Thursday, August 31, 2017

ဆန်ဒရာဘူးလော့ဒ်က ဟာရီကိန်းဟာဗေးဒဏ်ခံခဲ့ရသူများအတွက် ဒေါ်လာတစ်သန်း လှူဒါန်း

Image may contain: one or more people and sunglasses
ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ဆန်ဒရာဘူးလော့ဒ်ဟာ လတ်တလော မှာတော့ အခြားသော အနုပညာကြယ်ပွင့်တွေဖြစ်ကြတဲ့ ဘီယွန်းစေးနိုးလက်စ်၊ အယ်ရော့ခ်၊ ကမ်ကာဒါးရှီးရန်းနဲ့ ဂျနီဖာလိုပက်ဇ်တို့နဲ့အတူလက်တွဲကာ ဟာရီကိန်းမုန်တိုင်း ဟာဗေး ဒဏ်သင့်ခဲ့ရသူတွေကို ကူညီထောက်ပံ့ပေးဖို့ အလှူငွေထည့်ဝင်ခဲ့ပါတယ်။ ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ခံထားရတဲ့ မင်းသမီး ဆန်ဒရာဘူးလော့ဒ်က ရုပ်ရည်လှပသူတစ်ဦး ဖြစ်တဲ့အပြင် စိတ်သဘောလှသူတစ်ဦးဖြစ်ကြောင်းပြသခဲ့ပြီး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့သူတွေ အတွက် အမေရိကန်ဒေါ်လာ တစ်သန်း ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဟာရီကိန်းဟာဗေးဟာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ တိုက်ခတ်ခဲ့ တာဖြစ်ပြီး လတ်တလောမှာ အသက်(၅၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်ဒရာဘူးလော့ဒ်ဟာ တက္ကဆက်ပြည်နယ်အတွင်းမှာ နေအိမ်တစ်လုံးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ်အတွင်းမှာရှိကြတဲ့ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့သူတွေနဲ့ မိသားစု ဝင်တွေအတွက် ထောက်ပံ့ပေးအပ်သွားမယ့် အလှူငွေကိုတော့ ဆန်ဒရာက အမေရိကန် နိုင်ငံ ကြက်ခြေနီအသင်းကနေတစ်ဆင့် လှူဒါန်းခဲ့တာဖြစ်ကြောင်းလည်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်း ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ဟောလိဝုဒ်နာမည်ကျော်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ကာဒါးရှီးရန်းမိသားစုဝင်တွေအနက် ခရစ်ဂျန်ဒါ၊ ကောင်တ်နေကာဒါးရှီးရန်း၊ ကမ်ကာဒါးရှီးရန်း၊ ကိုးလ်ကာဒါးရှီးရန်း၊ ကန်ဒဲလ် ဂျန်နာနဲ့ ကိုင်လီဂျန်နာတို့ကလည်း အမေရိကန်ဒေါ်လာ ငါးသိန်းထည့်ဝင်လှူဒါန်းသွားမှာ ဖြစ်ပြီး နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ ခရစ်ဘရောင်းကတော့ အလှူငွေအမေရိကန် ဒေါ်လာ တစ်သိန်းကို ကြက်ခြေနီအသင်းကနေတစ်ဆင့် မလှူဒါန်းဘဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment