း မင်းသားရဲ့ မင်္ဂလာသတင်းနဲ့ပတ်သက်ပြီး အတည်ပြုထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ဂျန်ဂူဝင်ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်ကတော့ အမ်ဘီစီ ရုပ်သံလိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲ ''You're Too Much''ဖြစ်ပြီး မင်္ဂလာပွဲဆင်နွှဲပြီးနောက်မှာလည်း ဂျန်ဟာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့အတွက် ရခိုင်အမျိုးသားအသင်းချုပ်ကူညီထောက်ပံ့

Image may contain: one or more people, people sitting, people eating, table and indoor
ရန်ကုန် သြဂုတ် ၃ဝ
ရခိုင်အမျိုးသားအသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ သြဂုတ် ၂၉ ရက်မွန်းလွဲ ၁ နာရီက မောင်တောဒေသ ကူညီထောက်ပံ့ရေးအထူးအစည်းအဝေးကျင်းပရာ ဘူးသီးတောင် မြို့နယ်နှင့် မောင်တောမြို့နယ်တို့အတွက် ရခိုင်အမျိုးသားအသင်းချုပ်မှ ဆန်အိတ် ၂ဝဝ နှင့် နှင်းခွဲဓာတ်မီးများဝယ်ယူရန်အတွက် ငွေကျပ် ၁ဝ သိန်းကိုလှူဒါန်းခဲ့ကြသည်။
ရမ်းဗြဲ၊ တောင်ကုတ်၊ ဂွ၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ အမ်း၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်အသင်းများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များစုံညီစွာတက်ရောက်ခဲ့ကြကြောင်းသိရသည်။
(ကြေးမုံ)

မိုဘိုင်းဖုန်းဘေလ်သုံးစွဲရာတွင် စနစ်တကျ သုံးစွဲတတ်စေရန် ရှင်းလင်းပြောကြား

Image may contain: one or more people, people sitting, shoes, child and outdoor
ယနေ့ကာလ မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းသုံးစွဲလာမှုများ နေ့စဉ်မြင့်တက်လျက်ရှိနေပြီး ဖုန်းလိုင်းကတ်နှင့် ငွေဖြည့်ကတ်များသည်လည်း အရောင်းရဆုံးဈေးကွက်တစ်ခုဖြစ်လာ သည်။ ယနေ့အချိန်တွင် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာသုံးခုရှိပြီးမကြာမီတွင်
အော်ပရေတာအသစ်တစ်မျိုးထပ်မံပေါ်ပေါက်လာတော့မည်ဖြစ်သည်။ မကြာသေးမီက ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာများကို ဖုန်းဘေလ်ဖြတ်တောက်ရာတွင် သတ်မှတ် အတိုင်းအတာတစ်ခုကို ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားသတ်မှတ်ပေးခဲ့သည်။ ၎င်း နောက်ပိုင်းတွင် အော်ပရေတာများ ဖုန်းဘေလ်ပိုမိုဖြတ်တောက်မှုများရှိနေသည်ဟူ၍ သုံးစွဲသူများအကြားပြောဆိုမှုများရှိလာပြီး ထိုအထဲတွင် တယ်လီနော အော်ပရေတာက အများ ဆုံး ဖြတ်တောက်ခံရသည်ဟု ပြောဆိုခြင်းများအပေါ် တယ်လီနော၏ဈေးကွက်ဖော်ဆောင် ရေးအရာရှိချုပ်Joslin Myrthongက ဖုန်းဘေလ်သုံးစွဲမှုနှင့်ကုန်ကျမှုများအပေါ် ရှင်းလင်း ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်းများ အဆင့်မြင့်မားလာမှုနှင့်အတူ Application များကို ပိုမိုအသုံးပြုလာမှုများ ကာ အင်တာနက်ဒေတာ သုံးစွဲမှုများအပေါ် သက်ရောက်မှုရှိနေပြီး ယင်း Applicationsများ အလိုအလျောက် အဆင့်မြှင့်မှုများကြောင့် မလိုလားအပ်ဘဲ၊ မိမိကိုယ်တိုင် မသုံးစွဲလိုက်မိဘဲ မိုဘိုင်းဒေတာများ ကုန်ဆုံးမှု မပေါ်ပေါက်စေရန် နားလည်တတ်ကျွမ်းသူများအား ပြသ၍ သော်လည်းကောင်း၊ မိမိကိုယ်တိုင်သော်လည်းကောင်း ဖုန်း၏ Background Data Restriction ကို ပြုလုပ်ထားခြင်း၊ မိမိဖုန်း၏Hotspot udk Password ဖြင့် ကာကွယ်ထားခြင်း၊ အွန်လိုင်းမှဗီဒီယိုများ ကြည့်ရှုရာတွင် ပြသသည့် အရည်အသွေးကို ချိန်ညှိခြင်း၊Facebook လူမှုကွန်ရက်တွင် ဗီဒီယိုအလိုအလျောက်ပြသမှုများကို ကန့်သတ်ခြင်းစသည်တို့ကို လုပ်ဆောင် ထားသင့်ကြောင်း သိရသည်။
ထို့အပြင် မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် အခြေခံနှုန်းထားများနှင့် ပရိုမိုးရှင်းအစီအစဉ် များအပေါ် ပိုမိုနားလည် သဘောပေါက်ခြင်းဖြင့် မိမိတို့ ဖုန်းသုံးစွဲမှုအတွက် ကုန်ကျမှုအခြေ အနေများကို မှန်းဆနိုင်မည်ဖြစ်ပြီး ဒေတာနှင့် ဖုန်းခေါ်ဆိုမှုများအတွက် မိမိအသုံးပြုမှုနှင့် ကိုက်ညီသည့် ပရိုမိုးရှင်းအစီအစဉ်များ၊ ဈေးနှုန်းပိုမိုသက်သာသည့် အင်တာနက် ဒေတာ အစီအစဉ်များကို ရယူအသုံးပြုခြင်း အားဖြင့် ဝန်ဆောင်မှုများကို ကုန်ကျမှု သက်သာစွာဖြင့် ရယူသုံးစွဲနိုင်မည် ဖြစ် ကြောင်း သိရသည်။
သုံးစွဲသူများအနေဖြင့် မရှင်းလင်းသည့် အချက်အလက်များနှင့် သိလိုသည်များကို သက်ဆိုင်ရာ အော်ပရေတာများ၏Facebook စာမျက်နှာ၊ အင်တာနက် စာမျက်နှာများနှင့်Call Centerများသို့ ဆက်သွယ်မေးမြန်းနိုင်ပြီး တယ်လီနော အနေဖြင့်လည်း အဆိုပါ ပြဿနာများကို နားလည်သဘောပေါက်သည်အထိ ဖြေရှင်း ပေးနိုင်ရန် အဖွဲ့တစ်ခုဖွဲ့စည်းထားကြောင်းMs.Joslin Myrthong က ပြောကြား ခဲ့သည်။
သတင်း-ဇာဏီ
ဓာတ်ပုံ-ဂျေအယ်လ်

ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကမ်းထိန်းနံရံများ၊ ကျောက်စီရေကာတာများပြုပြင်မွမ်းမံရန်လိုအပ်နေ

Image may contain: mountain, outdoor, nature and water
မုံရွာ သြဂုတ် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ ကျေးရွာများသည်မြစ်ရေ၊ ချောင်းရေ တိုက်စားမှုကြောင့် ကမ်းထိန်းနံရံများ ကျောက်စီရေကာတာများ ပြုပြင်မွမ်းမံရန် လိုအပ်နေပြီဖြစ်ရာ သက်ဆိုင်ရာဌာနများအနေဖြင့် ကွင်းဆင်း စိစစ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကနီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
''ကနီမြို့နယ် ကင်းအုပ်စု သစ်တောဦးစီးဌာနပိုင်နယ်မြေနဲ့ အဆောက်အအုံ
တွေ၊ ရဲတပ်ဖွဲ့ပိုင်မြေနဲ့ အဆောက်အအုံ တွေ၊ အထက်တန်းကျောင်းဝင်းမြေနဲ့အဆောက်အအုံတွေ၊ အထက်ကင်းကျေးရွာနဲ့ ကင်းကျေးရွာ ကျေးရွာချင်းဆက် လမ်း၊ ကျန်းမာရေးဌာနပိုင်မြေနဲ့အဆောက် အအုံတွေအတွက် မြစ်ရေတိုက်စားမှုကာကွယ်ဖို့ ကျောက်စီမြေထိန်းနံရံ တွေ လိုအပ်နေပါတယ်။ ဒါ့အပြင် ချိုင်-ဒင်ပေါက် မြစ်ကမ်းနဲ့ လူနေအိမ်တွေဟာနီးကပ်နေသလို မူကြိုကျောင်း၊ အထက်တန်းကျောင်းနဲ့ ပေ ၅ဝ လောက်သာကွာတော့တဲ့အတွက် လောလောဆယ်မှာ ကိုယ်ထူကိုယ်ထ ကမ်းထိန်းနံရံတွေ လုပ်နေရပါတယ်။
ချောင်းရေတိုက်စားတာတွေ အနေနဲ့က ကင်းတောင်အုပ်စု ဆင်စမ်းကျေးရွာ
မှာ ကျောက်စီရေကာတာ လိုနေသလိုချောင်းမရှေ့က ငမွဲချောင်းတိုက်စားတာ ကြောင့် မုံရွာ-ယာကြီးလမ်း ရေတိုက်စားတာကိုလည်း ကာကွယ်တည်ဆောက်ပေးဖို့လိုနေပါတယ်။ ဒါ့အပြင်ဘုမ္မဇင်းအုပ်စု တအုံအရှေ့ရွာနဲ့ ခုံကြီးအုပ်စု မြောက်ကုန်း ကျေးရွာ၊ ရေစိုကျေးရွာ သင်္ဂဒုံချောင်းရေတိုက်စားတာတွေကာကွယ်ဖို့ ရေထိန်းနံရံတွေလိုနေပါတယ်'' ဟု ဦးထွန်းထွန်း ဝင်းက ပြောပြသည်။
၂ဝ၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်းစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကနီမြို့နယ်နေရာခြောက်ခုတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို စုစုပေါင်းကျပ် ၁၂၂၅ သန်း အကုန်အကျခံ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းထံမှ သိ
ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်
ရေးဦးစီးဌာန ဒေသ (၆) စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးက ကနီမြို့နယ်
အတွင်း၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်က ကနီမြို့ဆိပ်ကမ်း ကမ်းထိန်းလုပ်ငန်း ဝက်ချောင်းကလေးကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ကင်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ကျောက်လှေခါးကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၄၃ ဒသမ ၈ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မျိုးဝင်းထွန်း (မုံရွာ)

မီးဘေးလုံခြုံရေးမန္တလေးရှိ စက်သုံးဆီဆိုင်များ အားစစ်ဆေး

Image may contain: one or more people, people standing and outdoor
မန္တလေး သြဂုတ် ၃ဝ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်ချက်ဖြင့် မီးဘေးလုံခြုံ ရေးအတွက် ဓာတ်ဆီဆိုင်များအား စစ်ဆေးလျက်ရှိရာ သြဂုတ် ၃ဝ ရက်
နံနက် ၉နာရီက မဟာအောင်မြေ မြို့နယ် (၇၈)လမ်း ခင်စောမူကွေ့ရှိ စက်သုံးဆီအရောင်းဆိုင်ကို စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာတို့ ပူးပေါင်းစစ်ဆေးခြင်းဖြစ်ပြီး စက်သုံး
ဆီဆိုင်များတွင် Foam ဆေးရည် (မီး သတ်ရေမြှုပ်အရည်) ရှိ၊ မရှိ၊ မီးသတ်
ဆေးဘူးရှိ၊ မရှိ၊ အရေးပေါ်မီးသတ် ရေကန်ရှိ၊ မရှိ၊ ဆီသိုလှောင်ကန်များ
စနစ်တကျထားရှိမှု ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
''ပြီးခဲ့တဲ့ရက်တွေက ရန်ကုန်မှာ
ဆီဘောက်ဆာကားကြောင့် မီးလောင်
မှုဖြစ်ပွားပြီးနောက် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှု
နဲ့ မန္တလေးခရိုင်အတွင်း စက်သုံးဆီ ဆိုင်များ မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးလျက် ရှိပါတယ်။ ဆိုင်ကြီးတစ်ဆိုင်မှာFoam ဆေးရည် တစ်ပီပါလောက်ထားရှိရမှာကို ၁ဝ ဂါလန်နဲ့ ဂါလန် ၂ဝ လောက်ပဲထားရှိ
တာတွေ့ရပါတယ်။ တချို့ဆိုင်တွေ မှာဆို အရေးပေါ်မီးသတ်ရေလှောင်
ကန်တောင် လုံလုံလောက်လောက် ထားရှိတာ မတွေ့ပါဘူး။ ဆိုင်ဝန်ထမ်း
တွေလည်း Fire Safety Manager မီးငြှိမ်းသတ်နည်းသင်တန်းကို ပြန် လည်ပြီး ဆင့်ပွားသင်တန်းတွေပို့ပေး စေချင်ပါတယ်။ ဓာတ်ဆီဆိုင်တွေ
မှာ မိန်းကလေး ပန့်ကိုင်တွေ့ခန့်ထားတာတွေ့ရပါတယ်။ ဝန်ထမ်းအသစ်
ရောက်တိုင်းFire Safety Manager သင်တန်းပို့ချပေးသင့်ပါတယ်။မဟာအောင်မြေ မြို့နယ်အတွင်းရှိ စက်သုံးဆီ ၁၃ ဆိုင်ကို စစ်ဆေးသွား မှာဖြစ်ပြီး ကျန်မြို့နယ်တွေမှာရှိတဲ့ စက်သုံးဆီ ဆိုင်တွေကိုလည်း ဆက်လက်စစ်ဆေးသွားမှာပါ''ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မန္တလေး ခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးသန်းနိုင်က ပြောသည်။
(ဝဝ၂)

ကွန်ကရစ်တံတားတိုးချဲ့တည်ဆောက်မှု စက်တင်ဘာတွင် ရာနှုန်းပြည့်ပြီးစီးမည်

Image may contain: one or more people, outdoor and nature
မုံရွာ သြဂုတ် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အဝင် မုဆိုးခြုံတူးမြောင်းပေါ်ရှိ ယခင်တည်ဆောက်ထားသော အရှည် ၆၅ ပေ၊ အကျယ် ၂၈ ပေ သံကူကွန်ကရစ်
တံတားနှင့် ယှဉ်ပြီး အရှည် ၆၅ ပေ၊ အကျယ် ၂၅ ပေ သံကူကွန်ကရစ်
တံတား တည်ဆောက်နေမှုမှာ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း
ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးထံမှ သိရသည်။
သံကူကွန်ကရစ်တံတားထပ်မံ တိုးချဲ့ရခြင်းမှာ အဝေးပြေးကားဝင်း
အနီးတွင်ရှိသည့်အတွက် အဝေးပြေးကားများ၊ ကိုယ်ပိုင်ယာဉ်များ နေ့စဉ်
ဖြတ်သန်းသွားလာရာတွင် ယာဉ်များပိတ်ဆို့လျက်ရှိသောကြောင့် ယာဉ်
အန္တရာယ်ကင်းရှင်းစေရန်နှင့် သွားလာမှု လွယ်ကူမြန်ဆန်စေရန်အတွက် ဖေဖော်ဝါရီ ၂ ရက်မှစတင်၍တိုးချဲ့ဆောက်လုပ်ခဲ့ရာ စက်တင်ဘာတွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း ဦးမောင်ထူးက ဆက်လက်ပြောကြားခဲ့သည်။
တိုးချဲ့တံတား ပြီးစီးသွားပါက ကားတစ်စင်းနှင့်တစ်စင်း တံတားဖြတ်ရာတွင် စောင့်စရာမလိုတော့ဘဲ လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ မှန်လုံအဝေးပြေးကားကြီးများ၊ အန်စာတုံးကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကိုယ်ပိုင်မော်တော်ယာဉ်များ၊လူမှုကူညီရေးကားများသည် တံတားဟောင်းမှာ ကျဉ်းနေသဖြင့် အထူးသတိထားကာ မောင်းနှင်နေကြရာမှ ယခုတံတားကို ထပ်မံတိုးချဲ့လိုက် သည့်အတွက် အန္တရာယ်ကင်းရှင်းပြီး လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သံကူကွန်ကရစ် တိုးချဲ့တံတားကို ရွှေတောင်ကုမ္ပဏီမှ တာဝန်ယူ တည်
ဆောက်နေရာ သြဂုတ် ၂၅ ရက် ရွှေဘို ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ
ဦးမောင်ထူး၊ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး၊ ရွှေဘိုမြို့နယ်စည်ပင်သာယာ
ရေးကော်မတီဝင်များ၊ လမ်းဦးစီးဌာန မှ တာဝန်ရှိသူများက အရည်အသွေး ကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်း
စစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

မန်စီးတီးက ဆန်းချက်ဇ်အတွက် စတာလင်းကို အလိုက်ပေးကမ်းလှမ်း

Image may contain: 2 people, people smiling, people standing
ဆန်းချက်ဇ်အတွက် မန်စီးတီးရဲ့ ပေါင်သန်း ၅ဝ နဲ့ ကမ်းလှမ်းမှုကို အာဆင် နယ်ဘက်မှ ထပ်မံပယ်ချခဲ့ပြီးနောက် မန်စီးတီးအသင်းက စတာလင်းကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်လာပြန်ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ဆန်းချက်ဇ်ကို ဈေးကွက်မပိတ်သိမ်းမီ ခေါ်ယူဖို့ နောက်ဆုံးအစီအစဉ် အဖြစ် စတာလင်းကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့တာပါ။ ဆန်းချက်ဇ် ကိုယ်တိုင်ကလည်း ဘာစီလိုနာတွင် လက်တွဲခဲ့ဖူးတဲ့ နည်းပြ ဂွါဒီယိုလာနဲ့ တစ်ကျော့ပြန်ပူးပေါင်းဖို့ ဆန္ဒရှိပေမယ့် အာဆင်နယ်အသင်းက ဆန်းချက်ဇ် အတွက် ကမ်းလှမ်းမှုတိုင်းကို ပယ်ချနေခဲ့တာကြောင့် ဈေးကွက်ပိတ်သိမ်းချိန် နီးကပ်လာတဲ့အထိ ဆန်းချက်ဇ် အသင်းပြောင်းလို့မရသေးတာ ဖြစ်ပါတယ်။

စတာလင်းဟာ နည်းပြ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမား တစ်ဦးဖြစ်တယ်လို့ ယေဘုယျယူဆနိုင်ပေမယ့် နွေဈေးကွက်အတွင်း ဘာနာဒိုဆေးလ်ဗား ရောက်ရှိလာခြင်းနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရမယ့်အနေအထားပါ။ ဒါကြောင့်လည်း ကာယကံရှင်ကိုယ်တိုင်က အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေ တယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်က အာဆင်နယ်အသင်းရဲ့ သက်တမ်းတိုးစာချုပ် အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေကို ခေါင်းမာမာနဲ့ ငြင်းဆန်ထားဆဲ ဖြစ်သလို တစ်ဖက်ကလည်း မန်စီးတီးကိုပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

အာဆင်နယ်နည်းပြ ဝင်းဂါးက ယခုလအစောပိုင်းမှာ ဆန်းချက်ဇ်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားသလို အာဆင်နယ်မှာပဲ ဆက်ရှိနေမှာ သေချာတယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပေမယ့် တကယ်တမ်းမှာ ဆန်းချက်ဇ်ကို ဆက်ထိန်းရန် ဘယ်လိုမှ မလွယ်ကူတဲ့အခြေအနေဆိုက်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်က ဆန်းချက်ဇ်အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စတာလင်းထက် အဂွဲရိုးကိုသာ ခေါ်ယူလိုပေမယ့် ဂွါဒီယိုလာက အဂွဲရိုးကို ထွက်ခွာခွင့်မပေးလိုပါဘူး။The Sun သတင်းဌာနကဆိုရင် မန်စီးတီးနဲ့ ဆန်းချက်ဇ်တို့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်တောင် ရယူနိုင်ခဲ့ပြီး အာဆင်နယ်ဘက်မှ ခွင့်ပြုချက်တစ်ခုသာလိုတော့ကြောင်း အတိအကျဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

အားကစားရေးရာကျွမ်းကျင်သူ အတော်များများကလည်း အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်းတိုးလို့မရမယ့်အတူတူ ဆန်းချက်ဇ်ကို ပေါင်သန်း ၅ဝ လောက်ရရင် ပြန်ထုတ်ချင်ပေမယ့် မန်စီးတီးလို ပြိုင်ဘက်အသင်းဆီကိုတော့ ရောင်းချလိုခြင်းမရှိခြင်းက ဆန်းချက်ဇ်ရဲ့ အာဆင်နယ်မှ မထွက်ခွာဖြစ်သေးတဲ့ အဓိကအကြောင်းတရားလို့ သုံးသပ်ပါတယ်။ ဘီဘီစီအားကစားရေးရာကျွမ်းကျင်သူ မာဖီကတော့ အာဆင်နယ်အနေနဲ့ ဆန်းချက်ဇ်ကို ထွက်ခွာခွင့်ပေးလိုက်ခြင်းက ကိုယ့်သေတွင်းကိုယ်ပြန်တူးသလို ဖြစ်မှာပဲလို့ ထင်မြင်ချက်ပေးခဲ့ပါတယ်။

မေလဲ့သင်း

တက်တူးထိုးခြင်းကကစားသမားများ၏ စွမ်းဆောင်ရည်ကို ကျဆင်းစေ

Image may contain: one or more people, people standing and outdoor
ကမ္ဘာကျော်ဘောလုံးစူပါစတားများအပါအဝင် ကစားသမားအတော်များများက ကိုယ်ခန္ဓာပေါ်တွင် တက်တူးရေးထိုးခြင်းကို နှစ်ခြိုက်စွာပြုလုပ်နေကြသော်လည်း တက်တူးမင်တွင် အဆိပ်ဓာတ်ပါဝင်သောကြောင့် ယင်းဓာတ်က ကစားသမား များ စွမ်းဆောင်ရည်ပိုင်းကို လျော့နည်းကျဆင်းစေကြောင်း ဂျာမန်ပါမောက္ခ ဒေါက်တာအင်ဂိုဖရိုဘိုစီ၏ ပြောကြားချက်အရ သိရသည်။
ဒေါက်တာဖရိုဘိုစီသည် ကိုလုံးဂျာမန်အားကစားတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး ''ကျွန်တော်သာဆိုရင် ကစားသမားတွေ တက်တူးထိုးတာ ကို တားမြစ်ပါမယ်။ ကလပ်အသင်းအတော်များများက ဒီကိစ္စရပ်ကို အလေး မထားကြပေမယ့် ကျွန်တော်ကတော့ ဒီလိုအပြုအမူတွေကို တာဝန်တစ်ခု အနေနဲ့ တားဆီးစေချင်ပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ ကစားသမားတွေ ဟာ တက်တူးထိုးပြီးရင် သူတို့ရဲ့စွမ်းဆောင်ရည် သုံးရာခိုင်နှုန်း(သို့မဟုတ်) ငါးရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရပါတယ်''ဟု ရှင်းလင်းပြောကြား ခဲ့သည်။
ဒေါက်တာဖရိုဘိုဆီက အရေပြားဟာ ခန္ဓာကိုယ်၏ အကြီးမားဆုံး အစိတ် အပိုင်းဖြစ်ပြီး တက်တူးထိုးခြင်းက ကိုယ်ခန္ဓာအစိတ်အပိုင်းကို အဆိပ်သင့်စေ ခြင်းပင်ဖြစ်သည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ သို့သော် ကစားသမားအတော် များများက တက်တူးထိုးခြင်းကို ခုံမင်စွာပြုလုပ်နေကြပြီး ဒေးဗစ်ဘက်ခမ်းခေတ် မှစ၍ တက်တူးထိုးခြင်းမှာ ဘောလုံးလောကတွင်း ယဉ်ကျေးမှုတစ်ခုလို စိမ့်ဝင်ပျံ့နှံ့လာခဲ့သည်။
မေလဲ့သင်း

မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

Image may contain: one or more people and outdoor
ရန်ကုန် သြဂုတ် ၃ဝ
မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မှုခင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စီစဉ်မှုဖြင့် သြဂုတ် ၂၈ ရက်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်(၁၄)ရပ်ကွက် ပုဂံလမ်းနှင့် အထက(၆)ကျောင်းလမ်း ကားမှတ်တိုင်ထိပ် လူစည်ကားရာနေရာ၌ ဆောင်ရွက်ခဲ့သည်။
ရွှေပေါက်ကံနယ်မြေစခန်းမှူး ရဲအုပ်အောင်မြင့်ဦးနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲအုပ်သိန်းဌေးတို့က မှုခင်းပညာပေးပြခန်းယာဉ်သို့ လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများအား မှုခင်းနှင့်သက်ဆိုင်သည့် အသိပညာဗဟုသုတများရရှိစေရန်အတွက် ရှင်းလင်း ပြောကြားပေးခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာနေရာသို့ မြောက်ဥက္ကလာ ပမြို့နယ် ရွှေပေါက်ကံမြို့သစ် အထက (၆)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး နှင့်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၅ဝ ခန့် လာရောက်လေ့လာခဲ့ကြောင်းသိရသည်။
(သီသီမင်း)

မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတွင်အစုန်မြစ်ဆုံရထားဘီးချော်

Image may contain: one or more people
အင်းတော် သြဂုတ် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတွင် ကောလင်း မြို့နယ် ချပ်ကြီးဘူတာနှင့် ပင့်သာ ဘူတာကြား၌ ယနေ့နံနက် ၂ နာရီက အမှတ် ၃၈ အစုန် မြစ်ဆုံရထားသည် မိုင်တိုင်အမှတ် (၅ဝ၈) ၁၄-၂၄ ကြား အရောက်တွဲအမှတ် BDTEZ- 12272 MDY-END ဘိုဂီနှစ်ဘီး တွဲချော်ကျမှု ဖြစ်ပွားခဲ့သဖြင့် အမှတ်(၄၁)အဆန် ဒုတိယအမြန် ရထားနှင့် အမှတ်(၅၈)အစုန် မန္တလာ ရထားများ လမ်းပိတ်မိနေကြောင်း သိရသည်။
ရထားဘီးချော်ကျမှုကို သိလျှင် သိချင်း မြန်မာ့မီးရထား စက်မှုအင်ဂျင် နီယာဌာနမှ ကြီးကြပ်ရေးမှူးဦးခင်ဇော်၊ လက်ထောက်အင်ဂျင်နီယာ ကောလင်း၊ တွဲအုပ်ကြီးကောလင်းနှင့် သံလမ်းပြင် လုပ်သားများသည် ဖြစ်ပွားရာနေရာ သို့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိပြီး လမ်းပိုင်းအမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)

တိုက်ကြီးတိုးဂိတ်တွင် လေသေနတ်နှစ်လက် သိမ်းဆည်းရမိ

Image may contain: one or more people
တိုက်ကြီး သြဂုတ် ၃ဝ
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ တိုးဂိတ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းလတ်၊ တိုင်းအရန်တပ်ခွဲမှူး ရဲမှူးအောင်ကြွယ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၃ဝ ရက် နံနက် ၁ နာရီခွဲက ယာဉ်ဝင်ပိတ်ဆို့ ရှာဖွေနေစဉ် ပြည်မှ ရန်ကုန်သို့ ယာဉ်မောင်း စိုးရာဇာ မောင်းနှင်ပြီး ဖိုးခွား(ခေါ်)ချစ်မင်း ကျော်၊ ကိုမိုးလွင်တို့ လိုက်ပါလာသော အဖြူရောင်ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်၏နောက်ခန်းတွင် သစ်သားဖြင့်ပြုလုပ်ထားပြီး ဘောစေ့ ထည့်ပစ်ရသော လုပ်သေနတ်ကို တွေ့ရှိရသဖြင့် လူ့အသက်အန္တရာယ် ဖြစ်စေသော လေသေနတ်အား ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်သူ ချစ်မင်းကျော်(၂၇)နှစ် ဝါးကောက် ကျေးရွာ မအူပင်မြို့၊ မိုးလွင်(၃၇)နှစ် ကမာချိုင့်ကျေးရွာ ကျိုက်လတ်မြို့၊ ယာဉ်မောင်း စိုးရာဇာ(၂၅)နှစ် ကျုံစု ကျေးရွာ မအူပင်နေသူတို့အား တိုက်ကြီးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ထွန်းလှိုင်(မြိုင်)

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာတိမ်းရှောင်နေရ

Image may contain: sky, cloud, outdoor and nature


နေပြည်တော် သြဂုတ် ၃ဝ
ARSA အစွန်းရောက်အကြမ်းဖက်သမားများက မိုင်းထောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေမှု ကြောင့် ဒေသခံ ဒိုင်းနက်၊ သက်၊ မြိုတိုင်းရင်းသားများမှာ နီးစပ်ရာလုံခြုံရေးကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိရာ တာဝန်ရှိသူများက တွေ့ဆုံအားပေးပြီး ရိက္ခာနှင့် အသုံးအဆောင်များ ထောက်ပံ့ပေးလျက်ရှိသည်။
မောင်တောမြို့နယ် ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာကို သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ဗျွှဗ အစွန်းရောက်အကြမ်းဖက်သမား ၄ဝဝ ကျော်ခန့်က မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်းတိုက်ခိုက်ရာ မြိုတိုင်းရင်းသား အမျိုးသား သုံးဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ခုနစ်ဦး သေဆုံး၊ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ငါးဦး ဒဏ်ရာရရှိကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း သုံးဦး ပျောက်ဆုံးလျက်ရှိပြီး ကျန်ကျေးရွာသားများမှာ မေယု တောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း။
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မြိုတိုင်းရင်းသား များနေထိုင်သော လောင်းဒုံရွာမှ အိမ်ထောင်စု ၃၉ စု၊ လူဦးရေ ၁၇၅ ဦးတို့သည် ဘုန်းတော်ကြီးကျောင်းတစ်ခုသို့ ပြောင်းရွှေ့ ရောက်ရှိလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တည်းခိုနေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း။
ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၃ဝ ရက် နံနက်ပိုင်းတွင် မောင်တောမြို့ ရပ်ကွက်(၃)ရှိ နေအိမ်များကို မီးရှို့ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ပြီး မီးလောင်မှုကြောင့် နေအိမ် ၂၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း။
မောင်တောမြို့ မြို့မကညင်တန်းရပ်ကွက်ရှိ ခရိုင်အုပ်ချုပ် ရေးမှူးရုံး၏ အနောက်ဘက် ခြံစည်းရိုးအပြင်ဘက်၌ ယနေ့ ညနေ ၃ နာရီက မသင်္ကာဖွယ် သွားလာလှုပ်ရှားမှုကို တွေ့ရှိခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးဆောင်ရွက်စဉ် အကြမ်းဖက်သမားတစ်ဦးက မီးကွင်းပစ်ရန် ဓာတ်ဆီ ဆွတ်ထားသည့် အဝတ်စထုပ်ကို ဝါးတုတ်ဖြင့် တွဲချည်ထားသော လောင်စာတစ်ခုနှင့်ြ<ွကပ်ြ<ွကပ်အိတ်တစ်လုံးအတွင်းမှ ဓာတ်ဆီ ဆွတ်ထားသည့် အဝတ်စထုပ်ကို ပစ်ချပြီးထွက်ပြေးသွားကြောင်း။
အဆိုပါ နေရာအနီးတစ်ဝိုက်ရှိ နေအိမ်တစ်လုံး၏ အောက်ထပ်တွင် အကျယ် ရှစ်ပေ၊ အနံ လေးပေ၊ အနက် သုံးပေ ခန့်ရှိ ကတုတ်ကျင်း နှစ်ကျင်း၊ ရှော့တိုက်မိုင်းဆွဲရန်အတွက် မြေကြီးအောက်၌ မြှုပ်နှံထားသော အရှည် ပေ ၂ဝဝ ခန့်ရှိ ဝိုင်ယာကြိုး တစ်ချောင်း၊ ပစ်ခတ်ရန် ကြိုတင်စီမံထားသည့် လက်လုပ်ပုလင်းမိုင်း သုံးလုံးတို့ကို တွေ့ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းလျက်ရှိကြောင်း။
ARSA အစွန်းရောက်အကြမ်းဖက်သမားများက နယ်မြေ (၈) အလယ်သံကျော်ကျေးရွာအုပ်စု အထက်ကမ်းပိုင်ကြီး ကျေးရွာ (ဘင်္ဂါလီရွာ)နှင့် လောင်းဒုံစခန်းရှေ့ စေတီပြင်ရွာ (ဘင်္ဂါလီ) ရွာတို့ကို မီးရှို့ထွက်ပြေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြုလုပ်သည့်ပုံစံကဲ့သို့ အထင်အမြင်မှားစေရန် လုပ်ဆောင်ခဲ့ ကြောင်း။
ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ပြီး ယင်းနေရာအနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိရာ ထိုသို့ နေအိမ်များ မီးလောင်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အနီးအနားရှိ ပြည်သူများက မီးငြှိမ်းသတ်ရန် လာရောက်ချိန်တွင် မိုင်းများကွဲပြီး ထိခိုက်သေကျေ ပျက်စီးစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း။
ရခိုင်ပြည်နယ်အတွင်း ARSAအစွန်းရောက်အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ဒေသခံ ဒိုင်းနက်၊ သက်၊ မြိုတိုင်းရင်းသားများသည် နီးစပ်ရာ လုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိရာ ယနေ့တွင် MI 17 ရဟတ်ယာဉ်များဖြင့် ကြိမ်ချောင်း၊ တောင်ပြို၊ ခမောင်းဆိပ် ကျေးရွာများသို့ ရိက္ခာများ ပို့ဆောင်ပေးခဲ့ပြီး သြဂုတ် ၃၁ ရက် တွင် အခြားနေရာများသို့ ဆက်လက်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း။
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာ ဘုန်းတော်ကြီး ဓမ္မာရုံတွင် ရောက်ရှိနေကြသည့် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသော ဒိုင်းနက်လူမျိုး ၆၉ ဦးကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သြဂုတ် ၂၈ ရက် နံနက်ပိုင်းက တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်အိတ် ၂ဝ၊ အဝတ်အထည် လေးထုပ်၊ ခြင်ထောင် ၂၂ လုံး ၊ ပုဆိုး၊ ထဘီ၊ ပန်းကန်နှင့် မီးဖိုချောင်သုံး ပစ္စည်းများကို အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း။
သြဂုတ် ၂၅ ရက်မှ ၂၉ ရက်အထိ ARSAအစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း တစ်ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရပြီး ဟိန္ဒူလူမျိုး ခုနစ်ဦး၊ ဒိုင်းနက်လူမျိုး ငါးဦး သေဆုံးခဲ့ကာ တပ်မတော်သား တစ်ဦးနှင့် လက်နက်ငယ် တစ်လက် ပျောက်ဆုံးလျက်ရှိ၍ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ ကျန်းမာရေးဝန်ထမ်း တစ်ဦး၊ နေ့စားဝန်ထမ်း နှစ်ဦး၊ မြိုလူမျိုး တစ်ဦးနှင့် ဒိုင်းနက်လူမျိုး နှစ်ဦး စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ဘီအေ-၉၄ သေနတ် ငါးလက်၊ ၁၂ ဗို့ သေနတ် နှစ်လက်၊ ပွိုင့် ၃၈ ခြောက်လုံးပြူး တစ်လက်၊ ဘီအေ-၆၃ သေနတ် တစ်လက်၊ အမ်အေ-၁၁ တစ်လက် စုစုပေါင်း လက်နက်ငယ် ၁ဝ လက်၊ ၇.၆၂ ကျည်တောင့် ၁၄ဝဝ၊ ၅.၅၆ ကျည် ၂၅ တောင့်၊ ကျည်အိမ် တစ်ခု၊ အီနာဂါဗုံးသီး ခြောက်လုံး၊ ပလတ်စတစ်ဗုံးသီး ငါးလုံး၊ ဆက်သွယ်ရေးစက် တစ်လုံးနှင့် ကျည်အိမ် တစ်ခုတို့ ဆုံးရှုံးခဲ့ ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များတွင် မော်တော်ယာဉ် နှစ်စီး မီးရှို့ခံရပြီး အကြမ်းဖက်သမားများ၏ လက်လုပ်ဗုံးများနှင့် မိုင်းများဖြင့် တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ငါးစီး ပျက်စီးခဲ့ ကြောင်း။
အကြမ်းဖက်တိုက်ခိုက်မှုတွင် ARSAအစွန်းရောက် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် လုပ်သေနတ် လေးလက်၊ တူမီး သေနတ် နှစ်လက်၊ ပွိုင့် ၂၂ သေနတ်တစ်လက်၊ ကျည်မျိုးစုံ ၇၇ တောင့်၊ လှံ ၆၄ ချောင်း၊ ဓား ၂၇ ချောင်း၊ လက်လုပ်မိုင်း ခုနစ်လုံး၊ ဝိုင်ယာကြိုး ခြောက်ထုပ်၊ ဝိုင်ယာကြိုး သုံးခွေ၊ စိတ်ြ<ွကရူးသွပ်ဆေးပြား ၃၁ ပြား၊ ဆေးဝါးမျိုးစုံ ခုနစ်အိတ်၊ ဆန် နှစ်အိတ်နှင့် လက်ကိုင်စကားပြောစက် တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ၏ ယနေ့ည ၈ နာရီခွဲ ထုတ်ပြန်ချက်အရ သိရ သည်။
(သတင်းစဉ်)

အာဖဂန်အောက်လွှတ်တော်အဖွဲ့ဝင်တစ်ဦး၏ နေအိမ်ကို ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွား

Image may contain: one or more people

ဂျလာလာဘတ် သြဂုတ် ၃ဝ
အာဖဂန်နစ္စတန်နိုင်ငံ ဂျလာလာဘတ်ရှိ နိုင်ငံရေးသမားတစ်ဦး၏ နေအိမ်တွင် သြဂုတ် ၃ဝ ရက်က သေနတ်ပစ်ခတ်မှုနှင့် ပေါက်ကွဲမှုများဖြစ်ပွားပြီး လူလေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
အာဖဂန်အောက်လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇဟာကွာဒါ၏နေအိမ်ကို ယနေ့နံနက်ပိုင်းတွင် လက်နက်ကိုင်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကနဦးသတင်းများအရ လက်နက်ကိုင်သောင်းကျန်းသူများသည် လုံခြုံရေး အစောင့်နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်စဉ် တခြားလက်နက်ကိုင်သောင်းကျန်းသူ တစ်ဦးက အဆိုပါ အိမ်အနီးတွင် ပေါက်ကွဲစေသော ပစ္စည်းများတပ်ဆင်ထားသော ဂျာကင် အင်္ကျီကို ဝတ်ဆင်ပြီး အသေခံဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း လုံခြုံရေးအရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောခဲ့သည်။
လက်နက်ကိုင်သောင်းကျန်းသူများမှာ အရေအတွက်မည်မျှရှိသည်ကို ယခုအချိန် အထိ အတည်မပြုနိုင်သေးပေ။ လက်နက်ကိုင်သောင်းကျန်းသူတစ်ဦးမှာ အိမ်အနီးဂိတ် တံခါးသို့ ချဉ်းကပ်လာစဉ်တွင် ပစ်သတ်ခံလိုက်ရကြောင်း လုံခြုံရေးဆိုင်ရာသတင်း ရင်းမြစ်များအရ သိရသည်။
အဆိုပါ လက်နက်ကိုင်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်ချိန်တွင် အာဖဂန် အောက်လွှတ်တော်အဖွဲ့ဝင်မှာ အဆိုပါနေအိမ်၌ ရှိ/မရှိ မသိရသေးပေ။
ယခုအခါတွင် လုံခြုံရေးတပ်ဖွဲ့များသည် အခင်းဖြစ်ပွားရာ နေရာကို ဝန်းရံပိတ်ဆို့ ထားပြီး ရဲကားများနှင့် လူနာတင်ကားများလည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေ ကြောင်းသိရသည်။
အဆိုပါဒေသများတွင် အစ္စလာမ္မစ်အစွန်းရောက်ခေါ် အိုင်အက်စ်အကြမ်းဖက် သောင်းကျန်းသူများနှင့် တာလီဘန်အကြမ်းဖက်သောင်းကျန်းသူများ ကြီးစိုးနေ ကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်မှု၌ မည်သည့်အဖွဲ့တွင် တာဝန်ရှိကြောင်း မသိရသေးချေ။
စစ်ပွဲဒဏ်ခံအာဖဂန်တွင် လာမည့်ပွဲတော်အတွက် ကျင်းပပြင်ဆင်နေစဉ် အဆိုပါ လုပ်ကြံတိုက်ခိုက်မှုဖြစ်ပေါ်လာခြင်း ဖြစ်သည်။
(ဆင်ဟွာ)

မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား ဆေးဝါးကုသပေးနေမှု ကြည့်ရှုအားပေး

Image may contain: 9 people, people smiling

နေပြည်တော် သြဂုတ် ၃ဝ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိပြီး တာဝန်ရှိသူများအား တွေ့ဆုံမှာကြားကာ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက် ဒဏ်ရာရရှိသည့် လူနာများအား ဆေးဝါးကုသနေမှုကို ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအစည်း အဝေးခန်းမ၌ စစ်တွေပြည်သူ့ဆေးရုံ၊ ပြည်နယ်ကုသရေး ဦးစီးဌာနနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လူနာများ၏ ကျန်းမာရေးအသိပညာ ကို မြှင့်တင်ပေးရေးသည် အရေးကြီးပါကြောင်း၊ စစ်တွေဆေးရုံ၏ လတ်တလောဆရာဝန်အင်အားမှာ လူနာအရေအတွက်နှင့် စာလျှင် အလွန်နည်းနေသည်ကို တွေ့ရှိရသဖြင့် အမြန်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ပြင်ပလူနာဌာနတွင် လူနာများပြားနေခြင်းသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ တွင် အားနည်းနေသည်ဟု ယူဆ၍ရပါကြောင်း၊ ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ပါက ဆေးရုံသို့ လာရောက်သော လူနာလျော့နည်းသွားမည်ဖြစ်ပြီး ဆေးရုံ၏အလုပ်ပမာဏ(workload) လျော့ကျသွားမည် ဖြစ်ပါကြောင်း၊ ရောဂါရှာဖွေရေးလုပ်ငန်းအတွက် လိုအပ်ချက် များကိုလည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လက်ရှိ ဘူးသီး တောင်၊ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ပေး ရေးနှင့် အသိအမှတ်ပြုဂုဏ်ပြုရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တင်ပြမှုများအပေါ် လိုအပ်ချက်များကို တာဝန် ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ပိုင်ဆိုင်ကြောင်းပြနိုင်မှ ကုန်စည်ဒိုင်တွင် ပဲရောင်းဝယ်ခွင့်ရ

Image may contain: 2 people, outdoor
ရန်ကုန် သြဂုတ် ၃ဝ
ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ပဲ ရောင်းဝယ်ခြင်းအတွက် သြဂုတ် ၂၈ ရက်စွဲဖြင့် ကုန်စည်ဒိုင်ကြေညာချက် (၅/၂ဝ၁၇)ကို ထုတ်ပြန်အသိပေးထား သည်။
ရန်ကုန်တိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)တွင် မှန်ကန်သောဈေးကွက်ဖော် ဆောင်နိုင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်မှု ရှိစေရန်ရည်ရွယ်၍ သြဂုတ် ၂၆ ရက် မှစတင်၍ ပဲမျိုးစုံလက်ငင်းအရောင်း အဝယ်ကို အောက်ပါစည်းကမ်းချက် များဖြင့် ပြန်လည်ခွင့်ပြုမည်ဟု ဖော်ပြ ထားသည်။
တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၁ဝ နာရီမှ မွန်းလွဲ ၂ နာရီ အထိ အရောင်းအဝယ်ကို ဆောင်ရွက် မည်ဖြစ်ပြီး ငွေပေးချေခြင်းကို ညနေ ၃ နာရီထက်နောက်မကျဘဲ လက် ရောက်အပြီးသတ် ဆောင်ရွက်ရမည်။
စနေနေ့တွင် အရောင်းအဝယ်နှင့် ငွေပေးချေခြင်းကို နံနက် ၁ဝ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း အပြီးသတ် ဆောင်ရွက်ရမည်။ ဝယ်သူက ငွေပေး ချေရာတွင် ငွေသား သို့မဟုတ် ချက် လက်မှတ်ဖြင့် ပေးချေနိုင်သည်။ ပေးချေသော ချက်လက်မှတ်သည် တနင်္လာနေ့ ဘဏ်များဖွင့်ချိန်တွင် ငွေ သားထုတ်ယူနိုင်ရန် တာဝန်ခံရမည်။
ပဲအရောင်းအဝယ် ပြုလုပ်သည့် အခါ ရောင်းသူဝယ်သူနှစ်ဦးသည် မိမိ တို့အမည်များဖြင့်သာ အရောင်းအဝယ် စာချုပ်တိုက်ရိုက်ချုပ်ဆိုရောင်းဝယ်ရမည်။ ရောင်းချသူသည် ရောင်းချသော ပဲအား မိမိပိုင်ဆိုင်ကြောင်း ခိုင်မာသည့် အထောက်အထား စာရွက်စာတမ်း တင်ပြရမည်။
အထက်ပါ စည်းကမ်းချက်များ အတိုင်းမလိုက်နာသော အသင်းသား မည်သူမဆို (တိုင်ကြားသူရှိသည်ဖြစ် စေ၊ ကြားသိရသည်ဖြစ်စေ) ကုန်စည် ဒိုင်အတွင်း အရောင်းအဝယ်ပြုလုပ်ခွင့် သုံးလရပ်ဆိုင်းခံရမည်ဟု ကုန်စည်ဒိုင် အလုပ်အမှုဆောင်အဖွဲ့၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။
သြဂုတ် ၂၆ ရက်တွင် မတ်ပဲ RC တစ်တန် ကျပ်ခြောက်သိန်းနှုန်း ဈေးဖွင့် သော်လည်း အရောင်းအဝယ်မဖြစ်ဟု သိရသည်။ သြဂုတ် ၂၈ ရက် ကုန် စည်ဒိုင် ဈေးနှုန်းစာရွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနီ ဈေးနှုန်းများ ဖော်ပြခြင်းမရှိသေးသည်ကို မြင်တွေ့ ရသည်။ သြဂုတ် ၂၉ ရက်တွင် မတ်ပဲ Raw တစ်ပိဿာ ၈၆၅-၉၂ဝ ကျပ်၊ FAQတစ်တန် (၂ဝ၁၇ နှစ်ထွက်) ကျပ်၅၃၇ဝဝဝ ဖြင့် ကုန်သေတ္တာအလုံး ရေ ၃၅ လုံး၊ ၂ဝ၁၇ နှစ်ထွက် မတ်ပဲ SQ RCတစ်တန် ကျပ် ၇၆ဝဝဝဝ နှုန်း ဖြင့် ကုန်သေတ္တာအလုံးရေ ငါးလုံး အရောင်းအဝယ်ဖြစ်သည်ဟု နေ့စဉ် ဈေးနှုန်းစာရင်းတွင် ဖော်ပြထားသည်။
ပြည်ပပို့ပဲ FOB ဈေးမှာ သြဂုတ် ၂၂ ရက်တွင် ၂ဝ၁၇ နှစ်ထွက် မတ်ပဲ FAQ တစ်တန် ၆ဝဝ-၆၂ဝ ဒေါ်လာ ရှိရာမှ သြဂုတ် ၂၉ ရက်တွင် ၄၆ဝ-၄၉ဝ ဒေါ်လာနှုန်းသာရှိသည်။
သြဂုတ် ၂၉ ရက်တွင် ပဲစင်းငုံရန်ကုန် ဈေးမဖွင့်ဘဲ ပြည်ပပို့FOBပဲစင်းငုံနီ FAQ ၂ဝ၁၆ နှစ်ထွက် တစ်တန် ၄၆ဝ- ၄၈ဝ ဒေါ်လာ၊ ၂ဝ၁၇ နှစ်ထွက် ၃၇ဝ-၃၉ဝ ဒေါ်လာ၊ သြဂုတ် ၂၂ ရက် တွင် ၂ဝ၁၇ နှစ်ထွက် ၃၉ဝ-၄၁ဝ ဒေါ်လာ၊ ၂ဝ၁၆ နှစ်ထွက် ၃၇ဝ- ၃၉ဝ ဒေါ်လာ အသီးသီးရှိခဲ့သည်ဟု နေ့စဉ် FOB ပဲဈေးနှုန်းများမှ သိရ သည်။
ရန်ကုန်ပဲဈေးကွက်တွင် လက်ငင်း ငွေအပြီးချေ ကိုယ်ပိုင်ပဲရောင်း စသည့် စည်းကမ်းများသတ်မှတ်လာ၍ ကြိုတင် ရောင်းဝယ်ခြင်းများ လျော့နည်းနိုင် သော်လည်း ရန်ကုန်ပဲလောကတွင် ကုန်စည်ဒိုင်အတွင်းသာမက ရန်ကုန် မြို့တွင်း ကုန်သည်အချင်းချင်း ဖုန်းဖြင့် ညပိုင်းအထိ ပဲအရောင်းအဝယ်ပြုလုပ် နေခြင်းများရှိသည်ဟု ပဲကုန်သည် ဦးအာချလာထံမှ သိရသည်။
ကုန်စည်ဒိုင်အတွင်း ယခင်ကကဲ့သို့ ပဲအရောင်းအဝယ်လုပ်ရာတွင် ပမာဏ အများအပြားရှိခြင်း လျော့ကျလာနိုင် သည်။ ရန်ကုန်ဈေးကွက်တွင် ငွေကြေး အမြောက်အမြားဖြင့် နေ့စဉ်ဈေးနှုန်း ပြောင်းလဲခြင်းများတတ်သော ရွှေ၊ ပဲ၊ စားအုန်းဆီဈေးကွက်များတွင် စတော့ အိတ်ချိန်းအသွင် ဝင်ရောက်လုပ်ကိုင်မှု များပြားနေသည်။ အိမ်ခြံမြေ ဈေးကွက်သည် အချိန်ကာလ အတိုင်း အတာတစ်ခုအထိ စောင့်ဆိုင်းရ၍ အရင်းအနှီးရှိသူအများစုသည် နေ့စဉ် ဈေးနှုန်းပြောင်းလဲတတ်သော ရွှေ၊ ပဲ၊ စားအုန်းဆီဈေးကွက်များတွင် ဝင် ရောက်ဈေးကစားခြင်းရှိနေသည်ဟု သိရသည်။
(မောင်စေအောင်)

နှစ်နိုင်ငံအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး

Image may contain: 1 person, smiling, sitting and indoor

နေပြည်တော် သြဂုတ် ၃ဝ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေ ရိကန်ပြည်ထောင်စုThe Richardson Center ဥက္ကဋ္ဌ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းMr. Bill Richardson အား ယနေ့နံနက် ၁ဝ နာရီတွင် လည်းကောင်း၊Gavi – The Vaccine Alliance အဖွဲ့ အစည်း ၏ ဒုတိယအမှုဆောင်အရာရှိချုပ်Mrs.
Anuradha Gupta နှင့် ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့မှ လွှတ်တော်အမတ်များ အား နံနက် ၁၁ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
အမေရိကန်ပြည်ထောင်စု The Richardson Center ဥက္ကဋ္ဌ နယူး မက္ကစီကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဟောင်းနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။
Gavi -The Vaccine Alliance အဖွဲ့အစည်း၏ ဒုတိယအမှုဆောင်အရာရှိချုပ် Mrs. Anuradha Gupta နှင့် ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့မှ လွှတ်တော်အမတ်များနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် Gavi အဖွဲ့အစည်းတို့အကြား လက်ရှိ ဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် ယင်းကဏ္ဍတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုနှင့် ကူညီထောက်ပံ့မှုဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)

ရွှေ၊ ငွေ၊ ကြေး ဆုရ ပိုက်ကျော်ခြင်း၊ ဟော်ကီ၊ တိုက်ကွမ်ဒိုအသင်းများအား ကြိုဆို

Image may contain: 6 people, people smiling, people standing, people sitting and indoor
ရန်ကုန် သြဂုတ် ၃ဝ
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲများပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစား နှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်အသင်း အုပ်ချုပ်သူများနှင့် နည်းပြအဖွဲ့ဝင်များ၊ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခုရ အောင်ပွဲရ မြန်မာ့လက်ရွေးစင် အားကစားမောင်/မယ်များ ပါဝင်သည့် ပိုက်ကျော်ခြင်းအသင်း၊ ဒုတိယငွေတံဆိပ်ဆုကိုရယူပေးနိုင်ခဲ့သော ဟော်ကီအသင်း၊ ကြေးတံဆိပ်လေးခုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော တိုက်ကွမ်ဒိုအသင်း၊ ရွက်လှေအသင်း၊ ခရစ်ကတ်အသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့သည် ယနေ့နံနက်ပိုင်းနှင့် ညပိုင်းများတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အောင်ပွဲရအသင်းများအား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်အသီးသီးမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)သင်တန်းကျောင်းမှ အားကစားမောင်/မယ်များ၊ မိဘဆွေမျိုးများ က အိုးစည်ဒိုးပတ်များတီး၍လည်းကောင်း၊ ပန်းစည်းများ၊ ပန်းကုံးများကမ်း ၍လည်းကောင်း လှိုက်လှိုက်လှဲလှဲစည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုကြ သည်။
(ကြေးမုံ)