Thursday, August 31, 2017

အဝေးပြေးလမ်းများတွင် ယာဉ်ကျော်တက်သည့် အချက်ပြအမှားများကို မှန်ကန်သည်အထိပြုပြင်

Image may contain: one or more people, people sitting and indoor
နေပြည်တော် သြဂုတ် ၃ဝ
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(National Road Safety Council–NRSC)၏ တတိယအကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဦးသန့်စင်မောင်၊ ကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော် ဝန်များ၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆပ်ကော်မတီ ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတကNRSC ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက် အရေး ပါသကဲ့သို့ ပြည်သူလူထု၏အသက်အန္တရာယ်လုံခြုံမှုအပါအဝင် ဘေးအန္တရာယ် ကင်းရှင်းမှုအတွက်ပါ အထူးအလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်၊ ဒုတိယအကြိမ် အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းစဉ်များတင်ပြနိုင်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြုံတွေ့ရသည့်အခက်အခဲများ၊ ကန့်သတ် ချက်များနှင့် ဆောင်ရွက်လိုသည့် လုပ်ငန်းအစီအမံများကို တင်ပြဆွေးနွေးနိုင် စေရန်နှင့် ထပ်တိုးလုပ်ငန်းအစီအမံများကို ဆွေးနွေးချမှတ်နိုင်စေရန် ရည်ရွယ် ၍ ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety)ဆိုသည် မှာ ယာဉ်မတော်တဆဖြစ်မှုများနှင့် ယင်းမတော်တဆမှုများကြောင့် ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှုများနှင့် လူမှုစီးပွားဘဝ ထိခိုက်နစ်နာဆုံးရှုံးမှုများ လျော့နည်းကျဆင်းသွားစေရေးမှစတင်၍ လုံးဝပပျောက်သွားစေရေး ရှေ့ဆက် မည်သို့ဆောင်ရွက်ရမည်ဆိုသည့် အချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူတစ်ဦးချင်းစီက အလေးထားလိုက်နာ ပူးပေါင်းဆောင်ရွက်ကြမှသာ တိုးတက်အောင်မြင်မှုရရှိနိုင်မည့် လုပ်ငန်း သဘာဝမျိုးဖြစ်သကဲ့သို့ ဘက်စုံကဏ္ဍစုံမှ မဖြစ်မနေဝိုင်းဝန်း ပူးပေါင်းပါဝင် လုပ်ဆောင်ကြရမည့် လုပ်ငန်းမျိုးလည်း ဖြစ်ပါကြောင်း။
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ မူလQuick-win အစီအမံ(၄)ရပ်ဖြစ်သည့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရေး၊ အသက်ကယ်ထိုင်ခုံခါးပတ်ပတ်ရေး၊ သောက်စားမူးယစ်၍ ယာဉ်မောင်းနှင်မှုမပြု ရေးနှင့် ယာဉ်မောင်းနှင်စဉ် လက်ကိုင်ဖုန်းအသုံးမပြုရေး လုပ်ငန်းစဉ်များအပြင် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှုမပြုရေးလုပ်ငန်းစဉ်များကိုပါ ကျယ်ပြန့်စွာ ကြိုးပမ်းဆောင်ရွက်နေသည်ကို အသိအမှတ်ပြုပါကြောင်း၊ သို့ရာတွင် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေသည့် ယာဉ်မတော်တဆမှုများ၊ ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများကို သတိပြုဆန်းစစ်ကြရမည်ဖြစ်ပါ ကြောင်း။
လမ်းသစ်များဖောက်လုပ် တည်ဆောက်ကြရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးကို အထူးအလေးထား ထည့်သွင်းတွက်ချက်ပြီး လမ်းဒီဇိုင်းစံနှုန်း သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ ပြန်လည် ပြုပြင်သည့်အခါတွင်လည်း တာဝန်ယူဆောင်ရွက်နေကြသည့်ဌာန၊ အဖွဲ့ အစည်းများအနေဖြင့် လုံခြုံရေးပိုင်းကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြစေလို ပါကြောင်း၊ ထို့အတူ လမ်းညွှန်၊ လမ်းအမှတ်အသားနှင့် အချက်ပြမီးတပ်ဆင် မှုများကို ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန်ပြည့်စုံ စွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
မိမိတို့ပတ်ဝန်းကျင်တွင် နှစ်ပေါင်းများစွာအရိုးစွဲခဲ့သည့် အဝေးပြေးလမ်းမ ကြီးများတွင် ယာဉ်ကျော်တက်နိုင်ရန် မှားယွင်းအချက်ပြနေသည့် အလေ့အကျင့် များနှင့် အယူအဆအမှားများကို လုံးဝပပျောက်စေပြီး မှန်ကန်တည့်မတ်လာ သည်အထိ ဝိုင်းဝန်းပြုပြင်ပေးကြရမည်ဖြစ်ကြောင်း။
ယာဉ်တိုက်ခိုက်မှုများ လျော့နည်းကျဆင်းစေရေး အရှိန်မြှင့်ဆောင်ရွက် ရာတွင် လိုအပ်သော ရန်ပုံငွေရရှိရေးအတွက် ယခုပြင်ဆင်ရေးဆွဲလျက်ရှိသော မော်တော်ယာဉ်ဥပဒေနှင့်အညီ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ကဏ္ဍစုံပါဝင်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အလုပ် ရုံဆွေးနွေးပွဲမှ ရရှိလာသည့် အကြံပြုချက်များကိုNRSCအဖွဲ့ဝင်များအနေဖြင့် သေချာစွာလေ့လာပြီး အလေးထားပူးပေါင်းဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း။
NRSC မှ ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်းအချက်အလက်များ မှန်ကန် ပြည့်စုံစွာ ထုတ်ပြန်ချပြခြင်းအားဖြင့် ပြည်သူလူထုအနေဖြင့်လည်း အခြေအနေ မှန်ကို သိမြင်လက်ခံပြီး ကြောင်းကျိုးသုံးသပ်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများအား ပိုမိုအလေးထား လိုက်နာလာကြမည်ဖြစ်ပါကြောင်း။
အခြေခံပညာကျောင်းများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေး ကျောင်းသင်ခန်းစာများကို စတင်ထည့်သွင်းပြဋ္ဌာန်းလျက်ရှိသကဲ့သို့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးလာသည့် အသိဥာဏ်အပေါ်မူတည်၍ ငယ်စဉ် ကလေးဘဝကတည်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုသည်မှာ မိမိ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ တစ်ပါးသူအတွက်သော်လည်းကောင်း အန္တရာယ်ဖြစ်စေနိုင်သည်ဆိုသည့် အခြေခံအသိတရားကို လေ့ကျင့်မွေးမြူပေး ကြရမည်ဖြစ်ပါကြောင်း။
လူတစ်ဦးချင်းအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကိုယ်စီ လိုက်နာထိန်းသိမ်းကြမည်၊ ယာဉ်များ၏ကြံ့ခိုင်မှု ကောင်းမွန်နေမည်၊ လမ်းများ လုံခြုံစိတ်ချရမှုရှိနေမည်၊ လမ်းအသုံးပြုသူများအားလုံး စည်းကမ်းလိုက်နာကြ မည်ဆိုလျှင် ယာဉ်မတော်တဆ ဖြစ်ပွားမှုသည် လျော့နည်းကျဆင်းသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဦးသန့်စင်မောင်တို့က အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်မင်းဦးက ၂ဝ၁၇ ခုနှစ်၊ ယာဉ်တိုက်ခိုက်မှုဆိုင်ရာ အခြေအနေ များနှင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဆပ်ကော်မတီအတွင်းရေးမှူး များက ဆပ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအတွင်းရေးမှူးက ပုဂ္ဂလိကယာဉ်မောင်းသင်တန်းကျောင်းများ စနစ် တကျ ဖွင့်လှစ်နိုင်ရေး စည်းကမ်းသတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းတင်ပြချက်များ နှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment