Thursday, August 31, 2017

မန်စီးတီးက ဆန်းချက်ဇ်အတွက် စတာလင်းကို အလိုက်ပေးကမ်းလှမ်း

Image may contain: 2 people, people smiling, people standing
ဆန်းချက်ဇ်အတွက် မန်စီးတီးရဲ့ ပေါင်သန်း ၅ဝ နဲ့ ကမ်းလှမ်းမှုကို အာဆင် နယ်ဘက်မှ ထပ်မံပယ်ချခဲ့ပြီးနောက် မန်စီးတီးအသင်းက စတာလင်းကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်လာပြန်ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ဆန်းချက်ဇ်ကို ဈေးကွက်မပိတ်သိမ်းမီ ခေါ်ယူဖို့ နောက်ဆုံးအစီအစဉ် အဖြစ် စတာလင်းကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့တာပါ။ ဆန်းချက်ဇ် ကိုယ်တိုင်ကလည်း ဘာစီလိုနာတွင် လက်တွဲခဲ့ဖူးတဲ့ နည်းပြ ဂွါဒီယိုလာနဲ့ တစ်ကျော့ပြန်ပူးပေါင်းဖို့ ဆန္ဒရှိပေမယ့် အာဆင်နယ်အသင်းက ဆန်းချက်ဇ် အတွက် ကမ်းလှမ်းမှုတိုင်းကို ပယ်ချနေခဲ့တာကြောင့် ဈေးကွက်ပိတ်သိမ်းချိန် နီးကပ်လာတဲ့အထိ ဆန်းချက်ဇ် အသင်းပြောင်းလို့မရသေးတာ ဖြစ်ပါတယ်။

စတာလင်းဟာ နည်းပြ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမား တစ်ဦးဖြစ်တယ်လို့ ယေဘုယျယူဆနိုင်ပေမယ့် နွေဈေးကွက်အတွင်း ဘာနာဒိုဆေးလ်ဗား ရောက်ရှိလာခြင်းနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရမယ့်အနေအထားပါ။ ဒါကြောင့်လည်း ကာယကံရှင်ကိုယ်တိုင်က အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေ တယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်က အာဆင်နယ်အသင်းရဲ့ သက်တမ်းတိုးစာချုပ် အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေကို ခေါင်းမာမာနဲ့ ငြင်းဆန်ထားဆဲ ဖြစ်သလို တစ်ဖက်ကလည်း မန်စီးတီးကိုပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

အာဆင်နယ်နည်းပြ ဝင်းဂါးက ယခုလအစောပိုင်းမှာ ဆန်းချက်ဇ်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားသလို အာဆင်နယ်မှာပဲ ဆက်ရှိနေမှာ သေချာတယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပေမယ့် တကယ်တမ်းမှာ ဆန်းချက်ဇ်ကို ဆက်ထိန်းရန် ဘယ်လိုမှ မလွယ်ကူတဲ့အခြေအနေဆိုက်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်က ဆန်းချက်ဇ်အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စတာလင်းထက် အဂွဲရိုးကိုသာ ခေါ်ယူလိုပေမယ့် ဂွါဒီယိုလာက အဂွဲရိုးကို ထွက်ခွာခွင့်မပေးလိုပါဘူး။The Sun သတင်းဌာနကဆိုရင် မန်စီးတီးနဲ့ ဆန်းချက်ဇ်တို့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်တောင် ရယူနိုင်ခဲ့ပြီး အာဆင်နယ်ဘက်မှ ခွင့်ပြုချက်တစ်ခုသာလိုတော့ကြောင်း အတိအကျဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

အားကစားရေးရာကျွမ်းကျင်သူ အတော်များများကလည်း အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်းတိုးလို့မရမယ့်အတူတူ ဆန်းချက်ဇ်ကို ပေါင်သန်း ၅ဝ လောက်ရရင် ပြန်ထုတ်ချင်ပေမယ့် မန်စီးတီးလို ပြိုင်ဘက်အသင်းဆီကိုတော့ ရောင်းချလိုခြင်းမရှိခြင်းက ဆန်းချက်ဇ်ရဲ့ အာဆင်နယ်မှ မထွက်ခွာဖြစ်သေးတဲ့ အဓိကအကြောင်းတရားလို့ သုံးသပ်ပါတယ်။ ဘီဘီစီအားကစားရေးရာကျွမ်းကျင်သူ မာဖီကတော့ အာဆင်နယ်အနေနဲ့ ဆန်းချက်ဇ်ကို ထွက်ခွာခွင့်ပေးလိုက်ခြင်းက ကိုယ့်သေတွင်းကိုယ်ပြန်တူးသလို ဖြစ်မှာပဲလို့ ထင်မြင်ချက်ပေးခဲ့ပါတယ်။

မေလဲ့သင်း

No comments:

Post a Comment